ဂျိုးဇက်၏ သဘောထား
Vol. 2 Ch. 24
ဂျိုးဇက် တစ်ယောက်ကတော့ လင်ကျဲ၏ စကားလုံးများကို ကြောင်ကာ စဥ်းစားရင်း ဉာဏ်အလင်း ပွင့်လာနေသလို ခံစားနေခဲ့ရ၏။
‘ဒီလိုပါလား…’
နတ်ဆိုးဓား၏ ဖောက်ပြန်မှုမှာ ညတွင်းချင်း ဖြစ်ပေါ်လာခဲ့သည် မဟုတ်ချေ။ တဖြည်းဖြည်းချင်း တစ်ရက်ပြီး တစ်ရက် ပြင်းထန် လာခဲ့ခြင်း ဖြစ်သည်။
မဟာ သူရဲကောင်းများမှာ ပြီးပြည့်စုံသည့် စံနှုန်းများကို ပိုင်ဆိုင်ခဲ့ကြသော်လည်း နောက်ဆုံး၌ တိုက်စားခံခဲ့ရသည်သာ ဖြစ်သည်။ ပထမတုန်းက ကျိန်စာမှာ အလွန် အစွမ်းထက်လွန်းသောကြောင့်ဟု ဂျိုးဇက် ယူဆခဲ့သည်။
သို့သော်လည်း... တကယ်တမ်းတွင်တော့ နတ်ဆိုးဓား ကိုင်ဆောင်သူများမှာ သူတို့၏ ‘အတွင်းစိတ် နတ်ဆိုးများ’ အား ဆုပ်ကိုင်ထားခြင်းသာ ဖြစ်နိုင်ခဲ့သည်။
‘ငါတို့ အားလုံး ဒီအချိန်အထိ မှားယွင်းနေခဲ့တာကိုး... ချီးပဲ...’
ဂျိုးဇက် လင်ကျဲကို နောက်တစ်ကြိမ် ထပ်မံ၍ ကြည့်လိုက်၏။ သူ့ မျက်လုံးများ အတွင်းရှိ လေးစားမှုက ပို၍ တိုးလာခဲ့သည်။
“ဒါပေမဲ့ အဲဒါကို နှစ်သိမ့်ပေးရုံနဲ့ ကြာရှည် အဆင်ပြေမှာလား”
“သေချာတာပေါ့... ဘယ်ပြေပါ့မလဲ...”
လင်ကျဲ ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။ သို့သော် ၎င်း၏ နောက်တွင် အပြုံးတစ်ခုက ချက်ချင်း လိုက်ပါလာ၏။
“ဒါပေမဲ့ ဦးကြီးသာ ကျွန်တော့်ကို ယုံကြည်ပြီး အပ်နှံမယ်ဆိုရင် ရေရှည်အတွက် အဆင်ပြေအောင် ကျွန်တော် ကူညီပေးနိုင်ပါတယ်”
‘ဟဲ ဟဲ... ဒါမှ ရေရှည် ဖောက်သည်တစ်ဦးကို ငါ ရမှာလေ... မဟုတ်ဘူးလား’
လင်ကျဲတစ်ယောက် ကိုယ့်အကွက်ကို စိတ်ထဲမှ ပြန်သဘောကျ နေမိ၏။
အခြားတစ်ဖက်၌ ဂျိုးဇက် တစ်ယောက်ကတော့ ငေးငိုင်ကာ တွေးနေခဲ့လေသည်။ နတ်ဆိုးဓား၏ ယခင် ကိုင်ဆောင်သူများမှာ အင်အား အကောင်းဆုံး၊ ထူးချွန်ဆုံးနှင့် မဟာ ရောင်စဉ် သူရဲကောင်း ဆယ်ဦးထဲတွင် လက်တွေ့အားဖြင့် အပြစ်အနာအဆာ အကင်းမဲ့ဆုံး ပုဂ္ဂိလ်များ ဖြစ်ကြသည်။
နတ်ဆိုးဓား၏ လက်ရှိ ကိုင်ဆောင်သူအနေဖြင့် ဂျိုးဇက်သည်လည်း တစ်ချိန်က နေလိုလလို တောက်ပခဲ့သည်။ သို့သော် စိန်နှင့် အလား သဏ္ဌာန်တူသော ကြံ့ခိုင်မှုအောက်တွင် သူက ကျိုးပဲ့လွယ်ခဲ့သည်။
ဖရန့်ခ်ဝယ်လ်နှင့် တိုက်ပွဲတွင် သူ ညာဘက်လက်ကို ဆုံးရှုံးခဲ့သလို တစ်ချိန်တည်းက တောက်ပခဲ့ပါသည် ဆိုသည့် အငွေ့အသက်ကိုပါ ဆုံးရှုံးခဲ့သည်။
အားပေး ထောက်ခံသူများ အမြဲတမ်း ဆက်လက် ရှိနေခဲ့လျှင်ပင် မယိမ်းယိုင်သည့် မီးလျှံတွင်လည်း အပြစ်အနာအဆာများ ရှိကြောင်း ပြသခဲ့ပြီး ဖြစ်သည်။
မရေမတွက်နိုင်သည့် သံသယများနှင့် ဝေဖန်မှုများမှာ ဂျိုးဇက်၏ စိတ်အတွင်း မမြင်နိုင်သည့် နေရာများမှ စုဝေးလာခဲ့သည်။
အခြားလူများက ဖရန့်ခ်ဝယ်လ် သေဆုံးသွားပြီဟု ဆိုကြသော်လည်း ဂျိုးဇက်ကတော့ မသေသေးဟု ခံစားနေမိသည်။ ဤသို့ဖြင့် သူ ကိုယ့်ကိုယ်ကို သံသယ ဝင်လာခဲ့သည်။
နောက်ဆုံး၌ ဂျိုးဇက် အနားယူဖို့ ရွေးချယ်ခဲ့သည်။ ထောက်လှမ်းရေး ဌာန၏ အကြီးအကဲ အခန်းကဏ္ဍကို အငြိမ်းစားတစ်ပိုင်းဖြင့် ရယူခဲ့သည်။
နောက်ပိုင်း နေ့ရက်များ အတွင်း ဂျိုးဇက် ပိုမို စိတ်ဓာတ်ကျလွယ်လာသည်။ စိတ်ဆိုး လွယ်လာသည်။ တစ်ခါတစ်ရံ ဖရန့်ခ် ဝယ်လ်ကို ရှာဖွေ ဖမ်းဆီးကာ ကိုယ့်ကိုယ်ကို နောက်တစ်ကြိမ် ထပ်မံ သက်သေပြလိုသည့် ဆန္ဒများ ဖြစ်ပေါ်လာသည်။
အချို့သော လူများက သူ့အား မည်ကဲ့သို့ ရှုမြင်မည်ကို ဂျိူးဇက် သိသည်။ နတ်ဆိုးဓား၏ ဖောက်ပြန်မှု အမြစ် မတွယ်မီ သူက ကိုယ့်ကိုယ်ကို လွှတ်ချခဲ့သည့် ပထမဆုံးလူ ဖြစ်သည်။ ထို့ကြောင့် အချိန် အကြာဆုံး နတ်ဆိုးဓား ကိုင်ဆောင်သူ ဖြစ်လာသည်။
“နတ်ဆိုးဓားက သိပ်ပြီး အာရုံမလာတော့တဲ့ အချိန်မှာ သူက ကိုယ့်ကိုယ်ကို ဆုတ်ယုတ်အောင် လုပ်ဖို့ စဉ်းစားနေတာ ဖြစ်နိုင်တယ်... ဒီလိုနည်းနဲ့ ဆိုရင် နတ်ဆိုးဓားက သူ့ကို ဖောက်ပြန်နိုင်တော့မှာ မဟုတ်ဘူးလေ”
တစ်စုံတစ်ဦးက ထိုကဲ့သို့ ပြောခဲ့သည်ကို ဂျိုးဇက် ကြားခဲ့ရသည်။ ထိုအချိန်၌ သူ ကိုယ့်ကိုယ်ကို ဘာအသုံးမှ မကျတော့ဟု ခံစားခဲ့ရသည်။ ကိုယ့်ဦးခေါင်းကိုပင် လက်သီးဖြင့် ထိုးခွဲပစ်ဖို့ စိတ်အား ထက်သန်ခဲ့သည်။
ပြန်လည် တွေးကြည့်လိုက်တော့ သူက နတ်ဆိုးဓား၏ အခြား ကိုင်ဆောင်သူများထက် ပိုမို ကံကောင်းခဲ့ခြင်း ဖြစ်နိုင်သည်။
ရည်ရွယ်ချက်မဲ့ လွင့်မျောနေခဲ့သည့် နှစ်နှစ် အတွင်း သူ့ ပတ်ဝန်းကျင်ရှိ တောက်ပမှု (အော်ရာ) မှာလည်း ပျောက်ကွယ် သွားခဲ့ကာ အကျိုးဆက် အနေဖြင့် ဝိညာဉ် အက်ကွဲကြောင်းများကို လျော့ပါး သွားစေပြီး နတ်ဆိုးဓား၏ ဖောက်ပြန်မှုကို ပိုမို နှေးကွေး သွားစေခဲ့သည်။
ထို့ကြောင့်... တစ်နည်း အဓိပ္ပာယ်ကောက်ရပါက ဤစာအုပ်ဆိုင် ပိုင်ရှင် ပြောခဲ့သည့် စကားက အမှန်ပင် ဖြစ်သည်။ ထို့အပြင် ဂျိုးဇက်မှာ ပို၍ပင် ကံကောင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နတ်ဆိုးဓား၏ ဆက်ခံသူကို ရှာတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။
စာအုပ်ဆိုင်ပိုင်ရှင်က “ကျွန်တော့်ကို ယုံကြည်ပြီး အပ်နှံမယ် ဆိုရင်” ဟူ၍ ပြောခဲ့စဥ်က ဂျိုးဇက်မှာ သူ တကယ်ပဲ သွေးဆောင်ခံခဲ့ရကြောင်း ဝန်ခံရမည် ဖြစ်သည်။
နတ်ဆိုးဓား ကန်ဒယ်လာမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ မူလ ပိုင်ဆိုင်မှု မဟုတ်သော်လည်း ၎င်း၏ အံ့မခန်း စွမ်းအားများကြောင့် ကျိန်စာများ ရှိသည့် ကြားမှပင် သူတို့က အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းကို အားအကောင်းဆုံး ရောင်စဉ် သူရဲကောင်းက ထိန်းချုပ်ကာ မကောင်းဆိုးဝါး အင်အားစုများကို သုတ်သင်ရာ၌ အသုံးပြုခဲ့သည်။
သို့သော်လည်း... အမှန်တကယ်အားဖြင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ထံတွင် ဤနတ်ဆိုးဓားအပေါ် နက်ရှိုင်းသည့် ကြောက်ရွံ့မှုများလည်း ရှိသည်။ မဟာ ရောင်စဉ် သူရဲကောင်းများ မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် ရူးနှမ်း၍ သေဆုံးသွားခဲ့ကြခြင်းကြောင့်ပင် အကြီးအကဲများကြား ထိုဓားကို ထာဝရ ချိပ်ပိတ်ထားရန် ဆွေးနွေးမှုများ ရှိခဲ့ကြပြီး ဖြစ်သည်။
ယနေ့ မတိုင်ခင် အချိန်အထိ နတ်ဆိုးဓား၏ ဆက်ခံသူ အသစ်ကို ရှာမတွေ့ခြင်းမှာ ဂျိုးဇက် စိုးရိမ်ခဲ့ရသော ပြဿနာလည်း ဖြစ်သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၌ သူ၏ ရာထူးကို ဆက်ခံရန် ရွေးကောက် တင်မြှောက်ခြင်း ခံရသော သူရဲကောင်းမှာ ကောင်းမွန်သည့် စံနှုန်းများနှင့် စည်းမျဉ်းများကို ပိုင်ဆိုင်ထားသော်လည်း လုံလောက်သည့် ခွန်အား မရှိပါချေ။
“ခင်ဗျား သေချာလား... ဒါက ခင်ဗျားကို ဒုက္ခများ ပေးချင်ပေးနိုင်တယ်နော်... ဒါကို ကိုင်တွယ်ဖို့ ဆိုတာက လွယ်ကူတဲ့ အလုပ် မဟုတ်ဘူး…”
ဂျိုးဇက်က ညင်သာစွာ ပြောလိုက်၏။ သူ စာအုပ်ဆိုင်ပိုင်ရှင်၏ ပြတ်သားမှု၊ ရဲရင့်မှုနှင့် သတ္တိတို့ အပေါ် စိတ်ထဲမှ ကြိတ်ကာ လေးစား နေမိသည်။
နတ်ဆိုးဓားမှာ လူတစ်ဦးအား စွမ်းအားကိုသာ ပေးခြင်း မဟုတ်ချေ။ ၎င်း၏ နောက်မှ လိုက်ပါလာသည့် ရူးသွပ်ခြင်း ကျိန်စာမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ လူဆိုးလူယုတ်မာများ ပင်လျှင် ရွေးချယ်စရာ ရှိပါက ၎င်းအား ကောက်ကိုင်လိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း ဤ စာအုပ်ဆိုင်ပိုင်ရှင်မှာ အဆိုပါ ဝန်ထုပ်ဝန်ပိုးကို ကိုယ်တိုင် ဆောင်ရွက်ရန် အတွက် ကမ်းလှမ်းခဲ့သည်။ ၎င်းမှာ ကြီးမြတ်လှသည့် ကိုယ့်ကိုယ်ကိုယ် စတေးလိုစိတ်မျိုးပင်...။
ဂျိုးဇက် တစ်ယောက် လေးစားစိတ်များ တလက်လက် ယိုဖိတ်နေစဉ်တွင်ပင် လင်ကျဲမှာလည်း သူ့ အတွေးနှင့်သူ အူမြူး နေခဲ့မိသည်။
‘ဦးကြီး... ဘာကို အားနာနေတာလဲ... ခင်ဗျား များများလာလေ ကျွန်တော် ပိုက်ဆံပိုရဖို့ အခွင့်အရေး များလေလေပဲ...’
စိတ်ထဲမှ ထိုကဲ့သို့ တွေးလိုက်သော်လည်း အပြင်ပန်းတွင်တော့ သူက သူတော်စင် တစ်ယောက်၏ တည်ကြည်မှုမျိုးဖြင့် ညင်သာစွာ ပြုံးလိုက်၏။
“ဒါက ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို ဒုက္ခပေးနိုင်မှာလဲ... ဦးကြီး အဲဒါကို ထိန်းချုပ်ဖို့ တကယ်ပဲ ရုန်းကန်နေရတယ် ဆိုရင် ကျွန်တော့်ကို ဘာလို့ အပ်နှံ မထားမှာလဲ”
ဖောက်သည်များထံမှ စိုးရိမ်ပူပန်မှုများကို လင်ကျဲ တစ်ယောက် အကျွမ်းတဝင် ဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ရခြင်းမှာ လွယ်ကူသော အလုပ် မဟုတ်ပေ။ ကြားနာသူ သက်သက် ဖြစ်ပင်လျှင်... အပျက်သဘော ဆောင်သည့် သက်ရောက်မှုများကို ခံစားရနိုင်သည်။
သို့သော်လည်း... အဆင်ပြေသည်။ ဘဝအတွက် လမ်းညွှန်ဆရာ တစ်ယောက် ဖြစ်ရခြင်းမှာ သူ၏ အထူးပြု နယ်ပယ် ဖြစ်သည်။ လင်ကျဲက ပြုံးရင်း ဆက်ပြောလိုက်၏။
“ကျွန်တော် အများကြီး ပြောပြီးပြီ... ရွေးချယ်မှုက ဦးကြီးရဲ့ လက်ထဲမှာပါ... မလိုအပ်ဘူးလို့ ဦးကြီးဘက်က ယူဆရင်လည်း အဆင်ပြေပါတယ်... ဒါပေမဲ့ ဒီ စာအုပ်လေးကိုတော့ လက်ဆောင်အဖြစ် ဦးကြီးကို ပေးပါရစေ”
လင်ကျဲက ဂျိုးဇက်၏ ညာဘက်လက်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။
“ဦးကြီးတို့လို သူရဲကောင်းတွေဟာ တစ်ခါတစ်ရံ နားသင့်ပါတယ်”
ဂျိုးဇက် တစ်ယောက်ကတော့ ငေးကြောင်၍သာ နေခဲ့၏။ အစောပိုင်း၌ စာအုပ်ဆိုင်မှာ မှိုင်းညို့နေသလို ခံစားခဲ့ရသော်လည်း ယခုတွင်တော့ ပိုမို၍ ရှင်းလင်း လာခဲ့သည်။ စာအုပ်ဆိုင် ပိုင်ရှင် လူငယ်လေး၏ အပြုံးက ရိုးရှင်းစွာ တောက်ပနေကာ တစ်လောကလုံးကို လွှမ်းခြုံ ထားခဲ့၏။
လူသားတစ်ယောက်မှာ ယခုလောက်အထိ မြင့်မြတ်ကာ ကိုယ်ကျိုးစွန့်လိမ့်နိုင်လိမ့်မည်ဟု ဂျိုးဇက် ထင်မှတ် မထားခဲ့တာ အမှန်တကယ်ပင် ဖြစ်သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ သူရဲကောင်းများပင်လျှင် ငယ်ရွယ်စဉ် ကတည်းက စလို့ ယုံကြည်ချက်နှင့် စည်းမျဉ်းကို ရိုက်သွင်းခဲ့ကာ အပြစ်အနာအဆာ ကင်းမဲ့သော စရိုက်ကို တဖြည်းဖြည်းချင်း တည်ဆောက်နိုင်ခဲ့ကြခြင်းသာ ဖြစ်သည်။
အလွန်အမင်း ရှည်ကြာစွာ နေထိုင်ပြီးသူများသာ ယခုလို သာမန် အသိထက် ကျော်လွန်နေသည့် ကြင်နာမှုမျိုးအား ပြသနိုင်လိမ့်မည် ဖြစ်သ်ည။
ဂျိုးဇက်၏ ခန့်မှန်းချက်များမှာ ယခုအခါ ပိုမို သေချာလာနေခဲ့ပြီ ဖြစ်သည်။
မျက်နှာမဲ့ မဟူရာ အကြေးခွံ ပိုင်ရှင် ဖရန့်ခ်ဝယ်လ်မှာ အသက်ရှင်သန်ခဲ့ကာ ဤစာအုပ်ဆိုင် ပိုင်ရှင်ထံမှ အကူအညီကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း ၎င်းက အဆင်ပြေသည်။ အဘယ်ကြောင့်ဆိုသော် သူက နောက်ဆုံးတွင် ဂျိုးဇက်၏ လက်ချက်ဖြင့် သတ်ဖြတ်ခံရမည် ဖြစ်သောကြောင့်ပင်။ ၎င်းမှာ ဂျိုးဇက်၏ တာဝန်ဖြစ်ပြီး သူ လုပ်ဆောင်ရန် လိုအပ်သည့်အရာလည်း ဖြစ်သည်။
ဂျိုးဇက် ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့် အတူ လင်ကျဲဘက်ကို လှည်ကြည့်လိုက်ရင်း စိတ်သက်သာရာ ရစွာ ပြုံးပြလိုက်၏။
“ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်ကို ပြန်ပြီး တွေးကြည့်ရရင် ဒီလိုလူမျိုး ဖြစ်လာဖို့ ရွေးချယ်ခဲ့တာ အတွက် ကျုပ် နောင်တရမှာ မဟုတ်ဘူး... အနားယူဖို့ အတွက်လား... ကမ္ဘာကြီး ငြိမ်းချမ်းလာတဲ့ အထိ ကျုပ် စောင့်နိုင်ပါသေးတယ်”
ဂျိုးဇက်၏ လေသံက ပြတ်သားကာ ကြည်လင်လှ၏။
“ခင်ဗျားဘက်က ကမ်းလှမ်းတဲ့ ကိစ္စကိုတော့ ကျွန်တော် စဉ်းစားလိုက်ပါဦးမယ်... ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ကျွန်တော့်ကို အလကား ပေးစရာ မလိုပါဘူး... ဒါပေမဲ့ ရက်နည်းနည်းလောက် ငှားလို့ရမလား... ခုနစ်ရက်... ခုနစ်ရက်လောက်... ခုနစ်ရက်ကြာပြီးရင် ကျွန်တော် ပြန်လာပါ့မယ်”
ဂျိုးဇက်၏ စိတ်ထဲမှ ရှုပ်ထွေးမှုများကို လင်ကျဲ အပြည့်အဝ နားလည်နိုင်ပေသည်။ မျိုးချစ်စိတ် လွန်ကဲခြင်းက ထိုအငြိမ်းစား စစ်ပြန်ကြီးကို တကယ် ဒုက္ခရောက်စေခဲ့ပုံ ရသည်။ ထို့အပြင်... သူ့ကို ကြည့်ရတာ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ချင်သေးပုံပင်။ သို့သော်လည်း... သူက ကြုံတွေ့ ခံစားနေရသည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုလည်း မုန်းတီးနေသည်။ ထိုစိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်လျှင် သူက ပို၍ ကောင်းသွားပေလိမ့်မည်။
‘ဘာပဲ ဖြစ်ဖြစ် ငါ့အကြံတော့ အောင်ပြီ...’
လင်ကျဲ စိတ်ထဲမှ ကျေနပ်စွာဖြင့် တွေးလိုက်မိ၏။ ခုနစ်ရက်ကြာပြီးနောက် ဂျိုးဇက် ပြန်လာမည်မှာ ၈၀% သေချာသည်။ သူက ကျွမ်းကျင်စွာပင် စာရင်း စာအုပ်ကို ကောက်ယူလိုက်၏။
“ပြဿနာ မရှိပါဘူးဗျာ... ဒီနေရာမှာ ဦးကြီးရဲ့ အချက်အလက်တွေကို ဖြည့်သွင်းပေးပါ... ပုံမှန်ဆိုရင်တော့ ငှားခကို တစ်ခါတည်း ယူပါတယ်... ဆက်လက် ငှားယမ်းလိုခြင်း မရှိတော့ရင်တော့ ငှားခ တစ်ဝက်ကို ပြန်ပေးပါ့မယ်”
“...”
ဂျိုးဇက် ကြောင်သွား၏။ သူက တကယ်ပဲ စာအုပ်ဆိုင် ဖွင့်ထားတာလား…။
သို့သော်လည်း စဉ်းစားကြည့်လိုက်တော့ ဤအရာမှာ သူ၏ ပုံမှန် မျက်နှာဖုံး ဖြစ်နိုင်ပေသည်။ ဂျိုးဇက် ခေါင်းညိတ်လိုက်ရင်း ဘောပင်ကို ကောက်ယူကာ နာမည်၊ ရက်စွဲ စသည့် အချက်အလက်များကို ဖြည့်လိုက်၏။ သူ အပေါ်ရှိ ‘ဖရန့်ခ်ဝယ်လ်’ ဇယားကွက်ကို မသိမသာ ကြည့်လိုက်၏။ ထိုအခါ စာအုပ်ဆိုင် ပိုင်ရှင် ပြောသည့် အတိုင်းပင် တစ်လတာ ငှားယမ်းမှု ကာလ ကျန်ရှိသေးသည်ကို တွေ့လိုက်ရသည်။
“ပြီးပြီ”
ဂျိုးဇက် ဘောပင်ကို ချလိုက်ရင်း စာအုပ်ကို ကမ်းပေးလိုက်၏။ လင်ကျဲက မှတ်ပုံတင် စာရင်း စာအုပ်ကို လက်ခံ ယူလိုက်ရင်း အရာအားလုံး မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။
“ကောင်းပြီလေ... တစ်ပတ်ကြာရင် ပြန်ဆုံကြမယ်”
“ဒါဆိုရင် ခွင့်ပြုပါဦး...”
ဂျိုးဇက်က အမှောင်ထု၏ မျိုးစေ့ စာအုပ်ကို ကောက်ယူလိုက်ရင်း ထိုင်ရာမှ မတ်တပ် ထရပ်ကာ လင်ကျဲကို ဦးတစ်ချက် ညွှတ်လိုက်ပြီးနောက် ထွက်ခွာ သွားခဲ့တော့သည်။
***