ကောင်းကင် ဝံပုလွေ၏ ခွန်အား
Vol. 3 Ch. 30
ဘုန်း...
အဆောက်အဦ ရှည်ကြီး တစ်ခုမှာ လဲပြိုကျသွားကာ ပုံရိပ်တစ်ခုမှာ အပြင်သို့ ခုန်ထွက်လာခဲ့၏။ မိုးစက်များက သည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ လေထဲတွင်ပင် ကိုယ်နေဟန်ထားကို ပြင်လိုက်ကာ ဘေးချင်းကပ် အနီးဆုံး အဆောက်အအုံပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“ရှစ်ထ်... သူတို့ထဲမှာ မှော်ဆရာတွေပါ ပါနေတယ်...”
ခိုင်ယီ လက်တန်းကို ဆုပ်ကိုင်ကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း ကျိကျစ်ရှို့ဘက်သို့ အော်ပြောလိုက်သည်။
“အစေခံ သားရဲ ရှိတယ် သတိထား...”
သူ အော်ဟစ်လိုက်စဉ်မှာပင် ခရမ်းရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။
“ရွှီး...”
၎င်းက ဧရာမ မြွေကြီး တစ်ကောင်ဖြစ်ကာ အတောင်ပံများကို ဆန့်ထုတ်ရင်း အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်း လာနေခဲ့သည်။ ပါးစပ်ကြီးကို ဖြဲလိုက်သော အခိုက်၌ သွေးစွန်းနေဆဲ ဖြစ်သည့် အစွယ်ရှည်ကြီးများ ပေါ်ထွက် လာခဲ့၏။
ကျိကျစ်ရှို့၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ကြိမ်လုံးကို ပစ်ပေါက်လိုက်၏။ ၎င်းက လေထုထဲတွင်ပင် ဓားအဖြစ် ပြောင်းလဲသွားကာ အသွားစွန်းက ဘေးချင်းကပ် နံရံထဲသို့ စိုက်ဝင် သွားခဲ့သည်။
“ရွှီး...”
ထိုအခိုက်တွင်ပင် ဧရာမ မြွေကြီမှာ ကျိကျစ်ရှို့ အနားသို့ ရောက်ရှိလာကာ ရက်စက်စွာ ကိုက်ချလိုက်၏။ သို့သော်လည်း...
ဂျစ်...
၎င်း၏ မေးရိုးများမှာ လမ်းခုလတ်တွင်ပင် ရပ်တန့် သွားခဲ့၏။ ငွေရောင် အမွှေးရှည်များနှင့် လက်တစ်ဖက်မှာ မြွေကြီး၏ မေးရိုးများကို ဆုပ်ကိုင်လိုက်သည်။ ဓားအလား လက်သည်းများက ၎င်း၏ အရေပြားထဲသို့ စိုက်ဝင်နေလေရာ သွေးများ ထွက်လာခဲ့၏။ ဒုတိယမြောက် လက်က မြွေကြီး၏ အောက်မေးရိုးကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက်တွင်တော့ လက်နှစ်ဖက်မှာ မြွေကြီး၏ မေးရိုးများကို ဆွဲဖြဲ လေတော့၏။ သတ္တဝါကြီး၏ ခန္ဓာကိုယ်က ရုန်းကန်ကာ တွန့်လိမ်နေသော်လည်း အသုံးမဝင်ချေ။ တစ်ခဏ အတွင်းမှာပင် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ အလယ်မှ ထက်ပိုင်းကွဲ သွားခဲ့ပြီ ဖြစ်လေတော့သည်။
သွေးများနှင့် အတွင်းကလီစာများမှာ နေရာအနှံ့ ပြန့်ကျဲသွားကာ နံရံကို ဆေးနီရောင် ခြယ်လိုက်လေ၏။
“ဘာလဲ...”
အစေခံ သားရဲ တစ်ဖြစ်လည်း ဧရာမ မြွေကြီးကို ဆင့်ခေါ်ခဲ့သည့် မှော်ဆရာမှာ ထိတ်လန့် တုန်လှုပ်သွားကာ နောက်သို့ ယိမ်းယိုင် သွားခဲ့၏။ သူ၏ မျက်နှာထက်ရှိ သွေးရောင်ကလည်း မှိန်ဖျော့သွားကာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒီလို အဆင့်မြင့် သားရဲ အသွင်ပြောင်းခြင်းကို ထုတ်ဖော်ထားတာတောင် သူက ဘယ်လိုလုပ်ပြီး ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်တာလဲ... ချီးတဲ့... ဒါတွေက ကောလဟလတွေ၊ ဟေးရစ်သာ သိရင် ငါတို့ကို အကြောင်းကြားမှာပဲ ဆိုပြီး ငါ တွေးထားခဲ့တာ... လက်စသတ်တော့ သူက ငါတို့ကို အသုံးချနေတာပဲ”
“အခုမှ သိတော့ ဘာအသုံးဝင်မှာလဲ... ငါတို့တွေအားလုံး စစ်မြေပြင်ထဲ ရောက်နေပြီ...”
ဘေးနားရှိ မှော်ဆရာ တစ်ဦးက ပြောလိုက်၏။
“သိပ်လည်း ကြောက်မနေနဲ့... ကောင်းကင် ဝံပုလွေရဲ့ သွေးက မီးကို ကြောက်တယ်”
“ဒါပေမဲ့ အခု မိုးရွာနေတယ်လေ…”
“သိပ်မစဉ်းစားနဲ့ ကိုယ့်လူ... ယမ်းမှုန့်တွေ ပြင်တော့... သူက ငရဲဘုံ အဆင့်မှာပဲ ရှိတာ... ငါတို့ နိုင်နိုင်တယ်”
...
ဝူး...
အဆောက်အဦ၏ ခေါင်မိုးထက်တွင် တောင်ကြီး တစ်လုံး အလား ကြီးမားလှသည့် ငွေရောင် ဝံပုလွေကြီး တစ်ကောင်မှာ နောက်ခြေထောက်ပေါ် ခြေစုံချရင်း ရပ်နေခဲ့သည်။ ၎င်း၏ လက်သည်းများက သွေးများဖြင့် တောက်ပနေကာ အမွေးအမျှင်များမှာ လေနှင့် အတူ လှုပ်ရှားနေ၏။ ၎င်း၏ မျက်လုံးများက မှော်ဆရာများကို စူးရှခက်ထန်စွာဖြင့် စိုက်ကြည့် နေခဲ့သည်။
“နင်တို့တွေ အားလုံး လွတ်လမ်း မရှိတော့ဘူး...”
ဝံပုလွေကြီး၏ ပါးစပ်မှ ကြမ်းရှရှ မိန်းကလေးသံ တစ်သံ ထွက်ပေါ်လာခဲ့၏။ အဝေး တစ်နေရာတွင်တော့ ခိုင်ယီနှင့် မားကပ်စ်တို့ နှစ်ဦး စလုံး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
“သခင်မလေး…”
တိုက်ခေါင်မိုးထက်၌ ရပ်နေသည့် ငွေရောင် ဝံပုလွေကို မော့ကြည့်ရင်း ခိုင်ယီက စိတ်လှုပ်ရှားစွာဖြင့် တီးတိုး ရေရွတ်လိုက်၏။
ကျိကျစ်ရှို့မှာ လူသား တစ်ယောက်နှင့် မတူတော့ချေ။ သူမက သားရဲ အသွင်ပြောင်းခြင်း ဖြစ်စဉ် အတွင်း လုံးဝ နစ်မြုပ် သွားခဲ့ပြီ ဖြစ်သည်။ ဆက်လက် စကားပြောနိုင်သေးသည့် အချက်ကြောင့်သာ မဟုတ်ပါက မည်သူ မဆို သူမကို အစွမ်းထက် အိပ်မက် သားရဲတစ်ကောင်ဟု ထင်ကြလိမ့်မည် ဖြစ်သည်။
၎င်းမှာ မုဆိုးများ အားလုံး လိုချင် တောင့်တနေကြသည့် စွမ်းအား ဖြစ်သည်။ သခင်မလေးမှာ မုဆိုးများ အတွက် လောကသစ် တစ်ခု ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟု ခိုင်ယီ ခံစားရသည်။
ကျိကျစ်ရှို့ထံ ထိုအောင်မြင်မှု အားလုံးကို ယူဆောင်လာပေးခဲ့သည့် ၂၃ လမ်းမှ လျှို့ဝှက် ဆန်းကြယ်သော စာအုပ်ဆိုင် ပိုင်ရှင်မှာ မည်သူနည်း။ သူ၏ ရည်ရွယ်ချက်က အဘယ်နည်း။
“အများကြီး စဥ်းစားမနေပါနဲ့”
မားကပ်စ်က ခိုင်ယီ၏ အတွေးများကို ရိပ်မိဟန်ဖြင့် ပခုံးကို ပုတ်လိုက်၏။
“သခင်မလေးရဲ့ နောက်လိုက်တွေ အနေနဲ့ ငါတို့ လုပ်ရမှာက အနာဂတ်မှာ ဂုဏ်ကျက်သရေတွေကို မျှဝေရုံပဲ”
ခိုင်ယီ ခပ်ဖြည်းဖြည်း သက်ပြင်းချလိုက်သည်။ သူမ၏ လက်ချောင်းများက ဖြည်းညင်းစွာပင် အနက်ရောင် အရိပ်များ အဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။
“နင်ပြောတာ မှန်တယ်... ကဲ... တိုက်ပွဲက တန်းလန်းကြီး ဆက်တိုက်လိုက်ကြရအောင်”
ထို့နောက်တွင်တော့ သူတို့ နှစ်ဦးစလုံးမှာ အနက်ရောင် အရိပ်များ အဖြစ် ပြောင်းလဲကာ မှော်ဆရာများထံသို့ တိုးဝင် သွားခဲ့ကြတော့သည်။
...
တစ်ချိန်တည်း၌ မှော်ဆရာများမှာ ယမ်းမှုန့်များကို ပြင်ဆင်ပြီးသည်နှင့် မီးမန္တန်များကို ရွတ်ဆို လိုက်ကြ၏။
ရှဲ... ရှဲ...
သူတို့၏ နောက်၌ အီသာက သိပ်သည်းလာကာ မီးဒြပ်စင်များကို အသက်သွင်းရင်း ယမ်းမှုန့်များနှင့် ရောစပ်ကာ မီးတောက်လုံးကြီးများ အဖြစ် ပြောင်းလဲ သွားခဲ့၏။ ၎င်းတို့က ကျိကျစ်ရှို့ထံသို့ အဆက်မပြတ် တိုးဝင်သွားကြတော့သည်။
ဝူး...
ငွေရောင် ဝံပုလွေက အူလိုက်ရင်း ခုန်ရှောင်လိုက်၏။ အဖြူရောင် မီးလုံးများမှာ သူမ၏ ဘယ်နှင့် ညာဘက်တို့မှ ပွတ်ကာသီကာပင် ရှောင်ဖယ် သွားကြသည်။ ထို့နောက်တွင်တော့ ဝံပုလွေမှာ ခြေလေးချောင်းကို ကြမ်းပြင်ပေါ်ချကာ စတင် ပြေးလွှား လေတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
မီးလုံးများမှာ ကြမ်းပြင်ပေါ် ကျလေရာ မီးတောက်များ အဖြစ် ပေါက်ကွဲ ကုန်လေ၏။ မီးအရှိန်၏ လာဟပ်မှုကြောင့် သူမ၏ အမွေး အချို့မှာ မီးလောင်သွားခဲ့သည်။
မီးဒြပ်စင်၏ အပူရှိန်အောက်တွင် အဆောက်အအုံမှာ စတင်၍ မီးလောင်ကျွမ်း လာခဲ့သည်။ ကျိကျစ်ရှို့မှာ ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာများနှင့် ပြည့်နှက် နေခဲ့သော်လည်း အဆောက်အအုံ တစ်ခုလုံးကို ခြေထောက်ဖြင့်နင်း ဖြိုချကာ ဖုန်မှုန့်နှင့် အပျက်အစီး တိမ်တိုက်များကကြား ပုန်းကွယ်ရင်း အရူးအမူး ထွက်ပြေး သွားခဲ့တော့သည်။
ဟေးရစ် ငှားထားသည့် ထိုမှော်ဆရာများမှာ မညံ့ကြောင်း သူမ သိသည်။ သူတို့ သုံးဦးစလုံးမှာ အလွန် ထူးချွန်သည့် ငရဲဘုံ အဆင့် မှော်ဆရာများ ဖြစ်ကြသည်။ မုဆိုးများကို အမြဲတစေ မထီမဲ့မြင်ပြုခဲ့သည့် မှော်ဆရာများမှာ မုဆိုးတစ်ဦးနှင့် ပူးပေါင်းလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ဆရာလင်ထံမှ လက်ခံရရှိခဲ့သည့် လက်ဆောင်နှင့် လမ်းညွှန်မှုများသာ မရှိခဲ့ပါက ကျိကျစ်ရှို့ တစ်ယောက် သံသယဖြစ်ဖွယ်မရှိ သေဆုံးခဲ့ရပေလိမ့်မည်။
ဟေးရစ်မှာ မုဆိုး အဖွဲ့၏ ခေါင်းဆောင် ဖြစ်ရန် ထိုက်တန်သူ တစ်ယောက်ဟု ဆိုနိုင်သည်။ ပထမ၌ သူက ကာဂျီကို သစ္စာဖောက်ခဲ့ကာ မှော်ဆရာများနှင့် ပူးပေါင်းခဲ့သည်။ ဖြစ်ရပ် တစ်ခုလုံးကို နောက်ကွယ်မှ ကွယ်လျှိုး၍ စီစဉ်နေခဲ့သည်။
သို့သော်လည်း... ထိုအရာများက အရေးမကြီးတော့ချေ။ ‘သံမဏိ နှလုံးသား’ မှာ သူမ၏ အထက် ကောင်းကင်တွင် မျောလွင့်ကာ ဧရိယာ တစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ကျိကျစ်ရှို့ ဟေးရစ်၏ တည်နေရာကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။
ထိုအခိုက်တွင် မှော်ဆရာများ၏ ဒုတိယမြောက် မန္တာန်မှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မီးတောက်မီးလျှံများမှာ အဆက်မပြတ် လှည့်ပတ်နေကာ နောက်ဆုံးတွင် သုံးမီတာ ရှည်လျားသည့် လှံတစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့သည်။
“မီးမန္တာန်... ကတ်ယာရဲ့ လှံ...”
ဟူး...
အဖြူရောင် မီးတောက်မီးလျှံများနှင့် ပြည့်နှက်နေသည့် လှံမှာ လှည့်ပတ်ရင်း ရှေ့သို့ ပစ်ခတ်သွားကာ ဆူညံသံများနှင့် အတူ မိုးရေကို ချက်ချင်းပင် မြူခိုးအဖြစ်သို့ ပြောင်းလဲ ပစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ခိုင်ယီနှင့် မားကပ်စ်တို့၏ အလစ်အငိုက် တိုက်ခိုက်မှုများမှာ နောက်ကွယ်မှ အောင်မြင်စွာ ရောက်ရှိ လာခဲ့ကြ၏။ မှော်ဆရာများမှာ အနီးကပ် တိုက်ပွဲများတွင် အလွန် အားနည်းလှလေရာ ချက်ချင်းပင် မုဆိုးများ၏ လက်တွင် သုံးဦးစလုံး သတ်ဖြတ် ခံလိုက်ရသည်။
ထို့နောက်... ခိုင်ယီနှင့် မားကပ်စ်တို့ လှည့်ကြည့်လိုက်ရာ မီးလျှံလှံတံမှာ ငွေရောင် ဝံပုလွေ၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျသွားသည်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက်တွင်တော့...
ဘုန်း...
“သခင်မလေး...”
***