အိပ်မက်ဖမ်းသမား
Vol. 3 Ch. 29
“အဘိုးဝယ်... ဒီတစ်ခါ ပြန်လာတာ မြန်လှချည်လားဗျ”
လင်ကျဲ ပြုံးရင်း နှုတ်ဆက်လိုက်၏။ မှန်ပေသည်။ အဘိုးဝယ် ပြန်ရောက်လာခြင်းပင်။ သူက ယခင် အတိုင်း အနောက်တိုင်း ဝတ်စုံကိုပင် ဝတ်ဆင်ထားခြင်း ဖြစ်သည်။ သို့သော်လည်း... သည်တစ်ကြိမ် ဝတ်စုံက နည်းနည်း ပိုရှည်ကာ လက်ခုံအထိကို ဖုံးထား၏။
အဘိုးဝယ်မှာ အဝတ်အစားနှင့် ပတ်သက်ပါက အမြဲတမ်း အထာကျသည်ဟု လင်ကျဲ ခံစားရသည်။ သူ၏ စတိုင်က အနောက်တိုင်း လူကြီးလူကောင်း တစ်ဦးလိုပင်။
ဖရန့်ခ်ဝယ်လ်က ဦးထုပ်ကို ချွပ်ကာ အနည်းငယ် ဦးညွှတ် နှုတ်ဆက်လိုက်ပြီးနောက် ကောင်တာရှေ့ ထိုင်ခုံဆီသို့ ဦးတည် လျှောက်လာခဲ့သည်။ ထို့နောက် စာအုပ်ကို ထုတ်ယူရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဆရာလေးရဲ့ ရက်ရောမှု အတွက် ကျေးဇူးတင်ပါတယ်... ကျုပ် တိုးတက်မှုတွေ အများကြီး ရခဲ့ပါတယ်... နောက်ပြီး ကျုပ် စိတ်အားထက်သန်နေတယ်... မကြာခင် အောင်မြင်မှု တစ်ခုခု ရတော့မယ်လို့ ခံစားရတယ်”
ဖရန့်ခ်ဝယ်လ်မှာ အခရာ အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သလို ခံစားရသည်။ ကွာဟချက်က ကြီးမားနေသေးသော်လည်း ဖျက်ဆီးခြင်း အဆင့်က သူ၏ တည်ရှိမှုကို မချည်နှောင် ထားနိုင်တော့ကြောင်း ဝယ်လ် သေချာနေခဲ့သည်။
သူ လိုအပ်သမျှက ဝိညာဉ်၏ သဘောတရားကို သန့်စင်ရန်နှင့် ကိုယ်ပိုင် ဘာသာစကား တစ်ခု ရှာဖွေရန် ဖြစ်သည်။ လင်ကျဲက လက်ခုပ်တီးလိုက်၏။
“လက်ရှိ အဆင့်ကို ဖြတ်ကျော်ဖို့က တကယ်ပဲ မလွယ်ကူပါဘူး... အဘိုးဝယ်လ်ကို ကြိုတင်ပြီး ဂုဏ်ပြုပါရစေ... ခင်ဗျား အကူအညီ လိုအပ်ရင်လည်း ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးပါ့မယ်”
ဖရန့်ခ်ဝယ်လ်က စာအုပ်ကို စားပွဲပေါ် တင်လိုက်သည်။
“အရမ်းကျေးဇူးတင်ပါတယ်... ဆရာလေးလင်... ကျုပ် ခင်ဗျားရဲ့ လက်ရာကနေ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ပါတယ်.. အခု ကျွန်တော် ဆရာလေးကို ပြန်ပြီး ကျေးဇူးဆပ်ဖို့ ပြင်ဆင်လာပါတယ်”
ဖရန့်ခ်ဝယ်လ်မှာ ယခင်က ကျောက်ဂါဂွိုင်း တစ်ခုကို လက်ဆောင် အဖြစ် ပေးခဲ့ဖူးသော်လည်း လင်ကျဲ သူ့ကို ပြန်ပေးသည့် အကူအညီနှင့် နှိုင်းယှဉ်ပါက ဂါဂွိုင်း၏ တန်ဖိုးက ရယ်စရာသာ ဖြစ်ပေသည်။
ထို့ကြောင့်ပင်... သူ နှစ်နှစ်ကြာ ပြင်ဆင်ခဲ့သည့် လက်ဆောင်ကို လင်ကျဲအား ပေးအပ်လိုသည်။ ထိုလက်ဆောင်မှာ လွန်ခဲ့သည့် နှစ်နှစ် အတွင်း သူ ပုန်းအောင်း နေခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ထိုသို့သော လက်ဆောင်သာလျှင် လွန်ခဲ့သည့် နှစ်နှစ် အတွင်း လင်ကျဲထံမှ ရရှိခဲ့သည့် စိတ်ကောင်း စေတနာကောင်းများကို ပြန်လည် ပေးဆပ်နိုင်လိမ့်မည် ဖြစ်သည်။
ဖရန့်ခ်ဝယ်မှာ သနားညှာတာမှု မရှိသည့် အောက်လမ်း မှော်ဆရာ တစ်ယောက် ဖြစ်သော်လည်း ကိုယ်ပိုင် ဂုဏ်သရေနှင့် စည်းမျဉ်းများကို ဆွဲကိုင်ထားသူ တစ်ဦး ဖြစ်သည်။ ရန်ကြွေးနှင့် ကျေးဇူတရားအား ပြန်ဆပ်ခြင်းမှာ သူ စောင့်ထိန်းနေသည့် သီလတစ်ခု ဖြစ်သည်။
“အဘိုးဝယ်လ်... မလုပ်ပါနဲ့ဗျာ... ခင်ဗျားရဲ့ အရင်လက်ဆောင်နဲ့တင် ကျွန်တော် အရမ်း ကျေနပ်နေတာပါ... အရမ်း တန်ဖိုးရှိတဲ့ လက်ဆောင် တစ်ခုကို ခင်ဗျား နောက်တစ်ကြိမ် ထပ်ပေးမယ် ဆိုရင် ကျွန်တော် လက်ခံဖို့ တကယ် ပြန်စဉ်းစားရလိမ့်မယ်”
လင်ကျဲက စားပွဲပေါ်ရှိ ကျောက်ဂါဂွိုင်းကို ကြည့်ရင်း ပြောလိုက်သည်။ သို့သော်လည်း... ဖရန့်ခ်ဝယ်လ်ကတော့ လင်ကျဲမှာ သူ ကျေနပ်အောင် နှစ်သိမ့်နေခြင်းဟုသာ ထင်နေခဲ့သည်။
‘အင်း... ဆရာလေးလင်က တကယ့်ကို ရိုးသားပြီး အားနာတတ်တဲ့လူပဲ... သူ့ရဲ့ လမ်းညွှန်မှုတွေနဲ့ ယှဉ်ရင် ငါ ပေးခဲ့တဲ့ လက်ဆောင်က ဘာတန်ဖိုးမှ မရှိပေမဲ့ ငါ့ခံစားချက်တွေကို ထည့်စဉ်းစားပေးပြီး ပိုတန်ဖိုး ရှိသလိုတောင် ပြောပေးနေတယ်... သူက တကယ့်ကို ကြီးမြတ်တဲ့ လူမျိုးပဲ’
“ရပါတယ်ဗျာ... ဆရာလေး မငြင်းပါနဲ့... အမှန်အတိုင်း ပြောရရင် ဒီလက်ဆောင်က ကျွန်တော့်အတွက် သိပ်ပြီး အသုံးမဝင်လှပါဘူး... ကျွန်တော့်ထက်စာရင် ဆရာလေး အတွက် ပိုပြီးတော့ အသုံးဝင်နိုင်ပါတယ်”
ဖရန့်ခ်ဝယ်လ်က ချည်ပြီးတုပ်ပြီး ပြောလိုက်၏။
“ဆရာလေး လက်မခံဘူး ဆိုရင် ကျွန်တော် တကယ် ဝမ်းနည်းရလိမ့်မယ်”
လင်ကျဲတစ်ယောက် မည်ကဲ့သို့ ငြင်းနိုင်တော့မည်နည်း။
“ဟုတ်ပါပြီဗျာ... ဒါပေမဲ့ အဘိုးဝယ်လ် ပြင်ဆင်ထားတဲ့ဟာကို အရင် ကြည့်ပါရစေဦး...”
ဖရန့်ခ်ဝယ်လ် အသက် ပြင်းပြင်း ရှူလိုက်ရင်း ကုတ်အင်္ကျီ အတွင်းအိတ်ထဲမှ အိပ်မက် ဖမ်းသမားနှင့် ဆင်တူသည့် အဆင်တန်ဆာ တစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်သည်။
ထိုအဆင်တန်ဆာလေးတွင် အကိုင်းအခက်များဖြင့် ဖန်တီးထားသည့် စက်ဝိုင်း ပုံသဏ္ဌာန် ဘောင်တစ်ခု ရှိကာ ယှက်နွယ်နေသည့် ကြိုးများကြားတွင် ပုလဲများ မြှုပ်သွင်းထားသည်။ အလယ်တည့်တည့်တွင်တော့ တစ်ခုတည်းသော အဆင်တန်ဆာ အဖြစ် အပြာနုရောင် ကျောက်မျက်တစ်ခု ပါရှိနေ၏။ စက်ဝိင်း သဏ္ဌာန်ဘောင်အောက်ဖက်တွင် နူးညံ့သည့် အမွေးအတောင် အချို့ ချိတ်ဆွဲထားသည်။
“အိပ်မက်ဖမ်းသမားလား...”
လင်ကျဲ မျက်ခုံးပင့်ရင်း မေးလိုက်၏။ ဤသည်မှာ အဘိုးဝယ်၏ လက်ဆောင် ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
ရိုးရာပုံပြင်များ လေ့လာရာတွင် ပါရဂူဘွဲ့ရ ထားသည့် ကျောင်းသားတစ်ဦးအနေဖြင့် လင်ကျဲ၏ သုတေသန နယ်ပယ်မှာ ဒေသသံ တိုင်းရင်းသား နယ်ပယ်များတွင်သာ ကန့်သတ်ထားခြင်း မဟုတ်ပါချေ။ မကြာခဏ ဆိုသလို သူက ကမ္ဘာတစ်ဝှမ်းမှ ထူးခြားသော ရိုးရာ ပုံပြင်များနှင့် ဓလေ့ထုံးတမ်းများကိုလည်း လေ့လာခဲ့ဖူးပေသည်။
နေးတစ် အမေရိကန်များ(အမေရိကတိုက်၏ မူလ နေထိုင်သူများ)၏ ယဥ်ကျေးမှုတွင် အိပ်မက်ဖမ်းသမားများကို မြင့်မြတ်သော အရာ သို့မဟုတ် ကျက်သရေဆောင်အဖြစ် သတ်မှတ်ထားသည်။ ထိုနေးတစ် အမေရိကန်များ၏ အယူအရ အရ ညပိုင်း၌ တိုက်ခတ်နေသည့် လေမှာ အိပ်မက်များဖြင့် ပြည့်နှက် နေတတ်သည်ဟု ဆိုသည်။ အိပ်မက်ဖမ်းသမားများမှာ ထိုလေများ တွင်းမှ ကောင်းသော အိပ်မက်များကို ဖမ်းယူနိုင်ကြသည်ဟု ဆိုသည်။
ကောင်းသော အိပ်မက်များမှာ အလယ်ဗဟိုရှိ အပေါက်မှ တစ်ဆင့် ဖြတ်သန်ကာ အမွေးအတောင်များ တစ်လျှောက် အောက်ဘက်သို့ စီးဆင်းလာနိုင်သော်လည်း အိပ်မက်ဆိုးများကတော့ ပိုက်ကွန်တွင် ပိတ်မိနေကာ နေထွက်ပေါ်လာသောအခါ တဖြည်းဖြည်း မှေးမှိန်သွားလိမ့်မည် ဖြစ်သည်။
အချို့သော ဒဏ္ဍာရီများ အရ... အိပ်မက်ဖမ်းသမားများ ပေါ်ရှိ ပုလဲများမှာ အိပ်စက်စဉ် အတွင်း ဖမ်းယူထားသည့် စွမ်းအင်၊ ဉာဏ်ပညာများနှင့် ပြည့်နှက်နေကာ ဝိညာဥ်လောကနှင့် ဆက်သွယ်မှုကို အားကောင်းစေနိုင်သည်ဟု ဆိုသည်။
အတိုချုပ်အားဖြင့် ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဓမ္မတို့နှင့် ပြည့်နှက်နေသည့် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပေသည်။
ထိုကဲ့သို့သော အရာများမှာ ဤကမ္ဘာ တည်ရှိနေလိမ့်မည်ဟု လင်ကျဲ ထင်မှတ် မထားခဲ့ပါချေ။
“ဆရာလေးလင်က တကယ့်ကို အသိပညာ ကြွယ်ဝတာပဲ...”
ဖရန့်ခ်ဝယ်လ်က လေးစားစွာဖြင့် သက်ပြင်းချလိုက်ရင်း လက်ထဲရှိ အိပ်မက်ဖမ်းသမားကို မြှောက်ပြလိုက်သည်။
“မှန်ပါတယ်... ဒါက အိပ်မက်ဖမ်းစက်ပါပဲ...”
အိပ်မက်ဖမ်းသမားများမှာ မှော်လမ်းစဉ်၏ ရတနာများ ဖြစ်လေရာ လင်ကျဲ သိနေခြင်း အပေါ် ဖရန့်ခ်ဝယ်လ် မအံ့ဩပါချေ။ အများအားဖြင့် မတွေ့ရသော်လည်း ၎င်းတို့မှာ လုံးဝ ရှားပါးသည်တော့ မဟုတ်ပေ။ အနည်းဆုံး ဖျက်ဆီးခြင်း အဆင့် အောက်လမ်းဆရာ တစ်ဦး၏ မျက်လုံးတွင် မရှားပေ။
ထို့အပြင် အိပ်မက်ဖမ်းသမား၏ အကြီးမြတ်ဆုံး တန်ဖိုးမှာ ၎င်းကိုယ်တိုင်မှ လာခြင်းမဟုတ်ဘဲ ပိုက်ကွန်အတွင်းရှိ အိပ်မက်မှ လာခြင်း ဖြစ်သည်။
လင်ကျဲ အိပ်မက်ဖမ်းသမားကို စိတ်ဝင်တစား ကြည့်လိုက်၏။ ဤသည်က လက်မှုပညာ အတတ်ဖြင့် ပြုလပ်ထားသည့် အိပ်မက်ဖမ်းသမားကို ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ဆိုင်များရှိ အိပ်မက်ဖမ်းစက်များမှာ အနုပညာ တန်ဖိုး အနည်းငယ်သာ ရှိပြီး ပုံမှန်အားဖြင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားသည့် အဆင်တန်ဆာများ ဖြစ်သည်။ သို့သော်လည်း အဘိုးဝယ်လ် ကိုင်ထားသည့်အရာကတော့ ရှင်းရှင်းလင်းလင်းပင် လက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထို့အပြင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်သော ရာသီဥတုကြောင့် စာအုပ်ဆိုင်အတွင်း လေဝင်လေထွက် မကောင်းလေရာ လင်ကျဲ ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ပါချေ။
အဘိုးဝယ်လ်က တကယ့်ကို ရက်ရောသူ တစ်ယောက် ဖြစ်သည်။ ထို့အပြင် ၎င်းမှာ လက်ဆောင် မဟုတ်ပဲ စေတနာသာ ဖြစ်သည်။ စစ်မှန်သည့် ခင်မင်ရင်းနှီးမှုလည်း ဖြစ်ပေသည်။
လင်ကျဲ အတော်လေး စိတ်လှုပ်ရှား သွားခဲ့၏။ သူ ထရပ်လိုက်ရင်း အဘိုးဝယ်လ်ထံမှ အိပ်မက်ဖမ်းသမားကို ယူကာ ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
“ကျုပ် ဒါကို လိုအပ်နေတာ... ကျေးဇူးပါပဲ အဘိုးဝယ်လ်”
ဖရန့်ခ်ဝယ်လ် တစ်ယောက် စိတ်အတွင်း ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျဆင်းသွားသလို ခံစားလိုက်ရသည်။
“ဆရာလေး အတွက် အသုံးဝင်တာကိုပဲ ဂုဏ်ယူလှပါပြီ...”
အလွန်လှပသည့် အိပ်မက် တစ်ခုမှာ ဤအိပ်မက် ဖမ်းသမား၏ ပိုက်ကွန် အတွင်း ပိတ်မိနေသော်လည်း တစ်ချိန်တည်း၌ ကြောက်မက်ဖွယ် အန္တရာယ် တစ်ခုမှာလည်း ထိုအတွင်း၌ ကိန်းအောင်း နေသည်။ အကယ်၍ အခရာ အဆင့် စိတ်ခွန်အားကိုသာ ပိုင်ဆိုင် မထားပဲ ထိုအိပ်မက် အတွင်းကို အတင်းအကြပ် ဝင်ရောက်ဖို့ ကြိုးပမ်းပါက ဝိညာဉ်မှာ ချက်ချင်းပင် အမှုန့်ချေ ခံရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း အဆင့်မြင့် ပုဂ္ဂိုလ်များ အတွက်တော့ အိပ်မက်မှာ ရှားပါးသည့် ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုတို့ကို ဆောင်ကျဥ်းပေးလိမ့်မည်။
“အိပ်မက် လှလှမက်ပါစေ... ဆရာလေးလင်”
(ဘာသာပြန်သူ မှတ်ချက် ။ ဒရီးမ်ကက်ချာ အိပ်မက် ဖမ်းသမား ဆိုသည်မှာ စက်ဝိုင်း ပုံစံလေး ရှိပြီး ၎င်းကို ပိုက်ကွန်ပုံစံ ကြိုးများ၊ ပုတီးလုံလေးများဖြင့် အလှဆင်ထားသည်။ ထိုအဆောင်ပစ္စည်းလေးမှာ ကောင်းသော အိပ်မက်များကို ဖမ်းပေးနိုင်သည်ဟု အယူ ရှိကြသည်။ )
***