← Chapters

နောက်တစ်ကြိမ် ပြန်ပေါ်လာသော အရိပ်

Vol. 2 Ch. 28

နောက်တစ်ကြိမ် ပြန်ပေါ်လာသော အရိပ်

Vol. 2 Ch. 28

လင်ကျဲ နားစွင့် နေခဲ့၏။ ဒေါသတကြီး ပုတ်ရိုက် နေသည့် အသံများကို နားထောင်ရုံဖြင့်ပင် ဘေးချင်းကပ် ဆိုင်ပိုင်ရှင် မည်မျှ ဒေါသထွက်နေသည်ကို သူ တွေးကြည့်လို့ ရပေသည်။ လင်ကျဲ တစ်ခဏမျှ စဉ်းစားပြိးနောက် ကြားနံရံဆီ ကပ်သွားကာ လည်ချောင်းကို ရှင်းရင်း မေးလိုက်၏။

“ဟိုင်း... အကူအညီ လိုသေးလားဗျ”

ထိုဆိုင်မှာ အမျိုးမျိုးသော ဒီဂျစ်တယ် ထုတ်ကုန်များကို ရောင်းချသည့် ရောင်းချသည့် ဆိုင်တစ်ဆိုင် ဖြစ်သည်။ သို့သော်လည်း တစ်ပတ်ရစ် ကုန်ပစ္စည်းများကို အရောင်းအဝယ် ပြုလေရာ ထုတ်ကုန်များ၏ အရည်အသွေးက အနည်းငယ် ချို့တဲ့နိုင်သည်။ ဆိုင်နီးနားချင်း၏ လုပ်ငန်းသည်လည်း လင်ကျဲ၏ စုတ်ပြတ်သတ်နေသည့် ကိုယ်ပိုင် စာအုပ်ဆိုင်နှင့် ဆင်တူပြီး တစ်ရက်လျှင် ဖောက်သည် နှစ်ဦးထက် ပို၍ တွေ့မြင်ရခဲသည်။

“ရပါတယ်... ကျေးဇူးပါ...”

ဘေးချင်းကပ် ပိုင်ရှင်က ပြန်ဖြေလိုက်၏။ ထို့နောက် ကျယ်လောင်သည့် ထုသံ နှစ်ချက်ကို ထပ်မံ ကြားလိုက်ရသည်။

ဘုန်း... ဘုန်း...

...

ကိုလင် အက်ကာမန် တစ်ယောက် တီဗီကို ဒေါသတကြီး ဟိုသည် ပတ်ကြည့် နေခဲ့၏။ တစ်ချိန်တည်း၌ သူ ပါးစပ်မှ ခပ်တိုးတို ကျိန်ဆဲ နေမိသည်။

“ဘုရားစူး တီဗီ… ဘုရာစူးမိုး... ဘုရားသခင်ရေ... ငါ့ကို မကယ်နိုင်တော့ဘူးလား”

သူ ရုပ်မြင်သံကြား စက်ကို သျော စစ်ဆေးကြည့်လိုက်ရာ မည်သည့် ပြဿနာမှ မရှိသည်ကို သိလိုက်ရသည်။ ၎င်းက လျှပ်စီးပတ်လမ်း သို့မဟုတ် ပါဝါရင်းမြစ်နှင့် ပတ်သက်သည့် ပြဿနာ ဖြစ်နိုင်သည်။ ကိုလင် ဝိုင်ယာကြိုးများကို စစ်ဆေးကြည့်သော်လည်း မည်သည့် ပြဿနာမျှ မတွေ့ရှိခဲ့ပေ။

‘ဒါဆိုရင် လျှပ်စစ်ပြတ်တောက်တာပဲ ဖြစ်နိုင်တယ်...’

ကိုလင် တွေးလိုက်၏။

‘ဒါပေမဲ့ ငါ့တံခါးက ရေမြုပ်လုနီးပါး ဖြစ်နေပြီ... ဆားကစ် ဘရိတ်ကာက အပြင်ဘက်မှာ…’

သဘာဝ မြေမျက်နှာသွင်ပြင်ကြောင့် သူ၏ ဒီဂျစ်တယ် ဆိုင်လေးမှာ စာအုပ်ဆိုင်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နိမ့်သော အနေအထား၌ ရှိသည်။ ရေထဲ ဖြတ်လျှောက်ရမည့် အကြောင်းကို စဥ်းစားရင်း ကိုလင် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ရေဆိုးမြောင်း စနစ်အား ဒီဇိုင်းထုတ်ခဲ့သည့် လူများကို သူ စိတ်ထဲ ရှိသမျှ စကားများများဖြင့် ကျိန်ဆဲ လိုက်ချင်သည်။

‘နေဦး... ဘေးချင်းကပ်က လူက ကူညီနိုင်တယ်’

ကိုလင် တီးတိုး ရေရွတ်လိုက်၏။ စောစောက အိမ်နီးနားချင်း၏ အကူအညီ ကမ်းလှမ်းမှုကို ရှက်ရွံ့စိတ်ကြောင့် သူ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုဘေးချင်းကပ် လူငယ်မှာ လူကောင်းသူကောင်း တစ်‌ယောက် ဖြစ်ပြီး မည်သူ့ကို မဆို အကူအညီပေးဖို့ အသင့်ရှိကြောင်း သူ ရိပ်စားမိသည်။

“အဟွတ် အဟွတ်... ခင်ဗျား ရှိသေးလား”

ကိုလင် စူးစမ်းလိုက်၏။ ဘေးချင်းကပ် လူငယ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ကျွန်တော် ရှိပါတယ်... ဘာ ကူညီပေးရမလဲဗျ”

ကိုလင်က ရှင်းပြလိုက်သည်။

“ဒီလိုပါ... ခင်ဗျားလည်း သိပြီးသား ဖြစ်မယ် ထင်ပါတယ်... ကျွန်တော့်ရဲ့ တီဗီမှာ ပြဿနာ တစ်ချို့ ရှိနေတယ်... အပြင်ဘက်က ဆားကစ် ဘရိတ်ကာ ပြတ်တောက်သွားတယ်လို့ ကျွန်တော် ထင်တယ်... ဒီမှာ အလုပ်များနေလို့ အဲဒါလေး ခင်ဗျား ကြည့်ပေးနိုင်မလား”

ထိုလူငယ်မှာ အခြားသူများကို ကူညီရတာကို ကြိုက်သောသူ တစ်ယောက် ဖြစ်လေရာ အနည်းငယ် ကူညီခိုင်းခြင်းက ပြဿနာ ရှိပုံ မရချေ။ ထို့အပြင် သူ၏ ရုပ်မြင်သံကြားစက်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကတည်းက ထိုလူငယ် အတွက် အခမဲ့ သတင်းများကို ထုတ်လွှင့်ပေးနေခဲ့ခြင်း ဖြစ်သည်။

အမှန်အတိုင်း ဆိုရပါက လင်ကျဲ ရေထဲကို မဆင်းချင်ခဲ့ချေ။ သို့သော်လည်း... သူက ပျင်းနေပြီး လုပ်စရာ တစ်ခုခုကို ရှာချင်နေခဲ့သည်။ ထို့ကြောင့်ပင် ချက်ချင်း လက်ခံလိုက်၏။

“ပြဿနာ မရှိပါဘူး... ဆားကစ် ဘရိတ်ကာဆိုရင် ကျွန်တော် မှတ်မိသလောက်…”

လင်ကျဲ အပြင်ထွက်ရန် ပြင်လိုက်သည်။ ရုတ်တရက် တံခါး၏ မှန်ပြတင်းပေါက်မှတစ်ဆင့် အနက်ရောင် မှုန်ဝါးဝါး လူရိပ် သဏ္ဌာန်တစ်ခုကို တွေ့လိုက်ရ၏။

ထူးဆန်းသော်လည်း ရင်းနှီးသည့် ခံစားမှုကို လင်ကျဲ နောက်တစ်ကြိမ် ခံစားလိုက်ရသည်။

“ခင်ဗျားပဲ... လာပြန်ပြီပေါ့...”

လင်ကျဲ အနည်းငယ် အံ့အားသင့်သွား၏။ ကြောင်နက်ကလေးအား တွေ့ခဲ့ရသည့် နေ့တွင်လည်း ထိုအရိပ်ကို လင်ကျဲ မြင်ခဲ့ရသည်။ ရက်အနည်းငယ် ကြာမြင့်ပြီး နောက်ပိုင်း၌ ၎င်းက နောက်တစ်ကြိမ် ပြန်ပေါ်လာပြန်ပြီ ဖြစ်သည်။ သေချာ စဉ်းစားပြီးနောက် ထိုလူရိပ်က မည်သည့် အရာ ဖြစ်နိုင်ကြောင်း လင်ကျဲ ရိပ်မိခဲ့ပြီး ဖြစ်သည်။ သူ့ ကံကြမ္မာကို နောက်ကွယ်မှ ကြိုးကိုင်နေခဲ့သည့်လက်ပင်။

“ကိစ္စ တစ်ခုခု ရှိလို့လား... ဒါမှမဟုတ် စာအုပ်တွေ ပိုငှားဖို့ ကျုပ်ကို တိုက်တွန်းနေတာလား...”

တံခါးဝမှ အနက်ရောင် ပုံရိပ်က ခေါင်းကို ခါလိုက်ရင်း ဘယ်ဘက်သို့ ညွှန်ပြလိုက်သည်။ လင်ကျဲ လှည့်ကြည့်လိုက်ကာ ဘေးချင်းကပ် ဒီဂျစ်တယ် ဆိုင်ထံ ညွှန်ပြနေသည်ကို သတိပြုလိုက်မိ၏။ အချက်အလက်များကို ပေါင်းစပ်လိုက်ရာ သူ နားလည် သွားခဲ့သည်။

“ခင်ဗျားက ကျွန်တော့်ကို ကူညီချင်တယ်လို့ ပြောနေတာလား”

အနက်ရောင် ပုံရိပ်က ခေါင်းညိတ်သည်။ လင်ကျဲ ပြုံးလိုက်ရင်း ဤလျှို့ဝှက် လက်သည်မှာ အတော်လေး ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။

ယခင်က ၎င်းမှာ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခြင်း မရှိခဲ့ပဲ ရေစက်များကိုသာ အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ဖော်ပြနိုင်ခဲ့သည်။ ယခုတွင်မူ ၎င်းမှာ အရိပ်ကဲ့သို့သော အသွင်အပြင်ကိုပင် ပိုင်ဆိုင် လာခဲ့ပြီ ဖြစ်သည်။

၎င်းမှာ စာအုပ်များကို ငှားရမ်းခဲ့ခြင်း၏ ရလဒ် ဖြစ်နိုင်သည်။ စာအုပ်များကို ငှားရမ်းခြင်းက အကျိုးဖြစ်ထွန်းစေသည်ဟု ပုံရိပ်မှာ ယခင်က ပြောခဲ့ဖူးသည်။

‘အခု သူက ငါ့ကို ကျေးဇူးတင်ကြောင်း ပြသတဲ့ အနေနဲ့ ကူညီဖို့ ပေါ်လာတာလား... တကယ်ဆိုရင် တန်ဖိုးကို ပေးချေဖို့က ငါအစတည်းက လက်ခံထားတဲ့ သဘောတူညီမှုပဲ... ဒါပေမဲ့ သူက ကျေးဇူးတင်ကြောင်း ပြောဖို့တောင် လာသေးတယ်... ဘာတွေ ဖြစ်နေတာလဲ... သူက တကယ့်ကို ယဉ်ကျေးတဲ့ ကလေးလေးလိုပဲ... ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ရင် သူ ခံစားသွားရမလား မသိဘူး...’

လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိ၏။ အရိပ်က ကူညီချင်သည် ဆိုမှပေါ့ သူကလည်း ခွင့်ပြုလိုက်ရုံသာ ရှိပေသည်။

“ဒါဆိုလည်း ကျေးဇူးတင်ပါတယ်... ဆားကစ် ဘရိတ်ကာက … အမ်… ကျွန်တော် သေချာ သိပ် မမှတ်မိဘူး...”

လင်ကျဲ နံရံဘက်သို့ လှည့်ပြီး အသံကို မြှင့်လိုက်၏။

“ဆားကစ် ဘရိတ်ကာက ဘယ်နားမှာလဲဗျ”

ကိုလင်က ချက်ချင်း ပြန်ဖြေ၏။

“အဲဒါက ကျွန်တော့်ဆိုင် တံခါးရဲ့ ညာဘက် နံရံပေါ်မှာပါ... အဲဒါ ပြတ်တောက်သွားတာလားဆိုတာ ကြည့်ပေးပါ... ဟုတ်တယ်ဆိုရင် ခလုတ်ကို အောက်ဘက်ကို ဆွဲချလိုက်ရုံပဲ”

“ပြဿနာ မရှိပါဘူး”

လင်ကျဲက ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် ကိုလင် တစ်ယောက် သူ၏ ရုပ်မြင်သံကြားစက်မှာ ပလုံခနဲ အသံထွက်ပြီး လင်းလာသည်ကို မြင်လိုက်ရသည်။ သတင်း ထုတ်လွှင့်မှု ပြီးဆုံးသွားပြီး ကြော်ငြာတစ်ခုပင် ထုတ်လွှင့်နေသည်။

“အဆင်ပြေသွားပြီ... အများကြီး ကျေးဇူးတင်ပါတယ်...”

“ရပါတယ်”

လင်ကျဲ ပြုံးလိုက်ရင်း အနက်ရောင် ပုံသဏ္ဌာန်ကို ခေါင်းညိတ်ပြလိုက်၏။ မှန်ပြတင်းပေါက်မှတစ်ဆင့် ထိုပုံသဏ္ဌာန်သည် တဖြည်းဖြည်း မှေးမှိန်လာကာ မိုးရေ ကန့်လန်ကာ တစ်လျှောက် နောက်ဆုတ်သွားသကဲ့သို့ ထင်ရသည်။

တီဗီ ပြန်ကောင်းသွားပြီ ဖြစ်လေရာ ကိုလင် တစ်ယောက် ကျေနပ်စွာဖြင့် ဆိုဖာပေါ် လှဲချလိုက်၏။ ထို့နောက် ရီမုဒ်ကို ကောက်ကိုင်ကာ အခြားလိုင်းကို ပြောင်းလိုက်သည်။ ထိုအခိုက်အတန့်တွင်ပင် ရုတ်တရက်... ကိုလင်၏ မျက်နှာက တောင့်သွားကာ တစ်ကိုယ်လုး ချွေးအေးများဖြင့် စို့လာခဲ့၏။

အဘယ်ကြောင့်နည်း...။ ရုပ်မြင်သံကြား လင်းလာသည်အထိ ဘေးချင်းကပ် စာအုပ်ဆိုင်ပိုင်ရှင်နှင့် စကားပြောဆိုမှု တစ်ခုလုံးကို ပြန်ပြောင်း အမှတ်ရလိုက်သောကြောင့်ပင်။

ထိုလူငယ်၏ အသံမှာ နေရာတစ်ခုတည်းမှသာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူက ထိုနေရာမှ တစ်လက်မမျှ ရွေ့လျားခဲ့ပုံ မပေါ်ချေ။ ဤသို့ဆိုလျှင်...။

...

“ဒီနေ့လည်း တစ်ယောက်ကို ကူညီပေးလိုက်နိုင်ပြီ...”

လင်ကျဲ ခပ်တိုးတိုး ရေရွတ်ရင်း စိတ်ကျေနပ်စွာဖြင့် ကောင်တာနောက်ရှိ ထိုင်ခံကို ပြန်သွားကာ ထိုင်ချလိုက်သည်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ကြင်နာစိတ်ရှိသူများ သိပ်မများလှတော့...။

ဘေးချင်းကပ် အိမ်နီးချင်းမှာ တစ်နေကုန် ရုပ်မြင်သံကြားရှေ့တွင် လဲလျောင်းနေတတ်သည့် အသုံးမကျသူ တစ်ယောက် ဖြစ်ကြောင်း လင်ကျဲ သိသည်။ အချို့က ထိုသို့သော ပုဂ္ဂိုလ်ကို ကူညီခြင်းမှာ အကျိုး မရှိဟု သေချာပေါက် ငြင်းချက်ထုတ်ကြလိမ့်မည်။

သို့သော်လည်း... ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ နေထိုင်ရင် ကြိုးပမ်းနေသည့် လူတစ်ယောက် အနေဖြင့် ရေရှည်ကို စဉ်းစားသင့်သည်။ ဆိုင်၏ အမှတ်တံဆိပ်ကို အသေးငယ်ဆုံး ကဏ္ဍများမှ စတင်ကာ တည်ဆောက်သင့်သည်။

လင်ကျဲ အတွက်တော့ ဆိုင်နီးနားချင်းများမှာ အရေးကြီးသော ဖောက်သည် ရင်းမြစ်များ ဖြစ်သည်။ သူတို့က သူတို့ဆိုင်ကို လာသည့် ဖောက်သည်များကို လင်ကျဲမှာ သဘောကောင်းသူ တစ်ယောက် ဖြစ်ကြောင်း လမ်းညွှန်ပေးနိုင်သည်။ ထိုကဲ့သို့ တိုးတက်မှုမျိုး မရှိလျှင်ပင် အိမ်နီးနားချင်းများနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ခြင်းမှာ အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ် ဖြစ်ပေသည်။

ကလောင်... ကလောင်..

ထိုအခိုက်တွင်ပင် တံခါးပေါ်ရှိ ခေါင်းလောင်းလေးမှာ သာယာစွာ မြည်လာခဲ့၏။

“ကြိုဆိုပါတယ်...”

လင်ကျဲ ခေါင်းမော့ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားကာ ပြုံးပြလိုက်သည်။

“အဘိုးဝယ်... ဒီတစ်ခါ ပြန်လာတာ မြန်လှချည်လားဗျ”

***

All Chapters