ဂျိုဟန်
Vol. 3 Ch. 34
မုဆိုး တစ်ယောက် အနေဖြင့် ဟေးရစ်မှာ ညစ်ညမ်းသည့် သွေးရည်ကြည်မှ ရရှိလာသည့် စွမ်းအားကို ပိုင်ဆိုင်ထားလေရာ လက်မောင်းတစ်ဖက် ပြတ်တောက် သွားလျှင်ပင် မျက်တောင် တစ်ခပ်စာ အတွင်း ပြန်လည် ပေါက်လာနိုင်သည်။
သို့သော်လည်း ယူရီတို့လို အောက်လမ်း မှော်ဆရာများကတော့ သာမန်လူများနှင့် ကွဲပြားခြင်း မရှိသည့် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်မှာ အားကောင်းသည့် တိုက်ခိုက်မှုများကို တိုက်ရိုက် ခံနိုင်ရည် မရှိသလို အလိုအလျောက် ပြန်လည် ဖွံ့ဖြိုးနိုင်သည့် စွမ်းအားကိုလည်း ပိုင်ဆိုင် မထားပါချေ။ ထို့အပြင်... ယခုလို ဒဏ်ရာမျိုးမှာ မန္တာန်ကို အားကိုး၍ ပျောက်နိုင်သည့် ဒဏ်ရာ မဟုတ်ပါချေ။
၎င်းကို ကိုင်တွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ အမိုးခုံး ဘုရားကျောင်းမှ အကူအညီ တောင်းခံခြင်း ဖြစ်သည်။ သို့သော်လည်း... လွန်ခဲ့သည့် သုံးနှစ်က စလို နော်ဇင်ရှိ အမိုးခုံး ဘုရားကျောင်းမှာ အောက်လမ်း မှော်ဆရာများကို ကုသမှု မပေးတော့ကြောင်း ကြေညာခဲ့သည်။
အကြောင်းရင်းက ရပ်တည်ချက် ပြဿနာ မဟုတ်ပေ။ အမိုးခုံး ဘုရားကျောင်းမှာ ကုသမှု ပေးရန်သာ တာဝန်ရှိသည်။ လူများအား မည်သို့ ပြုမူရမည်ကို သင်ကြားရန် တာဝန်မရှိပေ။ အမှန်တကယ် အကြောင်းရင်းက အောက်လမ်း မှော်ဆရာများ... အထူးသဖြင့် အဆင့်နိမ့် မှော်ဆရာများမှာ သူ များစွာသည် များသောအားဖြင့် ပိုက်ဆံ မရှိကြသောကြောင့် ဖြစ်သည်။
“ငါ လေ့လာလို့ ရသလောက် ဆိုရင် ကျိကျစ်ရှို့... ပြီးတော့ ဆရာ… အဲလေ ဖရန့်ခ်ဝယ်လ်တို့ နှစ်ဦး စလုံးက ဒီ ၂၃ လမ်းပေါ်က စာအုပ်ဆိုင် ပိုင်ရှင်နဲ့ ပတ်သက်မှု တစ်ချို့ ရှိပုံရတယ်... သူတို့ရဲ့ ကံကြမ္မာတွေကို အဲဒီ နေရာမှာ ပြန်ရေးသားခံလိုက်ရသလိုပဲ”
ယူရီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဖရန့်ခ်ဝယ်လ် ခံစားခဲ့ရသည့် ပြင်းထန်သော ဒဏ်ရာများ အကြောင်းကို သူ ကောင်းစွာ သိရှိထားသည်။ ထို့အပြင်... သူ၏ ဆရာဟောင်း ဖြစ်ခဲ့သူမှာ မသေဆုံးခဲ့လျှင်ပင် မာနတရားကြောင့် ဤနေရာ၌ ပြန်လည် ပေါ်လာလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဖရန့်ခ်ဝယ်လ်မှာ ပြန်လည် ပေါ်လာခဲ့သည့် အပြင် ပိုမို၍ပင် သန်မာလာခဲ့သည်။
“ထောက်လှမ်းရေး အစီရင်ခံစာက အမှား တစ်ခု ဖြစ်နေဖို့ပဲ မျှော်လင့်တာပေါ့”
ယူရီ သူ၏ ဘေးရှိ အသက်လတ် အရွယ် အောက်လမ်း မှော်ဆရာ ဂျိုဟန်ကို လှည့်ကြည့်လိုက်သည်။
“မစ်ရှင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ ခင်ဗျား မှတ်မိတယ်နော်”
“ဟုတ်ကဲ့”
အောက်လမ်း မှော်ဆရာက ခေါင်းငုံ့ရင်း ဆက်ပြောလိုက်သည်။
“စာအုပ်ဆိုင်နဲ့ ပိုင်ရှင်ရဲ့ အခြေအနေကို စုံစမ်းဖို့ပါ... အဲဒီ ပုဂ္ဂိုလ်ရဲ့ အဆင့်၊ အသွင်အပြင်နဲ့ စာအုပ်ဆိုင်ရဲ့ တည်ဆောက်ပုံကိုပါ အတည်ပြုပါ”
“ကောင်းတယ်... သွားတော့... သတင်းကောင်း ယူလာခဲ့”
ယူရီက အမိန့်ပေးလိုက်၏။ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ဂျိုဟန်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားကာ အမှောင်နှင့် ရောနှော၍ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
အရိပ် အသွင်ပြောင်းလဲခြင်း နည်းစနစ်...
၎င်းမှာ ဂျိုဟန် အကျွမ်းကျင်ဆုံး နည်းစနစ် တစ်ခု ဖြစ်သည်။ ၎င်းမှာ ထောက်လှမ်းရေး အတွက် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်သည်။ ညတာက အကောင်းဆုံးသော အကာအကွယ် ဖြစ်ပေသည်။
ဝှစ်... ဝှစ်...
ဂျိုဟန် အဆောက်အအုံများ၏ ကန့်လန့်ဖြတ် အရိပ်များကို လျင်မြန်စွာ ဖြတ်သန်းရင်း ၂၃ လမ်း၊ အမှတ် ၄၁၂ ရှိ စာအုပ်ဆိုင်သို့ အလွန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ဂျိုဟန် အရှိန်လျှော့လိုက်ရင်း စာအုပ်ဆိုင်၏ ပတ်ဝန်းကျင်ကို ဂရုတစိုက် လှည့်ပတ်ကြည့်လိုက်၏။ သူ သတိထားနေသော်လည်း တစ်ချိန်တည်းမှာပင် အနည်းငယ် သံသယရှိနေခဲ့သည်။
‘ဒီ နေရာမှာ အီသာ လှုပ်ရှားမှု လုံးဝ မရှိဘူး...’
အာရုံခံစားမှုအပေါ် အခြေခံလျှင် ဤနေရာမှာ ရိုးရှင်းသည့် သာမန် စာအုပ်ဆိုင် တစ်ဆိုင်မျှသာ ဖြစ်သည်။ သို့သော်လည်း အထက်လူကြီးများက အလွန် အလေးအနက်ထားနေသည့် မစ်ရှင်တစ်ခု ဖြစ်လေရာ သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။
ထို့နောက် ဂျိုဟန် ပထမထပ်ရှိ စာအုပ်ဆိုင်ထဲသို့ ဝင်ကာ စစ်ဆေးကြည့်လိုက်၏။ သို့သော်လည်း ထူးခြားသည့် အရာ တစ်ခုခုကို ရှာမတွေ့ခဲ့ချေ။ သူ တွေ့ရှိခဲ့သမျှက သပ်သပ်ရပ်ရပ် စီစဉ်ထားသော စာအုပ်စင်များနှင့် စာအုပ်တန်းများသာ ဖြစ်သည်။ ထို့ကြောင့် သူ ဒုတိယထပ်သို့ ဆက်လက် တက်သွားလိုက်၏။
အပေါ်ထပ်၏ တည်ဆောက်ပုံမှာ ပိုမို ရိုးရှင်းပြီးကာ သာမန် နေအိမ် တစ်ခုနှင့် တူနေခဲ့သည်။ ဂျိုဟန် စစ်ဆေးသင့်သည့် နေရာများ အားလုံးကို လျင်မြန်စွာ စစ်ဆေးခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး စစ်ဆေးရန် ကျန်ရှိနေသည့် တစ်ခုတည်းသော နေရာက စာအုပ်ဆိုင် ပိုင်ရှင်၏ အိပ်ခန်း ဖြစ်သည်။
အသက်ဓာတ်များကို သူ ထိုအခန်းအတွင်းမှ ခံစားရသည်။ ပုံမှန် အသက်ရှူသံများကို နားထောင်ရပါက စာအုပ်ဆိုင် ပိုင်ရှင်မှာ အခန်း အတွင်း အိပ်ပျော်နေခြင်း ဖြစ်သည်။
ဂျိုဟန် အိပ်ခန်း တံခါးဘက်သို့ တဖြည်းဖြည်း တိုးသွားရင်း စိတ်ထဲမှ တွေးလိုက်မိသည်။
‘ဒီလူကို ငါ ရှင်းပစ်လိုက်မယ်... နောက်ပြီး အားလုံး စိုးရိမ်နေတဲ့ ဒီစာအုပ်ဆိုင်ပိုင်ရှင်က သာမန် လူတစ်ဦး ဆိုတာ ပြန်ပြီး အစီရင်ခံလိုက်ရုံပဲ’
ဂျိုဟန် စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်ရင်း မူလ ပုံစံသို့ ပြန်ပြောင်းလိုက်သည်။ ထို့နောက် တံခါးလက်ကိုင်ထံ လက်လှမ်းလိုက်လေတော့၏။
ကျွီ...
တဖြည်းဖြည်း ကျယ်လာသည့် တံခါးဝမှ တစ်ဆင့် ဂျိူဟန် စောင်းကြည့်လိုက်၏။ ချက်ချင်းပင် သူ၏ စိတ်မှာ ဗလာ ဖြစ်သွားခဲ့တော့သည်။
ဂျိုဟန် တဖြည်းဖြည်း ကျယ်လာသော အက်ကွဲကြောင်းမှတစ်ဆင့် ချောင်းကြည့်လိုက်ရာ သူ၏ စိတ်သည် ချက်ချင်း ဗလာဖြစ်သွားသည်။
အခန်းတစ်ခုလုံးမှာ ခုန်နေသည့် သွေးကြောများ၊ အသွေးအသားများဖြင့် ဖုံးအုပ် နေခဲ့သည်။ ၎င်းတို့မှာ ခုတင် ခေါင်းရင်းမှ နေ၍ ပြန့်ကျဲ နေခဲ့ကာ နံရံများနှင့် ကြမ်းပြင်များကိုပင် တွယ်တက် နေခဲ့သည်။ ခုတင် ခြေရင်းတွင်တော့ အဖြူရောင် အိုင်းရစ်ပန်းပင်များ ရှိ၏။ ၎င်းတို့က မှိန်ပျပျ အလင်းရောင်ကို ထုတ်လွှတ်နေကာ ချိုမြိန်သည့် အိပ်မက် တစ်ခု အတွင်း ကျရောက်နေသည့် အလား ခုတင်ပေါ်ရှိ လူငယ်၏ မျက်နှာကို အလင်းပေး နေခဲ့သည်။
ဂျိုဟန်မှာ သွေးကြောများကို ကြည့်ကာ ကြက်သေသေ နေခဲ့၏။ ထိုအခိုက်တွင်ပင် သွေးကြောများမှာ အလုံးလိုက် အထွေးလိုက် သူ့ဆီသို့ တိုးဝင် လာခဲ့တော့သည်။
…
ဤကြောက်မက်ဖွယ် မြင်ကွင်းကို မျက်မြင် တွေ့ရှိခဲ့သည့် အချိန်မှ စ၍ သတိလစ်သွားသည့် အချိန်အထိ ဂျိုဟန် အတွက် မျက်တောင် တစ်ခတ်စာမျှသာ ကြာမြင့်ခဲ့သည်။
အသွေးအသားများထက်တွင် ပေါက်ရောက် ကြီးထွားနေသည့် အဖြူရောင် အိုင်းရစ်ပန်းများ၏ ပုံရိပ်က သူ့ စိတ်ထဲ၌ စွဲထင်နေဆဲ ဖြစ်သည်။ ထိုသို့ ဆန့်ကျင်ဘက် အရာနှစ်ခု ပေါင်းစပ်မှုက သူ၏ အရေပြားကို စူးစေကာ အမွေးများကို ထောင်မတ်စေသည်။ သို့သော် ဂျိုဟန် တစ်ယောက် အချိန်မီ တုံ့ပြန် ထွက်ပြေးဖို့ မကြိုးစားနိုင်ခဲ့ပေ။
နောက်တစ်စက္ကန့် အကြာတွင် သူ၏ အမြင်အာရုံက လုံးဝ အနက်ရောင်သို့ ပြောင်းလဲသွားကာ ပြင်းထန်သည့် နာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
သွေးကြောများက နွယ်ပင်များ အလား သူ၏ ခန္ဓာကိုယ်ကို တွယ်တက်လာကာ နားများ၊ မျက်လုံးများ၊ ပါးစပ်နှင့် နှာခေါင်းများထဲ အထိ ဝင်ရောက်လာနေသည်ကို ဂျိုဟန် ထင်ရှားစွာ ခံစားနိုင်ခဲ့သည်။ သွေးကြောများက သူ၏ အရေပြားများ၊ အတွင်း အင်္ဂါများနှင့် နောက်ဆုံးတွင် သူ၏ ဦးနှောက်ထဲ အထိ စိမ့်ဝင်သွားခဲ့သည်။
နောက်ဆုံး အရာအားလုံး ငြိမ်သက်သွားသောအခိုက်တွင်တော့ ဂျိုဟန် တစ်ယောက် မတည်ရှိတော့ချေ။ သူ၏ အသိစိတ် အားလုံးက ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
တံခါးဝ၌ ရပ်နေသည့် အသက်လတ် အရွယ် အောက်လမ်း ဆရာ၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့် သွားခဲ့ကာ ခေါင်းငိုက်စိုက် ကျသွားခဲ့သည်။ သူ၏ လက်က တံခါး လက်ကိုင်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် သွေးကြောများမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွား၏။
ဖျပ်...
ဂျိုဟန် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ တံခါးဝကို ညင်သာစွာ ပိတ်လိုက်သည်။ ထို့နောက် သူ လှေကားမှ ညင်သာစွာပင် ဆင်းလာခဲ့၏။ သူ၏ နှုတ်ကတော့ တစ်စုံတစ်ရာကို တတွတ်တွတ် ရေရွတ်နေသည်။
“ငါ... ငါ... ဖယ်… ရှား... ပစ်”
စကားပြောနိုင်စွမ်းကို ပထမဆုံး အကြိမ် ရရှိလာသည့် တိရစ္ဆာန် တစ်ကောင် အလား ဂျိုဟန်မှာ အဓိပ္ပာယ်မရှိသည့် စကားလုံးများကို တောင်စဉ် ရေမရ ရေရွတ်နေသကဲ့သို့ ရှိသည်။
သို့သော်လည်း... မြေညီထပ်သို့ ရောက်ရှိလာသည်နှင့်အမျှ သူ၏ စကားပြောမှာလည်း တဖြည်းဖြည်းပင် ပုံမှန်သို့ ပြန်လည် ရောက်ရှိလာသည်။ သူ၏ စကားလုံးများမှာ ပိုမို၍ ရှင်းလင်းလာ၏။
“ငါ့သခင်ကို ခြိမ်းခြောက်နေတဲ့ တည်ရှိမှုများ အားလုံးကို… ငါ ဖယ်ရှားရမယ်…”
“အို... အရှင်... ဒီအချိန် ဒီနေရာကနေစပြီး ခင်ဗျားရဲ့ အစေခံက… အစွမ်းကုန် သစ္စာစောင့်ပါမယ် ဆိုတဲ့ကြောင်း ကတိပြုပါတယ်”
...
ယူရီမှာ မှောင်မိုက်သည့် လမ်းကြား တစ်ခုထဲတွင် စောင့်ဆိုင်းနေခဲ့၏။ စီးကရက်တစ်လိပ်ကို သောက်ပြီးနောက် သူက မြေပြင်ပေါ် ဖင်ချထိုင်လိုက်ရင်း အိတ်ဆောင် နာရီကို ထုတ်ယူလိုက်သည်။
မိုးစက် အချို့မှာ အိတ်ဆောင် နာရီ၏ မျက်နှာပြင်ပေါ်သို့ ပက်ဖြန်းနေခဲ့၏။ ယူရီ မျက်မှောင်ကြုတ်ရင်း လက်မကို အသုံးပြု၍ ၎င်းကို ခြောက်အောင် သုတ်လိုက်သည်။
နာရီဝက် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ယူရီ ရပ်နေသည့် လမ်းကြားမှာ ၂၃ လမ်းနှင့် ၂ ကီလိုမီတာလောက်သာ ကွာဝေးသည်။ ဂျိုဟန် အသုံးပြုထားသည့် အရိပ် အသွင်ပြောင်းလဲခြင်း နည်းလမ်း၏ အမြန်နှုန်း အရ ဆိုလျှင် ငါးမိနစ်အတွင်း ဤနေရာသို့ ပြန်လည် ရောက်ရှိလာနိုင်ခဲ့သင့်သည်။
“အဲဒီ စာအုပ်ဆိုင်က မရိုးရှင်းဘူး ထင်တယ်…”
***