ဖိုင်တစ်ခု တည်ဆောက်ခြင်း
Vol. 2 Ch. 25
လျှို့ဝှက် ဓမ္မ ထုံးတမ်း မျှော်စင် အတွင်းတွင်တော့...
ကလောက် တစ်ယောက် ပါးစပ် အဟောင်းသားဖြင့် ကြောင်နက်လေးကို ကြည့်နေခဲ့မိ၏။ ကြောက်ရွံ့မှုကြောင့် သတ္တဝါလေး၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီ နေခဲ့သည်။
“မင်း ပြောပုံ အရဆို ဆရာက သတိလစ် သွားတာပေါ့... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲကွ...”
ကလောက်၏ လေသံက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် နေခဲ့၏။ သို့သော်လည်း... တစ်ချိန်တည်း၌ မဖော်ပြနိုင်သည့် တည်ကြည် လေးနက်မှုများလည်း ရှိနေခဲ့သည်။
“တကယ်လို့ ဆရာတောင် သူ့ကို မကိုင်တွယ်နိုင်ဘူး ဆိုရင် ငါတို့ ပေါ့ပေါ့ဆဆ လှုပ်ရှားလို့တော့ မရဘူး... အရမ်း အန္တရာယ်များတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်”
ကလောက် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း လက်ကိုင်ဖုန်းကို တင်းတင်းဆုပ်လိုက်သည်။
“စာအုပ်ဆိုင်ကို စုံစမ်းဖို့ စေလွှတ်လိုက်တဲ့ လူတွေဆီက ဘာသတင်း ကြားရလဲ...”
“ခဏလေး ဘာ... ဆရာ ပြန်လာပြီ ဟုတ်လား”
ထိုအခိုက်တွင်ပင် ဖုန်းထဲမှ ဂျိုးဇက်၏ အာကြမ်းလျှာကြမ်း အသံကြီး ထွက်ပေါ်လာခဲ့၏။
“ဟေ့ကောင် ကလောက်... စုံစမ်းရေး ဝန်ထမ်းတွေကို ၂၃ လမ်းမှာ လူရှင်းခိုင်းထားလိုက်... နောက်ပြီး အဲဒီ စာအုပ်ဆိုင်ကို အဆင့် S ဇုန် လို့ပါ သတ်မှတ်လိုက်... အဆင့်အတန်း : ထိပ်တန်း လျှို့ဝှက်ဝှက်”
အဆင့် S...
A, P, D, S (ထူးခြားအဆင့်၊ ငရဲဘုံ အဆင့်၊ ဖျက်ဆီးခြင်း အဆင်၊ အခရာ အဆင့်)
၎င်းက အခရာ အဆင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကလောက် တစ်ယောက် နှုတ်ခမ်းများ ခြောက်သွေ့သွားသလို ခံစားလိုက်ရလေရာ လျှာဖြင့် သပ်ရင်း မေးလိုက်၏။
“ဆရာ... ဘာတွေ ဖြစ်ခဲ့တာလဲ... အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်က…”
“မင်းဘေးမှာ အခြားလူ ရှိလား”
ဂျိုးဇက်၏ အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
“အမ်… အာ... ဟုတ်ကဲ့....”
ကလောက် သူ၏ ရှေ့ရှိ ပြူးကြောင်ကြောင် ကြောင်နက် ကလေးကို ကြည့်လိုက်မိ၏။
“တောင်းပန်ပါတယ် ဆရာ... ကျွန်တော် ပေါ့ဆခဲ့မိပါတယ်”
ကလောက်က ပြောလိုက်ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကြောင်နက်ကလေး၏ လည်ပင်းကို ရိုက်လိုက်သည်။ ချက်ချင်းပင် ကြောင်လေးမှာ သတိလစ် သွားခဲ့၏။
“မင်း ပေါ့ဆခဲ့တယ်ဆိုတာ သိရင် ဘာလို့ ပါးစပ်ပိတ်ပြီး ကိုယ့်အလုပ်ကို မလုပ်တာလဲ... ငါ မင်းကို မြောက်ပိုင်း ကုန်းမြင့်ဆီ ပို့ပြီး အာလူးစိုက်ခိုင်းရမှာလား...”
ဂျိုးဇက်က ဟိန်းဟောက်လိုက်၏။
“တပည့် သိပါပြီ ဆရာ... ခုချက်ချင်း ဆရာ့ အမိန့်ကို လက်ဆင့်ကမ်းလိုက်ပါ့မယ်”
ကလောက် ဖုန်းကို ချလိုက်ရင်း ခေါင်းခါလိုက်မိ၏။ ဆရာဖြစ်သူ ဒေါသထွက်နေကြောင်း သူ သိပေသည်။ သို့သော်လည်း ဂုဏ်ယူရသည့် တပည့်တစ်ဦးအနေဖြင့် ဤစိတ်ဆိုးလွယ်သော အဖိုးကြီးကို ကိုင်တွယ်ရာတွင် သူ့ထံ၌ အတွေ့အကြုံများစွာ ရှိသည်။
သူ၏ ဆရာမှာ အာကြမ်းသော်လည်း စိတ်က နူးညံ့သည်။ သူ့ထံ၌ လူတစ်ဦး၏ ဦးခေါင်းကို အမှုန့်ချေနိုင်သည့် လက်သီးများ ရှိသော်လည်း လက်တွေ့တွင်တော့ လမ်းဘေးခွေးများကို ရပ်ပြီး အစာကျွေးမည့် လူစားမျိုး ဖြစ်သည်။ သူက ခွေးကလေးများ၏ ခေါင်းများကိုပင် ပွတ်သပ်ကာ လူမိလျှင်တော့ မသိချင်ယောင် ဆောင်တတ်သူမျိုး ဖြစ်သည်။
ဂျိုးဇက် ဒေါသထွက်သည့် အခါ ကြောက်စရာ ကောင်းပေသည်။ သို့သော်လည်း... သူ၏ ညွှန်ကြားချက်များကို လိုက်နာကာ အရာအားလုံးကို သင့်လျော်စွာ လုပ်ဆောင်နိုင်သရွေ့ အကုန်လုံး အဆင်ပြေသွားလိမ့်မည် ဖြစ်သည်။ ၎င်းမှာ သူ လုပ်စေချင်သည့် အရာများကို လျင်မြန်စွာ လုပ်ဆောင်စေရန် ဂျိုးဇက် အသုံးပြုသည့် နည်းဗျူဟာမျှသာ ဖြစ်သည်။
ကလောက် ၂၃ လမ်းရှိ စုံစမ်းရေး ဝန်ထမ်းများကို ချက်ချင်း ဆုတ်ခွာရန် အကြောင်းကြားလိုက်ကာ အခြားနေရာများသို့ တာဝန် လွှဲပြောင်းလိုက်သည်။
ထိုအထဲမှ တစ်ဝက်ကို အချိန်မရွေး လှုပ်ရှားရန် အသင့်ပြင်ထားဖို့ တောင်းဆိုခဲ့ကာ အခြား တစ်ဝက်ကိုတော့ မုဆိုးများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ဖို့ စေလွှတ်ခဲ့သည်။ ထို့နောက် သူက ထောက်လှမ်းရေး ဌာန၏ မှတ်တမ်း တာဝန်ခံ ပုဂ္ဂိုလ်များကို ဆက်သွယ်ခဲ့သည်။
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၊ ထောက်လှမ်းရေး ဌာန၏ အရေးကြီးဆုံး အလုပ်မှာ အမျိုးမျိုးသော အင်အားစုများကို ခြေရာခံခြင်း ဖြစ်သည်။ သူတို့ထံ၌ အင်အားစု တစ်ခုချင်းစီနှင့် ပတ်သက်၍ များပြားသော မှတ်တမ်းများ ရှိသည်။
အမှန်တရား အသင်းတော်မှ နှစ်စဥ် ကြေညာသည့် စာရင်းသည်ပင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ မှတ်တမ်းများကို ကိုးကား အသုံးပြုရန် လိုအပ်သည်။ အချက်အလက်များအား မျှဝေခြင်းဖြင့် နှစ်စဥ်နှစ်တိုင်း လိုလိုပင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ အမှန်တရား အသင်းတော်မှ လျော်ကြေးငွေများကို အမြောက်အများ ရရှိသည်။
ယေဘုယျအားဖြင့် စည်းမျဉ်းများနှင့် ကိုက်ညီသည့် ဖိုင်အသစ်တစ်ခုကို တည်ဆောက်ခြင်းမှာ အချိန် အလွန် ကြာမြင့်သည့် ဖြစ်စဉ် တစ်ခု ဖြစ်ကာ အဆင့်မြင့် အရာရှိသူများ၏ ကိုယ်တိုင်ကိုယ်ကျ စုံစမ်း အကဲဖြတ်မှုများကို လိုအပ်သည်။
သို့သော်လည်း ဂျိုးဇက်မှာ မဟာ ရောင်စဉ် သူရဲကောင်းဟောင်း တစ်ဦး ဖြစ်သည်။
လက်ရှိ မဟာ ရောင်စဉ် သူရဲကောင်းများထဲမှ တစ်ဝက်ခန့်မှာ ဂျိုးဇက်၏ ဂျူနီယာလေးများ ဖြစ်ကြကာ ကျန်လူများမှာလည်း သူနှင့် တိုက်ဖော်တိုက်ဖက်များ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ကလောက် တင်သွင်းသည့် မှတ်တမ်းမှာ အဆင့်မြင့် အရာရှိကြီးများထံမှ လျှင်မြန်စွာ အတည်ပြုခြင်းကို ရရှိခဲ့သည်။
“ဆရာ... S-အဆင့် ဖိုင်အသစ်ကို ဖွင့်ပြီးပါပြီ... ဆရာ ပြန်လာတာနဲ့ ကိုယ်တိုင် အသေးစိတ် အချက်အလက်တွေကို ဖြည့်သွင်းရုံပါပဲ”
ကလောက် သတင်းပို့လိုက်လေ၏။
...
ဘုန်း...
တံခါးကို ကြမ်းတမ်းစွာ ကန်ဖွင့်လိုက်သည့် အသံ တစ်ခု ထွက်ပေါ်လာသည်။ ကလောက် လှည့်ကြည့်လိုက်ရာ ဆံပင်ဖြူများနှင့် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးကြီး တစ်ဦးမှာ ခြေလှမ်း ကျယ်ကျယ်ဖြင့် လှမ်းဝင်လာသည်ကို မြင်လိုက်ရသည်။
ဂျိုးဇက်က လက်ထဲရှိ စကားပြောစက်ကို ဆိုဖာပေါ် ပစ်ချလိုက်၏။ ထို့နောက် ကုတ်အင်္ကျီကို ချွတ်ကာ လွှားလိုက်ရင်း ကလောက်ကို ကြည့်လိုက်သည်။
“မင်း ဘေးမှာ ဘယ်သူ ရှိနေခဲ့တာလဲ... မေ့လျော့ခြင်း အစီအရင် သုံးဖို့ မမေ့နဲ့ဦး”
ကလောက်က ကြောင်နက်လေးကို မြှောက်ပြလိုက်၏။
“ကျွန်တော်တို့ရဲ့ ဌာနက စုံစမ်းရေး ဝန်ထမ်းတစ်ဦးပါ... အဖွဲ့နံပတ် လေးက မောရစ်ဆင် ဂရက်ဂ်... သူက ဩဇာရှိတဲ့ မှော်ဆရာ မိသားစုက လာတဲ့လူ ဖြစ်ပြီးတော့ အသွင်ပြောင်းလဲခြင်း လမ်းစဉ်မှာ ထူးထူးခြားခြား ပါရမီပါတယ်... ဪ... နောက်ပြီး ထူးခြားတဲ့ နောက်ထပ် အချက်တစ်ခု ရှိတယ်... သူက ဆရာရဲ့ ဖန်ပါ”
“ငါ့ဖန် ဟုတ်လား”
ဂျိုးဇက်၏ အမူအရာက တစ်မျိုးတစ်မည် ပြောင်းလဲသွားကာ အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။ သို့သော်လည်း... သူက လျင်မြန်စွာပင် ခံစားချက် မဲ့သည့် အမူအရာကို ပြန်လည် ဆင်မြန်းလိုက်ကာ စားပွဲ၌ ထိုင်ရင်း ကွန်ပျူတာကို ဖွင့်လိုက်သည်။
“နေရာတိုင်းမှာ ငါ့ဖန်တွေ ရှိပါတယ်”
ကလောက်က ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ ဒီကောင်လေးက နည်းနည်း ထူးခြားတယ် ဆရာ... သူက မြင့်မြတ်တဲ့ မီးလျှံ ဖန်ကလပ် ၁၃ ခုမှာ မန်ဘာဝင်ထားတဲ့ အပြင် လွန်ခဲ့တဲ့နှစ်က အမှန်တရား အသင်းတော်ရဲ့ တရားဝင် စာရင်းမှာ အေဘရာဟမ် ဂျိုးဇက်ရဲ့ နာမည်ကို ရွှေရောင် ပြောင်းလဲခြင်း လှုပ်ရှားမှု အပါအဝင် ဖန် လှုပ်ရှားမှုတွေ အတွက် တစ်နှစ်ကို သန်း ၃၀၀ လောက် သုံးစွဲပါတယ်... ကျွန်တော် အမြင်ပြောရရင် သူက ဆရာ့ရဲ့ ဒိုင်းဟာ့ဒ် ဖန် တစ်ယောက်ပဲ”
“...”
ဂျိုးဇက် တစ်ယောက် ဖိုင်အတွင်း အသေးစိတ် အချက်အလက်များအား ရိုက်ထည့်နေခြင်းမှ ရပ်တန့်သွားကာ ကလောက်၏ လက်မောင်းထဲရှိ ကြောင်နက်လေးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက စားပွဲကို လက်ဖြင့် တဒေါက်ဒေါက် ခေါက်ရင်း စဉ်းစားလိုက်၏။
“သူက အဲဒီလို လုပ်ခဲ့တာလား...”
“ဟုတ်ပါတယ် ဆရာ”
“ဩဇာရှိတဲ့ မှော်ဆရာ မိသားစုတွေက ချမ်းသာတယ်... ဟုတ်တယ် မလား ကလောက်...”
“… ဟုတ်ကဲ့၊ ဆရာ”
“သူတို့က ဘာလို့ ဒီလို အဓိပ္ပာယ်မဲ့တဲ့ အရာတွေ အတွက် ငွေတွေ သုံးရတာလဲ... အဲဒီငွေတွေကို သူတို့ရဲ့ အိုင်ဒေါကို တိုက်ရိုက် ပေးလိုက် ပြီးနေတာကို... “
“ဒါနဲ့ ကလောက် ငါ မင်းဆီကနေ အကြံတောင်းတာနော်... ဒီကောင်လေးကို အလုပ်သင် သူရဲကောင်း တစ်ယောက် အဖြစ် ခန့်အပ်လိုက်ရအောင်... ကြာလို့... တစ်ခါတည်းလုပ်ကွာ... သူ့ကို စုံစမ်းရေး ဌာနကနေ ဒီကို ပြောင်းလာခိုင်းလိုက်တော့”
“...”
ကလောက် တစ်ယောက် ဆွံ့အ သွားခဲ့၏။ ကလေးတစ်ယောက် ထံမှ ငွေကို လှည့်စား ရယူချင်နေသည့် လောဘသားကောင် ရောင်စဉ် သူရဲကောင်းကြီး တစ်ယောက် ရှိနေသည်ဆိုလျှင် မည်သူက ယုံပါမည်နည်း။ ထို့အပြင် သူက ‘ငါမင်းကို အကြံတောင်းတာနော်’ ဆိုသည့် စကားလုံးနှင့် သူ့ကိုပါ ပါအောင် ချုပ်လိုက်သေးသည်။
ကလောက် ခံစားချက်များကို မျက်နှာထက်၌ မပေါ်စေပဲ ခေါင်းညိတ်လိုက်၏။
“ရပါတယ် ဆရာ... ကျွန်တော် ချက်ချင်း စီစဥ်ပါ့မယ်”
“အေး... အေး... ဒါဆိုရင် သူ့ရဲ့ မှတ်ဉာဏ်ကို ဖျက်ပစ်ဖို့ ကုန်ကျစရိတ်ကိုပါ ချွေတာနိုင်ပြီ”
ဂျိုးဇက်က ပြောလိုက်နောက် ဖိုင်အတွင်းရှိ အသေးစိတ်များကိုသာ ဆက်လက် ရိုက်ထည့် နေခဲ့တော့သည်။
0113 S - အဆင့်
ဇုန် - နော်ဇင် မြို့တော် အပေါ်ပိုင်း ရပ်ကွက် ၂၃ လမ်း ၄၁၂၊ စာအုပ်ဆိုင်၊
အန္တရာယ် အဆင့်အတန်း - ဖော်ရွေ (ဆက်သွယ်ရန် မသင့်တော်ဟု အကြံပြုသည်)
လျှို့ဝှက် အဆင့်အတန်း - ထိပ်တန်း လျှို့ဝှက်ချက် (နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေဆဲ)
အစီရင်ခံစာ - စာအုပ်ဆိုင်ပိုင်ရှင်သည် သက်တော်ရှည် တစ်ယောက်ဟု ယုံကြည်ရပြီး ပုန်းအောင်းနေထိုင်ကာ ဤစာအုပ်ဆိုင်ကို လုပ်ငန်း လုပ်ကိုင်နေသည်။ လုပ်ငန်းတွင် စာအုပ်များ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့ ပါဝင်သည်။ စာအုပ်များထဲတွင် လျှို့ဝှက်ပြီး အားကောင်းသည့် စွမ်းအားများ ပါရှိသည်။
***