← Chapters

လှပသည့် အိပ်မက် (၂)

Vol. 3 Ch. 32

လှပသည့် အိပ်မက် (၂)

Vol. 3 Ch. 32

“ရှင်က ဘယ်သူလဲ”

အိပ်မက်ထဲမှ မိန်းကလေးက လင်ကျဲကို ကြည့်ရင်း မေးလိုက်၏။ သူမ၏ အသံက ရင့်ကျက်သည်။ ဆွဲဆောင်မှု ရှိသည်။ တစ်ချိန်တည်း၌ နူးညံ့လှသည်။ ထူးဆန်းစွာပင် စိတ်ဝင်စားစရာ ကောင်းနေသည်။

လင်ကျဲ အနည်းငယ် ကြောင်သွားခဲ့၏။ တစ်ဖက်လူထံမှ ထိုကဲ့သို့ မေးခွန်းမျိုး မျှော်လင့်မထားခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့်... ထိုမေးခွန်းကို သူ့ဘက်က မေးဖို့ပင် လင်ကျဲ ဟန်ပြင် နေခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကောင်က မည်ကဲ့သို့ အဖြေမျိုး ပေးမည်ကို သူ စိတ်ဝင်စား နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... လင်ကျဲ ခဏမျှ စဉ်းစားလိုက်၏။ အိပ်မက်ထဲမှ ဇာတ်ကောင် ဦးဆောင်သည့် စကားဝိုင်းက ပိုမို၍ စိတ်ဝင်စားစရာ ကောင်းချင် ကောင်းနိုင်ပေသည်။

ခဏတာမျှ စဥ်းစားပြီးနောက် လင်ကျဲ ပြုံးလိုက်၏။

“လက်ရှိ အိပ်မက် မက်နေတဲ့သူပါ”

မိန်းကလေးက နားရွက်ထက်၌ ပန်ဆင်ထားသည့် အိုင်းရစ်ပန်းကလေးကို ထိတွေ့ဖို့ လက်ကို လှမ်းလိုက်ရင်း...

“ဒါကိုတော့ ကျွန်မ သိတာပေါ့...”

လင်ကျဲ အနည်းငယ် အံ့ဩသွားခဲ့သလို စိတ်လည်း ဝင်စား သွားခဲ့၏။ သူမက အိပ်မက်ထဲမှာ ရှိနေ‌ကြောင်း တကယ် သိနေသည်လား။

သူက အိပ်မက်မှန်း သိသည့် အိပ်မက် တစ်ခု မက်နေသလို အိပ်မက်ထဲရှိ ဇာတ်ကောင်မှာလည်း သူမ အိပ်မက်ထဲ၌ ရှိနေကြောင်း သိရှိနေသည်။ ဤသို့ဆိုလျှင် လက်တွေ့ဘဝ၌ မရှိနေနိုင်ကြောင်းကိုလည်း သိနိုင်မည်လော။

သေချာတွေးကြည့်တော့လည်း ထိုအရာက ဖြစ်နိုင်သည်ဟု လင်ကျဲ ခံစားရသည်။ မည်သို့ပင် ဆိုစေ... အိပ်မက်ထဲရှိ လူများမှာ သူ့ မသိစိတ်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည် မဟုတ်ပါလား...။

“ဘာပဲ ဖြစ်ဖြစ် ကျွန်တော့် အဖြေက မှန်တယ် မဟုတ်လား... အခု ကျွန်တော် မေးရမည့် အလှည့်ကို ရောက်ပြီ ထင်ပါတယ်”

လင်ကျဲက ကျွမ်းကျင်စွာပင် စကားဝိုင်းကို တန်းတူ ဖလှယ်ခြင်း ပုံစံသို့ ပြောင်းလဲ လိုက်သည်။ သူက လည်ချောင်းကို ရှင်းရင်း မေးလိုက်၏။

“ခင်ဗျားက ဘယ်သူလဲ... ကျွန်တော့် အိပ်မက်ထဲကလူလို့တော့ မဖြေနဲ့နော်”

မိန်းကလေးက လှပစွာ ပြုံးလိုက်ရင်း အဖြူရောင် ဂါဝန်ရှည်ကို အရိုအသေပြုသည့် ပုံစံဖြင့် နောက်သို့ သိမ်းလိုက်၏။

“ဆစ်ဗာ... ကျွန်မရဲ့ နာမည်ပါ”

“နာမည်ပဲလား...”

လင်ကျဲက ဆက်မေးလိုက်၏။

“အနည်းဆုံးတော့ ကျွန်မရဲ့ အဖြေက မှန်ပါတယ်”

ဆစ်ဗာ ပြုံးလိုက်၏။

“အခု ကျွန်မ မေးရမယ့် အလှည့် ရောက်ပြီ... ဟုတ်တယ် မလား”

“...”

လင်ကျဲ အနည်းငယ် အသက်ရှူ မဝ ဖြစ်သွားသလို ခံစားလိုက်ရသော်လည်း ခေါင်းညိတ်လိုက်သည်။ အိပ်မက်ထဲမှ မိန်းကလေးမှာ တန်ပြန် တိုက်ခိုက်နည်းကို သိရှိထားတာ ရှင်းလင်းပေသည်။

ဆစ်ဗာ၏ အပြုံးများက ဖြည်းညင်းစွာပင် ပြန်လည် ပျောက်ကွယ်သွားကာ အားငယ်စွာ ပြောလိုက်၏။

“ကျွန်မ ဒီနေရာကို ရောက်နေတာ အရမ်း ကြာခဲ့ပြီ... အချိန်က ဘယ်လောက် အရေးပါသလဲ ဆိုတာကိုတောင် မေ့လျော့သွားခဲ့ပြီ... ဒီနေရာက အရမ်း လှပတာ မှန်ပေမဲ့ အရမ်း တိတ်ဆိတ်လွန်းတယ်လို့ ခံစားရတယ်... ကျွန်မ ဘာလို့ ဒီလို ခံစားနေရတယ် ဆိုတာ ရှင် ပြောပြပေးနိုင်မလား”

ဤသည်က အထီးကျန်ခြင်း ဖြစ်လိမ့်မည်ဟု လင်ကျဲ တွေးလိုက်မိသည်။ ကြည့်ရသည် အိပ်မက်ထဲတွင်ပင် ဘဝ အတွက် လမ်းပြဆရာ တစ်ယောက် လုပ်ရတော့မည် ဖြစ်သည်။

ဆစ်ဗာ၏ အားငယ်နေသည့် အသံ၊ တောင်းပန်နေသည့် ငွေရောင် မျက်လုံးများကို ကြည့်ရင်း အိပ်မက်က သူ့ အကြိုက်အတိုင်း ဖန်တီးထားခြင်း ဖြစ်နိုင်သည်ဟု လင်ကျဲ တွေးလိုက်မိသည်။

အိုင်းရစ်ပန်းများ ပွင့်နေသည့် ဤဝန်းကျင် တစ်ခုလုံးမှာ သူ ကြားဖူးသည့် ဒဏ္ဍာရီ ပုံပြင်များ အတိုင်းလိုပင် ဖြစ်သည်။ ထို့အပြင် အလွန် လှပသည့် မိန်းကလေး တစ်ဦးလည်း ရှိနေသည်။ အရပ် နည်းနည်း ရှည်နေသဖြင့် အိုးတန်းအန်းတန်း နိုင်သည့်တိုင် မည်သို့ပင် ဆိုစေ သူမ လှပသည်။ အိပ်မက်က ထိုမျှနှင့်သာ ရပ်တန့် မနေပဲ ထိုမိန်းကလေးကို သူ ဘဝ အတွက် လမ်းညွှန်မှုများ စတင် ပို့ချနိုင်တော့မည် ဖြစ်သည်။

ဤအိပ်မက်က အလွန်ပင် လှပလွန်းလှသည်။

ကမ္ဘာပေါ်ရှိ စာအုပ်များ အားလုံးကို ပိုင်ဆိုင်လိုသည့် လင်ကျဲ၏ အဓိက အိပ်မက်မှာ ပြည့်မြောက်သွားပြီဟု ယူဆပါက အခြားသူများကို အားပေး နှစ်သိမ့်ခြင်းနှင့် ခက်ခဲသော အခြေအနေများတွင် လမ်းပြပေးနိုင်ခြင်းတို့မှာ သူ အကြိုက်ဆုံး အပန်းဖြေမှုများထဲမှ တစ်ခု ဖြစ်သည်။

စိတ်ဓာတ်ကျ အားငယ်ကာ ဘဝကို အရှုံးပေးလိုနေသည့် လူများ သူတို့၏ မျှော်လင့်ချက်နှင့် အိပ်မက်များကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့သကဲ့သို့ စိတ်ဓာတ်များ ပြန်လည် ပြန်လည် တက်ကြွလာသည်ကို မြင်ရခြင်းက လင်ကျဲ၏ နှလုံးသားထဲတွင် နွေးထွေးပြီး စိတ်ကျေနပ်သည့် ခံစားချက်တစ်ရပ်ကို ကျန်ရစ်စေသည်။

လင်ကျဲ၏ အမြင်အရ လောကတွင် စစ်မှန်ပြီး ရိုးရှင်းသည့် ကြင်နာမှု မရှိပေ။ အပေးနှင့် အယူသာ ရှိသည်။ လင်ကျဲသည် အကြိမ်ပေါင်းများစွာ တိုင်အောင် အခြားလူများကို အကျိုးအမြတ် တစ်စုံတစ်ရာ မရပဲ ကူညီခဲ့ဖူးသည်။ သို့သော်လည်း... သူက ထိုအရာကို အပေး သီးသန့်ဟု မမြင်ချေ။ သူ ကူညီလိုက်သူများ၏ တုန့်ပြန်မှုများကို မြင်တွေ့ရခြင်း၊ ကျေးဇူးတင်နေသည့် မျက်ဝန်းများထဲမှ အကြည့်များကို မြင်တွေ့ရခြင်း၊ သူတို့၏ ပြဿနာများ ပြေလည် သွားသည်ကို ထိုင်ကြည့်နေရခြင်းကပင် သူ့အတွက် အယူ ဖြစ်သည်။

ရိုးရှင်းစွာ ပြောရလျှင် အခြားသူများကို ကူညီခြင်းက လင်ကျဲကို ပျော်ရွှင်စေသည်။ ကယိုင်ကနဲ့ စာအုပ်ဆိုင် လုပ်ငန်းလေးကြောင့် ပုံမှန် ဖောက်သည် အနည်းငယ်သာ ရှိခြင်းက လင်ကျဲ အတွက် ဝမ်းနည်းစရာ ဖြစ်ပြီး၊ ဘဝ၌ ပျော်ရွှင်မှုများစွာကို ဆုံးရှုံးစေခဲ့သည်။

ထို့ကြောင့် အိပ်မက်ထဲ၌ အကူအညီ တောင်းခံရစဉ် ကူညီ ပံ့ပိုး ပေးလိုသော ဆန္ဒက လင်ကျဲ၏ နှလုံးသားကို ချက်ချင်း ဆွဲဆောင်လိုက်သည်။

လင်ကျဲ ခဏတာမျှ စဥ်းစားလိုက်၏။ ဤသည်မှာ အိပ်မက်ဖြစ်သောကြောင့် သူ သတိထားစရာ မလိုပါချေ။ ထို့ကြောင့် သူ လက်ကမ်းရင်း ပြောလိုက်၏။

“ထိုင်ပြီး စကားပြောကြရအောင်”

ကမ္ဘာလုံးဆိုင်ရာ နှုတ်ဆက်ခြင်း သင်္ကေတ ဖြစ်သည့် လက်ဆွဲနှုတ်ဆက်ခြင်းက ဤနေရာတွင် အသင့်တော်ဆုံး ဖြစ်သည်ဟု လင်ကျဲ ခံစားရသည်။

ဆစ်ဗာက လင်ကျဲ၏ လက်ကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် တွေဝေနေ၏။ နောက်ဆုံးတွင်တော့... သူမက လက်ကို ပြန်လည် မြှောက်လိုက်ကာ ညင်သာစွာဖြင့် လင်ကျဲကို ဆုပ်ကိုင် လိုက်သည်။

နူးညံ့သော်လည်း ရေခဲကဲ့သို့ အေးသည်။

၎င်းက လင်ကျဲ၏ စိတ်အတွင်း ရုတ်တရက် ပေါ်လာသည့် ခံစားချက် ဖြစ်သည်။ လင်ကျဲက မိန်းကလေးကို လက်ဆွဲ နှုတ်ဆက်လိုက်ကာ သူမ ယခင် လှဲလျောင်းခဲ့သည့် ပန်းခင်းပေါ်တွင် အတူတူ ထိုင်လိုက်သည်။

လင်ကျဲက တင်ပျဉ်ချိတ်ကာ ထိုင်လိုက်၏။ စိတ်ဝိညာဉ်ကို နှစ်သိမ့်ဖို့ အတွက် ဆိုလျှင် လူနာ၏ အကြောင်းကို ပိုမို နားလည်ဖို့ လိုအပ်ပေသည်။ ထို့ကြောင့် သူက မေးခွန်းတစ်ချို့ အရင် မေးရန် ဆုံးဖြတ်လိုက်၏။

“ဒီ အိပ်မက်ထဲမှာ ခင်ဗျား အမြဲတမ်း တစ်ယောက်တည်းလား”

ဆစ်ဗာက ခေါင်းကို စောင်းလိုက်၏။ သူမ၏ ငွေရောင် ဆံပင်ရှည်များက သူမ၏ မျက်နှာ၏ ဘေးဘက်ကို ဖုံးလွှမ်းသွားသည်။

“အရင်က ဘယ်သူမှ ဝင်မလာဖူးဘူး... ဘယ်သူမှလည်း ဝင်မလာနိုင်ခဲ့ဘူး... ရှင်က ပထမဆုံးပဲ”

‘ဪ... ဒါဆို သူက ရက်ပန်ဇယ်လို ဇာတ်ကောင်မျိုးပေါ့... အခြား ဘယ်သူနဲ့မှ ထိတွ့ ဆက်ဆံခွင့် မရပဲ လှပတဲ့ ပန်းခင်းထဲမှာ ထာဝရ အိပ်စက်ရင်း တစ်ကိုယ်တည်း ဘဝကို ဖြတ်သန်း နေရတယ်... ဒဏ္ဍာရီ မင်းသမီးလေး တစ်ပါးလိုပဲ’

ယခုလို ပြဿနာမျိုးမှာ ဖြေရှင်းရ အလွယ်ဆုံး ဟု လင်ကျဲ တွေးလိုက်မိသည်။ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများ ဝိုင်းနေသည့် ကြားမှပင် အထီးကျန်သည်ဟု ခံစားရသည့် လူများနှင့် နှိုင်းယှဉ်ပါက ဤပြဿနာမှာ ပျင်းရိခြင်းနှင့်သာ ဆင်တူသည်။

ဝါသနာ တစ်ခုကို မွေးမြူလိုက်ရုံဖြင့် ဤပြဿနာကို အလွယ်ကလေး ကျော်လွှားနိုင်သည်။ အကောင်းမွန်ဆုံး နည်းလမ်းကတော့ ဤနေရာမှ ထွက်ခွာကာ သူငယ်ချင်း တစ်ချို့ ဖွဲ့ခြင်း၊ ဘဝအတွက် အသစ်အဆန်းများကို စမ်းသပ်ခြင်းတို့ပင် ဖြစ်သည်။

သို့သော်လည်း... ဤနေရာမှာ အိပ်မက်အတွင်းရှိ ဘုံတစ်ခုမျှသာ ဖြစ်လေရာ လင်ကျဲ အနည်းငယ် စိတ်ကသိကအောက် ဖြစ်မိသည်။

“တစ်ယောက်တည်း အထီးကျန် နေတာကြောင့် ခင်ဗျား ခုလို ခံစားနေရတာပါ...”

လင်ကျဲ ညင်သာစွာ ပြောလိုက်သည်။

“ခင်ဗျားက အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေခဲ့တာကြောင့် အထီးကျန်နေတယ် ဆိုတာကို နားမလည်ခဲ့တာ... ပြောင်းလဲမှုတွေ မရှိပဲ တူညီတဲ့ အရာတွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေရတာကြောင့် ငြီးငွေ့နေတာ... အချိန်ကိုတောင် ခင်ဗျား မေ့သွားခဲ့တာ... အသစ်အဆန်း ဆိုတာ မရှိဘူး... ခင်ဗျား လုပ်နိုင်တာက စဥ်းစားနေဖို့ပဲ... နောက်ပြီး ပို စဥ်းစားလေလေ၊ ပို အထီးကျန်လေလေ… ခင်ဗျား ပို နာကျင်လေလေ ပဲ"

“အခြားလူတွေလည်း ဒီလိုပါပဲ... ဥပမာအားဖြင့် အတွေးအခေါ် ပညာရှင်တွေ၊ ကဗျာဆရာတွေ... အဲဒီလို ပါရမီရှင်တွေဟာ ခင်ဗျားလိုပဲ နက်နက်နဲနဲ တွေးခေါ် စဉ်းစားလေ့ ရှိကြတယ်... ရှုပ်ထွေးတဲ့ ပြဿနာတွေကို နားလည်ကြတယ်... ဒါပေမဲ့ မဖြေရှင်းနိုင်ကြဘူး... ရလဒ်အနေဖြင့် နောက်ဆုံးမှာ သူတို့က ကိုယ့်ကိုယ်ကို သတ်သေဖို့ ရွေးချယ်လိုက်ကြတယ်”

‘မသိနားမလည်ခြင်းက စိတ်ချမ်းသာခြင်း ဖြစ်သည်’ ဟူသော ဆိုရိုးစကားက တော်တော်လေး မှန်ကန်သည်ဟု လင်ကျဲ တွေးလိုက်မိသည်။

“အတွေးတွေက နာကျင်မှုရဲ့ ဇစ်မြစ်ပဲ... သူတို့က ကျွန်မကို နားမလည်နိုင်တဲ့ အတွက် ကျွန်မကို ကြောက်ကြတယ်... ကျွန်မဆီကနေ ဝေးရာကို ရှောင်ဖယ်ကြတယ်”

ဆစ်ဗာက စဥ်းစားဟန်ဖြင့် တီးတိုးပြောလိုက်သည်။

လင်ကျဲလည်း စဥ်းစားနေခဲ့၏။ ဤအိပ်မက် ဇာတ်ကောင်က ‘အတွေးအခေါ် ပညာရှင်’ အနည်းငယ် ဆန်ပုံ ရသည်။ ကြားရသည့် စကားလုံးများကို နားထောင် ကြည့်ရလျှင်... သူမ၏ တွေးခေါ်ပုံကြောင့်ပင် သာမန်လူများက သူမကို ထူးဆန်းသည့် လူတစ်ယောက်ဟု ထင်မြင်ခဲ့ကြဟန် ရသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ဆစ်ဗာမှာ ကမ္ဘာလောကမှ ကိုယ့်ကိုယ်ကို ဖြတ်တောက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်နိုင်သည်။

***

All Chapters