← Chapters

နိုးလာပြီလား ဦးကြီး

Vol. 2 Ch. 22

နိုးလာပြီလား ဦးကြီး

Vol. 2 Ch. 22

“ချီးပဲ... ချီးပဲ... ဘယ်လို ဖြစ်နိုင်မှာလဲ...”

ကြောင်နက်ကလေး၏ မျက်နှာထက်တွင် တကယ့် လူအစစ် တစ်ယောက် ထိတ်လန့် ကြောက်ရွံ့နေသလိုမျိုး ရုပ်ပျက်ဆင်းပျက် အမူအရာ ပေါ်နေခဲ့၏။ သူ ပိုမို၍ပင် အားကုန်သုံးကာ မိုးရေထဲ၌ ပြေးလွှား သွားခဲ့တော့သည်။

မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက် မောပန်းနေသည့် ကြောင်နက်မှာ ရုတ်တရက် ခြေချော်သွားကာ မြေပြင်ပေါ် နှစ်ပတ်သုံးပတ် လိမ့်ဆင်း သွားသည်။ သို့သော်လည်း သူက ချက်ချင်းပင် ပြန်ထလာကာ ထပ်မံ ပြေးလွှားရင်း သေးငယ်သည့် လမ်းကြားလေး တစ်ခုထဲသို့ ဝင်ရောက်ကာ ပုန်းအောင်းလိုက်တောာ့သည်။

ဖပ်… ဖပ်... ဖပ်

ကြောင်နက်မှာ ခန္ဓာကိုယ် အမွေးအမျှင်များထက်ရှိ ရေစက်များကို ခါချလိုက်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ် စူးစမ်းလိုက်၏။ ဘယ်လူမှ မရှိနေကြောင်း သေချာသွား‌သော အခါတွင်မှ သူ သက်ပြင်း ချလိုက်သည်။

ခန္ဓာကိုယ် တစ်ခုလုံး အားအင်များ ကုန်ခမ်းနေခဲ့ပြီး ဖြစ်လေရာ သူ မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။

“အသွင်ပြောင်းခြင်း နည်းလမ်း... ပယ်ဖျက်...”

အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် သူ ပါးစပ်ဖွင့်လိုက်ရာ အရွယ်ရောက်ခါစ လူငယ်လေး တစ်ဦး၏ အသံသေးသေးလေး ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ အီသာ စွမ်းအင်များက လှုပ်ရှားလာကာ ကြောင်နက်၏ ခန္ဓာကိုယ်မှာ ကြီးမား လာခဲ့သည်။ ထို့နောက် ဆယ့်ခြောက်နှစ်ခန့် အရွယ်ရှိသည့် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့၏။

သူက မောရစ်ဆင် ဂရက်ဂ်ဖြစ်ပြီး အညိုရောင်ဆံပင်နှင့် မှဲ့များ အပြည့်ပါသည့် မျက်နှာကို ပိုင်ဆိုင်ထားသည်။ သူ့ထံတွင် ကြောင်တစ်ကောင် အဖြစ် ပြောင်းလဲနိုင်သည့် အထူးစွမ်းရည် ရှိသည်။

မောရစ်ဆင်သည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ထောက်လှမ်းရေး ဌာနမှ စုံစမ်းရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိ၌ အလုပ်ဝင်ရောက်သည်မှာ တစ်နှစ် ရှိပြီ ဖြစ်သည်။ အသက်အရွယ်အားဖြင့် ငယ်သေးသော်လည်း အသွင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ထူးခြားသော ပါရမီ ပါလာလေရာ ဂရက်ဂ်လေးမှာ တစ်ကိုယ်တော် မစ်ရှင်များကို လုပ်ဆောင်ရန် အရည်အချင်း ပြည့်မီသူဟု ယူဆနိုင်သည်။

သို့သော်လည်း... ဤတစ်ကြိမ်ကမူ ခြားနားပေသည်။ ပြောရလျှင် ယခုအချိန်မှာ ဂရက်ဂ်အတွက် အားလပ်ချိန်ဖြစ်သည်။ သူ တာဝန်များကို လက်ခံထားခြင်း မရှိပေ။ သို့သော်လည်း မဟာ ရောင်စဉ် သူရဲကောင်းဟောင်း ဂျိုးဇက်မှာ ဖရန့်ခ်ဝယ်လ်၏ ခြိမ်းခြောက်မှုကြောင့် အခြားဝန်ထမ်းများကို အတူတူ လိုက်ပါခွင့် မပြုဘဲ တစ်ယောက်တည်း စုံစမ်းရန် ထွက်သွားကြောင်း ကြားသိခဲ့ရသည်။

ဂျိုးဇက် အပေါ် လေးစားမှုကြောင့် ထောက်လှမ်းရေး ဌာနသို့ ဝင်ရောက်ခဲ့သည့် လူငယ်တစ်ဦးအနေဖြင့် ဂရက်ဂ်သည် မဟာ ရောင်စဉ် သူရဲကောင်း ဂျိုးဇက်နှင့် အောက်လမ်း မှော်ဆရာ ဖရန့်ခ်ဝယ်လ်တို့ ကြားရှိ အတိတ်သမိုင်းကို ကောင်းစွာ သိရှိထားသည်။

စူးစမ်းလိုစိတ် အပြင် သူ၏ စံပြပုဂ္ဂိုလ် အတွက် စိုးရိမ်မှုတို့ကြောင့် ဂရက်ဂ်မှာ ဂျိုးဇက်ကို ခြေရာခံကာ ဤ စာအုပ်ဆိုင်သို့ လိုက်လာခဲ့သည်။

ပုံမှန်အတိုင်းပင် သူက အထူးစွမ်းရည်ကို အပြည့်အဝ အသုံးချခဲ့ကာ လုံခြုံ ဘေးကင်းသည့် အကွာအဝေး တစ်ခုကို ထိန်းသိမ်းထားခဲ့သည်။ သူ အဖမ်းခံရမည့် နည်းလမ်း မရှိပါချေ။

စာအုပ်ဆိုင် အပြင်ဘက်တွင် ဆယ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ဂရက်ဂ်သည် အတွင်းမှ အခြေအနေကို အနည်းငယ် ချောင်းကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့နောက်... သူမြင်လိုက်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသော မြင်ကွင်း ဖြစ်ပေသည်။

ဖျက်ဆီးခြင်း အဆင့် ရောင်စဉ် သူရဲကောင်း၊ မြင့်မြတ်သည့် မီးလျှံ၊ သတ္တုတစ်ပိုင်း လူတစ်ပိုင်း ဘီလူးကြီးမှာ ကောင်တာရှေ့တွင် နာကျင်စွာ ကုပ်ကပ်ဖို့ ကြိုးပမ်း နေခဲ့ကာ ခဏအကြာတွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

စူးမြက်ထက်ရှသည့် ကြောင်မျက်လုံးများဖြင့် အရာအားလုံးကို အလွန် ရှင်းလင်းစွာ မြင်ခဲ့ကြောင်း ဂရက်ဂ် ကျိန်ဆိုရဲသည်။

ထို့နောက်... စာအုပ်ဆိုင်ပိုင်ရှင်မှာ ကောင်တာပေါ်မှ ခုန်ကျော်ကာ မဟာ သူရဲကောင်း၏ လက်ကောက်ဝတ်ကို ကိုင်ရင်း ထူးဆန်းသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ၎င်းမှာ မကောင်းဆိုးဝါး မှော်အတတ် ပုံစံတစ်မျိုး ဖြစ်ကြောင်း ဂရက်ဂ် သေချာသိသည်။

ထို့နောက် စာအုပ်ဆိုင်ပိုင်ရှင်မှာ မလှုပ်မယှက်ဖြစ်နေသော မဟာ သူရဲကောင်းကို ကုလားထိုင် တစ်ခုပေါ်သို့ တရွတ်တိုက် ဆွဲယူသွားကာ အေးစက်စက် ပုံစံဖြင့် လှောင်ပြောင်သော စကားများကိုပင် တီးတိုး ရေရွတ်ခဲ့သည်။

“ခက်ထန် မာကျောတဲ့ ယောက်ျားတွေမှာတောင် ဒဏ္ဍာရီဆန်ဆန် အိပ်မက်တွေ ရှိနိုင်တယ်...”

ရန်သူ့နယ်မြေအတွင်း တစ်ကိုယ်တော် ဝင်ရောက်လာခဲ့သည့် မဟာ သူရဲကောင်း ဂျိုးဇက်၏ လုပ်ရပ်မှာ စိတ်ကူးယဉ် ဆန်ပြီး ပေါ့ဆလွန်းသည်ဟု သူက ဆိုလိုချင်နေသည်လား။

သို့တည်းမဟုတ်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ အမှောင်ထုကို သန့်စင်လိုသည့် ကြီးမြတ်သော လုပ်ရပ်မှာ စိတ်ကူးယဥ်မှု တစ်ခုမျှသာ ဖြစ်ကြောင်း ဆိုလိုနေသည်လား။

“ချီးပဲ... သူက ‘ကောင်းကောင်း နားပါ’ လို့တောင် ပြောခဲ့သေးတယ်... သူက မြင့်မြတ်တဲ့ မီးလျှံကို ထာဝရ အိပ်မောကျစေချင်တာလား...”

ဂရက်ဂ် တစ်ယောက် လက်များပင် တုန်ရီ နေခဲ့ပြီ ဖြစ်သည်။ အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

“အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်က ဘယ်သူလဲ... ဆရာကြီး ဂျိုးဇက်လို လူမျိုးတောင် မခုခံနိုင်ပဲ လဲကျသွားခဲ့တယ် ဆိုတော့ တော်ရုံတန်ရုံလူတော့ မဖြစ်နိုင်ဘူး”

ဂရက်ဂ် တစ်ယောက် တတွတ်တွတ် ရေရွတ် နေမိ၏။ သူ၏ မျက်နှာက အတိုင်းထက်လွန် ဖြူဖျော့နေခဲ့သည်။ သူသည်ပင်လျှင် ကံကောင်းထောက်မစွာဖြင့် သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

တံခါးဘေးရှိ အမှိုက်ပုံးကို မတော်တဆ ဝင်တိုက်လိုက်သည့် အခိုက်အတန့်၌ သူ၏ နှလုံးခုန်သံများပင် ရပ်တန့် သွားသလိုမျိုး ခံစားခဲ့ရသည်။ ထိုခံစားချက်ကို ဂရက်ဂ် ဘယ်တော့မှ မမေ့နိုင်ပေ။

စာအုပ်ဆိုင်ပိုင်ရှင်မှာ သူ့ကို သေချာပေါက် ဖမ်းမိနိုင်ခဲ့သော်လည်း တံခါးဝတွင် ရပ်တန့်ရန် ရွေးချယ်ခဲ့သည်။

ထိုမိစ္ဆာကောင်မှာ သူ၏ အစစ်အမှန် သွင်ပြင်ကို သိရှိကြောင်း ဂရက်ဂ် သိသည်။

‘အိမ်ကို မြန်မြန်ပြန်... အပြင်မှာ အန္တရာယ်များတယ်...’

သူက ရယ်မောရင်း ထိုကဲ့သို့ပင် ပြောခဲ့သည်။ ထိုမိစ္ဆာမှာ သူ့ကို သတင်းပို့နိုင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။

ဂရက်ဂ်ထံ၌ ရွေးချယ်စရာ မရှိတော့ချေ။

ဂျိုးဇက်မှာ လဲကျသွားလေပြီ။ သေသည် ရှင်သည် မသိရ...။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သို့ ဤအချက်အလက်များအား လက်ဆင့်ကမ်းနိုင်သူမှာ သူ တစ်ယောက်တည်း သာ ရှိတော့သည်။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၊ ထောက်လှမ်းရေး ဌာနမှ တစ်နှစ်သား စုံစမ်းရေး ဝန်ထမ်းလေး တစ်ယောက်မှာ ယခုအခါ အလွန် အရေးကြီးသော မစ်ရှင် တစ်ခုကို လုပ်ဆောင်ရတော့မည် ဖြစ်လေသည်။

ခန္ဓာကိုယ် အနှံ့ စီးဆင်းနေသည့် ကြောက်ရွံ့စိတ်များကို ဖိနှိပ်လိုက်ရင်း မောရစ်ဆင် ကြောင်နက် တစ်ကောင် အဖြစ် တစ်ဖန် ပြန်လည် အသွင်ပြောင်းလိုက်သည်။ ထို့နောက်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ရှိရာသို့ ပြေးထွက် သွားခဲ့တော့၏။

...

အခြားတစ်ဖက်၌ ဂျိုးဇက်ကတော့ ထင်ယောင်ထင်မှား ဖြစ်စဉ်များ အတွင်း နစ်မြုပ် နေခဲ့လေသည်။ သူ့ ရှေ့၌ အပြောကျယ်လှသည့် ကောင်းကင်နှင့် အာကာသ ဟင်းလင်းပြင်ကြီးသာ ရှိနေခဲ့၏။

ပုံသဏ္ဌာန်နှင့် အရွယ်အစား အမျိုးမျိုးရှိသည့် ကြယ်များမှာ မည်းမှောင်သည့် ကောင်းကင်ကို မှိတ်တုတ်မှိတ်တုတ် အလင်းကလေးများဖြင့် အလှဆင် နေကြသည်။

အလင်းနှစ် သန်းပေါင်းများစွာ ဝေးကွာသော နေရာများတွင် အချိန်၏ သဘောတရားမှာ တဖြည်းဖြည်းချင်း မှေးမှိန်သွားသကဲ့သို့ ကောင်းကင်ခန္ဓာများမှာ ဖြစ်ခြင်းပျက်ခြင်း အဆုံးမဲ့ သံသရာတွင် ဝဲလည်နေကြသည်။

ထိုကြယ်တာရာ ကောင်းကင်တွင် မရေမတွက်နိုက်သည့် အရိပ်များမှာ မျောလွင့် နေကြသည်။ မကြာခဏ ဆိုသလို အရိပ်ကြီးများမှာ ထိုနေရာမှ နေ၍ လက်တွေ့သို့ ရောက်ရှိလာကာ ထူးဆန်းသော်လည်း လှပသည့် ပုံရိပ်များကို ဖွဲ့စည်းလာကြသည်။

ယင်းက အပြာရောင် ဝေလငါးကြီး တစ်ကောင် မြို့အနှံ့ ပတ်၍ ပျံသန်းနေသည်ကို တွေ့မြင်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော်လည်း လူအများစု အတွက် ထိုအံ့ဖွယ် မြင်ကွင်းမှာ ထိတ်လန့်ဖွယ် ကောင်းနေပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ မသိနားမလည်မှုက လူတစ်ယောက်ကို ဝိညာဉ် အထိ ရောက်အောင် တုန်လှုပ်စေနိုင်သောကြောင့်ပင်။

ပုံမှန် ပုံရိပ်ယောင်များ အတိုင်း ဆိုပါက... နတ်ဆိုးဓား ကန်ဒယ်လာမှာ နှစ်ပေါင်း ထောင်ချီကို ဖြတ်သန်းကာ ဤကြယ်တာရာများ၏ ကောင်းကင်တွင် ငိုကြွေးပေလိမ့်မည်။ ၎င်းမှာ မိခင်ကို တောင့်တနေသည့် ကလေးတစ်ဦးနှင့် တူသည်ဟု ဂျိုးဇက် ခံစားရသည်။

တကယ်တမ်း ပြောရလျှင်... ဂျိုးဇက်အတွက် နတ်ဆိုးဓား ကန်ဒယ်လာကို ကိုင်ဆောင်ထားရခြင်းမှာ အကျင့်မကောင်းသော ကလေးတစ်ဦးကို စောင့်ရှောက်နေရသည်နှင့် တူသည်။ ဤကလေး၏ စိတ်ခံစားမှုများကို ထိန်းချုပ်ရသည်မှာ ဂျိုးဇက် အတွက် အလွန် ခက်ခဲပြီး သူ အသက်ကြီးလာသည်နှင့်အမျှ ၎င်းမှာလည်း ဆုံးမရန် ပိုမို ခက်ခဲလာသည်ကို တွေ့ရှိခဲ့ရသည်။

သို့သော်... နောက်ထပ် ဖြစ်ပေါ်လာခဲ့သည့် အရာများကတော့ ထင်မှတ်ထားသည်နှင့် ခြားနားခဲ့ပေသည်။ အရာအားလုံးမှာ တစ်ခုတည်းသော ခြားနားချက်ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

စာအုပ် တစ်အုပ်...

ဂျိုးဇက်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ခပ်ပါးပါး စာအုပ်လေး တစ်အုပ်...

ဖလပ်... ဖလပ်...

စာအုပ်၏ စာမျက်နှာများက လျင်မြန်စွာ လှန်သွားခဲ့ကာ ထူးခြားသော စကားလုံးများစွာက မျက်လုံးရှေ့တွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။

“နက်နဲသော အမှောင်ထုကို စိုက်ကြည့်သောသူကို နက်နဲသော အမှောင်ထုက ပြန်လည် စိုက်ကြည့်လိမ့်မည်… ထို့အပြင် နက်နဲသော အမှောင်ထု၏ အသိအမှတ်ပြုခြင်းကို ရရှိလိမ့်မည်…”

“ဘာလဲ... ထောင်ချောက်လား... အား... ”

သတင်း အချက်အလက်များစွာ အလွန်အကဲ တိုးဝင်လာမှုကြောင့် ဂျိုးဇက်မှာ စိတ်အာရုံ အတွင်းမှ ပြင်းထန်သော နာကျင်မှုနှင့် အတူ နိုးထလာခဲ့သည်။ ထိုအခိုက်အတန့်တွင်ပင်... နတ်ဆိုးဓား ကန်ဒယ်လာထံမှ ပျော်ရွှင်နေသည့် အရိပ်အယောင်များကို သူ ခံစားလိုက်ရ၏။

‘သူက ဘာလို့ ဒီလောက်တောင် ပျော်ရွှင်နေရတာလဲ... ဒီစာအုပ်ကြောင့်လား...’

‘ကလေးပုံပြင်… ဒါက တကယ့်ကို ကလေးတွေ အတွက်ပဲ...’

ဂျိုးဇက်၏ မျက်လုံးများမှာ ပြူးကျယ်လာ၏။ မရင်းနှီးသည့် မျက်နှာကျက်ကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေရင်း လှုပ်ရှားဖို့ ကြိုးစားသော်လည်း မတတ်နိုင်ကြောင်း သူ ခံစားလိုက်ရသည်။

သူ အောက်ကို ငုံ့ကြည့်လိုက်ရာ သူ ကိုယ်တိုင် “ကလေးပုံပြင်” စာအုပ်ကို တင်းတင်း ဆုပ်ကိုင်ထားကြောင်း တွေ့မြင်လိုက်ရသည်။

“အယ်... ဦးကြီး... နိုးလာပြီလား”

ထိုအခိုက်တန့်တွင်ပင် ဂျိုးဇက်မှာ ရင်းနှီးနေသည့် လူငယ်၏ အသံကို ကြားလိုက်သည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ရင်းနှီးစွာ ပြုံးပြနေသည့် မျက်နှာကို မြင်လိုက်ရတော့၏။

***

All Chapters