← Chapters

အဖေနှင့်သား တွေ့ဆုံခြင်း

Vol. 1 Ch. 222

အဖေနှင့်သား တွေ့ဆုံခြင်း

Vol. 1 Ch. 222

အမိန့်တော်တွင် အရေးကြီး အကြောင်းအရာများ မပါဝင်ပေ။ စာထဲတွင် ကျန်းရီသည် ရှန်ဝူနိုင်ငံတော် ဂုဏ်တက်အောင် လုပ်ဆောင် ပေးခဲ့ကြောင်း၊ ကျန်းရီမှာ ရှန်ဝူနိုင်ငံ၏ ဂုဏ်ဆောင်ဖြစ်ကြောင်း တသီတတန်းကြီး ချီးကျူးထားခဲ့သည်။ နောက်ဆုံး စာကြောင်းသည် အဓိက အချက်ဖြစ်ပြီး ကျန်းရီအား နံနက်စောစော နန်းတော်သို့ အခစားဝင်ရန် မင်းကြီးက ဆင့်ခေါ် ထားခဲ့သည်။

ရှားဝူဟွေ့သည် သဘောထား ကြီးသည့် အမူအရာတို့ကို ဆင်မြန်းထားပြီး အပြုံး တစ်ခုကိုပါ ချိတ်ဆွဲ ထားလေသည်။ ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် တော်ဝင် မိသားစုမှ လူများစွာကို သတ်ထား ခဲ့သော်လည်း သူသည် အားလုံးကို ဖော်ဖော်ရွေရွေ လှိုက်လှိုက်လှဲလှဲ ဆက်ဆံ နေလေသည်။ သူ့စိတ်ထဲတွင် ကျန်းရီကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ထစ်ပစ်ချင် နေပါသော်လည်း သူ့အပြောအဆို တို့သည် နာကြည်း မုန်းတီးမှု တစ်စွန်းတစ်စပင် မရှိဘဲ လူတိုင်းအား ပျော်ရွှင်၍ သက်သောင့်သက်သာ ဖြစ်စေလေသည်။ သူသည် ရှန်ဝူနိုင်ငံ၏ အခြား မင်းသားများနှင့် မတူဘဲ ကွဲထွက်နေပြီး အမှန်တကယ် အိမ်ရှေ့စံဖြစ်ရန် ထိုက်တန်လှသည်။

ရှားဝူဟွေ့၏ နောက်တွင် မှူးမတ်များ၊ စစ်သူကြီးများ ရပ်နေကြသည်။ ကျန်းရီသည် တစ်ယောက်ကိုမှ မသိသော်လည်း ထိုသူများ၏ ပါးစပ်မှလည်း ချီးကျူးစကားများ ထွက်နေကြ လေသည်။ ကျန်းရီသည် စကားအများကြီး မပြောဘဲ ခပ်တည်တည်သာ နေနေခဲ့သည်။ သို့သော် သူ့အား ပြုံးပြလာကြသော အခါတွင်မူ ဒီအတိုင်း နေ၍ မရတော့ဘဲ ပြန်ပြုံးပြ နေရသည်။ ကျောင်းအုပ်ချီ၊ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည် ဤသို့သော် အခြေအနေမျိုးနှင့် ကြိမ်ဖန်များစွာ ကြုံဖူးကြလေရာ အထူးတလည် ခံစား မနေကြပေ။

အပြန်အလှန် နှုတ်ဆက်ပြီး နောက်တွင်တော့ ရှားဝူဟွေ့သည် ကျောင်းအုပ်ချီနှင့် အခြား ကျောင်းအုပ်များကို ဦးဆောင်၍ နန်းတော်ထဲသို့  ခေါ်သွားခဲ့သည်။ သူသည် အစက ကျန်းရီကို ဖိတ်ခေါ် လိုက်သော်လည်း ကျန်းရီက ပါးနပ်စွာ ငြင်းပယ်လိုက်သည်။ ထို့နောက် ကျန်းရီတို့ လူစုသည် ရထားလုံး အသီးသီး ပေါ်တက်ကာ ယင်းလုံ အိမ်တော်ဆီ ထွက်ခွာ လာခဲ့ကြသည်။

"အစ်ကိုကြီး ...”

ကျန်းရီ ဖင်ပူအောင်တောင် မထိုင်ရသေးခင် ချမ်ဝမ်ကွမ်သည် သတင်းဆိုးကို သယ်ဆောင်၍ အလောတကြီး ပြေးဝင် လာခဲ့သည်။ ကျန်းပိုင်လီ တော်ဝင် မြို့တော်သို့ ရောက်လာခဲ့သည်။ ဤတစ်ခေါက်တွင် သူသည် ရှေးဟောင်း စစ်တပ်သုံး မြင်းရထားကို စီးမလာဘဲ နောက်လိုက် တစ်စုနှင့်အတူ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်နှင့် ခမ်းခမ်းနားနား ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

ထိုသတင်းကို ကြားသောအခါ ကျန်းရီ၏ နှုတ်ခမ်းစွန်းတို့ ကော့တက်သွားကာ လှောင်ပြုံးတစ်ခု ဖြစ်တည် လာခဲ့သည်။ သူသည် ပါးစပ်ပိတ်၍သာ နေလိုက်ပြီး အိပ်စက်ရန် အခန်းထဲသို့ ဝင်လာလိုက်သည်။ သူသည် အမည်မဲ့ ကျင့်စဉ်ကို နားလည်အောင် တစ်ညလုံး လေ့လာ နေခဲ့သောကြောင့် အနားယူရန် အချိန်ပင် မရလိုက်ချေ။

ကျန်းရီသည် နေ့လယ်တွင် နိုးလာသောအခါ ချမ်ဝမ်ကွမ်သည် နောက်ထပ် သတင်းဆိုး တစ်ခုကို ယူလာခဲ့ပြန်သည်။ ချမ်ဝမ်ကွမ်သည် ထိုသတင်းကို မပြောချင် ပါသော်လည်း တစ်မြို့လုံး ပြန့်နေပြီဖြစ်ရာ ဖုံးကွယ် မထားနိုင်တော့ပေ။

အိမ်ရှေ့စံ မင်းသားနှင့် စုလောရွှယ်တို့၏ လက်ထပ်ပွဲသည် နောက်တစ်လ အကြာတွင် ကျင်းပလိမ့်မည်။ သတို့သမီးကို စောင့်ရှောက်ရမည့် စစ်တပ်သည် သတို့သမီးကို ခေါ်ဆောင်ရန် ရှားနိုင်ငံသို့ နောက်တစ်နေ့တွင် ထွက်ခွာလိမ့်မည်။

ကျန်းရီသည် ထိုကိစ္စကို မပြောင်းလဲနိုင်ကြောင်း သိထားသော်လည်း သတင်း ကြားသောအခါ အလွန် မသက်မသာ ဖြစ်လာခဲ့သည်။ သူသည် စုလောရွှယ်ဟု အမည်ရသော မိန်းကလေးကို မေ့ပစ်ရန် အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့ ပြီးသော်လည်း သတင်းကြားသည့် ခဏတွင် သူ့နှလုံးသားကို ဓားဖြင့် အကြိမ်ကြိမ် မွှန်းနေသည့် အလား ခံစားရလေသည်။

"ငါ့ကို ကောင်းကင် ကျောက်တုံးတွေ စုပ်ယူရမယ့် နည်းလမ်းသာ သွားရှာပေး ...”

ကျန်းရီသည် လက်ယမ်းပြရာ ဘာအဓိပ္ပာယ်မှန်း ချမ်ဝမ်ကွမ် သိလိုက်သည်။ ကျန်းရီသည် သူ၏ ဝမ်းနည်းမှုများကို အားအင် ဖြစ်စေသည့် အရာအဖြစ် အသုံးချ၍ ကျင့်ကြံရန် ကြိုးစား နေခြင်းပင်။

ကောင်းကင် ကျောက်တုံးများမှ စွမ်းအင်များကို စုပ်ယူသည့် နည်းလမ်းအား အလျင်အမြန် ရှာတွေ့ သွားခဲ့သည်။ ချမ်ဂိုဏ်းတွင် ကောင်းကင်ကျောက်တုံး တစ်တုံးမှ မရှိသော်လည်း ဂိုဏ်းကြီးများ အားလုံးတွင် ကောင်းကင်ကျောက်တုံး စုပ်ယူနိုင်သည့် နည်းလမ်းများ ရှိကြသည်။ ကျန်းရီသည် စာရွက်ကို မြန်မြန်ဖတ်ကာ မည်သို့ လုပ်ရမည်ကို သိသွားခဲ့ပြီ ဖြစ်သော်လည်း အလျင်စလို မစုပ်ယူသေးပေ။ ကောင်းကင် ကျောက်တုံးမှ စွမ်းအင်များကို စတင် စုပ်ယူသည်နှင့် ရပ်တန့်၍ မရပေ။ ကျောက်တုံးတစ်ခုကို စုပ်ယူရန် အနည်းဆုံး ဆယ်ရက်ခန့် ကြာမည် ဖြစ်လေသည်။

ကျန်းရီသည် သွားသောက်၍လည်း မရ ကျင့်ကြံ၍လည်း မဖြစ်နိုင်သေး ဖြစ်နေခဲ့သည်။ သူသည် အခန်းအောင်း၍သာ အမည်မဲ့ ကျင့်စဉ်၏ တတိယ အဆင့်ကို လေ့လာ နေခဲ့သည်။ ထူးဆန်းသည်မှာ တစ်ညထပ်မံ ကုန်ဆုံး သွားသော်လည်း ကျန်းရီ တစ်ခုမှ နားမလည်သေးပေ။ ကျန်းရီသည် ဤတတိယပိုင်းမှာ ကောင်းကင်ဘုံ ဘာသာစကားနှင့် ရေးထားသည်ဟုပင် ခံစားလာ ရလေသည်။

နောက်တစ်နေ့တွင် ကျန်းရီသည် စောစော ထခဲ့သည်။ ချမ်ဝမ်ကွမ်သည်လည်း စောစောထ၍ ကျန်းရီကို နန်းတော်အတွင်း ဆောင်ရန် ရှောင်ရန်များနှင့် အနေအထိုင်တို့ကို သင်ပြပေး လေသည်။ ဤတစ်ခေါက်တွင် ကျန်းရီသည် ရှန်ဝူနိုင်ငံ၏ ဘုရင်နှင့် တွေ့ဆုံရမည် ဖြစ်ကာ တစ်ခုခု လွဲချော် သွားပါလျှင် ကျန်းရီ၏ အနာဂတ်မှာ သွားလိမ့်မည်။

ကျန်းရီသည် ထိုအကြောင်းကို စိတ်မပူသလို ရှန်ဝူနိုင်ငံက ပေးအပ်မည့် နဂါးစစ်သူကြီး ဘွဲ့ကိုလည်း စိတ်မဝင်စားပေ။ သူသာ ရှန်ဝူနိုင်ငံ၏ စစ်သူကြီး ဖြစ်သွားလျှင် တော်ဝင် မိသားစုအတွက် အမှုထမ်း ပေးရသည့် အရာရှိတစ်ဦး ဖြစ်သွားသည့် အပြင် ကျန်းပိုင်လီ၏ အမိန့်များကိုလည်း နာခံပေး ရဦးမည်။ ဘယ်ဘက်က ကြည့်ကြည့် ကျန်းရီအတွက် မကျေမနပ် ဖြစ်ချင်စရာ များသာ။ ထို့ပြင် ရှားထျန်းနှင့် ရှားဝူဟွေ့တို့လည်း ရှိနေရာ ကျန်းရီသည် တော်ဝင် မိသားစုကို နည်းနည်းလေးမှ မနှစ်မြို့ပါချေ။

တော်ဝင် စစ်တပ်၏ တပ်စုတစ်ခုသည် ယင်းလုံ အိမ်တော်၏ ရှေ့တွင် ရပ်တန့်ထားသော ရှန်ဝူနိုင်ငံ အလံပါသည့် ရထားလုံး ဘေးတွင် မနက်မိုးလင်း တည်းက ရပ်၍ စောင့်ဆိုင်း နေကြသည်။ ကျန်းရီအပြင်သို့ ထွက်လာသည်နှင့် တပ်ဖွဲ့သည် ဒူးထောက်ကာ နှုတ်ဆက် လိုက်ကြသည်။

"အရှင့်ကို နှုတ်ဆက်ပါတယ် ...”

"အရှင် ...”

ကျန်းရီသည် အရှက်ပြေ နှာခေါင်း ပွတ်လိုက်သည်။ သူ့အား နဂါးစစ်သူကြီးဘွဲ့ မချီးမြှင့်ရ သေးသော်လည်း ဤတပ်ဖွဲ့သည် သူ့အား စစ်တပ်၏ ထုံးတမ်း စဉ်လာများနှင့် နှုတ်ဆက် နေလေပြီ။ အသက်ဆယ့်ခြောက်နှစ် အရွယ်တွင် အရှင်ဟု အခေါ်ခံရခြင်းမှာ ထူးဆန်းနေသည်။

ချမ်ဝမ်ကွမ်နှင့် အခြားလူများကို နှုတ်ဆက် လိုက်ပြီးနောက် ကျန်းရီသည် ရထားလုံးပေါ် တက်ကာ တော်ဝင် နန်းတော်ဆီ ထွက်လာခဲ့သည်။

တော်ဝင် စစ်တပ်ကြောင့် လမ်းသွား လမ်းလာတို့ လမ်းဖယ်ပေးကြရာ ခရီးသည် နှောင့်နှေး ကြန့်ကြာမှု မရှိခဲ့ပေ။ ကျန်းရီသည် နန်းတော်သို့ မြန်ဆန်စွာ ရောက်ရှိသွားခဲ့ပြီး ရထားလုံးသည် နန်းဆောင်ငယ် တစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။ တော်ဝင်စစ်တပ်မှ အကြီးအကဲ တစ်ယောက်သည် သူ့အား အသိပေး လာခဲ့သည်။

"အချိန်နည်းနည်း စောနေပါ သေးတယ်၊ အရှင်ဒီမှာ ခဏလောက် နားပါဦး"

ကျန်းရီသည် ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး နန်းတော် အသေးစားလေးအား တစ်ချက်ကြည့် လိုက်သည်။ သူသည် နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပထနေရာ ရခဲ့ပြီး တော်ဝင် မိသားစု၏ အသိအမှတ် ပြုခြင်းကို ခံရသော်လည်း ဤမျှလောက်တော့ မဖြစ်သင့်ပေ။ သူ့အား စောစောလာ၍ ကြိုရုံသာမက နားနေရန် အဆောင်တစ်ခုပါ ပေးလိုက်သေးသည်။ ချမ်ဝမ်ကွမ်သည် သူ ညီလာခံ ခန်းမ၏ အပြင်တွင်ရပ်၍ မင်းကြီး ဆင့်ခေါ်မည့် အချိန်ကို စောင့်ရ နိုင်သည်ဟု ပြောထားခဲ့သည်။ သူဤနေရာသို့ ရောက်လာမှတော့ စီစဉ်ပေးသည့် အတိုင်းသာ သွားသင့်လေသည်။

ကျန်းရီသည် ဖြည်းဖြည်းချင်း ဝင်သွားခဲ့သည်။ နန်းတွင်း အပျိုတော်လေး များသည် ဘေးတွင် ဒူးထောက် ထိုင်နေကြ၍ သူ့အား ကြိုဆို နေသည်ကို မြင်သောအခါ သူသံသယ ဝင်လာရသည်။ သူနန်းဆောင် ထဲသို့ ဝင်သွားပြီးသော အခါ သူ့စိတ်ထဲမှ သံသယများ ကွယ်ပျောက် သွားခဲ့သည်။  နန်းဆောင်ထဲတွင် လူတစ်ယောက် မတ်တတ်ရပ် နေခဲ့သည်။ ကျန်းရီသည် အမျိုးသား တစ်ယောက်၏ နောက်ကျောကို ကြည့်ရုံမျှဖြင့် ဖိအားတို့ ခံစားရသည်မှာ ဤတစ်ခေါက်သည် ပထမဆုံးအကြိမ် ဖြစ်လေသည်။

ထိုလူသည် နှစ်မီတာခန့် အရပ်ရှည်၍ စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် သူ့ကို ကြည့်မိသော လူတိုင်းသည် ကာယ အလုပ်များနှင့် အက်စပ်ခြင်း မရှိသည့် စာပေသမား တစ်ယောက်၏ ထင်ကြမည် မဟုတ်ပေ။ ထိုလူသည် သူ့အား တစ်ချက်ကြည့်ရုံနှင့် သူ့ပုံရိပ်အား စိတ်ထဲတွင် တစ်သက်စွဲထင် သွားအောင် အားကောင်းသည် ဟုသော ခံစားချက်ကိုသာ ပေးနေလေသည်။

ထိုလူသည် မည်သည့် အရှိန်အဝါကိုမှ ထုတ်လွှင့် မထားသော်လည်း ကျန်းရီ နန်းဆောင်ထဲ ရောက်လာချိန် တည်းက လေထုလေးလံ နေသည်ကို ခံစားမိခဲ့သည်။ သူ့မျက်လုံးများသည် ကောင်းကင်ကို ခွင်းသွားတော့မည့် ဓားတစ်လက် အလား ထက်ရှနေသည့် ကျောပြင် ထက်တွင်သာ စူးစိုက် နေခဲ့သည်။

ကျန်းပိုင်လီ ...

ခန့်မှန်း နေစရာ မလိုပါပေ။ ကျန်းရီသည် ထိုလူ၏ ဇာစ်မြစ်ကို သိရန် အကြည့် တစ်ချက်သာ လိုလေသည်။ ဤကဲ့သို့သော အငွေ့အသက်၊ တော်ဝင် စစ်တပ်ကို သူ့စကား တစ်ခွန်းဖြင့်သာ အမိန့်ပေးနိုင်သည့် အာဏာ၊ နန်းတွင်း အစေခံများ၏ ဒူးထောက်နေမှု၊ ကျန်းရီကို လေးလံသော ခံစားချက်တို့ ပေးစွမ်းနိုင်သည့် လူမှာ ရှန်ဝူ တစ်နိုင်ငံလုံးတွင်မှ တစ်ဦးသာ ရှိလေသည်။

နောက်ဆုံးတွင် အဖေနှင့်သား တွေ့ဆုံခဲ့လေပြီ။

တော်ဝင်စစ်တပ်မှ စစ်သည်များနှင့် နန်းတွင်း အပျိုတော်လေးများ တိတ်တဆိတ် ရှောင်ထွက်ပေး သွားကြသော်လည်း ကျန်းရီ သူတို့ကို သတိမပြုမိ လိုက်ပေ။ ခံစားချက် မျိုးစုံကြောင့် သူ့မျက်နှာ ထက်တွင် ရှုပ်ထွေးသည့် အရိပ်အယောင်များ ပေါ်ထွက် လာခဲ့သည်။ သူ့မျက်လုံးများ ထဲတွင် သားက ကိုယ့်ဖခင်ကို တွေ့ရသည့် စိတ်လှုပ်ရှားမှုတို့ ရှိနေခဲ့သော်လည်း ဝမ်းနည်းမှု၊ နာကြည်းမှုနှင့် လှောင်ပြောင် လိုမှုတို့က ပိုများလေသည်။

ကျန်းရီသည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ့အမူအရာသည် မထင်မှတ်ထားစွာ တည်ငြိမ် သွားခဲ့သည်။ သူ၏ ခံစားချက်ပေါင်းစုံ ပေါ်ထွက်နေသော မျက်လုံးများ သည်လည်း ရေသေကဲ့သို့ တည်ငြိမ် သွားခဲ့သည်။

"ငါက ကျန်းပိုင်လီ၊ ရှန်ဝူနိုင်ငံရဲ့ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၊ အနောက်ဘက် မြို့စောင့်တပ်ရဲ့ စစ်သေနာပတိချုပ်"

ထိုလူသည် ရုတ်တရက် စကားပြော လာခဲ့ပြီး ကိုယ်ကိုဖြည်းဖြည်း လှည့်ကာ ကျန်းရီကို ကြည့်လာခဲ့သည်။ ထို့နောက် တည်ငြိမ်စွာ စကားဆက် လာသည်။

"မင်းက ကျန်းရီ၊ မင်းအမေက ရီဖျောင်ဖျောင်၊ မင်းငါ့ကို အဖေအဖြစ် အသိအမှတ် မပြုချင်ဘူး ဆိုတာ ငါနားလည်ပေမဲ့ ငါကမင်းရဲ့ အဖေ ... ဒါက အမှန်တရားပဲ"

ကျန်းရီ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အမူအရာ တစ်စွန်းတစ်စ ပေါ်ထွက် လာခဲ့သည်။ သူနှင့် ကျန်းပိုင်လီ တွေ့ဆုံခန်းကို သူအမျိုးမျိုး စိတ်ကူးယဉ် ကြည့်ခဲ့ဖူးသည်။ သို့သော် ကျန်းပိုင်လီ၏ ပထမဆုံး စကားသည် ဤသို့ တိုက်ရိုက်ကြီး ဖြစ်နေမည်ဟု မျှော်လင့် မထားခဲ့ပေ။

သို့သော် ကျန်းရီ၏ မျက်နှာထက်မှ အံ့အားသင့်မှုသည် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားကာ တည်ငြိမ်မှုများ အစားထိုး ဝင်ရောက်လာသည်။ သူသည် တိတ်ဆိတ် နေ၍သာ ကျန်းပိုင်လီကို မနှောင့်ယှက်လိုသည့် သဘောဖြင့် ကြည့်နေခဲ့သည်။

ကျန်းပိုင်လီသည် ကျန်းရီကို တစ်ချက်ကြည့် လိုက်ပြီး အပြင်ရှိ ကောင်းကင်ကို ငေးကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်း ထောင့်စွန်းတို့ ကွေးတက်သွားပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးကာ ရယ်ချလိုက်ပြီး စကားဆက် လာခဲ့သည်။

"ကျန်းရီ ... မင်းငါ့ကို အဖေအဖြစ် အသိအမှတ် မပြုရင် ဒါမှမဟုတ် ကျန်းရိမြို့ကို ပြန်ပြီး မင်းပိုင်ဆိုင်တဲ့ နေရာကို မဆက်ခံ ချင်ရင်တောင် ကိစ္စမရှိဘူး၊ ငါမင်းကို တစ်ခုပဲ ပြောချင် နေခဲ့တာ ... ကျန်းရိမြို့ရဲ့ အရင်နာမည်က အနောက်ဘက် နယ်စပ်မြို့ ... မင်းအမေ ထွက်သွားပြီးမှ ငါနာမည် ပြောင်းပစ်ခဲ့တာ၊ မင်းမွေးလာတာ ကိုလည်း ငါမသိခဲ့ဘူး၊ ငါသိခဲ့ရင် မင်းကို ဒီလောက်နှစ်တွေ အကြာကြီး နာကျင်စေခဲ့မှာ မဟုတ်ဘူး။ အမ် ... ငါဘာပြောဖို့ ကြိုးစားနေလဲ ဆိုတာ မင်းနားလည်ရဲ့လား ...”

***

All Chapters