စကားစမြည် ပြောဆိုခြင်း
Vol. 2 Ch. 19
“ဖရန့်ခ် ဝယ်လ်... သူက မင်းရဲ့ ဖောက်သည်လား...”
ဂျိုးဇက်က ကောက်ခါငင်ခါ မေးလိုက်၏။
“အမ်...”
လင်ကျဲ အနည်းငယ် အံ့ဩသွားခဲ့၏။ ဤဦးကြီးက အဘိုးဝယ်လ်ကို သိနေသည်လား။ ဂါဂွိုင်း ပန်းပု လက်ရာအား မြင်ရုံဖြင့်ပင် နာမည်ကို တန်း၍ သိနေခြင်းက သူတို့ နှစ်ယောက် အကြားရှိ ဆက်ဆံရေးမှာ ထူးခြားကြောင်း ဖော်ပြနေသည်။
မှိန်ဖျဖျ မီးရောင်အောက်တွင် အဝေးရှိ စာရင်းစာအုပ်ထဲမှ ခပ်သေးသေး နာမည်ကို ဂျိုးဇက် လှမ်းမြင်နိုင်လိမ့်မည်ဟုတော့ လင်ကျဲ တစ်ယောက် ယောင်၍ပင် မတွေးမိခဲ့ချေ။
“ဟုတ်ပါတယ်”
လင်ကျဲ ခေါင်းညိတ်လိုက်ရင်း ပိုမို သတိထားလိုက်၏။ ဤဦးကြီးမှာ အဘိုးဝယ်လ်၏ ရန်သူ တစ်ယောက်များလော...။ သူ့ပုံစံက လက်စားချေဖို့ လာရောက်သလို အဘယ်ကြောင့် ပုံပေါ်နေရသနည်း။
အခြားတစ်ဖက်၌... ဂျိုးဇက် မျက်မှောင်ကြုတ်လိုက်၏။ ဖရန့်ခ်ဝယ်လ်က ယခုလို တန်ဖိုးရှိသည့် ကျောက်ဂါဂွိုင်းကို အဘယ်ကြောင့် သာမန်လူတစ်ဦးအား ပေးရသနည်း။
၎င်းမှာ အောက်လမ်းဆရာ တစ်ဦး ဖန်တီးထားသည့် မူရင်း ကျောက်ဂါဂွိုင်း ဖြစ်သည်မှာ သေချာသည်။ ၎င်းထံဤ အနည်းငယ်ဆုံး ငရဲဘုံ အဆင့် ခွန်အားများ ပါဝင်နေသည်။ ထိုကျောက်ဂါဂွိုင်းမှာ သူ့အပေါ်ကိုပင် အတိုင်းအတာ တချို့ အထိ ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်။
ထို့အပြင်... ဖရန့်ခ်ဝယ်လ်မှာ စာအုပ်ဆိုင် ပိုင်ရှင်ထံတွင် သူ၏ နာမည်ရင်းကို ထုတ်ဖော်ခဲ့သည်။
‘နေဦး... သူ့ နာမည်အရင်းကို ပေးခဲ့တာက ရည်ရွယ်ချက်ရှိရှိ ဖြစ်နေမလား...’
ဂျိုးဇက်၏ ကနဦး ခန့်မှန်းချက် အရ ဤစာအုပ်ဆိုင်သည် အောက်လမ်း မှော်ဆရာများ၏ လျှို့ဝှက် အခြေစိုက်စခန်း တစ်ခု ဖြစ်သည်။ သို့သော်လည်း... ယခုအခါ စာအုပ်ဆိုင်ပိုင်ရှင်မှာ သာမန်လူတစ်ဦး ဖြစ်ကြောင်း အတည်ပြုပြီးနောက် ထို ခန့်မှန်းချက်က အကျုံးမဝင်တော့ချေ။
အကယ်၍ ဂါဂွိုင်းကို လျှို့ဝှက် အချက်ပြမှု တစ်မျိုးအဖြစ် သတ်မှတ်ပါက ဤနေရာမှာ အောက်လမ်း မှော်ဆရာများ အတွက် အချိတ်အဆက် ပြုလုပ်ရန် ကြားခံ တည်နေရာတစ်ခုမျှသာ ဖြစ်သည်။
အတွေးနက်နေပုံ ပေါ်သည့် ဂျိုးဇက်ကို ကြည့်ရင်း ဤလူမှာ လက်စားချေရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းတော့ မဟုတ်နိုင်ဟု လင်ကျဲ တွေးလိုက်မိသည်။
ယုတ္တိသဘော အရ ပြောရလျှင်... ထိုဦးကြီး၌ လက်စားချေဖို့ ရည်ရွယ်ချက် ရှိပါက ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းတို့ဖြင့် စတင်လိမ့်မည် ဖြစ်သည်။ ထို့နောက် အဘိုးဝယ်လ်၏ လက်ရှိ တည်နေရာနှင့် မကြာသေးမီက လှုပ်ရှားမှုများကို စစ်ဆေးမေးမြန်းကာ နောက်ဆုံးတွင် သူ့ကိုပါ နှုတ်ပိတ်လိမ့်မည် ဖြစ်သည်။
ယခု ကြည့်ရသည်က ထိုကဲ့သို့ ပုံမျိုးတော့ မပေါ်ချေ။ သူက မဆိုင်သည့် မေးခွန်းများ မေးကာ သူ့ဘာသာသူ စဉ်းစားနေခဲ့သည်။ တွေးခေါ်ပုံကို ပြောင်းလဲသင့်သည်ဟု လင်ကျဲ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ ဤဦးကြီးမှာ အဘိုးဝယ်လ်၏ မိတ်ဆွေ သူငယ်ချင်းလည်း ဖြစ်နေနိုင်သည် မဟုတ်ပါလား...။
ဤဦးကြီးမှာ အပေါ်ယံအားဖြင့် ဖော်ရွေသည့်ပုံ မပေါ်သော်လည်း လူများကို နှစ်ပေါင်းများစွာ လေ့လာစောင့်ကြည့်ခဲ့သည့် အတွေ့အကြုံအရ သူက လူဆိုးတစ်ယောက် မဟုတ်ကြောင်း လင်ကျဲ ပြောနိုင်ခဲ့သည်။
သူက ခပ်ကြမ်းကြမ်း လူမိုက် ပုံစံဖြင့် ဝင်လာသော်လည်း စာအုပ်ဆိုင် အတွင်းရှိ ပစ္စည်းများ ထိခိုက် ပျက်စီးမှု မရှိစေရန် သူ၏ လုပ်ရပ်များနှင့် လှုပ်ရှားမှုများကို ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။ သူက တံခါးကို ကန်ပိတ်ခြင်း မရှိသလို ကောင်တာကိုလည်း ရိုက်ခွဲခြင်း မပြုခဲ့ပေ။
ဤအမူအရာများကို အကဲခတ် ကြည့်ရှုရပါက ဤဦးကြီးမှာ အခြားလူများ၏ ခံစားချက်များကို ဂရုစိုက်ကာ နူးညံ့သောသူ ဖြစ်ပုံရသည်။
ထို့ကြောင့်ပင် လင်ကျဲက လည်ချောင်းကို ရှင်းရင်း မေးလိုက်၏။
“ခင်ဗျားက မစ္စတာဝယ်လ်ရဲ့ မိတ်ဆွေများလား...”
ဂျိုးဇက် တစ်ယောက် လက်တွေ့သို့ ပြန်လည် ရောက်ရှိလာကာ ထူးဆန်းစွာ ပြုံးလိုက်၏။
“မိတ်ဆွေ ဟုတ်လား... ငါတို့ နှစ်ယောက် သိခဲ့တာ အချိန် အတော်ကြာပြီလို့ ပြောလို့ရပါတယ်... လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ငါတို့ ကြားမှာ သဘောထားချင်း ကွဲလွဲပြီး ဆိုးရွားတဲ့ ဆက်ဆံရေးနဲ့ လမ်းခွဲခဲ့ကြတယ်လေ... မကြာသေးခင်ကမှ ငါ သူ့အကြောင်း သတင်း ရခဲ့တာ”
‘ငါထင်ထားတဲ့ အတိုင်းပဲ...’
လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိ၏။
‘လွန်ခဲ့တဲ့ နှစ်နှစ်ဆိုတော့ အဘိုးဝယ်လ် ငါ့ဆိုင်ကို ပထမဆုံး လာခဲ့တဲ့ အချိန်ပဲ... မိတ်ဆွေကောင်း တစ်ဦးနဲ့ သဘောထားချင်း ကွဲလွဲလာတာပေါ့... အဲဒီတုန်းက သူ စိတ်ဓာတ်ကျနေတဲ့ပုံ ပေါ်တာ အံ့ဩစရာ မရှိတော့ဘူး... ဟူး... အဘိုးဝယ်လ်ရဲ့ ဘဝကလည်း မလွယ်ကူခဲ့ပါလား...’
‘နော်ဇင်လို မြို့ကြီးမှာ တစ်ယောက်တည်း နေထိုင်ရတယ်... ဆွေမျိုးတွေကလည်း သူ့ကို ကျောခိုင်းခဲ့ကြတယ်... နောက် မိတ်ဆွေကောင်း တစ်ဦးနဲ့ပါ သဘောထားကွဲလွဲခဲ့ရတယ်...’
‘ဒါပေမဲ့ အခုတော့ ဒီဦးကြီးက ပဏာမ ခြေလှမ်းယူပြီး အဘိုးဝယ်လ်နဲ့ ပြန်သင့်မြတ်အောင် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပုံရတယ်... ကောင်းတဲ့ ကိစ္စပဲ...’
လင်ကျဲ ဂျိုးဇက်ကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ ဒါကြောင့်ကိုး... မစ္စတာဝယ်လ်ရဲ့ ပစ္စည်းကို အကြည့်တစ်ချက်နဲ့တင် ချက်ချင်း မှတ်မိနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး... ကြည့်ရတာ ဦးကြီးတို့က အတော်လေး ရင်းနှီးခဲ့ကြတယ် ထင်တယ်”
ဂျိုးဇက်က ဆိုင်တစ်ခုလုံးကို လျှို့ဝှက်စွာ စုံစမ်းနေရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်... ငါတို့ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း သိခဲ့ကြတယ်... ရင်ဘတ်ချင်း နီးတဲ့ သူငယ်ချင်းတွေလို့တောင် ပြောနိုင်ပါတယ်... ဒီနှစ်တွေအတွင်း ငါ သူ့ကို တောက်လျောက် ရှာဖွေ နေခဲ့တာလေ’
ဂျိုးဇက် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။ တကယ်ဆိုလျှင် ‘ငါက ဖရန့်ခ်ဝယ်လ်၏ ခေါင်းကို ခုတ်ဖြတ်ပြီး သူ့ တစ်ကိုယ်လုံးကို အပိုင်းပိုင်း ကြိတ်ပစ်ချင်တာကွ’ ဟူ၍ ပြောသင့်သည်။ ထိုစကားလုံးများကသာလျှင် သူနှင့် မျက်နှာမဲ့ မဟူရာ အကြေးခွံ ပိုင်ရှင်တို့ကြား ရှိခဲ့သည့် ဆက်ဆံရေး အပေါ် ပိုမို ရိုးသားသည့် ဖော်ပြချက် ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်၌... လင်ကျဲကတော့ အဖိုးကြီး နှစ်ဦးကြား မျှဝေခဲ့သည့် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှုကို တွေးတောရင်း ထိရှစွာ ခံစားလိုက်ရ၏။
“ဦးကြီးတို့ နှစ်ယောက်ရဲ့ ခင်မင်မှုကတော့ အားကျစရာပဲဗျာ... ကျွန်တော့်ဆီမှာ မစ္စတာဝယ်လ်ရဲ့ လိပ်စာ ရှိမနေတာ ကံဆိုးတာပဲ...”
‘မင်းက ငါတို့ အကြောင်း ဘယ်လောာက်တောင် သိလို့ ခံစားနေရတာလဲ...’
ဂျိုးဇက်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်သွား၏။ သတိမထားမိဘဲ ထိုစာအုပ်ဆိုင်ပိုင်ရှင်နှင့် သူ စကားများ ပြောနေမိသည်။
‘ကိစ္စ မရှိပါဘူး... ပြီးတာနဲ့ ဒီကောင်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်မယ်... သူ့နဲ့ နည်းနည်း စကားပြောတာ ဘာမှ မထိခိုက်ပါဘူး...’
“မစ္စတာဝယ်လ်က လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ပဲ စာအုပ်တစ်အုပ် ငှားသွားပါတယ်... သူ တော်တော်ကြာတဲ့အထိ ပြန်လာမှာ မဟုတ်ပါဘူး... သူ့ကိစ္စနဲ့ ဆိုရင်တော့ တစ်လလောက်ကြာမှ ပြန်လာခဲ့ပါလား… ဦးကြီး ထိုင်ပြီး ခဏလောက် နားချင်သေးလား... ဒါမှမဟုတ် ဖတ်ဖို့ စာအုပ်တစ်အုပ်များ လိုချင်လား”
ဂျိုးဇက် မော့ကြည့်လိုက်ရာ လူငယ်၏ နွေးထွေး၊ ကြင်နာသော အပြုံးကို တွေ့မြင်လိုက်ရသည်။ သူက သူ့အတွက် လက်ဖက်ရည်ပူပူ တစ်ခွက်ပင် ပြင်ဆင်ထားသည်။
“နားဖို့ ဟုတ်လား... ကျုပ်က ဒီလောက် အသုံးမကျတဲ့ပုံ ပေါက်နေတာလား...’
ဂျိုးဇက် ပြုံးလိုက်၏။ ဤစာအုပ်ဆိုင်ပိုင်ရှင် လူငယ်ထံမှ မကောင်းသည့် ရည်ရွယ်ချက်များကို မခံစားမိလေရာ သူ များစွာ ဒေါသ ထွက်ခြင်း မရှိပါချေ။ လင်ကျဲနှင့် ဆက်လက် စကားပြောလိုသည့် ဆန္ဒ တစ်ခုကိုပင် သူ မသိစိတ်မှ ခံစားလိုက်ရသည်။
မဟာ ရောင်စဉ် သူရဲကောင်း ဖြစ်လာခဲ့ပြီး နောက်တွင် သူ့ကို မည်သူမျှ ယခုလိုမျိုး တန်းတူရည်တူ သဘောထား၍ ပေါ့ပေါ့ပါးပါး စကားပြောဝံ့သည်မှာ အချိန် အလွန် ကြာခဲ့ပြီ ဖြစ်သည်။
သူ့ဘက်က ကြည့်ရပြန်လျှင်လည်း စာအုပ်ဆိုင်ပိုင်ရှင်မှာ သာမန်လူတစ်ဦး ဖြစ်လေရာ အထက် လူကြီးတစ်ဦး၊ အကြီးအကဲ တစ်ဦး၏ မာန်မာနမျိုး ထားစရာ မလိုပါချေ။
လင်ကျဲက ခေါင်းခါလိုက်ရင်း ရိုးသားစွာ ပြန်ဖြေလိုက်သည်။
“မဟုတ်ပါဘူး ဦးကြီး... ဒါပေမဲ့ မှိုင်းညို့နေတဲ့ ရာသီဥတုက လူတစ်ယောက်ရဲ့ အဆစ်အမြစ်တွေ အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်... ခုရက်ပိုင်း အိပ်မပျော်တာမျိုး ဖြစ်နေသေးလား... ဦးကြီးရဲ့ မျက်နှာ နည်းနည်း ဖြူဖျော့နေတယ်... စိတ်ပိုင်းဆိုင်ရာ ပင်ပန်း နွမ်းနယ်မှုတွေ ခံစားနေရတယ်လို့ ကျွန်တော် ခံစားရပါတယ်”
အဆစ်အမြစ် ရောင်ရမ်း နာကျင်ခြင်းနှင့် အိပ်မပျော်ခြင်းတို့မှာ ထိုအသက်အရွယ်ရှိ သက်ကြီး ရွယ်အိုများအတွက် အဖြစ်များသည့် ဝေဒနာ တစ်ခု ဖြစ်သည်။ ထို့အပြင်... ဂျိုးဇက်၏ ညာဘက်လက် လှုပ်ရှားမှုများမှာ ပုံမှန် မဟုတ်ပဲ အနည်းငယ် နာကျင်နေသည်ကို လင်ကျဲ သတိပြုမိသည်။
စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုမှာ သိပ်မထင်ရှားနိုင်သော်လည်း လင်ကျဲမှာ လူများကို စောင့်ကြည့်ရာတွင် ကျွမ်းကျင် ပညာရှင် တစ်ယောက် ဖြစ်လေရာ ၎င်းကို အလွယ်တကူ သတိပြုမိနိုင်သည်။
“ကြည့်ရတာ မစ္စတာဝယ်လ်ကို ရှာဖို့ အတွက် ဦးကြီး တော်တော်လေး အားစိုက်ထုတ်ခဲ့တယ် ထင်တယ်...’
လင်ကျဲ သက်ပြင်းချရင်း ညည်းတွား လိုက်သည်။
“ဦကြီးတို့ကြားမှာ ဒီလို ကြီးမြတ်တဲ့ ခင်မင်ရင်းနှီးမှု ရှိတာ ကျွန်တော် တကယ်ပဲ ဝမ်းသာမိပါတယ်”
ပေါင်းစပ်အရေပြား အလွှာဖြင့် ဖုံးအုပ်ထားသည့် ဂျိုးဇက်၏ စက်လက်မှာ အနည်းငယ် လှုပ်ရှား သွား၏။ သူ၏ မျက်လုံးများထဲတွင် သံသယများ အငွေ့အသက်များ ဝင်လာသည်။
‘ဒီ စာအုပ်ဆိုင် ပိုင်ရှင်က ဘယ်လိုလုပ်ပြီး… မဟုတ်ဘူး... ဒါက တိုက်ဆိုင်မှုပဲ ဖြစ်ရမယ်...’
‘ဒါပေမဲ့... သူ့ရဲ့ စကားလုံးတွေက တစ်ခုခုကို ထောက်ပြနေသလိုမျိုး ဘာလို့ အဓိပ္ပာယ်ရှိနေတာလဲ... ပြီးတော့ ‘ကြီးမြတ်တဲ့ ခင်မင်ရင်းနှီးမှု’ လို့ သူ ပြောတာက တစ်မျိုးကြီး ဖြစ်နေသလိုပဲ...’
မည်သို့ပင်ဆိုစေ ဝယ်လ်နှင့် ရင်ဘတ်ချင်း ရင်းနှီးသည့် မိတ်ဆွေများဟု ပထမဆုံး ပြောခဲ့သူက သူ ကိုယ်တိုင်သာ ဖြစ်သည်။
ဂျိုးဇက် အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်၏။
“ကျုပ်က မိုးရွာတာနဲ့ အဆစ်အမြစ် နာကျင်တဲ့ အဘိုးကြီးလိုမျိုး မဟုတ်ပါဘူး... အဲဒါကြောင့်လည်း ပင်ပန်းတာ မဟုတ်ဘူး… နောက်ပြီး စာအုပ် မလိုအပ်ပါဘူး... ကျုပ်မှာ ပိုက်ဆံ ပါမလာဘူး”
***