ဦးကြီး ခင်ဗျား အဆင်ပြေရဲ့လား
Vol. 2 Ch. 20
လင်ကျဲကတော့ ထိုင်ရင်း တတွတ်တွတ် ပြောနေသည့် ဂျိုးဇက်ကို ကြည့်နေမိ၏။ တစ်ချိန်တည်း၌ သူ စိတ်ထဲမှ ခေါင်းခါ နေမိသည်။ ဂျိုးဇက်မှာ အပြင်ပန်းတွင် ကြမ်းတမ်းပုံရသော်လည်း အတွင်းစိတ်က နွေးထွေးပြီး နူးညံ့သည်ကို သူ သိရှိပေသည်။
သူ လက်ဖက်ရည်ပူပူ တစ်ခွက်ကို ဂျိုးဇက်ဆီသို့ တွန်းပို့ရင်း ပြောလိုက်သည်။
“ကျွန်တော့် ဆိုင်မှာ စာအုပ်ဖတ်တာအတွက် အခကြေးငွေ မယူပါဘူး... ဒါပေမဲ့ နောက်ဖက်က အပိုင်းကိုတော့ ကန့်သတ်ထားပါတယ်... ဦးကြီး အနွေးဓာတ်လေး ရအောင် လက်ဖက်ရည်လေး နည်းနည်း သောက်လိုက်ပါဦး”
“ဦးကြီး မစ္စတာဝယ်လ်ကို ရှာနေတယ်ဆိုတဲ့ ကိစ္စကိုတော့ သူ ဆိုင်ကို လာတာနဲ့ ကျွန်တော် ပြောပေးပါ့မယ်”
ဂျိုးဇက် တစ်ငုံသောက်လိုက်သော်လည်း လက်ဖက်ရည်အရသာကို ကျင့်သား မရသေးပေ။ မျက်မှောင်ကြုတ်ရင်း သူ ခေါင်းခါလိုက်၏။
“မလိုတော့ပါဘူး... ကျုပ် ခဏနားပြီးရင် ထွက်သွားပါ့မယ်”
မျက်မှောင်ကြုတ်လိုက်သည့် အခိုက်အတန့်တွင် ဂျိုးဇက်၏ ခေါင်းအတွင်း အုံခဲနေသည့် နာကျင်မှုက တဖန် ပြန်လည် လှုပ်ရှားလာခဲ့သည်။
‘ငါ့လချီး... ဖြစ်တဲ့ အကြိမ်ရေက ပိုစိပ်လာပြီ...’
ဂျိုးဇက် ခန္ဓာကိုယ်ကို လဲကျမသွားစေရန် အတွက် ကောင်တာပေါ် လက်တင်လိုက်၏။ ထိုအခါ လင်ကျဲ ဖတ်ရှုပြီးနောက် ချထားသည့် စာအုပ်ကို သူ စမ်းလိုက်မိသည်။
ဂျိုးဇက်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွား၏။
‘အမှောင်ထု၏ မျိုးစေ့...’
အခြားတစ်ဖက်၌ လင်ကျဲမှာ လူအိုကြီး၏ မျက်လုံးများက သူ ဖတ်နေသည့် “မင်းသားလေး” စာအုပ်ပေါ်သို့ ကျဆင်း သွားကာ အရောင်ပြောင်းလဲ သွားသည်ကို သတိထားလိုက်မိသည်။
“ဦးကြီး မလာခင်က ကျွန်တော် ကလေးပုံပြင် ဖတ်နေတာလေ... အဲဒါက စိတ်ဝိညာဥ်ကို နှစ်သိမ့်ပေးနိုင်ပါတယ်... ဦးကြီး စမ်းချင် စမ်းကြည့်ပါလား... ကလေးပုံပြင်တွေကို အိပ်ရာမဝင်ခင် ဖတ်တာက စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ်လို့ ကျွန်တော် ခံစားရပါတယ်”
လင်ကျဲက ပြုံးရင်း ဆိုလိုက်၏။ အထက်တန်းကျောင်းမှာ တုန်းက သင်ကြားခဲ့ရသည့် စာပေနှင့် ဘာသာစကား ဆရာ၏ အဆိုအရ ဆိုလျှင် ယောက်ျားတစ်ဦးမှာ ခက်ထန် ကြမ်းတမ်းလေလေ၊ သူသည် နှလုံးသားက ပိုမို နူးညံ့လေလေပင် ဖြစ်သည်။
လင်ကျဲ ထိုအချက်ကို လုံးဝ သံသယမရှိဘဲ ခိုင်မာစွာ ယုံကြည်သည်။
ထို့အပြင်... ဤ အဖိုးကြီးသည် ထိုကဲ့သို့သော အမျိုးအစားတွင် ပါဝင်ကြောင်း လင်ကျဲ ကိုးဆယ်ရာခိုင်နှုန်း သေချာသည်။
“ကလေးပုံပြင်လား”
ဂျိုးဇက်က အနည်းငယ် ကြောင်သွားကာ လင်ကျဲကို ကြည့်လိုက်၏။
“လူငယ်လေး... မင်းက ကလေး မဟုတ်တော့ဘူးလေ... ဘာလို့ ဒီလို စာအုပ်မျိုး ဖတ်ရတာ ကြိုက်တာလဲ”
“...”
‘ဦးကြီး... ခင်ဗျားပဲ ခုနက ဒီစာအုပ်ကို ကြည့်ပြီး စိတ်ဝင်စားသလို မျက်မှောင်တောင် ကြုတ်သွားတယ်လေ... ဒါကြောင့် ကျွန်တော် ညွှန်ပေးတာ... ခုကျမှ ခင်ဗျားက လှောင်သလို ဘာလိုလို မျက်နှာပေးနဲ့’
လင်ကျဲက စိတ်ထဲမှ တွေးလိုက်ရင်း ‘မင်းသားလေး’ စာအုပ်ကို သိမ်းဖို့ လှမ်း၍ ယူလိုက်သည်။
“နှမြောစရာပဲ... ဒါက ကျွန်တော် ဖတ်ဖူးသမျှထဲမှာ အကောင်းဆုံး ကလေးပုံပြင်စာအုပ်ပါ... နောက်ပြီး နော်ဇင်မှာ ဒီတစ်အုပ်တည်းပဲ ရှိပါတယ်”
“...”
ဂျိုးဇက်၏ အမူအရာက နောက်တစ်ကြိမ် ပြောင်းလဲသွားကာ လင်ကျဲ၏ လက်ထဲရှိ စာအုပ်ကို လက်ညှိုးထိုးပြလိုက်၏။
“မင်းက ဒီစာအုပ်ကို ပြောတာလား... ကလေးပုံပြင်လား... သေချာလား”
အမှောင်ထု၏ မျိုးစေ့...
ဘယ်လို ပုံပြင်စာအုပ်မျိုးကို ထိုကဲ့သို့ နာမည်ပေးလို့နည်း။ အိပ်မက်ဘုံမှ အရိုင်းသားရဲ ပေါက်စများအတွက် ကလေးပုံပြင် စာအုပ်လော။
လင်ကျဲ အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်လေ... တကယ့်ကို ကောင်းတဲ့ ကလေးပုံပြင်စာအုပ်... လုံးဝ ဂန္ထဝင်ပါပဲ”
ဂျိုးဇက် တစ်ယောက် တစ်ခုခု မှားယွင်းနေသည်ဟု သံသယဝင်မိသော်လည်း အီသာစီးဆင်းမှု၌ အပြောင်းအလဲ တစ်စုံတစ်ရာကို မခံစားမိသေးချေ။
သို့သော်လည်း ကလေးပုံပြင် စာအုပ် တစ်အုပ်မှာ မည်ကဲ့သို့ ထိုခေါင်းစဥ်မျိုး ရှိနေရသည်ကို သူ သိချင်စိတ် ပြင်းပြလာခဲ့သည်။
“ပေးကြည့်လေ...”
နောက်ဆုံး၌ ဂျိုးဇက်က အမူအရာမဲ့စွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ရင်း ထိုင်ခုံကို နောက်မှီလိုက်၏။
“ပေါ့ပေါ့ပါးပါးပဲ ကြည့်တာပေါ့... မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်လို့ သတ်မှတ်လိုက်ပါ”
လင်ကျဲက စိတ်ထဲမှ သဘောကျစွာ ပြုံးလိုက်ရင်း စာအုပ်ကို ကမ်းပေးလိုက်သည်။ ထိုအဘိုးကြီးမှာ တကယ့်ကို လူကြမ်းစိတ်နုကြီးပင်။ သူက ဖတ်ချင်တာကိုပင် ဖုံးကွယ်နေသေးသည်။
ဂျိုးဇက်က ဆန့်ထုတ်ထားသည့် လက်ဖြင့်ပင် စာအုပ်ကို လှမ်းယူလိုက်၏။ ထိုအခိုက်တွင်ပင် ရုတ်တရက် ခေါင်းက မခံမရပ်နိုင်အောင် မူးဝေ လာတော့သည်။
သူ ဖိနှိပ်ဖို့ ကြိုးစားထားခဲ့သည့် စိတ်အတွင်းရှိ နာကျင်မှု ဝေဒသနာက လျင်မြန်စွာပင် ပိုမို လာခဲ့သည်။ အရိပ်များက သူ၏ အမြင်ကို ဖုံးလွှမ်း သွားခဲ့ကာ တိုးတိုးတိတ်တိတ် ရေရွတ်သံများမှာ သူ၏ နားများထဲတွင် မြည်ဟည်းလာ၏။
ရုတ်တရက်... ကျောရိုး၏ အောက်ခြေမှ ထူးဆန်းသော ခံစားမှုတစ်ခု စတင် ဖြစ်ပေါ်လာသည်။ ၎င်းက လျင်မြန်စွာပင် သူ၏ ဝိညာဥ်တစ်ခုလုံးကို လွှမ်းမိုးသွားကာ နာကျင်မှုကို ဖယ်ရှားလိုက်သယောင် ရှိ၏။
ဂျိုးဇက် တစ်ယောက် ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်တော့ချေ။
ထိုကဲ့သို့သော ခံစားချက်မျိုးကို သူ အလွန် ရင်းနှီးသည်။
နတ်ဆိုးဓား ကန်ဒယ်လာ...
၎င်းက အဘယ်ကြောင့် တစ်ခုခုနှင့် သဟဇာတ ဖြစ်သလို ပုံပေါ်နေရသနည်း။
အဘယ်ကြောင့် ယခုလို အချိန်မျိုးမှနည်း။
‘နေဦး... စာအုပ်ဆိုင် ပိုင်ရှင်က အိပ်ရာဝင် ပုံပြင်လို့ ပြောတာ ဒါကြောင့်လား...’
‘ဒါ... ဒါက ထောင်ချောက်များ ဖြစ်နေမလား...’
အတွေးများ မဆုံးခင်မှာပင် ဂျိုးဇက် တစ်ယောက် သတိလစ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့တော့သည်။ စာအုပ်ဆိုင်ပိုင်ရှင်၏ အသံများမှာလည်း တဖြည်းဖြည်း တိုးလျော့ သွားခဲ့တော့၏။
“ဦးကြီး... ဦးကြီး... ဒီမယ်...”
“ဦးကြီး... အဆင်ပြေရဲ့လား...”
“ဟေး... ဟေး... ဦးကြီး...”
လင်ကျဲ၏ အမူအရာက ပြောင်းလဲသွားကာ ကောင်တာပေါ်မှ အလျင်အမြန် ခုန်ကျော်လိုက်ရင်း ထိုဦးကြီးကို ဖေးမဖို့ ကြိုးစားလိုက်၏။
‘သူ လေဖြတ်သွားတာများလား... မဖြစ်ပါစေနဲ့… မဖြစ်ပါစေနဲ့…’
‘ဒီဦးကြီးက အသက်နည်းနည်း ကြီးနေပြီ ဆိုပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်က ကျန်းမာတဲ့ပုံ ပေါ်ပါတယ်...’
‘ဘာပဲဖြစ်ဖြစ်... ငါ သူ့ကို အရင် ကယ်ရမယ်...’
သို့သော်လည်း အကဲခတ် ရသလောက် ထိုလူအိုကြီး၏ အသက်ရှူသံများနှင့် နှလုံးခုန်နှုန်းက တည်ငြိမ်နေသည်ကို လင်ကျဲ သတိပြုလိုက်မိသည်။ ၎င်းသည် လေဖြတ်သည်နှင့် မတူပဲ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နေသည်နှင့်သာ ပိုတူနေသည်။
“သူ အဆင်ပြေသားပဲ”
လင်ကျဲ သံသယ ရှိစွာဖြင့် ဂျိုးဇက်၏ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သည်။ ထို့နောက် သွေးဖိအားကို လက်နှစ်ချောင်းဖြင့် စမ်းကြည့်လိုက်၏။
ရိုးရာပုံပြင်များကို လေ့လာသူတစ်ဦးအနေဖြင့် အခြေခံ သွေးခုန်နှုန်း စမ်းသပ်ခြင်း နည်းလမ်း အချို့ကို သိရှိထားသည်မှာ လင်ကျဲ အတွက်တော့ ပုံမှန်ဖြစ်သည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး ဂျိုးဇက်၏ လက်ကို ပြန်ချလိုက်၏။
“ဦးကြီး... ခင်ဗျားက တကယ်ကို သန်မာတယ်... ဒီ သွေးခုန်နှုန်းက ကျွန်တော့်ရဲ့ အကောင်းဆုံး အချိန်တွေကထက်တောင် ပိုပြီး အားကောင်းနေတယ်”
သူ အကူအညီမဲ့စွာဖြင့် ညည်းတွားလိုက်မိသည်။
‘ဒါပေမဲ့ သူက ဘာလို့ ရုတ်တရက် မေ့လဲသွားရတာလဲ... ငါ့ စာအုပ်နဲ့တော့ ဘာမှ မဆိုင်လောက်ပါဘူးနော်’
လင်ကျဲ တွေးကာ အနည်းငယ် ထိတ်လန့် သွားခဲ့သည်။
ထိုဦးကြီး မေ့လဲ မသွားခင် နောက်ဆုံး လုပ်ခဲ့သည့် အရာက စာအုပ်ကို ယူခဲ့တာ ဖြစ်နေလျှင်ပင် လူတစ်ယောက်မှာ မင်းသားလေး စာအုပ်ကို ထိရုံဖြင့် မေ့လဲသွားလိမ့်မည် မဟုတ် ဟု လင်ကျဲ တွေးလိုက်မိသည်။
‘ဒါနဲ့ လုံးဝ မပတ်သက်ဘူး... သေချာတယ်.... မင်းသားလေး စာအုပ်က အိပ်ရာဝင် ပုံပြင်စာအုပ်... ဖတ်ပြီးရင် စိတ်နှလုံးသားကို နှစ်သိမ့်ပေးတဲ့ စာအုပ်ပဲ... နှလုံးရောဂါ ဖြစ်စေတဲ့ စာအုပ်မှ မဟုတ်တာ...’
မည်သို့ပင် ဆိုစေ... ဤဦးကြီးမှာ မေ့လဲ သွားလေရာ သူ့ကို ယာယီ သက်တောင့်သက်သာ ရှိစေရန် ကူညီပေးရုံသာ ရှိသည်။ နိုးလာမှ ကျန်ကိစ္စများကို သေချာ မေးရတော့မည်။
***