ဒုတိယမြောက် ဧည့်သည်
Vol. 2 Ch. 18
စာအုပ်ဆိုင်ထဲတွင်တော့ လင်ကျဲ တစ်ယောက် စင်ပေါ်ရှိ စာအုပ်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည် စီနေခဲ့၏။ သူ မမြင်ချင်ယောင် ဆောင်နေခဲ့သော်လည်း မျက်လုံးထောင့်မှ တစ်ဆင့် အပြင်ဘက်တွင် ရပ်နေသည့် ကျိကျစ်ရှို့ကို သတိပြုမိသည်။
မိန်းကလေး နှာခေါင်းသွေးများကို သုတ်လိုက်သည်မှ အစ ဤနေရာသို့ ဦးတည်ကာ ဦးညွှတ် အရိုအသေပေးခြင်း အဆုံး အရာအားလုံးကို မြင်လိုက်ရသည်။
လင်ကျဲ၏ နှုတ်ခမ်းများက ကြက်သီးထဟန်ဖြင့် အနည်းငယ် တွန့်သွားကာ သူမ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း နည်းနည်း ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
‘ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ... ဒီကောင်မလေးက လွယ်လွယ်လေးနဲ့ အစွဲအလန်းကြီးတဲ့ လူမျိုးတော့ မဟုတ်ပါဘူးနော်...’
‘ဒါကြောင့်ပဲ သုံးရက်တည်းနဲ့ သူ ငါ့စာအုပ်ဆိုင်ကို... မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်လောက်ပါဘူး...’
ထိုသို့ကဲ့ တစ်ဖက်သတ် စွပ်စွဲသည့် အတွေးများမှာ နှစ်ဦးစလုံးအတွက် မကောင်းပေ။ လင်ကျဲ ခေါင်းကို ခါလိုက်ရင်း ထိုအတွေးအရှုပ်အထွေးကို လုံးဝ ဖယ်ရှားလိုက်သည်။
သူ ကောင်တာနောက်ဖက်ရှိ ထိုင်ခုံသို့ ပြန်သွားကာ ထိုင်ချလိုက်ရင်း ကျပန်း စာအုပ်တစ်အုပ်ကို ကောက်ယူကာ အချိန်ဖြုန်းနေလိုက်သည်။
လင်ကျဲ ရွေးချယ်လိုက်သော စာအုပ်မှာ "မင်းသားလေး " ဟူ၍ ဖြစ်သည်။
၎င်းမှာ ဒဿန သဘောတရားများ ပါဝင်ပြီး စိတ်ကြည်နူးဖွယ်ရာ ဇာတ်ကြောင်းရှိသည့် ကလေးပုံပြင်စာအုပ် ဖြစ်သည်။
လင်ကျဲ ကျေနပ်သွားကာ အိပ်ရာမဝင်မီ ၎င်းကို ဖတ်ရှုရန် ဆုံးဖြတ်လိုက်၏။
ကလောင်... ကလောင်...
“ကြိုဆိုပါတယ်”
ပုံမှန် အလေ့အကျင့် အတိုင်းပင် လင်ကျဲ နှုတ်ခွန်းဆက် စကား ဆိုလိုက်၏။ ထို့နောက်တွင်မှ ဒုတိယမြောက် ဖောက်သည်တစ်ဦး ဖြစ်နေကြောင်း သတိပြုမိလိုက်သောအခါ ခဏတာ ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။
‘ဒီနေ့က ရက်ရာဇာနေ့များလား... ဟိုကောင်မလေးက တကယ့်ကို ကံကောင်းခြင်းတွေ ယူဆောင်လာတတ်တာပဲ’
လင်ကျဲ ထိုင်ရာမှ ထရပ်လိုက်ရင်း တံခါးဝသို့ ကြည့်လိုက်၏။ ထိုအခါ ဧည့်သည်မှာ သူ့ဆိုင်ငယ်လေးကို တစ်ခါမှ မရောက်ဖူးသည့် ဖောက်သည် အသစ်တစ်ဦး ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွား၏။
သို့သော်လည်း… ဤဖောက်သည်၏ ပုံကို ကြည့်ရသည်က သိပ်ပြီး အရောဝင်တတ်ပုံ မရချေ။
ကျွီ...
တံခါးက ပြန်ပိတ်သွားကာ လေးလံသော ခြေသံများမှာ နောက်ဆက်တွဲ ထွက်ပေါ်လာခဲ့၏။ လင်ကျဲ ပထမဆုံး သတိပြုမိသည်က ဧည့်သည်မှာ အရပ်ရှည်ရှည်နှင့် သန်မာ ထွားကြိုင်းသည့် ကိုယ်လုံးကိုယ်ထည်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သူက အနောက်တိုင်းဝတ်စုံကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား၏။
လူအိုကြီး တစ်ဦး ဖြစ်ပြီး မျက်နှာကတော့ ထွားကြိုင်းသည့် ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်ပင် အိုမင်းကာ ပင်ပန်းနွမ်းနယ်ပုံရသည်။ ဆံပင်ဖြူများနှင့် ပြည့်နှက်နေသည့် ဦးခေါင်းကလည်း သူ၏ အသက်အရွယ်ကို ဖော်ပြနေသည်။
လင်ကျဲ ပုံမှန်အတိုင်းပင် ပြုံးလိုက်၏။
“မင်္ဂလာပါဗျာ... ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ သိပါရစေ... ခင်ဗျား ဒီမှာ စာအုပ် ဖတ်နိုင်၊ ငှားနိုင်သလို ဝယ်ယူနိုင်ပါတယ်”
ဖောက်သည်က ချက်ချင်း ပြန်မဖြေချေ။ ပင်ပန်း နွမ်းနယ်နေပုံ ပေါ်သော်လည်း ထက်ရှသည့် မျက်လုံးများမှာ ကိုယ်ပိုင် ပိုင်နက်ကို စစ်ဆေးနေသည့် ခြင်္သေ့ တစ်ကောင် ကဲ့သို့ နေရာအနှံ့ လှည့်ပတ် ကြည့်နေခဲ့၏။
ဖောက်သည်အား မည်ကဲ့သို့ ခေါ်ဆိုရမည်ကို လင်ကျဲ စိတ်ထဲမှ တွေးတော နေမိ၏။ မျက်နှာနှင့် ဆံပင်တို့ အရ သူက လူအိုကြီး တစ်ဦး ဖြစ်သော်လည်း ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြန်လည် ကြည့်ရပါက အလွန် အိုမင်းနေသည်တော့လည်း မဟုတ်ပါချေ။ စိတ်ဆင်းရဲစရာများ များပြားလွန်းလှသဖြင့် ရုပ်ကျခြင်းလည်း ဖြစ်နိုင်သည်။ သူ၏ အသက်အရွယ်ကို ချက်ချင်း ခန့်မှန်းရန် ခက်ခဲလှသည်။
‘ဦးကြီး... သူ့ကို ဦးကြီးလို့ ခေါ်တာက မမှားနိုင်ဘူး...’
လင်ကျဲ ဆုံးဖြတ်ချက် ချလိုက်စဉ်မျာပင်... စာအုပ်ဆိုင်တစ်ခုလုံးကို စစ်ဆေးပြီးသည့် ဂျိုးဇက်၏ အကြည့်များက ကောင်တာပေါ်ရှိ ကျောက်ဂါဂွိုင်းဆီသို့ ရောက်သွားသည်။ ချက်ချင်းပင် သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ စားပွဲကို ခေါက်ရင်း ပြောလိုက်သည်။
“မင်းက ဒီစာအုပ်ဆိုင်ရဲ့ ပိုင်ရှင်လား”
“ဟုတ်ပါတယ်... ဦးကြီး... မှန်ပါတယ်”
လင်ကျဲ ခေါင်းညိတ်သည်။
“…”
ဂျိုးဇက် တစ်ယောက် ခဏတာမျှ ကြောင်သွားကာ အံများကို ကြိတ်လိုက်မိသည်။
“ဦးကြီး...”
‘ဦးကြီး... ငါ့ ဖင်ကို လာ ဦးကြီး ခေါ်နေတာလား...’
အကယ်၍ လူငယ် သူရဲကောင်းတစ်ဦးဦးကသာ သူ့ကို ဦးကြီးဟု ခေါင်းစဉ်တပ်ကာ ခေါ်ခဲ့ပါက ဂျိုးဇက် ထိုလူ၏ ဦးခေါင်းခွံကို ရိုက်ချိုးပစ်လိမ့်မည် ဖြစ်သည်။
သူ၏ ရင်ဘတ်မှာ ဒေါသများဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်နေသော်လည်း စာအုပ်ဆိုင် ပိုင်ရှင်မှာ သာမန်လူငယ် တစ်ဦးသာ ဖြစ်ကြောင်း ပြန်လည် သတိရလိုက်မိသော အခိုက်၌ သူ ဒေါသများကို ပြန်လည် မျိုချလိုက်သည်။
ဘုန်း...
ဂျိုးဇက် လက်ဝါးဖြင့် ကောင်တာပေါ်သို့ ရိုက်ချလိုက်ရင်း လင်ကျဲ ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။
“ဒီ ကျောက်ဂါဂွိုင်းက မင်းရဲ့ဟာ ဟုတ်လား”
ရောင်စဉ် သူရဲကောင်းဟောင်း ဂျိုးဇက်မှာ ‘မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင် ဝယ်လ်’ တစ်နာရီကြာ အချိန်ဖြုန်းခဲ့သော ၂၃ လမ်းရှိ စာအုပ်ဆိုင်ကို စုံစမ်းရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဖျက်ဆီးခြင်း အဆင့် အောက်လမ်း မှော်ဆရာ တစ်ဦးနှင့် ပတ်သက်နေသည့် ကိစ္စဖြစ်သောကြောင့် ဂျိုးဇက်မှာ မလာရောက်မီကတည်းက ဤစာအုပ်ဆိုင်နှင့် ပတ်သက်သည့် အချက်အလက်များကို အစအဆုံး စစ်ဆေးထားခဲ့ပြီး ဖြစ်သည်။
သူ ရရှိခဲ့သည့် ထောက်လှမ်းရေး အစီရင်ခံစာမှာ အလွန် အသေးစိတ်ပြီး ပြည့်စုံသည်။ စာအုပ်ဆိုင်ပိုင်ရှင် လင်ကျဲမှာ မြို့ပြင်မှ မြောက်ပိုင်း ကုန်းမြင့်သားတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်က ဤနေရာတွင် သူ၏ စာအုပ်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ကံအားလျော်စွာပင် လင်ကျဲ၏ အမျိုးအမည် စုံလင် ကျယ်ပြန့်လှသည့် စာအုပ်စုဆောင်းမှုမှာ အက်ရှ် ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး ထိုပုဂ္ဂိုလ်၏ ထောက်ခံမှုဖြင့်ပင် လိုင်စင်ရ လုပ်ငန်းအဖြစ် တရားဝင် လည်ပတ်နိုင်ခဲ့သည်။
ဤအရာများမှာ အက်ရှ် ကုန်သည်ကြီးများ အသင်း၏ အတွင်းဌာနပိုင်းတွင် လူသိရှင်ကြား မှတ်တမ်းတင်ထားသော အချက်အလက်များ ဖြစ်သည်။ ဂျူးများ၏ သန့်ရှင်းသော စွဲလမ်းမှုနှင့် အက်ရှ် ကုန်သည်ကြီးများ အသင်း၏ ဂုဏ်သတင်းတို့မှာ သံသယဖြစ်ဖွယ် မရှိ ယုံကြည်စိတ်ချရသည့် အရာနှစ်ခု ဖြစ်သည်။
ထို့အပြင်... ၎င်းမှာ အမှန်တရား ဖြစ်ပုံ ပေါ်သည်။ လူငယ်၏ စာအုပ်ဆိုင် အတွင်း၌ အီသာကို အနှောက်အယှက် ဖြစ်စေသည့် စွမ်းအင် အနည်းငယ်မျှပင် မရှိချေ။
ဂျိုးဇက်လို အဆင့်ရှိသူတစ်ဦးအတွက် နော်ဇင်မြို့အတွင်းရှိ အီသာစီးဆင်းမှုမှာ အလွန် ထင်ရှားသည်။ သူ့ မျက်လုံးများကို လှည့်စားလို့ မရနိုင်ပေ။
ဤလူငယ်မှာ ဘာမှ မသိသူ တစ်ယောက် ဖြစ်သည်။ သူ့ကို စစ်ဆေးမေးမြန်းခြင်းဖြင့် အချိန် အကုန်ခံစရာ အကြောင်း မရှိချေ။ ဖရန့်ဝယ်လ်လို လူမျိုးမှာ သူ၏ ကိုယ်ရေး အချက်အလက်များကို ဤလူငယ်ထံ၌ မျှဝေလိမ့်မည် မဟုတ်ချေ။ ဂျိုးဇက် လျှင်မြန်စွာပင် နိဂုံး ချုပ်လိုက်၏။
ဂျိုးဇက်၏ ဘဝတွင် ယခင်က မှားယွင်းမှုများ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ဖူးသော်လည်း ယခုအခါတွင်တော့ အလားတူ အမှားမျိုး ထပ်မံ မကျူးလွန်စေဖို့ လုံလောက်စွာ ရင့်ကျက်နေခဲ့ပြီ ဖြစ်သည်။
စာအုပ်ဆိုင်နှင့် ပတ်သက်သည့် တစ်ခုတည်းသော ထူးခြားချက်မှာ ဤကျောက် ဂါဂွိုင်း ဖြစ်သည်။ ဝယ်လ်သည် စာအုပ်များအား ဝယ်ယူခြင်း၊ ငှားရမ်းခြင်းအပြင် ကျောက်ဂါဂွိုင်းတစ်ခုကို ဤနေရာတွင် ထားခဲ့ရန် တစ်နာရီကြာ အချိန်ယူခဲ့သည်။ ရည်ရွယ်ချက်တစ်ခု ရှိကို ရှိရမည်။
ဂျိုးဇက် ဖိအားပေးသည့် အကြည့်ကို လင်ကျဲ အပေါ်တွင် ဆက်လက်ထားရှိကာ ဤလူငယ် လိမ်ညာနေခြင်း ရှိ၊ မရှိ ဆုံးဖြတ်ဖို့ ကြိုးစားနေခဲ့သည်။
လင်ကျဲကတော့ အထူးတလှယ် သတိထားမိပုံ မရပဲ ထိုစကားကို ကျောက်ဂါဂွိုင်းဘက်သို့ လှည့်လိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါလိုက်သည်။
“ဟုတ်ပါတယ်... ဒါက ဖောက်သည်တစ်ဦး ကျွန်တော့်ကို ပေးခဲ့တဲ့ အမှတ်တရ လက်ဆောင်ပါ”
‘ဒီဦးကြီးက ပန်းပု လက်ရာကို နှစ်သက်သွားပြီး ဝယ်ချင်နေတာလား...’
‘ဒါတော့ မဖြစ်နိုင်ဘူး... အဘိုးဝယ် ပေးခဲ့တဲ့ ဒီ အမှတ်တရ လက်ဆောင်က အဓိပ္ပာယ် အများကြီး ရှိတယ်’
လင်ကျဲ တစ်ယောက် ငြင်းပယ်ရန် အကောင်းဆုံး နည်းလမ်းအား စဥ်းစားနေစဥ် ဂျိုးဇက်၏ မျက်လုံးများမှာ ကောင်တာပေါ်မှ မသိမ်းရသေးသည့် စာရင်း စာအုပ်ကို သတိထားလိုက်မိကာ ထိုအထဲ၌ ရေးထားသည့် ရင်းနှီးပြီးသား နာမည်တစ်ခုကို တွေ့လိုက်ရလေသည်။ ပို၍ သေချာ သွားခဲ့ပြီ ဖြစ်သည်။
“ဖရန့်ခ် ဝယ်လ်... သူက မင်းရဲ့ ဖောက်သည်လား...”
***