← Chapters

ဂျိုဟန် (၂)

Vol. 3 Ch. 35

ဂျိုဟန် (၂)

Vol. 3 Ch. 35

“အဲဒီ စာအုပ်ဆိုင်က မရိုးရှင်းဘူး ထင်တယ်…”

ယူရီ သက်ပြင်းချလိုက်၏။ ကိုယ်တိုင် မသွားရောက်ပဲ လူစားလဲ လွှတ်ရန် ဆုံးဖြတ်ချက်က မှန်ကန်ခဲ့သည် ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း... ယခုအချိန်အထိ ၂၃ လမ်းဆီမှ အီသာ အပြောင်းအလဲကို သူ မခံစားမိသေးချေ။ အနည်းဆုံးတော့ တိုက်ပွဲ မဖြစ်ခဲ့ပေ။

အဖြစ်နိုင်ဆုံး အကြောင်းရင်းကို စဉ်းစားရပါက... ဂျိုဟန်၏ ထိုးဖောက်ဝင်ရောက်မှုမှာ အောင်မြင်ခဲ့သော်လည်း အကာအကွယ် အစီအရင် မန္တာန်များကြောင့် မည်သည့် သတင်း အချက်အလက်ကိုမှ မရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုသို့သော အခြေအနေကို သိပ်မဆိုးလှဟု သတ်မှတ်နိုင်သော်လည်း စာအုပ်ဆိုင် ပိုင်ရှင်ကို သတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ယခု သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက ဂျိုဟန် ပြန်လာသည်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။ ပြီးမှသာ နောက်တစ်ဆင့်ကို စဉ်းစားရပေမည်။

ဂျိုဟန်၏ ဖုံးကွယ်ခြင်းနှင့် ထွက်ပြေးခြင်း စွမ်းရည်များ အပေါ် ယူရီ ယုံကြည်မှု ရှိသည်။ ပြောရလျှင်... လူသားများနှင့် အိပ်မက်သားရဲ မျိုးစပ်များမှာ အလွန် ရှားပါးသော တည်ရှိမှုများ ဖြစ်သည်။

အရိပ်မှော် ဘရိုင်ယိုဇုန် သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက် အနေဖြင့် ဂျိုဟန်မှာ အရိပ် အဖြစ် အလွယ်တကူ ပြောင်းလဲ နိုင်သလို၊ အမိုက်မှောင်နှင့်လည်း ရောနှောနိုင်သည်။ မိမိ၏ တည်ရှိမှုကို အသက်ရှူသလိုမျိုး အလွယ်တကူ ဖုံးကွယ်နိုင်သည်။

ဖျောက်... ဖျောက်...

မိုးက ပိုမို၍ သည်းထန်စွာ ရွာသွန်းလာကာ မီးငြိမ်းသွားပြီ ဖြစ်သည့် စီးကရက် ဖင်ဆီခံကို ရေဆိုးမြောင်းများ အတွင်း သယ်ဆောင်သွားခဲ့သည်။

ယူရီ အိတ်ဆောင် နာရီကို သိမ်းလိုက်ရင်း အခြား စီးကရက် တစ်လိပ်ကို မီးညှိဖို့ ပြင်လိုက်၏။ ရုတ်တရက်... ကျောရိုးများ စိမ့်တက်သွားသလို သူ ခံစားလိုက်ရသည်။

စီးကရက်မီးငြိမ်း သွားခဲ့ပြီ ဖြစ်ကာ မီးအလင်းရောင် ရနိုင်သမျှ ရင်းမြစ်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် မိုးသည်းသည်းမည်းမည်း ရွာသွန်းနေသည့် မှောင်မိုက်နေသော မဟူရာ ညတွင် အဘယ်ကြောင့် အရိပ်တစ်ခု ရှိနေရသနည်း။

“ချီးပဲ...”

ယူရီ မျက်မှောင်ကြုတ်ရင်း မီးမညှိရသေးသည့် စီးကရက် တစ်လိပ်ကို ဆွဲထုတ်ကာ ဖျစ်ညှစ်ရင်း အပေါ်သို့ ထောင်လိုက်သည်။

“မီးလျှံ မန္တာန်... အလင်း လောင်ကျွမ်းစမ်း”

ဟုန်း...

ချက်ချင်းပင် စီးကရက်မှ ပြင်းထန်သည့် မီးတောက် တစ်ခု ပေါက်ကွဲလာကာ လမ်းကြား တစ်ခုလုံးကို လင်းထိန် သွားစေခဲ့သည်။

သဘာဝ အလင်းနှင့် မီးတို့မှာ အရိပ်များကို ကိုင်တွယ်ရန် အကောင်းဆုံး နည်းလမ်းများ ဖြစ်သည်။ သို့သော်လည်း လက်ရှိ အခြေအနေက သိပ်မဟုန်လှကြောင်း ယူရီ သိသည်။ မိုးသည်းထန်မှုကြောင့် ဖြစ်ပေါ်လာသည့် စိုထိုင်းဆမှာ မီးအခြေခံ မှော်ပညာ အားလုံး၏ ထိရောက်မှုကို သိသိသာသာ လျော့ကျစေသည်။ ထို့အပြင် သူ့တွင် ရှိနေသည့် တစ်ခုတည်းသော လောင်စာက သာမန် စီးကရက်မျှသာ ဖြစ်သည်။

ဆိုလိုသည်က ဤမန္တာန်ကို ဆက်လက် ထိန်းထားရန် စက္ကန့် အနည်းငယ်လောက်သာ အချိန်ရပေသည်။ ထို့ကြောင့်ပင် သူ၏ တိုက်ခိုက်မှုက သိပ် အသုံးမဝင်နိုင်ချေ။

ဂျိုဟန်မှာ သစ္စာဖောက်သွားပြီ ဖြစ်ကြောင်း ယူရီ အတော်လေး သေချာ နေခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့် ဂျိုဟန် သစ္စာဖောက်ခဲ့ကြောင်း သူ မသိချေ။ သို့သော်လည်း... တစ်ခုကတော့ သေချာပေသည်။ ဂျိုဟန် သေရမည်။

“မီးလျှံ မန္တာန်... မီးမြေ ပေါ်လာစမ်း...”

ယူရီက ပြင်းထန်စွာဖြင့် ဟိန်းဟောက်လိုက်၏။ သို့သော်လည်း မြေပြင်ပေါ်ရှိ အရိပ်မှာ ပိုမို၍ လျင်မြန်သည်။ တစ်ခုခု မှားယွင်းနေကြောင်း ယူရီ သဘောပေါက်ပြီးနောက် တစ်စက္ကန့် မပြည့်မီတွင်ပင် ထိုအရိပ်မှာ မူလ ပုံစံသို့ ပြန်လည် ပြောင်းသွားခဲ့သည်။

ထို့နောက် ချွန်ထက်သည့် သတ္တု တံစို့ တစ်ခုကို သုံးကာ အားကုန် ပစ်ပေါက်လိုက်လေတော့သည်။

“အား...”

ယူရီ၏ ခန္ဓာကိုယ်မှာ တံစို့ တန်းလန်းဖြင့် နောက်ရှိ လမ်းကြား နံရံဆီသို့ ရိုက်ခတ် သွားခဲ့၏။ သတ္တု တံစို့တွင် ပါဝင်နေသည့် ဆူးချွန်များမှာ သူ့ကို ဆိုးရွားသည့် နာကျင်မှုများ ဖြစ်ပေါ်စေကာ ထိုအရာက သူ ဆိုးရွားစွာ ညည်းညူရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် မီးမန္တာန်မှာ အသက်ဝင်လာကာ မီးတောက် တစ်ခုက လမ်းကြား တစ်ခုလုံး၌ ပေါက်ကွဲ သွားခဲ့၏။ အရာအားလုံးက ပူပြင်းသည့် မြေအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

ဂျိုဟန်၏ အားနည်းလှသည့် ခန္ဓာကိုယ်မှာ မီးလျှံများဖြင့် ဆွဲဖြဲမှုကို ခံရကာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။ အလင်း၏ စူးရှရှ အလင်းရောင်အောက်တွင် သူ၏ ခန္ဓာကိုယ်မှာ မည်းနက်သော အရိပ်တစ်ခု သဖွယ် ဖြစ်လာခဲ့၏။

အသေးစား တိုက်ပွဲလေးမှာ ခဏတာ အတွင်းမှာပင် အဆုံးသတ် သွားခဲ့သည်။ ယူရီက သတ္တု တံဆို့မှ လွတ်မြောက်ရန် အတွက် အသွင်ပြောင်းလဲခြင်း မှော်ပညာကို သုံးကာ သတ္တုကို အရည်ဖျော် ပစ်လိုက်သည်။

ထို့နောက် သူက အသက်ကို ခပ်ပြင်းပြင်း ရှူကာ ဒဏ်ရာကို လက်ဖြင့် ဖိရင်း တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ ပြန်လည် တိုးလာခဲ့၏။ သူ၏ နှုတ်ခမ်းထက်တွင်တော့ အပြုံးတစ်ခု ရှိနေခဲ့သည်။

“ငါ့ကို လူမိုက်လို့ မင်းက ထင်နေတာလား... သစ္စာဖောက်တဲ့ နေရာမှာ ငါက မင်းထက် ပိုပြီး ကျွမ်းကျင်တယ်... ဘယ်လောက်တောင် ရိုးအလိုက်တဲ့ ကောင်လဲ”

မီးတောက် အတွင်းရှိ အသက်ဓာတ် အားလုံးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မီးသွေး အဖြစ် ပြောင်းလဲ သွားခဲ့သည့် အရိပ်ကတော့ လမ်းကြား အလယ်တွင် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။ ဤသည်မှာ အောက်လမ်း မှော်ဆရာ တစ်ဦး၏ ပျက်စီးခြင်းကို ကိုယ်စားပြုပေသည်။

ယူရီ လက်ကို မြှောက်လိုက်ရင်း တိုက်ပွဲကို အဆုံးသတ်ရန် အတွက် နောက်ဆုံး မန္တာန်ကို ရွတ်ဆိုဖို့ ပြင်လိုက်၏။

ဟူး.... ဟူး...

လေထဲ၌ မျောလွင့်နေသည့် ပြာမှုန့်များက မြေပြင်ပေါ်သို့ ကျလာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် သွေးထွက်နေဆဲ ဖြစ်သည့် မရေမတွက်နိုင်သော သွေးကြောများမှာ နံရံများနှင့် ကြမ်းပြင်များတွင် အမြစ်တွယ်လာကာ လမ်းကြား တစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့လေသည်။

“ဘာတွေလဲ...”

ယူရီ တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားသည့် အချိန်တွင်ပင် လမ်းကြား တစ်ခုလုံးကို သွေးကြောများက အစုလိုက်အပြုံလိုက် ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။

ယူရီ အစီအရင် တစ်ခုကို ပစ်လွှတ်လိုက်သော်လည်း သွေးကြောများက ပိုမို၍ ကြီးထွားလာကာ သူ့ တစ်ကိုယ်လုံးကို မြိုချတော့မည်ဟန် ပြင်လာခဲ့သည်။ ပတ်ပတ်လည်ကို ကြည့်ရင်း ကြောက်ရွံ့ ထိတ်လန့်သည့် အမူအရာများက ယူရီ၏ မျက်နှာထက်တွင် မင်းမူ လာခဲ့သည်။

“မင်းက ဂျိုဟန် မဟုတ်ဘူး... မင်း ဘယ်သူလဲ...”

အသက်ရှူနေသလိုမျိုး လှုပ်ခါနေသည့် သွေးကြောများနှင့် အသွေးအသား အစုအဝေးထံမှ ဂျိုဟန်၏ အသံ တစ်ခုမှာ ထွက်ပေါ်လာခဲ့၏။

“အို... အရှင်… ခင်ဗျားရဲ့ အစေခံ… အနှောင့်အယှက်ကို ဖယ်ရှားလိုက်ပါပြီ…”

‘အရှင်...’

ယူရီ ထိုစကားလုံးကို ချက်ချင်း သတိပြုလိုက်မိ၏။ သူ ဂျိုဟန်၏ နောက်ခံကို ကောင်းကောင်း သိသည်။ ဂျိုဟန်မှာ မည်သည့် ဘာသာတရားကိုမှ ကိုးကွယ် ဆည်းကပ်သူ တစ်ယောက် မဟုတ်ပါချေ။ သူ့ထံတွင် မည်ကဲ့သို့ အရှင် ရှိနိုင်မည်နည်း။

ဂျိုဟန် စုံစမ်းရန် ထွက်ခွာသွားသည်မှာလည်း နာရီဝက်မျှသာ ကြာသေးသည်။ သူ့ထံတွင် ‘သခင်’ တစ်ဦး ပေါ်လာနိုင်စရာ အကြောင်း မရှိပါချေ။ သို့ဖြစ်လေရာ... အကြောင်းပြချက်က တစ်ခုတည်းသာ ရှိပေတော့သည်။

စာအုပ်ဆိုင် ပိုင်ရှင်...

“ဒါက စာအုပ်ဆိုင် ပိုင်ရှင်ရဲ့ သတိပေးချက်ပဲ...”

မြိုချခံရခါနီးတွင်ပင် ယူရီ၏ စိတ်မှာ နောက်ဆုံးသော အတွေးဖြင့် လင်းလက် သွားခဲ့လေ၏။

...

ဒေါက်... ဒေါက်...

ဟေးရစ် တံခါးခေါက်သံကို ကြားလိုက်ရ၏။

“ဝင်လာခဲ့... ဘာကိစ္စလဲ...”

မကြာခင်မှာပင် လက်အောက်ငယ်သား၏ တုန်ယင်နေသည့် အသံ ထွက်ပေါ်လာခဲ့သည်။

“မ... မစ္စတာ ယူရီ… သူ သေပါပြီ”

ဟေးရစ် ကြောင်သွား၏။

“ဘယ်လို ဖြစ်သွားတာလဲ”

“မစ္စတာ ယူရီ ဆရာ့ရဲ့ ညွှန်ကြားချက် အတိုင်း ၂၃ လမ်းက စာအုပ်ဆိုင်ကို စုံစမ်းဖို့ သူ့လူ တစ်ဦးကို စေလွှတ်လိုက်ပါတယ်... ဒါပေမဲ့ အဲဒီလူက ထူးဆန်းတဲ့ စွမ်းအားတွေနဲ့ ပြန်လာပြီး မစ္စတာ ယူရီကို သတ်ပစ်ခဲ့ပါတယ်”

“ဒီမှာ အစီရင်ခံစာဖိုင်ပါ... မြင်ကွင်းနဲ့ ဓာတ်ပုံတွေကို အသေးစိတ် ပြန်ပုံဖော်ထားတဲ့ အစီရင်ခံစာ တစ်ခုလည်း ပါပါတယ်... နောက်ပြီး ယူရီက သူ သေခါနီး အချိန်မှာ နောက်ဆုံး သတင်းစကား တစ်ခုကိုလည်း ချန်ထားခဲ့ပါတယ်”

“အဲဒါက ဘာလဲ”

“သူ ပြောခဲ့တာက ‘ထွက်ပြေး’ တဲ့”

***

All Chapters