← Chapters

လှပသော အိပ်မက် (၃)

Vol. 3 Ch. 33

လှပသော အိပ်မက် (၃)

Vol. 3 Ch. 33

လင်ကျဲ ဆုံးဖြတ်ချက်ချလိုက်၏။ ဆစ်ဗာက အိပ်မက်ထဲက ဇာတ်ကောင် ဖြစ်နေတော့ရော ဘာအရေးနည်း။ သူငယ်ချင်းဖွဲ့ဖို့ လိုအပ်သည့် အခြေအနေ အချိန်အခါ ဟူ၍ မရှိပါချေ။ ထို့အပြင် အိပ်မက်ထဲမှ သူငယ်ချင်း ဆိုသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းပေသည်။

လင်ကျဲ ဆစ်ဗာကို ရိုးသားစွာ ကြည့်ရင်း ပြောလိုက်၏။

“ကျွန်တော် ခင်ဗျားကို နားလည်နိုင်မယ်လို့ ထင်ပါတယ်”

“ကျွန်မ သိပါတယ်”

ဆစ်ဗာက မှေးမှိန်သည့် အပြုံးဖြင့် ပြန်ဖြေသည်။

“ရှင် ဒီ အိပ်မက်ထဲကို ပေါ်လာတယ် ဆိုတည်းက ရှင်က ကျွန်မကို နားလည်လို့ပဲ... ရှင်နဲ့ ကျွန်မက တူညီတဲ့ အဆင့်မှာ ရှိနိုင်ပါတယ်... ဒါမှမဟုတ် ရှင့်ရဲ့ အတွေးအခေါ်တွေက ကျွန်မထက် ပိုမြင့်တဲ့ အဆင့်မှာတောင် ရှိကောင်း ရှိနိုင်ပါတယ်”

ဤသည်က အတွေးအခေါ် ပညာရှင်များ အခြားသူများကို ချီးမွမ်းသည့် နည်းလမ်းလော။ ဝေ့ဝိုက် ပြောနေတာ ဖြစ်သော်လည်းပဲ တစ်နည်းနည်းဖြင့် နှစ်သိမ့်မှုက ပါရှိပေသည်။

လင်ကျဲ လည်ချောင်းကို ရှင်းလိုက်၏။

“ခင်ဗျားဘက်က ဒီလို ပြောတယ် ဆိုတော့ ကျွန်တော်ကို အသိအမှတ်ပြုလိုက်ပြီလို့ ယူဆပါတယ်... အခု ကျွန်တော့်မှာ လေးနက်တဲ့ တောင်းဆိုစရာ တစ်ခု ရှိပါတယ်... ခင်ဗျား သဘောတူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဆစ်ဗာ လင်ကျဲကို တွေဝေစွာ ကြည့်လိုက်၏။

လင်ကျဲက သူမကို အနွေးထွေးဆုံး ပြုံးပြလိုက်သည်။

“ကျွန်တော့်ကို ခင်ဗျားရဲ့ သူငယ်ချင်း ဖြစ်ခွင့် ပေးနိုင်မလား”

“သူ... သူ... သူငယ်ချင်း”

လင်ကျဲ ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်... သူငယ်ချင်းပါ... ခင်ဗျား အထီးကျန်တယ်လို့ ခံစားနေရတဲ့ အကြောင်းရင်းက တကယ်တော့ ခင်ဗျား ပျင်းနေလို့ပါပဲ... ဒီနေရာက အရမ်း လှပနေပေမဲ့ ရိုးရှင်းလွန်းတယ်လို့ ခင်ဗျား မခံစားရဘူးလား... တူညီသော မြင်ကွင်းတစ်ခုကို အမြဲတမ်း ရင်ဆိုင်နေရရင် စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ငြီးငွေ့လာစေလိမ့်မယ်”

လင်ကျဲက ရယ်မောရင်း ဆက်ပြောလိုက်သည်။

“ခင်ဗျားမှာ အရင်က သူငယ်ချင်း ရှိဖူးလား... စကားပြောဖော်ရှိပြီးတော့ ကိုယ့်ရဲ့ တစ်နေ့တာ ကျင်လည်မှု အကြောင်း မျှဝေနေရတာက တစ်ယောက်တည်း ဖြစ်နေတာထက် အများကြီး ပိုပြီး ပျော်ရွှင်စရာကောင်းပါတယ်”

မျှဝေခြင်း အကြောင်းကို ဖော်ပြသောအခါ စာအုပ်တစ်အုပ်ကို အကြံပြုရန် အတွေးက လင်ကျဲ၏ စိတ်ထဲသို့ ဝင်လာသည်။ ပထမတုန်းက ဤသည်မှာ အိပ်မက်သာ ဖြစ်သောကြောင့် ဆစ်ဗာကို စိတ်ပိုင်းဆိုင်ရာ အကြံဥာဏ် အချို့သာ လင်ကျဲ ပေးလိုခဲ့သည်။ ပြောရလျှင်... လက်ရှိ၌ သူက အိပ်မက်ဘုံသို့ ရောက်ရှိနေခြင်း ဖြစ်လေရာ လက်ထဲ၌ စာအုပ်များလည်း မရှိပါချေ။

‘ဒါပေမဲ့ သေချာ တွေးကြည့်လိုက်တော့ ဒါက အိပ်မက်ဘုံလေ... ဆိုတော့ သာမန် အခြေအနေမှာ မဖြစ်နိုင်တဲ့ တစ်ခုခုကို ငါ လုပ်ချင် လုပ်နိုင်မှာ... ဥပမာ စာအုပ်တစ်အုပ်ကို ဆင့်ခေါ်တာမျိုး’

လင်ကျဲ မှတ်ဉာဏ်ကို အားကိုးကာ စာအုပ် တစ်အုပ်ကို စဉ်းစားလိုက်၏။

ဘုတ်....

ရုတ်တရက် ပေါင်ပေါ်တွင် အလေးချိန်တစ်ခု ပေါ်လာသည်ကို လင်ကျဲ ခံစားလိုက်ရသည်။ သူ ခေါင်းငုံ့ကြည့်လိုက်ရာ ဂျေကော့နှင့် ဝယ်ဟမ်တို့ ရေးသားထားသည့် ဂရင်း နတ်သမီး ပုံပြင်များ စာအုပ်ကို တွေ့လိုက်ရသည်။

လင်ကျဲ ထိုစာအုပ်ကို အလွန်ပင် နှစ်ခြိုက် သဘောကျသည်။ ရက်ပန်ဇယ် ပုံပြင်မှာလည်း ထိုစာအုပ်ထဲမှပင် ဖြစ်သ်။

“ဒီ စာအုပ်ကို သူငယ်ချင်း နှစ်ယောက် ပထမဆုံး တွေ့ဆုံတဲ့ အထိမ်းအမှတ် လက်ဆောင် အနေနဲ့ လက်ခံပေးပါ”

လင်ကျဲက စာအုပ်ကို ကမ်းပေးရင်း ပြောလိုက်၏။ ဆစ်ဗာက စာအုပ်ကို ယူလိုက်ရင်း အဖုံးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ကျွန်မကို ဘယ်သူမှ လက်ဆောင် မပေးဖူးသလို ဘယ်သူမှလည်း ကျွန်မနဲ့ စကားပြောဖို့ ဆန္ဒ မရှိခဲ့တာ ကြာပါပြီ... ကျွန်မမှာ ဒီသစ်ပင်ကြီးရယ်၊ အသီးတွေရယ်၊ ပန်းတွေနဲ့ ဝတ်ရည်တွေရယ်က လွဲရင် ဘာတစ်ခုမှ မရှိပါဘူး... တကယ်လို့ ရှင် ဆန္ဒရှိရင် ဒါတွေထဲက တစ်ခုခုကို ကျွန်မရဲ့ လက်ဆောင်အဖြစ် ရွေးချယ်နိုင်ပါတယ်”

လင်ကျဲ မော့ကြည့်လိုက်ရာ ကြီးမားသည့် ရှေးဟောင်း သစ်ပင်ကြီး ထက်တွင် ရွှေရောင် အလင်း တစ်ချို့ တောက်ပနေကြောင်း သတိပြုလိုက်မိသည်။ သိပ်သည်းသည့် အကိုင်းအခက်များနှင့် အရွက်များ၏ ကောင်းစွာ ဖုံးကွယ်ထားမှုကြောင့် ဤသစ်ပင်ပေါ်ရှိ အသီးများကို ယခုအချိန်အထိ သတိပြုမိရန် ခက်ခဲပေသည်။

ဆစ်ဗာက သူ့ကို ရွေးချယ်စရာ လေးခုပေးခဲ့သည်။

သစ်ပင်၊ အသီး၊ ပန်းနှင့် ဝတ်ရည်...

လင်ကျဲ စဥ်းစားလိုက်နောက် သစ်ပင်ကို ပထမဆုံး ဖယ်ထုတ်လိုက်သည်။ သူ ဤ သစ်ပင်ကို ယူဆောင်သွား၍ မရနိုင်သလို ဤသစ်ပင်ကလည်း သူ့အတွက် မသုံးမဝင်ချေ။

ထို့နောက်... တူညီသည့် အကြောင်းပြချက်ဖြင့် ပန်းများကိုလည်း ဖယ်ရှားလိုက်သည်။ အလှဆင်ရန်မှ တစ်ပါး ပန်းများကို အခြား သုံးစရာ နေရာ မရှိပါချေ။ ထို့အပြင် လင်ကျဲမှာ မကြာသေးခင်ကပင် ပန်းတစ်ပွင့်ကို ဆွတ်ပြီး ဆစ်ဗာ၏ နားတွင် ဆင်ပေးခဲ့သည်။ ယခု သူမက သူ့ကို ပန်းပြန်ပေးသည် ဆိုလျှင် တစ်နည်းနည်းဖြင့် ထူးဆန်းနေသည်။

ထို့ကြောင့် ရွေးချယ်စရာ ဟူ၍ အသီးနှင့် ဝတ်ရည်နှင့်သာ ကျန်တော့သည်။

လင်ကျဲ ခဏတာ စဥ်းစားပြီးနောက် သစ်ရွက်များကြားတွင် ကောင်းမွန်စွာ ဖုံးကွယ်နေသည့် ရွှေရောင် အသီးများကို မော့ကြည့်လိုက်သည်။

“ဒါကို တိုက်ရိုက် စားလို့ရလား”

ဝတ်ရည်က သိပ်စိတ်တင်စားစရာ မကောင်းလေရာ အိပ်မက်ထဲ၌ ပေါက်ရောက် ကြီးထွားနေသည့် သစ်သီး တစ်လုံး၏ အရသာကို မြည်းစမ်းကြည့်သည်ကသာ အကောင်းဆုံး ဖြစ်သည်။

“သေချာတာပေါ့”

ဆစ်ဗာက ပြုံးလျက် ပြန်ဖြေလိုက်၏။

ဖြုတ်...

ဆစ်ဗာ စကားပြောလိုက်သည့် အခိုက်တွင်ပင် ပန်းသီးနှင့် ဆင်တူသည့် ရွှေရောင် သစ်သီး တစ်လုံးမှာ အပင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။ လင်ကျဲက လက်လှမ်းလိုက်ရင်း ၎င်းကို အလွယ်တကူ ဖမ်းဆုပ်လိုက်၏။

သစ်သီးကို လှည့်ပတ်ကြည့်ရင်း လင်ကျဲ ကျေနပ်စွာ ပြုံးလိုက်မိ၏။ ၎င်းက အတော်လေး လှပသည်။ စုတ်ချက် တစ်ခုလို ပြီးပြည့်စုံသည်။ အိပ်မက်မှာသာ ပေါ်လာနိုင်သည့် ပုံသဏ္ဌာန်မျိုး ဖြစ်သည်။

လင်ကျဲ အများကြီး ဂရုမစိုက်ပါချေ။ မည်သို့ပင် ဆိုစေ... ထိုသစ်သီးက ယခု သူ၏ ဗိုက်ထဲသို့ ဝင်တော့မည် ဖြစ်သည်။

ကြွပ်... ကြွပ်...

လင်ကျဲ ရွှေရောင်သစ်သီးငယ်ကို သုံးကိုက်ဖြင့် လုံးဝ စားသုံးပစ်လိုက်သည်။ ၎င်းက ပိုမို၍ ချိုပြီး အရည်ရွှမ်းကာ အူတိုင် မပါသည်မှ အပ သာမန် ပန်းသီးတစ်လုံး လိုပင် ဖြစ်သည်။ အိပ်မက်ထဲရှိ အရသာ ခံစားမှုမှာ လက်တွေ့ဘဝအပေါ်တွင်သာ အခြေခံနေဆဲ ဖြစ်ပုံရသည်။

ထိုအခိုက်အတန့်တွင်ပင်... စိတ်က အနည်းငယ် ဝေဝါးလာသလို လင်ကျဲ ခံစားလိုက်ရ၏။ သူ နိုးထလာတော့မည် ဖြစ်ကြောင်း လင်ကျဲ သိလိုက်ပြီ ဖြစ်သည်။

“ဒီလောက် မြန်မြန်ကြီး…”

သို့သော်လည်း အိပ်မက်ဘုံ အတွင်းရှိ အချိန် စီးဆင်းမှုမှာ လက်တွေ့ ဘဝနှင့် မတူညီကြောင်း လင်ကျဲ ခန့်မှန်း လိုက်မိသည်။ တစ်ခါတစ်ရံ၌ လူတစ်ဦးမှာ ငါးမိနစ်လောက်မျှသာ အိပ်ငိုက် နေသော်လည်း အိပ်မက်ထဲတွင် အရာများစွာကို တွေ့ကြုံခဲ့ရသကဲ့သို့ ခံစားနိုင်သည်။ ထို့နည်းတူစွာပင် အိပ်မက်က တိုတောင်းသလို ခံစားရသော်လည်း နိုးထလာသောအခါ ညတစ်ညလုံး ကုန်ဆုံးသွားခဲ့သည့် အချိန်များလည်း ရှိသည်။

အလွန် ဝမ်းနည်းစရာ ကောင်းသော်လည်း အိပ်မက်ထဲမှ နိုးထမှုကို လင်ကျဲ ထိန်းချုပ်လို့ မရနိုင်ပါချေ။

“ကျွန်တော် သွားသင့်ပြီ”

လင်ကျဲ ထရပ်လိုက်ရင်း ဆစ်ဗာဘက်သို့ လက်ကို ဆန့်ထုတ်လိုက်၏။ ဆစ်ဗာက ပြုံးလိုက်ပြီး လင်ကျဲ၏ လက်ကို အားယူ ထကာ ညင်သာစွာ ပွေ့ဖက်လိုက်သည်။ ထို့နောက်... နူးညံ့ပြီး ဆွဲဆောင်မှု ရှိသည့် အသံ တစ်ခုမှာ သူ့ နားရွက်နား၌ ထွက်ပေါ်လာခဲ့လေ၏။

“မနက်ဖြန်ည ရောက်တဲ့အခါ အိပ်မက်ထဲမှာ ထပ်ပြီး ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်”

...

ယူရီ...

ယူရီမှာ ငရဲဘုံ အဆင့် အောက်လမ်း မှော်ဆရာ တစ်ဦး ဖြစ်သလို ‘မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင်’ ဖရန့်ခ်ဝယ်လ်၏ တပည့်လည်း ဖြစ်သည်။

အောက်လမ်း မှော်ဆရာ အသိုင်းအဝိုင်း တစ်ခုလုံးက ဖျက်ဆီးခြင်း အဆင့် ဖရန့်ခ်ဝယ်လ်ထံတွင် ယခင်က တပည့် နှစ်ဦး ရှိခဲ့ဖူးကြောင်း သိကြသည်။

‘ရှိခဲ့ဖူးသည်’ ဟု သုံးနှုန်းရသည့် အကြောင်းရင်း ရှိပေသည်။ ဖရန့်ခ်ဝယ်လ်၏ တပည့် နှစ်ဦး အနက် တစ်ဦးမှာ သေဆုံးခဲ့ပြီ ဖြစ်ကာ နောက်တစ်ဦးမှာလည်း ဖရန့်ခ်ဝယ်လ်ကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့သည်။

ယခုအခါ မီးလျှံ တမန်တော် ယူရီမှာ ဟေးရစ်၏ ပါတနာ တစ်ဦး ဖြစ်သလို အောက်လမ်း မှော်ဆရာ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် ‘စကားလက် ဝါဒီ’ ၏ အဓိက အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

“ဒီတစ်ကြိမ် ဟေးရစ်ကို ရွေးချယ်လိုက်တာက မှားကောင်း မှားနိုင်ပေမဲ့ အခြားလူတွေကို ရွေးချယ်လိုက်တာကတော့ ပြင်ဆင်လို့ မရနိုင်တော့ဘူး...”

ယူရီ စီးကရက်ကို ဖွာလိုက်သော်လည်း ပြန်လည် ရှိုက်ထုတ်ခြင်း မပြုပါချေ။ သူက ထီးတစ်ချောင်းကို ကိုင်ဆောင်ထားကာ ဝတ်ဆင်ထားသည့် ဝတ်စုံကတော့ ညစ်ပတ်ပြီး စုတ်ပြဲ နေခဲ့၏။

ယူရီမှာ အလွန် ငယ်ရွယ်ပုံ ရကာ အများဆုံးမှ အသက် နှစ်ဆယ် အရွယ်ခန့်သာ ရှိပုံ ပေါ်သည်။ သူက နက်မှောင် ပိတ်ဖုံးနေသည့် ဆံပင်များကို ပိုင်ဆိုင်ထားကာ ခပ်သွယ်သွယ် မျက်နှာထက်တွင် တင်းတိပ်များ ရှိနေခဲ့၏။ သူ၏ လက်တစ်ဖက်မှာ လက်ဖဝါးမှ လက်မောင်းသို့ ရောက်သည် အထိ ပတ်တီးများ စည်းထားခဲ့သည်။

ဤသည်မှာ ကျိကျစ်ရှို့၏ အလစ် တိုက်ခိုက်မှုကို ခံခဲ့ရသည့် နောက်ဆက်တွဲ ဖြစ်ပေသည်။

***

All Chapters