သံမဏိ စိတ်ဓာတ်
Vol. 2 Ch. 17
“ဆရာကပဲ ကျွန်မ သင့်တော်တဲ့ စာအုပ်တစ်အုပ်ကို အကြံပြုပေးနိုင်မလား.. ကျွန်မရဲ့ စိတ်စွမ်းအားက တကယ်ပဲ အားနည်းပါတယ်”
ကျိကျစ်ရှို့ စကားလုံးများကို သတိထား၍ တောင်းဆိုလိုက်၏။ ပုံမှန် အချိန်များတွင် ဆိုပါက မိန်းကလေးမှာ သွေးအေးကာ ရက်စက်သည့် မုဆိုး တစ်ယောက် ဖြစ်သော်လည်း ယခုတွင်တော့ စာအုပ်ဆိုင် ပိုင်ရှင်ထံမှ မျက်နှာသာကို ရရှိရန် ကြိုးစားနေသည့် သနားစရာ ကြောင်မလေးကဲ့သို့ ပြုမူနေသည်။
လင်ကျဲပင် သူမ၏ ပြုမူပုံကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့၏။
‘ငါ ငါးမိနစ်လောက် ထွက်သွားတဲ့အချိန်မှာ ဒီကလေးမက ဘာလို့ ကျားနဲ့ တိုးခဲ့ရသလို ဖြစ်နေရတာလဲ... လေသံတောင် သိပ်မထွက်ချင်တော့ဘူး...’
‘သူက ကိစ္စတစ်ခုခုကြောင့် စိတ်ထိခိုက်သွားတာလား...’
လင်ကျဲ သေချာ ပြန်စဥ်းစားကြည့်လိုက်၏။ သူ ရှူရှူး သွားပေါက်နေသည့် အချိန်တိုလေးအတွင်း ဖြစ်ပျက်ခဲ့သည့် တစ်ခုတည်းသော အပြောင်းအလဲက သူမ၏ လက်အောက်ငယ်သား အရေးတကြီး ကိစ္စတစ်ခုနှင့် ရုတ်တရက် ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။
လင်ကျဲ အပေါ်ထပ်ကို ရောက်ရှိပြီးနောက်တွင် စကားများသံနှင့်တူသည့် ခပ်တိုးတိုး အသံများကို ကြားခဲ့ရသည်။
‘ခန့်မှန်းကြည့်လိုက်ရအောင်... ရူအန်ဆိုတဲ့ အဲဒီလူက ကျိကျစ်ရှို့ ဒီလို စာအုပ်ဆိုင် သေးသေးလေးကို လာတာ မသင့်တော်ဘူးလို့ ထင်နေတာ ဖြစ်မယ်... ဒါကြောင့် သူက ပြန်ဖို့ ပြောခဲ့တာ ဖြစ်မယ်... ဒါပေမဲ့ ကျိကျစ်ရှို့က ငါ တည်ဆောက်ထားတဲ့ ယုံကြည်မှုကြောင့် ကန့်ကွက်ခဲ့လိမ့်မယ်’
‘အဲဒီနောက် သူတို့ နှစ်ယောက် စကားများပြီး လက်အောက်ငယ်သားက သူ့မိသားစုဆီ သတင်းပို့ဖို့ ပြန်သွားခဲ့တာ ဖြစ်နိုင်တယ်...’
‘ဟုတ်တယ်… ဒါက အဓိပ္ပာယ်ရှိတယ်... ဒီလို စိတ်ပျော့တာကြောင့်ပဲ ဒီကလေးမက ဟိုလူယုတ်မာနဲ့ တွေ့ဆုံခဲ့ရတာ ဖြစ်နိုင်တယ်...’
“ဒီလိုဆိုရင်တော့ ခင်ဗျားကို ကျွန်တော် အကြံပြုနိုင်တဲ့ စာအုပ်တစ်အုပ် ရှိပါတယ်”
လင်ကျဲ ထရပ်လိုက်ရင်း စင်ကို ရှာဖွေကာ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် မျက်နှာဖုံးထက်ရှိ ဖုန်မှုန့်များကို ပုတ်ဖယ်လိုက်ရင်း ပြန်လှည့်လာကာ ကြင်နာသော အပြုံးဖြင့် ပြောလိုက်သည်။
“ဪ... ဒါနဲ့စကားမစပ်... ခင်ဗျားရဲ့ လက်အောက်ငယ်သားက နည်းနည်းလောက် အမှားလုပ်မိပုံရတယ်...”
“အကြွင်းမဲ့ သစ္စာရှိတယ် ဆိုတာကို စကားလုံးတွေထက် လက်တွေ့ လုပ်ရပ်နဲ့ ပြတာက ပိုကောင်းပါတယ်”
လင်ကျဲက စာအုပ်ကို ကြေညာဖို့ အတွက် အစပျိုး လိုက်၏။
“...”
သို့သော်လည်း... ကျိကျစ်ရှို့ တစ်ယောက် ရင်တဒိတ်ဒိတ် ခုန်လာကာ အလွန်ပင် တုန်လှုပ် လာနေခဲ့ပြီ ဖြစ်သည်။ ထိုစကားလုံးများက ရူအန်မှာ သစ္စာရှိ နောက်လိုက် တစ်ယောက် မဟုတ် ဟု ဆိုလိုခြင်း မဟုတ်ပါလား...။
သို့သော်လည်း... အထက်လမ်း မှော်ဆရာများ ဖန်တီးထားသည့် တံဆိပ်များ... အထူးသဖြင့် “သစ္စာစောင့်သိမှု” တံဆိပ်မှာ အထက်တန်းလွှာနှင့် လူချမ်းသာ မိသားစုများကြားတွင် အလွန် ရေပန်းစားသည်။
မှန်ပေသည်။ မှော်ဆရာ တစ်ဦးချင်းစီ၌ ခြားနားသည့် တံဆိပ်ရေးဆွဲပုံများ ရှိကြသည်။ ဖန်တီးသူ တစ်ဦးတည်းသာလျှင် ၎င်းကို ပယ်ဖျက်ရန် နည်းလမ်းကို သိရှိထားသည်။
အကယ်၍ ရူအန်မှာ တံဆိပ်ကို ချိုးဖျက်နိုင်သည် ဆိုလျှင် ၎င်းက အရာတစ်ခုတည်းကိုသာ ဖော်ညွှန်း နေပေသည်။
သူမ၏ ဖခင် ထောက်ပံ့ပေးထားသည့် အထက်လမ်း မှော်ဆရာ ဟေးဝုဒ်မှာ တံဆိပ်အား ပယ်ဖျက်ရန် နည်းလမ်းကို ခွင့်ပြုချက်မရှိဘဲ အခြားသူများအား ရောင်းချခဲ့ခြင်း ဖြစ်နိုင်သည်။
လင်ကျဲ စာအုပ်ကို ကောင်တာပေါ်သို့ တွန်းပို့လိုက်ရင်း ပြောလိုက်၏။
“တစ်ချို့လူတွေက ငရဲကိုတောင် ရောက်ဖူးချင် ရောက်ဖူးလိမ့်မယ်... အခြားလူတွေ ဘာစဉ်းစားနေတယ် ဆိုတာ ခင်ဗျား ဘယ်တောာ့မှ သိနိုင်မှာ မဟုတ်ဘူး... ကျွန်တော် ပြောတာ မှန်တယ် မလား”
“လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို မိမိရဲ့ မျက်လုံးရှေ့မှာ အလုံးစုံ ဖော်ထုတ်နိုင်တဲ့ နည်းလမ်း ဆိုတာ မရှိပါဘူး... ခင်ဗျား ယုံကြည်ပြီး မှီခိုလို့ ရတဲ့ တစ်ခုတည်းသော အရာက ခင်ဗျား ကိုယ်တိုင်ပဲ”
“ဒါကြောင့် ကြိုးစားပါ... ခင်ဗျား သံမဏိလို သန်မာလာတဲ့အခါ ဘယ်သူမှ ခင်ဗျားကို အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး”
ကျိကျစ်ရှို့ စာအုပ်ကို လက်နှစ်ဖက်ဖြင့် လက်ခံရယူကာ မျက်နှာဖုံးကို စိုက်ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။
“သံမဏိ…”
လင်ကျဲ ပြုံးလိုက်ရင်း မိန်းကလေးကို အားပေးသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ မှန်ပေသည်။ စာအုပ်၏ နာမည်က “သံမဏိကို ဘယ်လို မာကျောအောင် လုပ်သလဲ” ဖြစ်ပေသည်။
“ကောင်းကောင်း ဖတ်ပါ... ဒီစာအုပ်က သေချာပေါက် အထောက်အကူ ဖြစ်ပါလိမ့်မယ်”
“တစ်နေ့ကျရင် ခင်ဗျား အတိတ် အတွေ့အကြုံတွေ အကြောင်း ပြန်အမှတ်ရတဲ့အခါ ခင်ဗျားကို ခင်ဗျားရော၊ အခြားသူတွေ ခင်ဗျားကို ဆက်ဆံခဲ့တဲ့ ပုံစံ အတွက်ရော ဘယ်တော့မှ နောင်တရတော့မှာ မဟုတ်ဘူး...”
“ရှေ့လျောက် အနာဂတ်မှာ ခင်ဗျား အတွက် တာဝန်တွေ အများကြီး ရှိပါသေးတယ်...”
ကျိကျစ်ရှို့ တစ်ယောက် စာအုပ်ဆိုင်ထဲမှ ထွက်ခွာလာခဲ့၏။ မိုးရေထဲ၌ သတိလက်လွတ် ရပ်မိနေစဥ် စာအုပ်ဆိုင်ပိုင်ရှင်၏ စကားများက သူမ၏ စိတ်အတွင်း ဆက်တိုက် ပဲ့တင်ထပ်နေခဲ့သည်။
သူမက လက်ထဲရှိ “သံမဏိ စိတ်ဓာတ်” စာအုပ်ကို ငုံ့ကြည့်ရင်း တဖြည်းဖြည်းချင်း မျက်နှာဖုံးကို လှန်လိုက်သည်။
ထိုအခိုက်အတန့်တွင် အမည်မသိ စွမ်းအားတစ်ခုက ပတ်ဝန်းကျင်ရှိ အရာအားလုံး ရုတ်တရက် ရှင်းလင်းသွား သလို ခံစားရအောင် သူမကို လုပ်လိုက်လေတော့သည်။
...
မိုးရေစက်များမှာ အဖြူရောင် လိုင်းများ အဖြစ် ပြောင်းလဲ သွားကာ ကျိကျစ်ရှို့၏ အမြင်အာရုံ အတွင်း သီးခြား ရေစက်များ ဖြစ်မလာခင် ၎င်းတို့၏ လမ်းကြောင်းကို ဖော်ထုတ် ပြသနေခဲ့၏။
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သူမ၏ စိတ်အတွင်း ပုံပေါ်လာနေပုံ ရသည့် အသံများစွာကို သယ်ဆောင်သွားသည်။ ကောင်းကင်ရှိ မည်းမှောင်သော မိုးတိမ်များစွာ တရွေ့ရွေ့ ပေါင်းစည်းနေပုံရ၏။
ထိုအခိုက်၌ မိန်းကလေးမှာ သစ်ရွက်များ အချင်ချင်း ပွတ်တိုက်သံ၊ ယိမ်းယိုင်နေသည့် ဓာတ်ကြိုးများ၊ ပြေးလွှားနေသည့် လူများ၊ ရေစီးဆင်းသံနှင့် အသက်ရှူသံများ၊ နှလုံးခုန်သံများ၊ သွေး၊ ဝိညာဥ်၊ အီသာ… အရာအားလုံးကို ကြားနေခဲ့ရ၏။
ခန္ဓာကိုယ် အတွင်းမှ ဝိညာဉ် ထွက်ခွာသွားသကဲ့သို့ ခံစားရသော်လည်း စိတ်နှင့် ရုပ်မှာ လုံးဝ အဆက်ပြတ်သွားခြင်း မရှိချေ။
သူမ၏ ဝိညာဉ်မှာ ဝိညာဉ်နှင့် မတူချေ။ လက်တန်များကို ကောင်းကင်ထံ လေးဖက်လေးတန် ဆန့်ထုတ်နေသည့် ဧရာမ ရေဘဝဲကြီး တစ်ကောင် အလား ၎င်းမှာ စတင် ကျယ်ပြန့်လာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် ထိတွေ့လာခဲ့သည်။
ပထမ၌ ကျိကျစ်ရှို့ တွေဝေသွားသော်လည်း တဖြည်းဖြည်းနှင့် လက်ရှိ အခြေအနေကို သတိပြုမိလာခဲ့သည်။ သူမ မြူများ လွှမ်းခြုံနေသည့် စာအုပ်ဆိုင်ဘက်သို့ ပြန်လည် ကြည့်လိုက်၏။ လင်ကျဲမှာ ယခင်ကကဲ့သို့ပင် စိတ်ပူပန်မှုကင်းစွာဖြင့် စင်များထက်ရှိ စာအုပ်များကို လှန်လှောကြည့်နေသည်ကို ပြတင်းပေါက် အလင်းရောင်များမှ တစ်ဆင့် သူမ မြင်လိုက်ရသည်။
ကျိကျစ်ရှို့ ၏ အကြည့်မှာ ကျောက်ဂါဂွိုင်းဆီသို့ ထပ်မံ၍ ရွေ့လျားသွားခဲ့၏။ ထိုအခါ ၎င်း၏ အထက်တွင် အဆင့်အတန်း အမျိုးမျိုး ရှိသည့် သစ္ဆေသရဲ ဝိညာဉ် တစ်ထောင် နီးပါး စုဝေးနေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ဝမ်းနည်းစွာ ငိုကြွေးရင်း လက်များ ဆန့်တန်းထားကာ ရှေ့မှ တစ်ခုခုကို ဆုပ်ကိုင်ရန် ကြိုးစားနေသကဲ့သို့ ရှိနေခဲ့လေသည်။
၎င်းတို့ထဲ၌ သိသိသာသာ ပျက်စီးခြင်း မရှိသေးသည့် ဝိညာဉ် တစ်ခုမှာ ဆင်းရဲဒုက္ခကြီးစွာ အော်ဟစ် နေခဲ့သည်။ ထိုဝိညာဉ်မှာ မကြာသေးမီက သေဆုံးသွားခဲ့သည့် ကြွက်ရူအန်ပင် ဖြစ်သည်။
သူ၏ ဝိညာဥ်၌ သစ္စာခံ တံဆိပ် အမှတ်အသားကို ကျိကျစ်ရှို့ မမြင်ရပေ။ သူမ အနည်းငယ် အံ့ဩသွားခဲ့၏။
‘ဟေးဝုဒ်ရဲ့ တံဆိပ်က တကယ်ကြီး ဖျက်ဆီးခံလိုက်ရတာပဲ...’
ထိုကဲ့သို့ တွေးတောနေစဉ်မှာပင် ပျံဝဲနေသည့် လက်တံများမှာ လျင်မြန်စွာ ရွေ့လျား သွားခဲ့ကာ ကျောက်ဂါဂွိုင်းနှင့် ပေါင်းစည်းနေပြီဖြစ်သည့် ရူအန်၏ ဝိညာဥ်ကို ထိတွေံလိုက်သည်။
ကျိကျစ်ရှို့ တစ်ယောက် ခေါင်းကို တူဖြင့် ရိုက်နှက် ခံလိုက်ရသလိုမျိုး ပြင်းထန်သည့် နာကျင်မှု တစ်ခုကို ရုတ်တရက် စိတ်ထဲမှ ခံစားလိုက်ရ၏။
“အွတ်…”
ကျိကျစ်ရှို့ ညည်းတွားလိုက်ရင်း နောက်သို့ ခြေတစ်လှမ်းပင် ယိုင် သွားခဲ့၏။ သို့သော်လည်း လဲကျခြင်း မရှိမီ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းလိုက်နိုင်သည်။
သူမ မျက်လုံးများကို ဖွင့်လိုက်ရင်း လက်ထဲမှ စာအုပ်ကို ကြည့်လိုက်သည်။ သူမ၏ အသက်ရှူသံများမှာ ပိုမို ပြင်းထန်လာခဲ့၏။
“ဟူး… ဒီလိုပါလား…”
သူမ စိတ်ထဲမှ မှတ်ချက်ချလိုက်မိ၏။ သူမ၏ ဝိညာဉ်မှာ ယခုလေးတင် အသွင်ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ရေဘဝဲကြီး တစ်ကောင် အလား လက်တံများကို ဖြန့်ကျက်ရင်း သူမ၏ ဘေးတွင် လွင့်မြောနေသည်။ သို့သော်လည်း ထိုအသွင်ပြောင်း ဝိညာဉ်မှာ သူမ၏ ပတ်ဝန်းကျင်မှ ထွက်ခွာနိုင်ခြင်း မရှိကြောင်း ခံစားမိသည်။
“မငြိမ်းသတ်နိုင်တဲ့ သံမဏိ စိတ်ဓာတ်နဲ့ ဝိညာဥ်ကို အားကောင်းအောင် ပုံသွင်းခြင်း… ဆရာလင်က ငါ့ရဲ့ ဝိညာဥ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးပြီး အီသာကို စိမ့်ဝင်စေခဲ့တာပဲ... အခုဆိုရင် ငါ့ကို ငရဲဘုံ အဆင့် မုဆိုးတစ်ဦးလို့ သတ်မှတ်နိုင်ပြီ... သားရဲ အသွင်ပြောင်းလဲခြင်း အခြေအနေမှာဆိုရင် ဖျက်ဆီးခြင်း အဆင့်တွေနဲ့တောင် နှိုင်းယှဉ်လာနိုင်မှာ သေချာတယ်”
ကျိကျစ်ရှို့ နှာခေါင်းမှ စီးကျလာသည့် သွေးစီးကြောင်းကို သုတ်လိုက်ရင်း တီးတိုး ရေရွတ်လိုက်၏။ သူမ၏ သံမဏိ မီးခိုးရောင် မျက်ဝန်းများက ပိုမို တောက်ပလာကာ ရယ်မောလိုက်သည်။
“ဒီလို နည်းလမ်းနဲ့ ပံ့ပိုးပေးတာလည်း မဆိုးပါဘူး”
ထိုအရာ အားလုံးကို ဆရာလင်က သူမအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မိတ်ဆွေဟောင်း ရန်သူများ၏ လိုက်လံ ရှာဖွေခြင်း ခံနေရသည့် အချိန်တွင် ဤစာအုပ်ဆိုင်လေးသာ တံခါးဖွင့် မထားခဲ့ပါက အချိန် ကြာမြင့်စွာတည်းက သူ သေဆုံး သွားလောက်ပြီ ဖြစ်သည်။
ဆရာလင်မှာ သူမအား ဒုတိယ အသက်ကို ပေးခဲ့သည် ဆိုလျှင် မမှားချေ။
မိုးသည်းထဲတွင် ရပ်ရင်း ကျိကျစ်ရှို့၏ နှလုံးသားမှာ လျင်မြန်စွာ ခုန်နေခဲ့၏။ နောက်ဆုံး၌ သူမ စာအုပ်ဆိုင်ဘက်ကို ဦးညွှတ် အရိုအသေပေးလိုက်ရင်း... သူမ၏ သစ္စာစောင့်သိမှုကို တိတ်တဆိတ် ဖော်ပြလိုက်၏။
ကျိကျစ်ရှို့ ၏ အမြင်တွင် လင်ကျဲမှာ သူမအား အများကြီး သင်ကြားပေးခဲ့သည်။ သူမကို ပိုမို သန်မာစေခဲ့သည်။ သစ္စာဖောက်ကိုပင် ဖယ်ရှားပေးခဲ့သည်။ ထို့အပြင်... သူက ယခုအချိန်အထိ ဘာကိုမှ ပြန်မတောင်းဆိုခဲ့သေးချေ။
စာအုပ်ဆိုင် ပိုင်ရှင်မှာ မုဆိုးများ၏ လူမှု အဆင့်အတန်းကို ပြောင်းလဲရန် အတွက် သူမကို ရွေးချယ်ကာ ပြုစု ပျိုးထောင်ပေးခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် သူမ၏ သစ္စာစောင့်သိမှုကို သူ ကောင်းစွာ လက်ခံလိမ့်မည်။
‘ဆရာလင်က ဘယ်အဆင့်မှာ ရှိနေတာလဲ...’
ကျိကျစ်ရှို့ တွေးလိုက်မိ၏။ ယခုဆိုလျှင် ဖျက်ဆီးခြင်း အဆင့် တစ်ယောက်၏ အီသာလှိုင်းများကိုပင် ထိုးထွင်း တွေ့မြင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လင်ကျဲထံ၌ ထူးခြားသည့် အရာကို သူမ မတွေ့ရသေးချေ။ ကြည့်လိုက်တိုင်း အမြဲတမ်း သာမန်ဟုပင် ထင်ရသည်။
သူက တကယ်ပဲ အလွန် လေးစားဖွယ် ကောင်းလှသည်။
***