← Chapters

လင်ကျဲ၏ အကြံ

Vol. 2 Ch. 23

လင်ကျဲ၏ အကြံ

Vol. 2 Ch. 23

ဂျိုးဇက်၏ ခေါင်းအတွင်းရှိ နာကျင်မှုများက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဂျိုးဇက် ခေါင်းခါလိုက်ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထောက်ရင်း ထလိုက်၏။

“ကျေးဇူးပါ”

ဂျိုးဇက် အလိုအလျောက်ပင် ပြောလိုက်မိသည်။ ၎င်းတို့မှာ မသိစိတ်မှ လျှံကျလာသည့် နှလုံးသားအတွင်း ဖြစ်တည်လာသော စကားလုံးများပင် ဖြစ်သည်။ သံသယစိတ်နှင့် သတိထားမှုများ လျော့ကျသွားခြင်း မရှိသေးသော်လည်း သူ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်မိသည်။

ကျွိ... ကျွိ...

ဂျိုးဇက် ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် ထိုင်လိုက်ရာ သူ၏ ကိုယ်ခန္ဓာ အလေးချိန်က ကုလားထိုင်အိုကြီး အပေါ် ကြီးမားသည့် ဖိအားများ သက်ရောက်စေပြီး တကျွိကျိ အသံများပင် ထွက်ပေါ်လာစေခဲ့သည်။ မျက်နှာကို အနည်းငယ် ရှုံ့မဲ့လိုက်ရင်း ထရပ်လိုက်ခြင်းက ပိုကောင်းလိမ့်မည်ဟု ဂျိုးဇက် တွေးလိုက်မိသည်။

လင်ကျဲက ဂျိုးဇက်၏ ကျေးဇူးတင်စကားကို လက်မခံလိုဟန်ဖြင့် လက်များကို ခါယမ်းရင်း ပြောလိုက်၏။

“ရပါတယ်... ရပါတယ်ဗျာ... ဖောက်သည်တွေကို ကူညီတာက ကျွန်တော့်ရဲ့ ဝတ္တရားပါပဲ... ဒါနဲ့ ခင်ဗျား အခု နေကောင်းရဲ့လား.. အဆင်ပြေရဲ့လား...”

ဂျိုးဇက်က ခန္ဓာကိုယ်ကို ဟိုသည် ဝှေ့ယမ်းရင်း ကြွက်သားများကို လှုပ်ရှားကြည့်လိုက်၏။ ထို့နောက် လက်သီးကို တင်းတင်းဆုပ်လိုက်ရာ လေးကြိုးတင်သလို ထူးဆန်းသည့် အသံတစ်ချို့ ထွက်ပေါ်လာခဲ့သည်။ သူ အသက်ကိုပါ ခပ်ပြင်းပြင်း ရှူကြည့်လိုက်၏။

အရာအားလုံးက တည်ငြိမ်သည့် အခြေအနေတွင် ရှိနေသည်။ ထင်ယောင်ထင်မှား ဝေဒနာကို မကြာခဏ ခံစားနေရသည့် အခြေအနေနှင့် ခြားနားစွာပင် သူ၏ အာရုံများမှာ ထူးထူးခြားခြား ရှင်းလင်းနေသည်။ ၎င်းမှာ ထင်မှတ်မထားသည့် တိုးတက်မှု ဖြစ်ပေသည်။

ထို့အပြင်... ကန်ဒယ်လာထံမှ စိတ်ခံစားချက် အကြွင်းအကျန် အချို့မှာ လက်ရှိ အချိန်အထိ သူ့ထံတွင် ကျန်ရှိနေသေးဆဲ ဖြစ်သည်။

ငြိမ်သက်ခြင်း၊ ရွှင်လန်းခြင်း၊ သက်သောင့်သက်သာ ဖြစ်ခြင်း…

ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းပင် မရှိတော့ပဲ ဂျိုးဇက် တစ်ယောက် မျက်နှာထက်တွင် အပြုံးပန်းများ ဝေလာခဲ့ပြီ ဖြစ်သည်။ နှစ်နှစ်ကြာပြီး နောက်ဆုံး၌ အကောင်းဆုံး ဟု ခံစားရသည့် အခြေအနေမှာ ပြန်လာခဲ့လေပြီ။

ဘေးနားရှိ လင်ကျဲကတော့ တဖျစ်ဖျစ် အသံများ မြည်နေသည့် ဂျိုးဇက်၏ လက်သီးဆုပ်ကို ကြည့်ရင်း နှုတ်ခမ်းများ အနည်းငယ် တွန့်သွားခဲ့သည်။ သည်လူကြီး၏ လက်သီးချက်သာ တစ်ယောက်ယောက် ခေါင်းကို ထိသွားပါက သေပင် သေသွားမည်လား မပြောတတ်ချေ။ လင်ကျဲ တစ်ယောက် ခေါင်းများပင် ကျိန်းလာမိ၏။

“ကျုပ် အရမ်းကို ကောင်းပါတယ်... ဒီထက် ပိုမကောင်းနိုင်တော့ဘူး...”

ဂျိုးဇက်က လက်သီးဆုပ်ကို ပြန်ဖြေလိုက်ရင်း ပုံမှန် ကိုယ်ဟန်သို့ ပြောင်းကာ ပြောလိုက်သည်။ သူ၏ စိတ်အတွင်းတွင်တော့ စာအုပ်ဆိုင် ပိုင်ရှင် ပြောခဲ့သည့် စကားများကို စဉ်းစား နေမိခဲ့သည်။

ဖောက်သည်များကို ကူညီခြင်းသည် သူ လုပ်သင့်သည့် အရာ…

သူက ကြားနေ သဘောထား ရှိကာ မည်သူပင် ဖြစ်စေ ဖောက်သည်တိုင်းကို ကူညီပေးမည်ဟု ဆိုလိုခြင်းလား....

ဖရန့်ခ်ဝယ်လို ရက်စက် ယုတ်မာသည့် အောက်လမ်း မှော်ဆရာ ဖြစ်စေ... သို့မဟုတ် သူ့လို စိတ်စားချေရန် ဆုံးဖြတ်ထားသည့် သူရဲကောင်းဟောင်း တစ်ဦး ဖြစ်စေ...

‘မဟုတ်သေးဘူး... သူ့ရဲ့ လုပ်ရပ်တွေက အားလုံးအပေါ် ကြင်နာစိတ် ထားတာနဲ့ ပိုတူနေတယ်... စာအုပ်ဆိုင်ထဲကို ဝင်လာတဲ့ လူတိုင်း ဒီစာအုပ်ဆိုင် ပိုင်ရှင်ဆီကနေ အကူအညီ ရလိမ့်မယ်’

ဤကဲ့သို့ လုပ်ထုံးလုပ်နည်းကို လူမျိုးစု တစ်စုကြားတွင်သာ ဂျိုးဇက် မြင်ဖူးသည်။ နတ်သူငယ် အဲလ်ဖ် မျိုးနွယ်များပင်။

ရှေးဟောင်း ခေတ်များမှစ၍ ယနေ့တိုင်အောင် မျိုးမသုဉ်းသေးသည့် လူမျိုးစုငယ် တစ်စုဖြစ်သည့် အဲလ်ဖ်များမှာ သက်တမ်းရှည်ကြာ၍ မွန်မြတ်ကာ များလှစွာသော အနုပညာများကို ကျွမ်းကျင်ထားကြသည်။ စာအုပ်ဆိုင် ပိုင်ရှင်မှာ သူတို့နှင့် တကယ် ဆင်တူသည်ဟု ဂျိုးဇက် ခံစားမိသည်။

သက်တမ်း ရှည်ကြာစွာ နေထိုင်ပြီးသော လူများမှာ ကောင်းမှုနှင့် မကောင်းမှုတို့ ကြား ဆုံးဖြတ်လိုသည့် ဆန္ဒကို ဆုံးရှုံးသွားကာ ထို့အစား စိတ်ဝင်စားမှု အသစ်များကို လိုက်စားရင်း အသုံးပြုလိမ့်မည် ဖြစ်သည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ အခြားသူများကို ယဉ်ကျေးစွာ ဆက်ဆံသည်။ သဘာဝအတိုင်း ကြော့ရှင်း မွန်မြတ်သည်။ ထို့အပြင် စာအုပ်ဆိုင်ကို ဖွင့်လှစ်ခြင်းနှင့် စာအုပ်များအား ဖတ်ရှုရခြင်းတို့ အပေါ် သူ၏ ချစ်မြတ်နိုးမှုက အဲလ်ဖ်များ၏ အနုပညာအပေါ် ထားရှိသော တွယ်တာမှုနှင့် ကိုက်ညီသည်။ ယနေ့ခေတ်၌ ပုံမှန် လူသားများမှာ စာအုပ်များ အပေါ် စိတ်ဝင်စားမှု သိပ်မရှိကြသလောက်ပင်။

နောက်ထပ် တိုက်ဆိုင်တာ တစ်ခုက နတ်ဆိုးဓား ကန်ဒယ်လာ၏ ပထမဆုံးသော ပိုင်ရှင်မှာ ကန်ဒယ်လာ အမည်ရှိ အဲလ်ဖ် တစ်ဦး ဖြစ်သည်။ ထို့အပြင် မေ့လျော့ခံ ဒဏ္ဍာရီများအရ ကန်ဒယ်လာမှာ ရှေးဟောင်းခေတ် အဲလ်ဖ် ဘုရင့်နိုင်ငံတော်၏ တော်ဝင် မင်းသားတစ်ပါး ဖြစ်ပြီး နောက်ပိုင်းတွင် လနတ်သူငယ်များ၏ ဘုရင် ဖြစ်လာခဲ့သည်။ ထို့အပြင် သူသည် ‘မဟာကပ် ရင်းမြစ်’ နှင့် ‘ပထမဆုံး အရူး’ စသည့် အခြား နာမည်နှစ်မျိုးဖြင့်လည်း လူသိများသည်။

ပိုမို၍ ကျော်ကြားသည့် နောက်ထပ် အချက်တစ်ခုက ကန်ဒယ်လာမှာ သူ၏ ကိုယ်ပိုင် ဓားဖြင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့ခြင်း ဖြစ်သည်။ ဓားမှာ သူ၏ ဝိညာဥ်ကို ကားစင်တင်ခဲ့သည့် သပ်တစ်ခု ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် ကန်ဒယ်လာ၏ ဝိညာဥ်က ကျိန်စာတစ်ခု ဖြစ်လာခဲ့ကာ ဤဓားကို နတ်ဆိုးဓား အဖြစ် ပြောင်းလဲ သွားစေခဲ့သည်။ ထိုအရာက မင်းသားနှင့် ဓားတို့ နာမည် တစ်ခုတည်းကို မျှဝေခဲ့ကြသည့် အကြောင်းရင်းလည်း ဖြစ်သည်။

ထိုအချိန်မှစ၍ ဤနတ်ဆိုးဓားကို ကိုင်ဆောင်သူ တိုင်းမှာ အဆုံးသတ် မလှခဲ့ကြချေ။ သူတို့က နောက်ဆုံး၌ ရူးသွပ်ကာ သေဆုံး သွားခဲ့ကြသည်ချည်း ဖြစ်သည်။

ယနေ့ မတိုင်မီအထိ ဂျိုးဇက်သည်လည်း ရှေးစီနီယာကြီးများလို အဆုံးသတ်နှင့် သိပ်မဝေးတော့ဟု ခံစားခဲ့ရသည်။ သို့သော် ယခုအခါတွင်တော့ အရာအားလုံးမှာ မတူညီတော့ပေ။

သူ၏ လက်ထဲရှိ ဤစာအုပ်မှာ နတ်ဆိုးဓား ကန်ဒယ်လာကို နှစ်သိမ့်နိုင်စွမ်း ရှိသည်။ သေချာ စဉ်းစားကြည့်လိုက်တော့... ယခုလို စာအုပ်မျိုးကို ပိုင်ဆိုင်နိုင်သည့် စာအုပ်ဆိုင်ပိုင်ရှင်မှာ နတ်သူငယ် အဲလ်ဖ် မျိုးနွယ် တစ်ဦးသာ ဖြစ်နိုင်သည်ဟု ခံစားမိသည်။

ထို့ကြောင့်ပင် သူ့ထံမှ အီသာစွမ်းအင်ကို မခံစားရခြင်း ဖြစ်နိုင်သည်။ အကယ်၍ အဲလ်ဖ် တစ်ဦးသည် ရှေးဟောင်းခေတ်မှ စတင်၍ ယနေ့အထိ ရှင်သန်နိုင်ခဲ့သည် ဆိုလျှင်... ထိုသူသည် သူ၏ ကိုယ်ပိုင် သက်တမ်းကို ဆွဲဆန့်နိုင်ခြင်းမှ အပ အခြားကဏ္ဍများ၌ စွမ်းအားကို အသုံးချနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

စာအုပ်ဆိုင် ပိုင်ရှင် ပြောခဲ့သည့် စကားများ အားလုံးကို ပြန်လည် စဉ်းစားရင်း ဂျိုးဇက် တစ်ယောက် အရာအားလုံးကို နားလည် လာခဲ့၏။

ဂျိုးဇက် လက်ထဲရှိ စာအုပ်ကို တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် လင်ကျဲကို နောက်တစ်ကြိမ် ပြန်လည် ကြည့်လိုက်သည်။

“ဒီလို စာအုပ်မျိုးက တစ်အုပ်တည်းပဲ ရှိတယ်... နောက်ပြီး ဒါကို ဖတ်ရတာလည်း သဘောကျတယ်လို့ ခင်ဗျား ပြောခဲ့ သလားလို့... ကျုပ် ဒါကို ငှားလို့ ရပါ့မလား”

လူအိုကြီး၏ လေသံက ယခင်ကလို မဟုတ်ပဲ လေးစားသည့် အငွေ့အသက်များ ပါလာနေခဲ့ပြီ ဖြစ်သည်။

“သေချာတာပေါ့ဗျာ... မဟုတ်ရင် ကျွန်တော် ဒါကို ဘယ်အကြံပြုပါ့မလဲ...”

လင်ကျဲ ပြုံးရင်း ခေါင်းညိတ်လိုက်၏။

“တကယ်တော့ ဦးကြီးကို ပထမဆုံး မြင်လိုက်ရတည်းက စာအုပ်အုပ်နဲ့ လိုက်တယ်လို့ ကျွန်တော် ခံစားနေရတာဗျ”

“ဦးကြီးနဲ့ တူတဲ့ အခြားလူတွေ ကျွန်တော် ဆုံဖူးတယ်... နောင်တတွေ၊ ကိုယ့်ကိုယ်ကို အလိုမကျမှုတွေ၊ စိတ်ဒဏ်ရာတွေကြားမှာ ရုန်းကန်နေရတဲ့ လူမျိုးတွေပေါ့... အဲဒါတွေကို မကုစားပဲ လွှတ်ထားလိုက်မယ် ဆိုရင် နောက်ဆုံးမှာ ရူးတောင် သွားနိုင်ပါတယ်”

လင်ကျဲ စစ်ပြန်များကို ယခင်က မြင်ဖူးသည်။ များသောအားဖြင့် သူတို့မှာ စစ်ပွဲ အတွင်း ရရှိခဲ့သည့် စိတ်ဒဏ်ရာများထဲ၌ နစ်မြုပ်ကာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားလေ့ ရှိသည်။

“ဒါပေမဲ့... တကယ်တမ်း သူတို့ကို အနိုင်ယူလိုက်တာက စိတ်ရဲ့ နာကျင်မှု မဟုတ်ပါဘူး... သူတို့ရဲ့ အားနည်းချက် ဖြစ်တဲ့ ကြင်နာမှုပါပဲ”

ဂျိုးဇက် ကြောင်သွားကာ နောက်မှ လိုက်၍ ရေရွတ်လိုက်မိ၏။

“ကြင်နာမှု ဟုတ်လား...”

သူ နတ်ဆိုးဓား ကန်ဒယ်လာ၏ ယခင် ပိုင်ရှင် နှစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးသည်။ နှစ်ဦးစလုံးမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ နာမည်ကျော် မဟာ ရောင်စဉ် သူရဲကောင်းများ ဖြစ်ကြသည်။ သူတို့ နှစ်ဦးစလုံးမှာ ကြီးမြတ်သည့် လုပ်ရပ်များစွာကို အောင်မြင်ခဲ့ကြပြီး ပြီးပြည့်စုံသော စည်းမျဉ်းများ ရှိကြသည်။

သို့သော်လည်း... နောက်ဆုံးတွင်တော့ သူတို့သည်လည်း ခြွင်းချက်မရှိ နတ်ဆိုးဓား၏ ဖောက်ပြန်မှုကို ခံခဲ့ရသည်။ သူတို့ ရရှိခဲ့သည့် အကြီးမားဆုံး နောင်တမှာ နတ်ဆိုးဓားအား ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ခဲ့သည့် ကိုယ်ကိုတိုင်၏ အားနည်းမှုပင် ဖြစ်သည်။

လင်ကျဲ ခေါင်းခါလိုက်ရင်း ဂျိုးဇက်ကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်၏။ ထို့နောက် ကောင်တာနောက်သို့ ပြန်သွားကာ ထိုင်ချလိုက်သည်။ လက်ပိုက်ရင်း သူက ဆက်ပြောလိုက်၏။

“ကြင်နာမှု ဆိုတာက ကောင်းတဲ့ အရာပါ... ဦးကြီး... ဒါပေမဲ့ ဒီနေရာမှာ အဓိက စကားလုံးက အားနည်းချက် ဆိုတာပဲ”

“တစ်ချို့လူတွေဟာ သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ တာဝန်ယူစိတ်တွေကြောင့် လူအများရဲ့ မီးရှူး တန်ဆောင်လို ဖြစ်လာကြတယ်... အများပြည်သူကို အကူအညီ ပေးနိုင်ဖို့၊ ယုံကြည်မှုတွေ ပေးနိုင်ဖို့အတွက် သူတို့ဟာ ကိုယ့်ကိုယ်ကို ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသလို ပြောင်းလဲပြီး ဘာတစ်ခုကမှ သူတို့ကို လဲကျအောင် မလုပ်နိုင်သလိုမျိုး ပုံဖော်ကြတယ်... ဒါပေမဲ့ လက်တွေ့မှာတော့ ဒီလိုမျိုး အကာအကွယ်က အရမ်းကို အားနည်းပါတယ်”

“ဝိညာဥ် ပြိုကွဲသွားတာနဲ့ အဲဒီ ချပ်ဝတ်တန်ဆာမှာ အက်ကွဲကြောင်းတွေ ဖြစ်လာနိုင်တယ်... ကြင်နာမှုဟာ အခြားသူတွေကို ကယ်တင်နိုင်ပေမဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ဖို့အတွက်တော့ အားနည်းလွန်းနေတယ်”

“နက်ရှိုင်းတဲ့ အမှောင်ထုကို ကြာရှည်စွာ စိုက်ကြည့်တဲ့အခါ အမှောင်ထုကလည်း သင့်ကို ပြန် စိုက်ကြည့်လိမ့်မယ်... သင့် အနေနဲ့ အစွမ်းထက်တဲ့ သူရဲကောင်း ဖြစ်ဦး ဖြစ်ဖို့ မလိုအပ်ဘဲ သာမန်လူတစ်ဦးသာ ဖြစ်ရမယ့် အချိန်တွေ ရှိပါတယ်... မှန်ကန်တဲ့ အချိန်မှာ နောက်ဆုတ်ပြန်ခြင်းက သတ္တိ တစ်မျိုး မည်တယ်... အဲဒီ အရာရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့”

နောက်ဆုံးဘိတ် အနေဖြင့်... မင်းသားလေး ပုံပြင်စာအုပ်ထဲမှ စကားလုံးများကို သုံး၍ လင်ကျဲ အပိုင် ချုပ်လိုက်သည်။ စိတ်ထဲတွင်တော့ သူ အူမြူးစွာ ပြုံးနေမိ၏။

၎င်းမှာ ဖောက်သည်နှင့် ကုန်ပစ္စည်းကို ခွဲခြားလို့ မရအောင် ချည်နှောင်လိုက်သည့် ဆရာလင်၏ ဂန္ထဝင် စျေးကွက်ရှာဖွေရေး နည်းစနစ် တစ်ခု ဖြစ်သည်။ ထိုနည်းလမ်းဖြင့်... ဖောက်သည်မှာ လက်ထဲရှိ ကုန်ပစ္စည်းကို သူ ပိုင်ဆိုင်ထိုက်သည်ဟု ခံစားလာရလိမ့်မည် မဟုတ်ပါလား။

***

All Chapters