ကျန်းရီ ... အမိန့်တော်ကို နာခံပါ ...
Vol. 1 Ch. 221
ကျန်းရီသည် မီးနဂါးဓားကို အကြိမ် အနည်းငယ် ထပ်စစ်ဆေး လိုက်ပြီး အနက်ရောင် အကြေးခွံဓားကိုလည်း ထုတ်၍ ထပ်မံ စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင်တော့ အလွန် ကြည့်ကောင်းလှသည့် မီးနဂါးဓားသည် အစီအရင် ချို့ယွင်းနေသည်ကို အတည်ပြု လိုက်သည်။
မီးဝိညာဉ် ပုလဲနှင့် ပေါင်းစပ်ပြီး နောက်တွင်တောင် ချို့ယွင်း နေသည်လား ...
"ငါအလိမ်ခံ လိုက်ရပြီလား ... ဒါက သုံးမရတဲ့ ဓားကြီးများ ဖြစ်နေမလား ...”
ကျန်းရီသည် သူ့ဟာသူ ရေရွတ်လိုက်ပြီး အတွင်းအား တစ်စကို မီးနဂါးဓား အတွင်း ထည့်လိုက်ကာ ရှေ့သို့ အသာဝှေ့ယမ်း လိုက်သည်။
မီးနဂါးဓားမှ အနီရောင် အလင်းများ ထွက်ပေါ်လာပြီး နဂါးနှစ်ကောင် အဖြစ် ဖွဲ့စည်း သွားခဲ့သည်။ နဂါးနှစ်ကောင်သည် ဓားကိုယ်ထည်ပေါ်တွင် ကူးခပ်သွားပြီး ဓားထိပ်မှ ပြေးထွက် သွားခဲ့လေသည်။ နဂါးနှစ်ကောင်သည် လေကိုခွင်း၍ ရှေ့သို့ ပြေးထွက်သွားပြီး သုံးပေခန့် အကွာတွင် ရှိနေသော အခန်းနံရံထံ တိုးဝင် သွားခဲ့သည်။
"သေပြီ ...”
ကျန်းရီသည် ချက်ချင်း နောက်ဆုတ်လိုက်ကာ ခေါင်းကိုအုပ်၍ အခန်းထောင့်တွင် ထိုင်ချလိုက်သည်။
"ဗုန်း ...”
နဂါးနှစ်ကောင်သည် နံရံကို အမှုန့်ခြေ လိုက်ကာ အခန်း တစ်ခုလုံးတွင် အပေါက်ကြီး တစ်ခု ချန်ထား ရစ်လေသည်။
"ငါ—ိုး ...”
ကျန်းရီသည် မီးနဂါးဓားကို အလျင်အမြန် သိမ်းလိုက်သည်။ ပုံရိပ်ခုနစ်ခု၊ ရှစ်ခုခန့်သည် အခန်း အသီးသီးမှ ထွက်လာကြပြီး ကျောင်းအုပ်ချီ သည်လည်း အဝေးမှပင် အော်ဟစ် လာလေသည်။
"ကျန်းရီ ... ဘာဖြစ်နေတာလဲ ...”
"ဘာ ... ဘာမှ မဟုတ်ပါဘူး"
ကျန်းရီသည် ရှက်ရွံ့ ထူပူနေသော သူ့မျက်နှာကို လက်ဝါးဖြင့် ပွတ်လိုက်မိသည်။ ထို့နောက် အပေါက်ကြီးမှ ဖြတ်၍ အပြင်သို့ ထွက်သွားလိုက်ကာ အလွန်တရာမှ ရိုကျိုးလှသော အသံဖြင့် ပြောလိုက်သည်။
"စောစောက ကျွန်တော် သိုင်းကွက်တစ်ခု လေ့ကျင့်နေတာ ... မတော်တဆ အားများ သွားလို့ပါ"
အားလုံး "..."
ကျောင်းအုပ်ချီနှင့် ကျန်လူများသည် မျက်လုံးလှန်ကြည့် လိုက်ကြသည်။ တည်းခိုခန်း တစ်ခုတွင် သိုင်းလေ့ကျင့် နေခြင်းမှာ ကျန်းရီ တစ်ဦးတည်းသာ လုပ်မည့်အရာ ဖြစ်လေသည်။ ထို့ပြင် ဤနေရာသည် အင်ပါယာ မြို့တော်တွင် ဖြစ်လေသည်။ အလွန်အမင်း ကျယ်သွားပါက အင်ပါယာ အစောင့်များပင် လာရောက်စစ်ဆေး နိုင်သေးသည်။
"လျှိုလောင် ... ဒီကိစ္စ သွားရှင်းလိုက် ...”
တံခါး အပြင်ဘက်တွင် ရှိနေသော ချမ်ဝမ်ကွမ်သည် လန့်သွား၍ ဖင်ထိုင်ရက် သားလေးပင် ပြုတ်ကျ သွားခဲ့သည်။ သူသည် တစ်ယောက်ယောက် တိုက်ခိုက်လာပြီ အထင်နှင့် သူ့ကို လာကယ်ရန် လျှိုလောင်အား လှမ်းခေါ်ရန်ပင် လုပ်နေခဲ့သည်။ ယခုမှသာ အထင်မှားသွားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ချမ်ဝမ်ကွမ်သည် ဆူညံသံ ကြား၍ တည်းခိုခန်း အစောင့်များ ပြေးလာသည်ကို မြင်လိုက် ရသောကြောင့် လျှိုလောင်အား အကျိုးဆက်များကို သွားဖြေရှင်းရန် ပြောလိုက်ရသည်။
လူတိုင်းသည် အလျင်အမြန် လူစုခွဲ သွားကြသည်။ ချမ်ဝမ်ကွမ်သည် ကျန်းရီကို သံသယနှင့် ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုကြီး ... ဘာလုပ်နေတာလဲ ... ဒါအင်ပါယာ မြို့တော်နော်၊ ကိစ္စသာ ဒီထက် ကြီးသွားရင် ကျွန်တော်လည်း ရှင်းနိုင်မှာ မဟုတ်ဘူး"
ကျန်းရီသည် သူ့လက်များကို ပွတ်ကာ ခပ်မြူးမြူး ပြောလိုက်သည်။
"ငါ မီးနဂါးဓားကို စမ်းသပ်ရုံလေးပဲ၊ ရလဒ်က ... အရမ်း များသွားတယ်"
"သေလိုက်ပါတော့၊ အဲဒါ သူတော်စင် အဆင့် လက်နက်ကြီးလေ၊ ဘယ်လိုလုပ်ပြီး အားနည်းပါ့ မလဲ ... အားအကုန် မသုံးလိုက်မိတာ ကံကောင်းတယ်။ မဟုတ်ရင် တည်းခိုခန်း တစ်ခုလုံး ကိုတောင် အစ်ကိုကြီး ဖြိုချလိုက် မလားပဲ"
ချမ်ဝမ်ကွမ်၏ မျက်နှာသည် မည်းခနဲ ဖြစ်သွားခဲ့သည်။ ထို့နောက် တစ်ခုခုကို တွေးမိသွားပြီး အလန့်တကြား မေးတော့သည်။
"တစ်ခုခုတော့ မဟုတ်သေးဘူး၊ အစ်ကိုကြီး ... မီးနဂါးဓားကို ဘယ်လို သုံးလိုက်တာလဲ ... အဲဒါက အချိန်တိုအတွင်း စိတ်ဝိညာဉ်နဲ့ ချည်နှောင် ပေါင်းစည်းဖို့ မဖြစ်နိုင်တဲ့ သူတော်စင် အဆင့် လက်နက်ကြီးလေ"
"ဟီးဟီး"
ထိုကိစ္စသည် နားလည်အောင် ရှင်းပြရန် အတော်လေး ခက်သောကြောင့် ကျန်းရီသည် ရှင်းပြ မနေတော့ပေ။ သူသည် ချမ်ဝမ်ကွမ်၏ နောက်မှ အခြေအနေ ကောင်းသော အခန်းတစ်ခုထံ လိုက်သွားခဲ့သည်။ သူတို့ အခန်းထံ ရောက်သည်နှင့် ကျန်းရီ မေးလိုက်သည်။
"ဝမ်ကွမ် ... မင်း လက်နက်တွေထဲက အစီအရင်တွေ အကြောင်း ဘယ်လောက်သိလဲ ...”
"ကျွန်တော် နည်းနည်းတော့ သိတယ်၊ ဘာဖြစ်လို့လဲ အစ်ကိုကြီး ...”
ချမ်ဝမ်ကွမ်သည် မျက်တောင် တဖျတ်ဖျတ် ခတ်၍ ကျန်းရီ၏ မီးဝိညာဉ်ပုလဲ တောက်ပ လာသည်ကို ကြည့်လိုက်သည်။ ထို့နောက် မီးနဂါးဓား ပေါ်ထွက် လာခဲ့သည်။ သူ့မျက်လုံးများ တောက်ပသွားကာ ချီးကျူးလိုက်သည်။
"ကျွတ်စ် ... ကျွတ်စ် ... သူတော်စင် အဆင့်လက်နက် ... ပစ္စည်းကောင်းပဲ"
ကျန်းရီသည် မီးနဂါးဓားကို ချမ်ဝမ်ကွမ်ဆီ ကမ်းပေးကာ မေးလိုက်သည်။
"ဒီလက်နက်ထဲက အစီအရင် ချို့ယွင်းနေတယ်၊ တစ်ပိုင်းကပဲ အခြေအနေ ကောင်းတယ်၊ အဲဒါကို စိတ်အာရုံနဲ့ ဝင်ကြည့်"
"ကျွန်တော်ဘယ်လို အာရုံခံနိုင်မှာလဲ ... ကျွန်တော့် အင်အားနဲ့ သူတော်စင် အဆင့် လက်နက်တွေကို ပေါင်းစည်းကြည့်လို့မှ မရတာ ဘယ်လို အာရုံခံလို့ ရမှာလဲ ...”
ချမ်ဝမ်ကွမ်သည် မီးနဂါးဓားကို ကိုင်၍ အသာဝှေ့ယမ်း လိုက်သည်။ တစ်ခဏ စဉ်းစား နေပြီးနောက် သူစကားဆက် လိုက်သည်။
"လက်နက်တွေ အားလုံးက အစွမ်းအမြင့်ဆုံး ထုတ်နိုင်ဖို့ အစီအရင်တွေ အကောင်းအတိုင်း ရှိနေရမယ်၊ အကယ်၍ လက်နက်က ထိခိုက်ထားမယ် ဆိုရင် အင်အား အများကြီး လျော့ကျ နေမှာပဲ၊ အဲဒါက ကောင်းကင်အဆင့် လက်နက်၊ ဝိညာဉ်လက်နက် ဆိုရင် လက်မှုပညာရှင် တစ်ယောက်ရှာပြီး ပြုပြင်ခိုင်း ရမယ်၊ သူတော်စင်အဆင့် လက်နက် ဆိုရင်တော့ ပြင်စရာနည်းလမ်း မရှိဘူး"
"အိုး ... ငါသိပြီ"
ကျန်းရီသည် မီးနဂါးဓားကို ပြန်သိမ်းလိုက်ပြီး ပို၍ မချင့်မရဲ ဖြစ်လာရသည်။
သူ ဓားကို ဝှေ့ယမ်း လိုက်စဉ်က ဓား၏ အစွမ်းကို ခံစားမိ လိုက်သည်။ ဓား၏ စွမ်းအားသည် အုပ်ချုပ်သူ တံဆိပ်တုံးနှင့် ကမ္ဘာပျက်သုဉ်းခြင်း လည်ဆွဲတို့အောက် နိမ့်ကျခြင်း မရှိပါချေ။ ဤသူတော်စင် အဆင့် လက်နက် အတွင်းရှိ အစီအရင်များ ပြီးပြည့်စုံ သွားလျှင် အဘယ်မျှ အင်အားကြီး သွားမည်နည်း ... သူတော်စင် အဆင့်ဟု ပြောနိုင်ပါဦး မည်လော ...
ညဉ့်နက်နေပြီ ဖြစ်သောကြောင့် ကျန်းရီသည် ချမ်ဝမ်ကွမ်အား ပြန်၍ အနားယူခိုင်း လိုက်သည်။ ထို့နောက် အိပ်ရာထက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အတွေး အားလုံးကို ဖယ်ထုတ်၍ စိတ်တည်ငြိမ်အောင် ကြိုးစားကာ အမည်မဲ့ ကျင့်စဉ်၏ တတိယ အဆင့်ကို စတင် လေ့လာတော့သည်။
အမည်မဲ့ ကျင့်စဉ်၏ ပထမ အဆင့်သည် ကျန်းရီကို အနက်ရောင် အတွင်းအားများ ပေးခဲ့သည်။ ဒုတိယအဆင့်သည် အနက်ရောင် အတွင်းအား အမြင့်ဆုံး အကန့်အသတ်ကို အမျှင်တစ်ထောင် အထိ တိုးစေခဲ့သည်။ ယခု တတိယ အဆင့်သည် မည်သို့ ဖြစ်လာ လိမ့်မည်နည်း ... ကျန်းရီ စိတ်လှုပ်ရှား နေခဲ့သည်။
နာရီပေါင်းများစွာ ကြာပြီးနောက် ကောင်းကင်သည် လင်းထိန် လာခဲ့သည်။ ကျန်းရီကမူ ဘာကိုမှ နားမလည်ခဲ့ သေးပေ။
ကျန်းရီသည် ဉာဏ်အလွန် ကောင်းရာ ပထမအဆင့်နှင့် ဒုတိယအဆင့်ကို နားလည်ရန် နာရီ အနည်းငယ်သာ လိုခဲ့သည်။ ယခု တတိယ အဆင့်သည် အလွန် နက်နဲ ခက်ခဲလွန်းရာ သူမည်သို့မှ သဘောမပေါက် နိုင်သေးပေ။
"ရှပ် ... ရှပ် ... ရှပ်"
အပြင်မှ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများ ထွက်ပေါ် လာခဲ့သည်။ တစ်ယောက်ယောက် နိုးနေခဲ့လေပြီ။ ကျန်းရီသည်လည်း ခဏနားရန် ဆုံးဖြတ်လိုက်သည်။ သူ့တွင် နောက်မှ လေ့လာရန် အချိန်အများကြီး ရှိနေသေးသည်။
သူသည် မျက်လုံးများကို မှိတ်၍ အနားယူ လိုက်သည်။ နောက်တစ်နာရီခန့် ကြာသော် ချမ်ဝမ်ကွမ် တံခါးလာခေါက် ခဲ့သည်။ သင်တန်းကျောင်း၏ အဖွဲ့သည် ရှန်ဝူနိုင်ငံကို အရင် အစီအရင်ဖြင့် သွား၍ သင်တန်းကျောင်းသို့ ပြန်ရန် ပြင်ဆင်ပြီး နေကြလေပြီ။
ကျန်းရီသည် ပလုတ်ကျင်း၊ မျက်နှာ သစ်ပြီးနောက် မနက်စာ မြန်မြန်စားကာ ရထားလုံးပေါ် တက်ကာ မြေကွက်လပ်များ ရှိရာသို့ သွားကြသော အခြား လူများနောက် လိုက်ရလေသည်။
သူထိုနေရာသို့ ရောက်သော် ယွင်ဖေးသည် ကုထယ်၊ ဟော်ရှုတို့နှင့် အတူ ရောက်လာကာ ခပ်တိုးတိုး ပြောသည်။
"ကျန်းရီ၊ ချမ်ဝမ်ကွမ် ... ငါ ငါ့တိုင်းပြည်ဆီ အချိန် တစ်ခုလောက် ပြန်ဖြစ်မယ်၊ အခြေအနေတွေ တည်ငြိမ်သွားမှပဲ ငါသင်တန်းကျောင်းဆီ ပြန်လာနိုင်မယ်။ ... ဒီတစ်သက်မှာ ဘယ်တော့မှ ပြန်မရောက် တာလည်း ဖြစ်နိုင်တယ်၊ အခွင့်အရေး ရမယ်ဆိုရင် ငါနင်တို့ကို ကောင်းကောင်း ဧည့်ခံနိုင်မယ့် ရှန်မိနိုင်ငံကနေ ဆီးကြိုနေတယ်"
"ဟမ်"
ကျန်းရီနှင့် ချမ်ဝမ်ကွမ်သည် အကြည့်ချင်း ဖလှယ်လိုက်ပြီး ကျန့်ဝူရွှမ်းကို အလိုလို လှည့်ကြည့်မိ လေသည်။ ကျန်းရီ ခေါင်းညိတ်လိုက်သည်။
"ပြဿနာ တစ်ခုခု ရှိရင် ငါတို့ကို စာပို့လိုက်၊ အခြေအနေတွေ ဆိုးလာရင် ရှန်မိနိုင်ငံ ကနေ ထွက်လာပြီး သင်တန်းကျောင်းကို လာခဲ့၊ ရှန်ဝူနိုင်ငံကို လာတာက ပိုပြီး အဆင်ပြေတယ်။ ကောင်းကင်က ငါတို့ကို ကြမ်းတမ်းတဲ့ လမ်းတွေပဲ ပေးတတ်တယ်လေ"
ယွင်ဟဲ သေဆုံးသွားခဲ့ပြီး ရှန်မိနိုင်ငံတွင် မမြင်ရသော အရှုပ်အထွေး များစွာ ရှိနေခဲ့သည်။ ယွင်ဖေးတွင် ဟော်ရှုနှင့် ကုထယ်တို့၏ ဝိညာဉ်စည်း တံဆိပ်များ ရှိနေသော်လည်း သူတို့ ဂိုဏ်းများသည် ယွင်ဖေးကို ဆန့်ကျင်ရန် ဒေါသတကြီး ပူးပေါင်း လိုက်နိုင်သည်။ သူမသည် ပြင်းထန်လှသော အရှုပ်အထွေး များကြား ကြားညပ်နေပြီး မိန်းကလေးငယ် တစ်ယောက်လည်း ဖြစ်နေရာ ကျန်းရီ စိုးရိမ် မိလေသည်။
ယွင်ဖေးသည် ခေါင်းညိတ်လိုက်ပြီး ကျန့်ဝူရွှမ်းကို ခံစားချက် ပြည့်နေသည့် အကြည့်တို့ဖြင့် ငေးကြည့် လိုက်လေသည်။ ထို့နောက် သူမသည် လူတစ်စုကို ဦးဆောင်ကာ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ထဲ ဝင်လိုက်ပြီး ရှန်မိနိုင်ငံသို့ ထွက်ခွာ သွားခဲ့သည်။
"သွားကြစို့ ...”
ကျန်းရီသည် ကျန့်ဝူရွှမ်း၏ ဝမ်းနည်းနေသော ပုံစံကို မြင်ရသောကြောင့် ပခုံးကိုပုတ်၍ အားပေးလိုက်သည်။ ချမ်ဝမ်ကွမ်ကမူ အသာ ဝင်ပြောလေသည်။
"စိတ်မပူနဲ့ ... အစ်ကိုဝူရွှမ်း၊ ကျွန်တော် ပြန်ရောက်ရင် ကျွန်တော်တို့ ဂိုဏ်းက မင်းသမီးယွင်ဖေးကို အရိပ်ထဲကနေ ကူညီပေးဖို့ ကျွန်တော် ရအောင်ပြောမယ်၊ မင်းသားယွင်ရှန်းသာ အိမ်ရှေ့စံ ရာထူးရရင် ချမ်ဂိုဏ်းကလည်း အကျိုးအမြတ် ရမှာဖြစ်လို့ သူတို့ သေချာပေါက် နောက်ကွယ်ကနေ ထောက်ပံ့ပေးမှာပဲ"
"ကောင်းပြီ ...”
ကျန့်ဝူရွှမ်းသည် အားတင်း၍ ပြုံးလိုက်ကာ အားလုံးနှင့်အတူ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ထဲသို့ ဝင်ရောက်၍ ရှန်ဝူနိုင်ငံဆီ ထွက်ခွာခဲ့သည်။
အလင်းတန်း တစ်ခု ဖြာထွက် လာခဲ့ပြီး ရှန်ဝူနိုင်ငံ၏ နန်းတော်ရှေ့မှ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ကြီးသည် လင်းထိန် လာခဲ့သည်။
အလင်းမှိန်ဖျော့ သွားသည့်အခါ ကျန်းရီနှင့် အခြား လူများသည် မျက်လုံးဖွင့် လိုက်ကြသော် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့သည်။ နန်းတော်ရှေ့ရှိ မြေကွက်လပ်တွင် တစ်ထောင်ကျော်သော လူများ ရပ်နေကြသည်။ သူတို့အားလုံး အစီအရင်ထဲမှ ထွက်လာသော အချိန်တွင် လူအုပ်အလယ်မှ နန်းတွင်း ဝတ်စုံဖြင့် ခန့်ညား ချောမောနေသည့် လူငယ်သည် ရယ်မောလိုက်သည်။
"ရဲရင့်တဲ့ စစ်သည်တော်တွေကို နိုင်ငံကနေ ပြန်ကြိုဆို ပါတယ် ... ကျန်းရီ ... အမိန့်တော်ကို နာခံပါ ...”
***