← Chapters

ကြောင်နက်ကလေး

Vol. 2 Ch. 21

ကြောင်နက်ကလေး

Vol. 2 Ch. 21

လင်ကျဲ မြေအောက်ခန်းတွင် ခေါက်ကုလားထိုင် အပိုတစ်လုံး ရှိသည်ကို သတိရလိုက်သည်။ ၎င်းမှာ အတော်လေး ကျဉ်းမြောင်းကာ ကြာရှည် အိပ်စက်ဖို့ အတွက် မသင့်လျော်သော်လည်း ခဏတာ အနားယူခြင်းအတွက် ဆိုလျှင်တော့ ကိစ္စ မရှိပါချေ။

လင်ကျဲ ချက်ချင်းပင် ခေါက်ကုလားထိုင်ကို ယူဆောင်ရန် မြေအောက်ခန်းသို့ ဆင်းသွားခဲ့သည်။ အလေ့အကျင့် အရ လင်ကျဲမှာ မြေအောက်ခန်းကို မကြာခဏ ဆိုသလို သန့်ရှင်းရေး လုပ်ထားလေရာ ခေါက်ကုလားထိုင်ကို မညစ်ပတ်ဘဲ ချက်ချင်း အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။

“သူ့ရဲ့ ကိုယ်လုံးကြီးက လေးမယ်ဆိုတာ သိပေမဲ့ ဒီလောက်ထိတောင် လေးလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး…”

ဂျိုးဇက်ကို လက်မောင်းကြားမှ သုံးကြိမ် အထိ မဖို့ ကြိုးစားက မအောင်မြင်ခဲ့ပြီးနောက် လင်ကျဲ တတွတ်တွတ် ရေရွတ်လိုက်၏။

“ဒီဦးကြီးက တစ်ကိုယ်လုံး ကြွက်သားတွေ အပြည့် ဖုံးလွှမ်းထားတဲ့ ဝက်ဝံညိုကြီးနဲ့ တူတယ်...”

ကောင်တာရှိ ထိုင်ခုံ အမြင့်၌ ထိုင်နေစဉ် အခါက ဂျိုးဇက်၏ အရပ်ကို များစွာ သတိထားမိခြငး မရှိချေ။ သို့သော်လည်း ယခုအခါတွင်တော့ ဧရာမ သားရဲကြီး တစ်ကောင်နှင့် နပန်းလုံးနေရသလိုပင် ခံစားနေရသည်။

ဂျိုးဇက်၏ အရပ်မှာ အနည်းဆုံး နှစ်မီတာလောက် ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးကို အဖုအထစ် ကြွက်သားများဖြင့် သေချာစွာ ဖုံးအုပ်ထားသည်။ သူ၏ လက်သီးများသည် သဲအိတ် အရွယ်အစားလောာက်ရှိ၏။ ထိုလက်သီး တစ်ချက်ဖြင့် ဆိုပါက လူတစ်ဦး၏ ဦးခေါင်းကိုပင် အမှုန့်ချေနိုင်လောက်သည်ဟု လင်ကျဲ တွေးလိုက်မိသည်။

‘ဆံပင်တွေ ဖြူနေတာတောင်မှ ဒီလူကြီးက ကြောက်စရာ ကောင်းလောက်အောင် သန်မာနေသေးတာပဲ... တကယ်ဆို ပုံမှန် လူအိုကြီး တစ်ယောက်က အဘိုးဝယ်လ်လိုမျိုး ပိန်ပိန်ပါးပါး ဖြစ်နေသင့်တာ မဟုတ်ဘူးလား...’

ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည့် ဂျိုးဇက်ကို ကြည့်ရင်း လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိသည်။

‘ငါ ဘာလုပ်ရမလဲ... သူ့ကို ဒီအတိုင်း ထားလို့တော့ မဖြစ်ဘူး... ဖောက်သည်တစ်ယောက်ယောက် လာရင်တော့ ကူရွှေ့ပေးဖို့ အကူအညီတောင်းလို့ ရတယ်... ဒါပေမဲ့ ဒီလို ရာသီဥတုမှာ ဘယ်ဖောက်သည်က လာမှာလဲ’

လင်ကျဲ ဂျိုးဇက်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

“ဦးကြီး... ကျွန်တော် တကယ်ပဲ စိတ်မကောင်းပါဘူး... ဒါပေမဲ့ ကျွန်တော့်မှာ တခြား ရွေးစရာ မရှိတော့ပါဘူး... ခင်ဗျား ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

သူ ရိုးသားစွာပင် အသံထွက်၍ တောင်းပန်လိုက်၏။

ထို့နောက်တွင်တော့ ဂျိုးဇက်ပေါ် ကားယားခွကာ လည်ပင်းအောက်ရှိ အဝတ်စကို ဆွဲရင်း မောကြီးပန်းကြီးဖြင့် တဖြည်းဖြည်းချင်း ဆွဲယူကာ နောက်မှီ ကုလားထိုင်ပေါ်သို့ တင်လိုက်လေသည်။

ဘုန်း...

ဂျိုးဇက်၏ ညာဘက်လက်မှာ ကုလားထိုင်၏ လက်တင်ခုံပေါ်သို့ ကျသွားကာ ကျယ်လောင်သော သတ္တုသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

လင်ကျဲ လန့်သွားကာ ချက်ချင်းပင် ဂျိုးဇက်၏ ညာဘက်လက်ကို ကြည့်လိုက်မိသည်။ အပေါ်ပိုင်းမှာ လက်အိပ်စွပ်ထားသဖြင့် မသိသာသော်လည်း လက်ကောက်ဝတ်ရှိ သတ္တုငွေရောင်ကတော့ နွေးထွေးသည့် မီးရောင်အောက်တွင် အထူး ထင်ရှားနေခဲ့၏။ ၎င်းက အတော်လေး လက်ရာမြောက်လှသည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။

လင်ကျဲ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သည်ဦးကြီး... သူက အဘိုးဝယ်လ်လိုမျိုးပဲ မသန်စွမ်းဖြစ်နေသည်လား။

ထို့အပြင်... ယခုလို လက်ရာမြောက်သည့် ခြေတုလက်တုမျိုးမှာ သာမန်လူ အများစု အသုံးပြုနိုင်သည့် ပစ္စည်းမျိုး မဟုတ်ချေ။ ဤကဲ့သို့ ခြေတုလက်တုများအကြောင်း လင်ကျဲ အနည်းငယ် သိရှိထားသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း အချိန် အများစုတွင် အားနေသည့် လင်ကျဲမှာ စူးစမ်းလိုစိတ်ကြောင့် ဤကမ္ဘာ၏ နည်းပညာ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုတေသန လုပ်ခဲ့ဖူးသည်။ ထိုနည်းဖြင့် ကမ္ဘာသစ်ရှိ လူများ၏ ဓလေ့ထုံးတမ်းများနှင့် အတွေးအခေါ်များကို နားလည်စေရန် ရည်ရွယ်လိုက်ခြင်းလည်း ဖြစ်သည်။

အဇီးသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များက ကမ္ဘာမြေနှင့် ဆင်တူပုံရသော်လည်း အချို့သော နည်းပညာ ကဏ္ဍများ... အထူးသဖြင့် စက်မှုနှင့် ဇီဝဗေဒတို့တွင်တော့ ကမ္ဘာမြေ၏ အဆင့်ထက် အဆပေါင်း များစွာ ကျော်လွန်နေပြီး ထူးဆန်းသော သိပ္ပံပညာ ဘာသာရပ်များကိုပါ ပေါ်ပေါက်စေခဲ့သည်။

ထိုအထဲမှ ဥပမာတစ်ခုက စက်တပ် ခြေတုလက်တုများ ဖြစ်သည်။

သို့သော်လည်း စံမီသည့် စက်တပ် ခြေတုလက်တုများကို လူအများစု အသုံးပြုရန် ဘယ်တော့မှ အခွင့်အရေး မရနိုင်သည့် အထက်တန်းစား ပစ္စည်းများ အဖြစ် သတ်မှတ်ထားသည်။ ဂျိုးဇက် တပ်ဆင်ထားသည့် အမျိုးအစားမျိုးဆို ပြောစရာပင် မရှိချေ။ ၎င်းမှာ ပိုက်ဆံရှိရုံမျှဖြင့် ဝယ်ယူလို့ မရနိုင်သည့် အရာတစ်ခု ဖြစ်သည်။

“ဒီလက်အတုက သာမန် လူတစ်ယောက် ဝတ်ဖို့ အတွက် အရမ်းကို လေးလွန်းတယ်... ဟုတ်တယ်နော်”

လင်ကျဲ တစ်ယောက်တည်း တီးတိုးပြောလိုက်သည်။

“နောက်ပြီး ဒီဦးကြီးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ လွှမ်းမိုးနိုင်တဲ့ အငွေ့အသက်တွေကလည်း ထူးခြားလွန်းတယ်... မဟုတ်မှ လွဲရော သူက...”

လင်ကျဲ တစ်ယောက် ထိုအဘိုးကြီး၏ နာမည်ရင်းကို ခန့်မှန်းရန် နီးစပ်လာနေ သကဲ့သို့ ခံစားမိသည်။

“…အငြိမ်းစား ယူထားတဲ့ အဆင့်မြင့် အရာရှိတစ်ဦးများလား”

လင်ကျဲ ခေါင်းညိတ်လိုက်မိ၏။ သူ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ယခင်က ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ထိုလူများထံမှ ရရှိသည့် ခံစားမှုမှာ ဤဦကြီးနှင့် တကယ် ဆင်တူသည်။ သူတို့ အားလုံးတွင် သဘာဝအတိုင်း ခိုင်မာ ဖြောင့်မတ်သော အငွေ့အသက်များ ရှိကြသည်။

ထို့အပြင်... ကြမ်းတမ်း ခက်ထန်ပုံရသည့် အပြင်ပန်း အမူအရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတို့ အရ ဤအဖိုးကြီးမှာ PTSD စိတ်ရောဂါကို ခံစားနေရသည့် စစ်ပြန်တစ်ဦး ဖြစ်နိုင်ကြောင်း လင်ကျဲ ကောက်ချက်ချလိုက်မိသည်။

လက်ရာမြောက်သည့် လက်အတုမှာ နိုင်ငံတော် အတွက် ပေးဆပ်ရင်း ဆုံးရှုံးခဲ့မှု အတွက် အစိုးရမှ ချီးမြှင့်ထားသည့် ဂုဏ်ပြုမှုတစ်ခု ဖြစ်နိုက်သည်။

“အဆစ်အမြစ်တွေလို့ ငါ ခုနက ပြောတုန်းက သူ ဘာလို့ ဆတ်ဆတ်ထိ မခံ ဖြစ်နေတာလဲ ဆိုတာ ခုမှပဲ သဘောပေါက်တော့တယ်”

လင်ကျဲ ရုတ်တရက် နားလည်သွားခဲ့၏။ ဂျိုးဇက် မေ့လဲသွားရသည့် အကြောင်းရင်းကိုလည်း ဆပ်စပ်မိသလို ဖြစ်လာခဲ့သည်။

စက်တပ် လက်တုခြေတုများမှာ အာရုံကြော စနစ်မှ လျှပ်စပ် အချက်ပြမှုများကို လက်ခံကာ စိတ်တိုင်းကျ လှုပ်ရှားနိုင်အောင် ကူညီပေးတာမျိုး ဖြစ်သည်။ ၎င်း၏ လုပ်ဆောင်ချက်များကို လင်ကျဲ အတိအကျ မသိသော်လည်း လက်တုနှင့် အစစ်ကြား ဆက်သွယ်ထားသော နေရာမှာ အစိုဓာတ်ကြောင့် အလွယ်တကူ ဆားကစ်ပြတ်နိုင်သည်။

“သူ မေ့လဲသွားတာ လက်တုမှာ ပြဿနာ တစ်ခုခု ရှိလို့ ဖြစ်နိုင်တယ်... လျှပ်စစ်ဓာတ်အားက အဆက်မပြတ် ယိုစိမ့်နေရင် အာရုံကြောများကိုပါ သက်ရောက်နိုင်တယ်”

လင်ကျဲ အတွေးကို နိဂုံးချုပ်လိုက်ရင်း နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်၏။ အပြင်ဘက်၌ လေနှင့် မိုးတို့က ဒေါသတကြီး တိုက်ခတ်နေစဉ် မှိန်ဖျော့ဖျော့ မီးရောင်အောက်၊ ကုလားထိုင်ပေါ် လှဲလျောင်းရင်း သတိလစ်နေသည့် ဂျိုးဇက်ကို လင်ကျဲ ကြည့်နေမိသည်။

“ဒီအခြေအနေကြီးက ဘာလို့ ထူးဆန်းသလို ခံစားနေရတာလဲဟ...”

သူ ကြည့်ခဲ့ဖူးသည့် လူသတ် ရုပ်ရှင်များကိုပင် ပြန်လည် အမှတ်ရလိုက်မိသည်။

မိုးသည်းသည့် ညတစ်ည...

သားကောင်ကို ဖမ်းဆီးပြီးနောက် အရသာခံကာ ကြည့်ရှုနေသည့် စိတ်ဝေဒနာရှင် လူသတ်သမား....

ထို့နောက်...

“အမလေး...”

လင်ကျဲ ကြက်သီးထလာသလို ခံစားလိုက်ရလေရာ ခေါင်းခါရင်း ရယ်မောလိုက်မိသည်။

‘ငါ ဘာတွေ လျှောက်တွေးနေတာလဲ...’

သူက ကြင်နာပြီး ဖြောင့်မတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို မြင်ခဲ့လျှင်ပင် သံသယဝင်မည် မဟုတ်ကြောင်း လင်ကျဲ ယုံကြည်သည်။

ဟိုဟိုသည်သည် စဉ်းစားရင်း "မင်းသားလေး" စာအုပ်မှာ ဂျိုးဇက်၏ လက်ထဲတွင် ရှိနေသေးကြောင်း သူ သတိပြုမိလိုက်သည်။ အဘိုးကြီးမှာ သတိလစ်သွားသော်လည်း စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ ဖြစ်သည်။

လင်ကျဲ ပြုံးလိုက်၏။

“ခက်ထန် မာကျောတဲ့ ယောက်ျားတွေမှာတောင် ဒဏ္ဍာရီဆန်ဆန် အိပ်မက်တွေ ရှိနိုင်တယ်... ကောင်းကောင်း အနားယူပါ”

ခလွမ်... ခလွမ်...

ရုတ်တရက် စာအုပ်ဆိုင်အပြင်ဘက်မှ အသံ ကြားလိုက်ရသောကြောင့် လင်ကျဲ ခေါင်းထောင် ကြည့်လိုက်မိ၏။ ထိုအခါ မှုန်ဝါးဝါး လူရိပ်တစ်ခုမှာ တတ်နိုင်သမျှ လျင်မြန်စွာ ထွက်ပြေးဖို့ ကြိုးစားနေကြောင်း ပြတင်းပေါ က်မှ တစ်ဆင့် သူ တွေ့လိုက်ရသည်။

“ဘယ်သူလဲ...”

လင်ကျဲ မျက်မှောင်ကြုတ်ရင်း အော်လိုက်၏။ သူ ခပ်မြန်မြန်ပင် တံခါးဝဆီသို့ လျှောက်သွားကာ အပြင်ဘက်သို့ ကြည့်လိုက်သော်လည်း မည်သူမျှ ရှိမနေချေ။ သူ မြင်လိုက်ရသမျှက မိုးရေထဲတွင် အမောတကော ပြေးလွှားသွားသည့် ကြောင်နက် တစ်ကောင်သာ ဖြစ်သည်။ ခဏအကြာတွင် ကြောင်မှာ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့၏။

“ဆိုတော့ ဒီကောင့်လက်ချက်ပေါ့...”

လင်ကျဲ ကြောင်ကို လက်ဝှေ့ယမ်းပြလိုက်ရင်း ရယ်မောလိုက်သည်။

“အိမ်ကို မြန်မြန်ပြန်... အပြင်မှာ အန္တရာယ်များတယ်... လုံခြုံအောင် နေ...”

***

All Chapters