လှပသည့် အိပ်မက်
Vol. 3 Ch. 31
အဝေးရှိ တိုက်ခေါင်မိုး တစ်ခုထက်တွင်တော့... ဟေးရစ် တစ်ယောက် လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ရင်း သူ့ အရှေ့ရှိ မြို့ပြကြီးကို ငေးကြည့် နေခဲ့သည်။ မီးလျှံများက မိုးသည်းထဲ၌ တဖျပ်ဖျပ် လင်းလက်နေကာ ပေါက်ကွဲသံများမှာလည်း မိုးခြိမ်းသံများနှင့် ရောနှော ထွက်ပေါ်လာနေသည်ကို ကြားရသည်။
ထိုကဲ့သို့ တိုက်ပွဲများမှာ နော်ဇင်မြို့၏ နေရာ ဒါဇင်ပေါင်းများစွာ၌ ဖြစ်ပွား သွားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မိုးများမှာ သွေးများ အားလုံးကို ရှင်းလင်း ဆေးကြော သွားပေလိမ့်မည်။
ဟေးရစ်သည် ရင့်ကျက် တည်ငြိမ်သည့် လူလတ်ပိုင်း အရွယ် ယောက်ျားတစ်ယောက် ဖြစ်သည်။ မျက်လုံး ထောင့်နားရှိ အရေးအကြောင်း အချို့နှင့် မီးခိုးရောင် ဆံပင်တို့က သူ့ကို ပိုမို ရင့်ကျက်သည့် ယောက်ျားတစ်ယောက် အသွင်အပြင်ကို ပေးသည်။ သူ၏ နောက်တွင်တော့ လူငယ်တစ်ဦးမှာ အနက်ရောင် ထီးတစ်ခုကို ကိုင်ရင်း ရပ်နေခဲ့၏။
“ယူရီ... တစ်ယောက်ယောက်က သူ့ကို ကူညီနေတယ် မင်းသိလား...”
ဟေးရစ်က တီးတိုး ပြောလိုက်၏။
“နော်ဇင်မှာ ဒီလိုလူမျိုး တစ်ဦး ရှိတယ် ဆိုတာ ငါ မသိခဲ့ဘူး... သားရဲ အသွင်ပြောင်းလဲမှုကို ထိန်းချုပ်ခြင်း... ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နည်းလမ်းလဲ... ဖရန့်ခ်ဝယ်လ်လို လူမျိုးမှာတောင် ဒီလို နည်းလမ်းမျိုး ရှိမှာ မဟုတ်ဘူး”
“အင်း”
ထီးကိုင်ထားသည့် လူငယ်က သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။
“မင်း ဖရန့်ခ်ဝယ်လ်နဲ့ တွေ့ခဲ့သေးလား”
“မတွေ့ပါဘူး”
“သူ့ကို သွားကြည့်လိုက်ဦးလေ... ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ ဆရာ ဖြစ်နေတုန်း မလား... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ အလုပ်လုပ်နေတဲ့ ငါ့လူတစ်ယောက်ဆီက သတင်း ရထားတယ်... သူ ၂၃ လမ်းမှာ ပေါ်လာခဲ့တယ် တဲ့... ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ဆီမှာ သဲလွန်စ ရှိချင် ရှိနေနိုင်တယ်”
“ဟုတ်ကဲ့”
“နောက်ပြီးတော့...”
ဟေးရစ်၏ နောက်ဆုံးစကားက အဆုံးထိ မရောက်လိုက်...။
ဝူး...
အက်ကွဲကြောင်း တစ်ခု လေထဲတွင် ပေါ်လာကာ ငွေရောင် ဝံပုလွေတစ်ကောင် ခုန်ထွက်လာခဲ့သည်။ ၎င်းမှာ အလွန် မြန်ဆန်လွန်းရကား ငွေရောင် အစင်းကြောင်း တစ်ခု အဖြစ်သာ မြင်လိုက်ရလေသည်။
ကျိကျစ်ရှို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ အဆင့်မြင့် သားရဲ အသွင်ပြောင်းခြင်း နည်းလမ်းနှင့် အတူ မိန်းကလေးမှာ အစစ်အမှန် အိပ်မက် သားရဲတစ်ကောင်နှင့် ခြားနားခြင်း မရှိတော့ချေ။ သူမက ကောင်းကင် ဝံပုလွေများ၏ မွေးရာပါ စွမ်းအား အကုန်လုံးကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။
ကောင်းကင် ဝံပုလွေများမှာ အာကာသနှင့် အချိန်ကို ခုန်ကူးနိုင်သည့် ဆိုသည့် ဂုဏ်သတင်း ရှိသည်။ ထို့အပြင်... သံမဏိ နှလုံးသားမှာ သူမကို အလွန် ကျယ်ပြန့်သည့် ပတ်ဝန်းကျင် တစ်ခုလုံးအား ခြုံငုံ မြင်နိုင်စေခဲ့သည်။ မီးလျှံ လှံတံ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လုဆဲဆဲတွင် မိန်းကလေးမှာ သူမ ကြိုတင် သတ်မှတ်ထားသည့် ကိုဩဒိနိတ်များဆီသို့ ခုန်ထွက်ခဲ့သည်။
ယခုအခါ၌... သူမမှာ ဟေးရစ်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
...
နှင်းပွင့်ကလေးများက ညင်သာစွာ ကြွေဆင်းနေ၏။ အိုင်းရစ်ပန်းပွင့်များက နေရာအနှံ့ ဖူးပွင့် နေကြသည်။
ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်...
နောက် အိပ်စက်နေသည့် မိန်းမလှလေး တစ်ဦး...
အရာရာကို နွေးထွေး တောက်ပသည့် အလင်းရောင်ဖြင့် အလှဆင်ထားသည့် မြင်ကွင်း တစ်ခုကို လင်ကျဲ မြင်တွေ့ နေရသည်။ နတ်သမီး ပုံပြင်များထဲမှ နေရာငယ်လေးကိုပင် ရောက်ရှိသွားသလို သူ တွေးလိုက်မိ၏။
‘တကယ့်ကို လှပတဲ့ အိပ်မက်လေးပဲ... အဘိုးဝယ်လ်က မညာခဲ့ဘူးပဲ...’
လင်ကျဲ ရွှင်မြူးစွာဖြင့် တွေးလိုက်ရင်း သူ့ အရှေ့ရှိ ပန်းခင်းကြီးကို ငေးကြည့်လိုက်သည်။ ထို့နောက် ဒူးထောက် ထိုင်ချလိုက်ရင်း အိုင်းရစ် ပန်းတစ်ပွင့်ကို ခူးယူလိုက်၏။
၎င်း၏ ပွင့်ချပ်လေးများက အလွန် စင်ကြယ်ပြီး လှပသည်ကို လင်ကျဲ သတိပြုလိုက်မိသည်။ မြင်ကွင်း၊ အနံ့၊ အထိအတွေ့... မည်သည့်ဘက်မှ ကြည့်စေကာမူ... ၎င်းက လက်တွေ့ဆန်လွန်းလှသည်။
ယုတ္တိ အိပ်မက်လော...။
တစ်ခါတစ်ရံ၌ လင်ကျဲမှာ ခေါင်းကို ရှင်းရှင်းလင်းလင်း ထားနိုင်ကာ သူ အိပ်မက် မက်နေသည်ကိုပင် သိရှိနိုင်သည့် အိပ်မက်များကိုလည်း မက်လေ့ရှိသည်။ ဤသို့သော အိပ်မက်များကို ယုတ္တိ အိပ်မက်များဟု ခေါ်သည်။
ထိုကဲ့သို့ အခြေအနေမျိုးဖြင့် အိပ်မက် မက်သူများမှာ သူ၏ လုပ်ဆောင်ချက်များ၊ အတွေးများနှင့် မှတ်ဉာဏ်များကို အပြည့်အဝ ထိန်းချုပ်နိုင်ကြသည်။ အချို့က သူတို့၏ ကိုယ်ပိုင် အိပ်မက်ကို လက်တွေ့ဘဝနှင့် ခြားနားခြင်း မရှိအောင်ပင် ပြုလုပ်နိုင်ကြသည်။
မယုံကြည်နိုင်စရာ ကောင်းလှသော်လည်း လက်တွေ့၌ အဆိုပါ အိပ်မက်များမှာ ရှားပါး ဖြစ်ရပ် မဟုတ်ပါချေ။ လူတစ်ဦးမှာ ယုတ္တိ အိပ်မက်များ မက်နိုင်စေရန် သူတို့ကိုယ်သူတို့ လေ့ကျင့်ပေးနိုင်ပေသည်။
လင်ကျဲမှာ အမြဲတမ်းလိုလို ယုတ္တိ အိပ်မက်များ မက်လေ့ ရှိသူ တစ်ယောက် မဟုတ်ပါချေ။ မှတ်ဉာဏ်အပေါ် အခြေခံ၍ အိပ်မက် မက်နေသည်ကို သိသည့် ယုတ္တိ အိပ်မက်များ အနည်းငယ်သာ သူ မက်ခဲ့ဖူးသည်။
ယခု အိပ်မက်ဖမ်း သမားကို ချိတ်ဆွဲပြီး နောက်တွင် သူ ပထမဆုံး အကြိမ် အဖြစ် ယုတ္တိ အိပ်မက်ကို မက်ခဲ့ပြီ ဖြစ်သည်။ သို့စေကာမူ လင်ကျဲမှာ အိပ်မက် ဖမ်းသမား၏ အကျိုးသက်ရောက်မှု အပေါ် သံသယ ရှိနေဆဲ ဖြစ်သည်။
၎င်း၏ လှပသည့် ဒီဇိုင်းလေးနှင့် အဘိုးဝယ်လ်၏ စကားလုံးများက ရှားရှားပါးပါး ချိတ်ဆက်မှု တစ်ခုကို ဖန်တီးကာ ဤအိပ်မက်ဘုံကို ဖန်တီးခဲ့ခြင်း ဖြစ်နိုင်သည်။ ဤသည်ကသာလျှင် အကျိုးသင့် အကြောင်းသင့် ရှိသည့် သိပ္ပံနည်းကျ ရှင်းပြချက်တစ်ခု ဖြစ်သည်ဟု သူ ခံစားခဲ့ရသည်။
မည်သို့ပင် ဆိုစေ... သူက ဖောက်သည် ရောက်လာမည့် အချိန်ကို စောင့်ဆိုင်း နေရသည့် ဆင်းရဲ နွမ်းပါးသော စာအုပ်ဆိုင် ပိုင်ရှင်လေး တစ်ယောက်သာ ဖြစ်သည်။ သူက စိတ်ကူးယဉ်သမား တစ်ဦး ဖြစ်သော်လည်း... အဘိုးဝယ်လ်က လျှို့ဝှက် ဆန်းကြယ်သည့် လက်ဆောင် တစ်ခု ပေးခဲ့ကြောင်းကိုတော့ ယုံကြည်ဖို့ ခက်ခဲနေဆဲ ဖြစ်သည်။
‘ဘယ်လိုပဲ ဖြစ်ဖြစ်... ဒါက အိပ်မက် ဆိုတော့ ငါ လုပ်ချင်တာ လုပ်လို့ ရနိုင်လား...’
လင်ကျဲ တွေးတောရင်း သစ်ပင်အောက်၌ လှဲလျောင်းနေသည့် မိန်းမလှလေးကို ကြည့်လိုက်သည်။ အိပ်မက် မက်နိုင်သည့် အရာများစွာ အနက်မှ အဘယ်ကြောင့် မိန်းကလေး တစ်ဦးအား အိပ်မက်မက်ရသည်ကို သူ တကယ်ပဲ စူးစမ်းချင်နေမိသည်။ သူက ယောက်ျား တစ်ဦး ဖြစ်နေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
လင်ကျဲ ပန်းခင်းကို ဖြတ်လျှောက်ရင်း သစ်ပင်ဘက်သို့ တဖြည်းဖြည်းချင်း တိုးသွားခဲ့သည်။ အိပ်မက်ထဲမှ ထိုမိန်းကလေးမှာ မည်ကဲ့သို့ ပုံပန်း သဏ္ဌာန် ရှိကြောင်း သူ မြင်တွေ့လိုသည်။
တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ မိန်းကလေးမှာ သူ ထင်မှတ်ထားတာထက် ပိုလှပသည်ကို သတိပြုလာမိသည်။
မိန်းကလေး၏ ရှည်လျားသော ငွေရောင် ဆံနွယ်များမှာ ပိုးသား ကန့်လန့်ကာ ကဲ့သို့ ပန်းခင်းထက်တွင် ပြန့်ကျဲ နေခဲ့သည်။ ဖြူစင် ဝင်းမွတ်သည့် ခန္ဓာကိုယ်လေးက အပြစ်အနာအဆာ ကင်းမဲ့စွာဖြင့် အိပ်မောကျနေဟန် ရသည်။ မိန်းကလေး၏ ရှည်လျား ကော့ညွှတ်လှသည့် မျက်တောင်ရှည်များမှာလည်း အဖြူရောင်ပင် ဖြစ်သည်။
‘လူတွေက ကိုယ်မြင်ဖူးတာကိုပဲ အိပ်မက် မက်ကြတယ် တဲ့... ဒီမြင်ကွင်းမျိုးကို ငါ ဆီဆေး ပန်းချီကား တစ်ခုခုထဲမှာ မြင်ဖူးတာ ဖြစ်ရမယ်’
လင်ကျဲ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူ ခါးကို ကိုင်းလိုက်ရင်း မိန်းကလေး၏ ဆံနွယ်ဖြူလေးများကို သပ်တင်ပေးကာ နားရွက်ကို ပေါ်လွင် စေလိုက်သည်။ ထို့နောက် ညင်သာစွာပင် ခူးယူထားသည့် အိုင်းရစ်ပန်းကလေးကို နားရွက်ထက်၌ ညှပ်ကာ ပန်ပေးလိုက်၏။
လက်တွေ့ဘဝတွင်တော့ လင်ကျဲမှာ တစ်ကိုယ်တည်း သမား တစ်ယောက်မျှသာ ဖြစ်သည်။ သူ့ဘဝ တစ်လျှောက်လုံး၌ မိန်းကလေး တစ်ယောက်ကို ထိုကဲ့သို့ နူးညံ့ ညင်သာစွာ ဆက်ဆံပေးခဲ့ဖူးခြင်း တစ်ကြိမ် တစ်ခါမျှ မရှိပါချေ။
မည်သို့ပင် ဆိုစေ... ဤသည်က အိပ်မက် တစ်ခုမျှသာ ဖြစ်သည်။ ထို့ကြောင့်ပင် သူ စိတ်အလိုကို လိုက်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ လုပ်ရပ်က မိန်းကလေး၏ အလှတရား ထက်တွင် လက်ဆောင် တစ်ခု ထပ်မံ ဖန်တီးလိုက်ခြင်းမျှသာ ဖြစ်သည်။
ပန်းကို သေချာ ပန်ဆင် ပေးပြီးနောက် လင်ကျဲ ခါးကို ပြန်မတ်လိုက်၏။ ထိုအခိုက်တွင်ပင် ငွေရောင် မျက်ဝန်း တစ်စုံက သူ့ကို စိုက်ကြည့်နေကြောင်း ရုတ်တရက် သူ သတိပြုလိုက်မိသည်။
“...”
လင်ကျဲ ထိတ်လန့်သွားကာ နောက်သို့ ခြေနှစ်လှမ်းမျှ အလျှင်အမြန် ဆုတ်လိုက်၏။
ဟူး... ဟူး...
ထိုအခိုက်တွင်ပင် လေပြင်းများ တိုက်ခတ်လာလေရာ ပန်းခင်း တစ်ခုလုံး တရှဲရှဲ မြည်သံများ ထွက်ပေါ်လာလေသည်။ နှင်းပွင့်များက ပျံဝဲတက်လာကာ ရှေးဟောင်း သစ်ပင်ကြီးမှာလည်း ကျယ်လောင်စွာ မြည်ဟီးလာ၏။
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးမှာ ပန်းခင်းထက်မှ မတ်တပ် ထရပ်လိုက်သည်။ ထို့နောက် အံ့အားသင့်မှုနှင့် သံသယတို့ ရောယှက်နေသည့် မျက်ဝန်းများဖြင့် လင်ကျဲကို ကြည့်လိုက်သည်။
မိန်းကလေး၏ အရပ်အမောင်းက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေကြောင်း လင်ကျဲ ရုတ်တရက် သဘောပေါက်လိုက်၏။
စောစောက သတိမထားခဲ့မိသော်လည်း မိန်းကလေး ထရပ်လိုက်သော အခိုက်၌ ခန္ဓာကိုယ် တစ်ခုလုံးကို မြင်နိုင်ရန် အတွက် သူ ခေါင်းကိုပင် မော့ရသည်။ ဆိုလိုသည်က ထိုမိန်းကလေးမှာ အနည်းဆုံး နှစ်မီတာခန့် အထိ မြင့်သည်။
အိပ်မက် ဆိုသည့် အတိုင်း ဘာမဆို ဖြစ်နိုင်ပေသည်။
***