← Chapters

မေလီဆာ

Vol. 2 Ch. 26

မေလီဆာ

Vol. 2 Ch. 26

ဖျောက်...

ဂျိုးဇက် enter ခလုတ်ကို နှိပ်လိုက်၏။ ထို့နောက် သူ အလုပ်ကြီး တစ်ခု ပြီးသွားဟန်ဖြင့် အကြောတစ်ချက် ဆန့်လိုက်သည်။

ဤလျှို့ဝှက်ဖိုင်မှာ အချိန်နှင့် တစ်ပြေးညီပင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ထိပ်တန်း အရာရှိများထံ ရောက်ရှိသွားလိမ့်မည်။ ထို့နောက် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် မဟာမိတ် အဖွဲ့အစည်းများထံကိုပါ ဆက်လက် စီးဆင်း သွားပေလိမ့်မည်။

မှတ်တမ်းတင်ထားသည့် အရာတစ်ခုကို တကယ်တမ်း လျှို့ဝှက်ထားရန် နည်းလမ်း မရှိပေ။ ထိပ်တန်း လျှို့ဝှက်ချက် ဟု တံဆိပ်တပ်ခြင်းက ထိုအကြောင်းအရာကို ဆယ်ဦးအောက် လျော့နည်းသည့် လူများသာ သိလိမ့်မည်ဟု ဆိုလိုသည်။

ဂျိုးဇက်က သူတို့ကို ဤ စာအုပ်ဆိုင်နှင့် ခပ်ဝေးဝေး နေရန် သတိပေးခြင်းသာ ဖြစ်ပေသည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ ဖော်ရွေသော်လည်း ဖောက်သည်များ အားလုံးကို အယုတ်၊ အလတ်၊ အမြတ်၊ လူဆိုး၊ လူကောင်း မရွေး လက်ခံသည့် ပုံစံနှင့် စာအုပ်များကို ချေးငှားလေ့ရှိသည့် အကျင့်အရ အနာဂတ်တွင် ဘာတစ်ခုမျှ ဖြစ်မလာ ဟူသော အာမခံချက် မရှိပေ။

သူတို့ အနေဖြင့် ဤဖိုင်ကို တွေ့မြင်ပြီးနောက်ပင် ဘေးအန္တရာယ်ကို ဖိတ်ခေါ်လိုပါကလည်း ဂျိုးဇက် အတွက် ကိစ္စ မရှိပါချေ။ သူက သူတို့ အတွက် အကောင်းဆုံး ဆုတောင်းပေးမည်သာ ဖြစ်သည်။

...

“ငါ အဆင်ပြေတယ်... တကယ် အဆင်ပြေတယ်လို့ ပြောနေတာ မကြားဘူးလား... ချီးပဲ... ငါ ဖိုင်ကို မပို့ခဲ့ဘူးလား... မင်းတို့ရဲ့ မျက်လုံးတွေ မကောင်းတော့တာလား...”

“ငါ့ကို စိုးရိမ်တယ် ဆိုတာ လိမ်နေတာ မသိဘူး မှတ်နေလားကွ... ငါ သေသွားမယ် ဆိုရင်တောင် မင်းတို့တွေ ဒေါသထွက်စရာ လူမရှိတော့ဘူး ဆိုပြီး ပျော်နေမယ့်ကောင်တွေ...”

ဂျိုးဇက် ညအိပ် ဝတ်စုံကို လဲလိုက်ရင်း စကားပြောစက်မှ တစ်ဆင့် ကျိန်ဆဲ နေခဲ့၏။

“ခုအချိန်က ငါ့ရဲ့ အလုပ်နားချိန်နော်... လွန်ခဲ့တဲ့ နှစ်လက အမှန်တရား အသင်းတော်က အလုပ်သမား ဥပဒေသစ် တစ်ခု ကြေညာခဲ့တာ သိကြလား... မင်းတို့ ဒီလို ဆက်လုပ်နေမယ် ဆိုရင် ငါ လစာ တိုးတောင်းမှား

“ဒါပဲ... ဒါပဲ... ငါ့မှာ လုပ်စရာ ရှိသေးတယ်...”

တီ... တီ...

ဂျိုးဇက် စကားပြောစက်ကို ပိတ်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူ အမှောင်ထု၏ မျိုးစေ့ စာအုပ်ကို ကောက်ကိုင်လိုက်သည်။ နတ်ဆိုးဓား ကန်ဒယ်လာထံမှ စိတ်ခံစားချက်မှာ ယခုအခါ ငြိမ်သက်ကာ ပျော်ရွှင်နေကြောင်း သူ ခံစားနိုင်ပေသည်။

ကလင်... ကလင်...

ထိုအခိုက်တွင်ပင် ဧည့်ခန်းမ အတွင်းရှိ ကြိုးဖုန်းမှာ ရုတ်တရက် မြည်လာခဲ့၏။

“သောက်ကျိုးနဲ... လာပြန်ပြီ... ဒီတစ်ခါ ဘယ်သူလဲကွ...”

ဂျိုးဇက် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်ရင်း စာအုပ်ကို စားပွဲပေါ် တင်ကာ အခန်းထဲမှ ခြေလှမ်းကျယ်ကျယ်ဖြင့် ထွက်ခွာ သွားခဲ့တော့သည်။

“မေလီဆာ... နို့သောက်ဦးနော်...”

ဘေးချင်းကပ် အခန်းတံခါးက တစ်ဝက်ခန့် ပွင့်လာကာ အနီရောင် လိမ်လိမ်ကောက်ကောက် ဆံပင်ရှည်များနှင့် သွယ်လျသည့် မိန်းကလေး တစ်ဦး ခေါင်းပြူလာခဲ့သည်။

“ဖေကြီးကလည်း... သမီး ကလေး မဟုတ်တော့ဘူး”

သူမက အလိုမကျဟန်ဖြင့် ဆောင့်ကြီးအောင့်ကြီး ပြောလိုက်၏။ ဧည့်ခန်းထံသို့ လျှောက်သွားရင်း ဂျိုးဇက်၏ အသံက တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။

“တကယ်လား... ငါ့ရဲ့ ချစ်သမီးလေး... ညည်းကို နို့တိုက်တာက အရပ်ရှည်ဖို့ မဟုတ်ဘူးနော်... မကြာခင် လင်ယူဖို့လည်း မဟုတ်ဘူး”

မေလီဆာ နှုတ်ခမ်းစူလိုက်၏။ သူမ ခေါင်းလှည့်လိုက်စဥ် စားပွဲပေါ်ရှိ စာအုပ်ကို သတိပြုလိုက်မိသည်။

‘ဟမ်... ဖေကြီးက ဘယ်တုန်းက စာအုပ်ဖတ်တတ်သွားတာလဲ...’

မေလီဆာ စူးစမ်းလိုစိတ်ဖြင့် စာအုပ်ကို ကောက်ကိုင်လိုက်၏။

မေလီဆာ...

မေလီဆာမှာ မဟာ ရောင်စဉ် သူရဲကောင်းဟောင်းနှင့် လက်ရှိ ထောက်လှမ်းရေး ဌာန အပိုင်း အကြီးအကဲ ဂျိုးဇက်၏ သမီးဖြစ်သည်။ သူမမှာ မိခင် ဖြစ်သူ၏ အနီရောင် ဆံပင်ကောက်များကို အမွေဆက်ခံ ရရှိခဲ့သည်။

တောက်ပြောင် ချောမွေ့လှသည့် အဆိုပါ ဆံပင်ရှည်များကို ချထားသောအခိုက်၌ မေလီဆာမှာ လှပသော ရေသူမတစ်ဦးနှင့် တူသော်လည်း စည်းနှောင်ထားလိုက်သော အခါတွင်တော့ ရဲစွမ်းသတ္တိရှိသည့် သူရဲကောင်းမ တစ်ဦးနှင့် ပို၍ တူညီသည်။

အိမ်၌ ဖြစ်လေရာ မေလီဆာမှာ အဖြူရောင် ဇာအင်္ကျီ၊ ခါးထိ အပြာရောင် စကတ်၊ အနက်ရောင် ဘောင်းဘီရှည်နှင့် အညိုဖျော့ရောင် ဖိနပ်တို့ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ သူမက လွတ်လပ်ပြီး တက်ကြွသည့် လူငယ် တစ်ဦး ဖြစ်ပုံ ပေါ်သည်။

မိခင်ဖြစ်သူမှာ စောစောစီးစီး ကွယ်လွန်သွားခဲ့လေရာ မေလီဆာမှာ ငယ်စဉ် ဘဝတည်းက မြို့တော် အပေါ်ပိုင်း ရပ်ကွက်၁ လမ်းရှိ ဤနေအိမ်တွင် ဖခင်နှင့်အတူ နေထိုင်ခဲ့သည်။

အသက်အရွယ်ချင်းကို နှိုင်းယှဉ်ရပါက ဂျိုးဇက်မှာ မေလီဆာ၏ အဘိုးဖြစ်ရန်ပင် အသက်ကြီးလွန်း နေခဲ့ပြီ ဖြစ်သည်။

မေလီဆာမှာ အသက် ၁၆ နှစ် အရွယ်မျှသာ ရှိသေးသော်လည်း သာမန် လူငယ် တစ်ယောက် မဟုတ်ပါချေ။ သူမက ထူးခြား အဆင့် သူရဲကောင်း တစ်ဦး ဖြစ်ကာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တိုက်ခိုက်ရေး ဌာနမှ အဖွဲ့ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။

“ထူးဆန်းတယ်… ဘာလို့ ဖေကြီးက စာအုပ်ဖတ်နေတာလဲ... မဟာ ရောင်စဉ် သူရဲကောင်း ဖြစ်နေတုန်းကတောင် ဖေကြီး ဘယ်စာအုပ်ကိုမှ ဖတ်တာ မမြင်ဖူးဘူး”

မေလီဆာ သံသယဖြစ်စွာဖြင့် စာအုပ်ကို စစ်ဆေးရင်း တီးတိုးပြောလိုက်သည်။

‘အမှောင်ထု၏ မျိုးစေ့...’

သူမ စိတ်ဝင်စားသွားကာ ပထမဆုံး စာမျက်နှာကို လှန်လိုက်သည်။ ရုတ်တရက် မိန်းကလေး၏ လက်ချောင်းများက နှေးကွေးသွားကာ မျက်လုံးထဲရှိ အကြည့်များမှာလည်း ပြောင်းလဲ သွားခဲ့သည်။

“ချီးပဲ... ငါ့ကို နှောက်ယှက်နေတာတွေ ရပ်လိုက်ကြပါတော့ကွ... ငါက မသန်မစွမ်း ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ အဲဒီ စာအုပ်ဆိုင် ပိုင်ရှင်က အီသာ အငွေ့အသက် တစ်စက်မှ မသုံးပဲနဲ့ သူ့ကို သတိလစ် သွားစေခဲ့တာ... အဲဒါက သူ ပိုင်ဆိုင်ထားတဲ့ စွမ်းအားကိုပဲ ထောက်ပြနေတာ မဟုတ်ဘူးလား... လေးစားမှုလေးထား... ဘေးအန္တရာယ်ကို တမင်သက်သက် သွားဖိတ်ခေါ်တာမျိုးရှောင်... ငါ မင်းတို့ကို ဒါပဲ ပြောနိုင်တယ်...”

ဂျိုးဇက်၏ အသံက ပိုမို၍ နီးကပ်လာကာ နံရံကို ခြေထောက်ဖြင့် ကန်လိုက်သည့် အသံ တစ်ခုကိုလည်း ကြားလိုက်ရ၏။

မေလီဆာ ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်ကာ သူမကို ဆွဲဆောင်ထားခဲ့သည့် စိတ်ဝင်စားဖွယ်ရာ ကောင်းသော ကမ္ဘာမှ လွတ်မြောက်သွားသည်။ ဝိညာဥ် ဆွဲထုတ်ခံခဲ့ရပြီးနောက် သူမ၏ ကိုယ်ခန္ဓာ အတွင်း ပြန်လည် ဝင်ရောက် လာခဲ့သကဲ့သို့ ခံစားရသည်။

မေလီဆာ ခေါင်းကို အားကုန် ခါလိုက်ရင်း အလျင်အမြန်ပင် စာအုပ်ကို ချလိုက်၏။ ထို့နောက် သူမ ၎င်းကို မူလ နေရာသို့ ပြန်ထားကာ အိပ်ခန်း အတွင်းသို့ ပြန်သွားဟန်ဆောင်လိုက်သည်။

“မေလီဆာ”

ရုတ်တရက် ထွက်ပေါ်လာသည့် ဂျိုးဇက်၏ အသံကြောင့် မေလီဆာ စိတ်လှုပ်ရှားသွားကာ ခေါင်းကို လှည့်ကြည့်လိုက်သည်။

“နို့သောက်ဖို့ မမေ့နဲ့”

ဂျိုးဇက်က သတိပေးလိုက်၏။

“...”

မေလီဆာ ဟန်ဆောင် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း ခေါင်းညိတ်ကာ အခန်းအတွင်းသို့ ပြန်ဝင်ရင်း တံခါးကို ပိတ်လိုက်သည်။

“ဟူး…”

မေလီဆာ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်၏။ မေးခွန်းများစွာက သူမ၏ စိတ်ထဲတွင် ပေါ်လာနေခဲ့သည်။

“အဲဒီစာအုပ်ကို ဘယ်သူ ရေးတာလဲ... ဇာတ်လိုက်က နတ်ဆိုးဓား ကန်ဒယ်လာ ဖြစ်လာတဲ့ အဲလ်ဖ် မင်းသား ကန်ဒယ်လာလား... ဒါက တကယ့် အတ္ထုပ္ပတ္တိလား ဒါမှမဟုတ် စိတ်ကူးယဉ် ဝတ္ထုလား”

သို့သော် အရေးကြီးဆုံး အချက်မှာ သူမ ဖတ်မပြီးသေးခြင်း ဖြစ်သည်။ နည်းနည်းလေးလောက် ဆက်ဖတ်ရုံဖြင့် စိတ်လှုပ်ရှားစရာ ကောင်းသည့် အချိုးအကွေ့တစ်ခုကို သူမ မြင်ရတော့မည် ဖြစ်သည်။

***

All Chapters