← Chapters

ထူးဆန်းသည့် အပြောင်းအလဲ

Vol. 3 Ch. 36

ထူးဆန်းသည့် အပြောင်းအလဲ

Vol. 3 Ch. 36

ဟေးရစ် လက်ကို ဆန့်ထုတ်လိုက်ရင်း လက်အောက်ငယ်သားထံမှ ဖိုင်ကို လက်ခံလိုက်၏။ အစီရင်ခံစာမှာ ရှည်လျားကာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ပြည့်နှက်နေသည်။

၎င်းတွင် မှော်ပညာ လွှတ်ထုတ်သည့် အချိန်၊ အီသာ လှုပ်ရှားမှု ပမာဏ၊ စိတ် အခြေအနေ၊ ပျက်စီးမှု အတိုင်းအတာနှင့် အခြား အသေးစိတ်များစွာပင် ပါဝင်နေသည်။ အရေးပါသည့် အရာအားလုံးကို သပ်သပ်ရပ်ရပ် စုစည်းထားသည်။

ဟေးရစ် ဖိုင်ကို အမြန် ဖတ်လိုက်ပြီးနောက် နောက်ဆုံး စာမျက်နှာသို့ လှန်လိုက်သည်။ ချက်ချင်းပင် သူ၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားခဲ့၏။ ဖိုင်၏ နောက်ဆုံး အပိုင်းမှာ မြင်ကွင်း ဓာတ်ပုံတစ်ပုံ ဖြစ်သည်။

လမ်းကြား တစ်ခုလုံးကို သွေးကြောများနှင့် အသွေးအသားများက ဖုံးအုပ်နေသည်။ ဤသည်က ဓာတ်ပုံ တစ်ပုံမျှသာ ဖြစ်သော်လည်း သွေးထွက်နေသည့် ထိုခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ဆက်လက် တွန့်လိမ် လှုပ်ရှား နေသကဲ့သို့ ထင်ရသည်။

ယူရီ၏ အလောင်းမှာ တစ်ခုမျှ မကျန်ရစ်ခဲ့ပါချေ။ သူ တည်ရှိခဲ့ကြောင်း ဖော်ထုတ်နိုင်သည့် တစ်ခုတည်းသော အရာက စုတ်ပြဲနေသည့် အဝတ်အစား အပိုင်းအစများသာ ဖြစ်သည်။ ဓာတ်ပုံထံ၌ ထူးခြားသည့် အရာတစ်ခုလည်း ရှိသည်။ ၎င်းက အိုင်းရစ် ပန်းတစ်ပွင့်ပင်။ ပန်းပွင့်၏ အစိမ်းရောင် အမြစ်များမှာ အသွေးအသားများထဲ၌ နက်ရှိုင်းစွာ စိမ့်ဝင်နေသည်။ ထူးခြားသည့် အရာ တစ်ခုက ပန်းပွင့်မှာ အနီရောင် ရင့်ရင့် အဆင်း ရှိနေခြင်း ဖြစ်သည်။

ပန်းမှာ မူလ ကတည်းက ထိုနေရာတွင် ရှိနေခဲ့ခြင်းလော။ သို့မဟုတ်... သွေးသား အစုအဝေးမှ ပေါက်ရောက်လာခဲ့ခြင်းလော ဆုံးဖြတ်ရန် ခက်ခဲလှသည်။

သို့သော်လည်း... အစီရင်ခံစာအရ ဓာတ်ပုံ ရိုက်ပြီး မကြာမီတွင်ပင် ပန်းနှင့် အသားနှင့် သွေး အစုအဝေးမှာ ခြောက်သွေ့သွားခဲ့သည်။ ဤပန်းသည် ကပ်ပါး သက်ရှိ သတ္တဝါ တစ်ကောင်နှင့် ဆင်တူကာ ဂျိုဟန်နှင့် ယူရီတို့၏ ကိုယ်ခန္ဓာများမှ အာဟာရများကို စုပ်ယူပြီး ရင်းမြစ် ကုန်ခန်းသွားသောအခါ၌ ခြောက်သွေ့သွားသကဲ့သို့ ခန့်မှန်းရသည်။

လမ်းကြား အတွင်းရှိ အနိဌာရုံများနှင့် ရုန်းကန်ထားသည့် ခြေရာစွပ်ကြောင်းများက ယူရီ မသေဆုံးမီ ဖြတ်သန်းခဲ့ရသော နာကျင်မှု အတိုင်းအတာကို ဖော်ပြနေသည်။ ယူရီမှာ သူ၏ နောက်ဆုံး အခိုက်အတန့်များတွင် သတင်းစကားတစ်ခုကို သွေးဖြင့် ချန်ထားခဲ့ရန် အားထုတ်မှုများ အားလုံးကို အသုံးပြုခဲ့ဟန် ရသည်။

‘ထွက်ပြေး’

ဟေးရစ် စာရွက်စာတမ်းများကို စားပွဲပေါ်တွင် တင်လိုက်ရင်း ပြင်းထန်စွာ သက်ပြင်းချလိုက်သည်။

“ဆိုတော့ စာအုပ်ဆိုင်ကနေ ပြန်လာတဲ့ အချိန်တည်းက စလို့ ဂျိုဟန်ရဲ့ မသိစိတ်ကို တစ်ခုခုက လွှမ်းမိုးထားခဲ့ပြီးသား ပေါ့... နောက်ပြီး အောက်လမ်း ဆရာတွေမှာတောင် အဲဒီ အရာက ဘာလဲ ဆိုတာ ခွဲခြမ်း စိတ်ဖြာဖို့ နည်းလမ်း မရှိဘူးလို့ အစီရင်ခံစာထဲမှာ ရေးထားတယ် ဟုတ်တယ် မလား...”

လက်အောက်ငယ်သားက ခေါင်းငုံ့လိုက်သည်။

“ဟုတ်ပါတယ်...”

“ဒါဆိုရင် သူ့တို့ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ...”

“ဆွေးမြေ့နေတဲ့ အသွေးအသားတွေနဲ့ အိုင်းရစ်ပန်းကို ယူပြီး ပရီကန့် မော်ဖီ လေ့လာဖို့ အတွက် စကားလက် ဝါဒီ ဌာနချုပ်ကို လွှဲပြောင်းပေး မှာပါ... နောက်ပြီးတော့ သူတို့က စာအုပ်ဆိုင်ကို စုံစမ်း စစ်ဆေးနေတာ ယာယီ ရပ်ထားဖို့နဲ့ လန်စီ မှော်ကြေးမုံ ကိစ္စကိုပဲ အာရုံစိုက်ထားဖို့ အကြံပြုထားပါတယ်”

“မော်ဖီ... သူက သတင်း သိပ်မထွက်တဲ့ စကားလက် ဝါဒီ ဖျက်ဆီးခြင်း အဆင့်လား”

ဟေးရစ်က တည်ငြိမ်သည့် အမူအရာကို ဆက်လက် ထိန်းသိမ်းထား၏။

“ဝံပုလွေဖြူတွေ အားလုံး ပူးပေါင်း ဆောင်ရွက်မယ်လို့ သူတို့ကို ပြောလိုက်ပါ”

“ဟုတ်ကဲ့”

လက်အောက်ငယ်သားက ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် အခန်း အတွင်းမှ ထွက်ခွာ သွားခဲ့သည်။

‘ဒါက စာအုပ်ဆိုင် ပိုင်ရှင်ရဲ့ သတိပေးချက်လား...’

ဟေးရစ် တိတ်ဆိတ်စွာ စဥ်းစားလိုက်မိ၏။ ထို့နောက် သူ ဘေးကို လှည့်ရင်း ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်လိုက်သည်။ ပြတင်းပေါက်၏ နောက်ဖက်တွင် စက်ရုံကြီး၏ အစိတ်အပိုင်း တစ်ခု ရှိသည်။ ၎င်း၏ ဗဟိုဤ အပူ သားဖောက်စက် တစ်ခုကို နေရာချထားကာ ထိုအတွင်းတွင်တော့ လန်စီ မှော်ကြေးမုံကို ထားရှိသည်။

ဟေးရစ်၏ အတွေးများက ကျိကျစ်ရှို့ထံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ကျိကျစ်ရှို့မှာ အချိန်ကာလတို အတွင်း အများကြီး တိုးတက်လာကာ သူနှင့်ပင် တန်းတူ ယှဉ်နိုင်လာခဲ့သည်။ ထိုအရာက ၂၃ လမ်းရှိ စာအုပ်ဆိုင် ပိုင်ရှင်နှင့် ဆက်စပ်နေသလော။

စာအုပ်ဆိုင် ပိုင်ရှင်မှာ လက်ရှိတွင် ကျိကျစ်ရှို့ကို ထောက်ပံ့ပေးနေသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုံကြည်ရန် သူ့တွင် အကြောင်းရင်းများ ရှိပေသည်။

‘ဒီလို အပြောင်းအလဲတွေ ထပ်ပြီး ပေါ်လာမှာကို ငါ ခွင့်မပြုနိုင်ဘူး...’

...

လင်ကျဲ မျက်လုံးများကို ဖွင့်လိုက်၏။ သူ အိပ်မက်မှ နိုးထလာခဲ့ပြီ ဖြစ်သည်။ အပေါ်တွင် ချိတ်ဆွဲထားသည့် နူးညံ့သော အမွေးအတောင်များကို ငေးကြည့်ရင်း သာယာ ချိုမြိန်သည့် အိပ်မက်ကို သူ ပြန်လည် သတိရလိုက်မိသည်။ လင်ကျဲ မပြုံးပဲ မနေနနိုင် ဖြစ်ရ၏။

“အဘိုးဝယ်ကို နောက်တစ်ကြိမ် တွေ့ရင် ငါ တကယ် ကျေးဇူးတင်ရမယ်... တိုက်ဆိုင်တာပဲ ဖြစ်ဖြစ် ဒီအိပ်မက် ဖမ်းသမားက ချိုမြိန်တဲ့ အိပ်မက်တွေကို တကယ် ဆောင်ကျဥ်းပေးတယ်”

လင်ကျဲ ထိုင်လိုက်ရင်း အသက်ကို ပြင်းပြင်း ရှူကာ အကြောဆန့်လိုက်သည်။ သူ၏ ကိုယ်ခန္ဓာမှာ သက်သောင့်သက်သာ ရှိလှကာ အသက်ဓာတ် ပြည့်ဝနေသလို ခံစားရ၏။

အပြင်ဘက်တွင်တော့ မိုးက သည်းသည်းမည်းမည်း ဆက်လက် ရွာနေဆဲ ဖြစ်သည်။ အုံ့မှိုင်း စိုစွတ်သည့် ရာသီဥတုက အချိန်ကို ခွဲခြားရ ခက်ခဲစေသည်။ လင်ကျဲ ခုတင် ဘေးရှိ နှိုးစက် နာရီကို ကြည့်လိုက်၏။

နံနက် ၆ နာရီ...

ဤသည်မှာ သူ ပုံမှန် နိုးထနေကျ အချိန်ထက် မိနစ် ၃၀ စောသော်လည်း အားအင် ပြည့်ဝ နေခြင်းကို ထောက်ချင့်ရပါက ယခင်ည၌ ကောင်းကောင်း အိပ်စက်ခဲ့ပုံ ပေါ်သည်။

“နောက်နေ့ည ရောက်ရင်တော့ ဆစ်ဗာနဲ့ အိပ်မက်ထဲမှာ ထပ်ဆုံနိုင်ဦးမလား မသိဘူး...”

လင်ကျဲ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူ ကုတင်ပေါ်မှ ဆင်း၊ အဝတ်လဲပြီး ရေချိုးခန်း အတွင်း ဦးတည်သွားလိုက်သည်။

ယုတ္တိ အိပ်မက်များမှာ ဆက်တိုက် ဖြစ်ပေါ်လေ့ ရှိသည်ဟု သူ ကြားဖူးသော်လည်း ဖြစ်နိုင်ချေကတော့ သေးငယ်ပေသည်။ ဆစ်ဗာနှင့် မတွေ့ရပဲ အခြား လှပသည့် အိပ်မက် တစ်ခုလည်း ဖြစ်နေနိုင်ချေ ရှိသည်။

လင်ကျဲ ဘေစင် ရှေ့တွင် ရပ်ရင်း သွားပွတ်တံကို ကောက်ယူကာ နေ့စဉ် သန့်ရှင်းရေးကို စတင်လိုက်သည်။ သပ်ရပ် သန့်ရှင်းသည့် အသွင်အပြင်ကို ထိန်းသိမ်းခြင်းမှာ သူ မရှိမဖြစ် လုပ်ရမည့် ယဥ်ကျေးမှု တစ်ခု ဖြစ်သည်။

ဂလုတ်... ဂလုတ်... ဖူး...

လင်ကျဲ ပလုတ်ကျင်းလိုက်ပြီးနောက် ပါးစပ်ကို ရေဖြင့် နှစ်ကြိမ်တိုင် ဆက်လက် ဆေးကြောလိုက်၏။ ထို့နောက် ဖူးစောင်ဖြင့် မျက်နှာကို သုတ်ကာ မှန်ကို ပြုံးပြလိုက်ရင်း အလေ့အကျင့် အတိုင်းပင် သွားများကို စစ်ဆေး လိုက်သည်။

ရုတ်တရက် လင်ကျဲ ကြောင်သွား၏။

“ဘာလို့… တစ်ခုခု မူမမှန်ဘူးလို့ ထင်ရတာလဲ”

လင်ကျဲ မှန်ကို သံသယဖြင့် ကြည့်လိုက်ရင်း ပိုမို သေချာအောင် လက်နှစ်ချောင်းဖြင့် ပါးစပ်ကို ဖြဲ ကြည့်လိုက်သည်။ ရှေ့ကို ကုန်းရင်း သေချာစွာ စစ်ဆေးကြည့်လိုက်သော အခိုက်တွင်တော့ သွားအပို ရှစ်ချောင်း ပေါက်နေခဲ့သည်ကို အတည်ပြုလိုက်နိုင်သည်။ သေချာ စစ်ဆေး မကြည့်ပါက ထိုအရာကို သူ သတိပြုမိလိမ့်မည် မဟုတ်ပါချေ။

“ငါ ရုတ်တရက်ကြီး အံဆုံးပေါက်လာရင်တောင် ဒီလောက် မြန်မြန်တော့ မပေါက်သင့်ဘူး မလား...”

လင်ကျဲ မျက်မှောင်ကြုတ်လိုက်သည်။ ခဏတာမျှ စဉ်းစားပြီးနောက် ဤသည်မှာ ဘလက်ကီ၏ လက်ချက် ဖြစ်နိုင်ကြောင်း သူ သံသယ ဝင်လာမိသည်။

ဘလက်ကီ...

ထိုအရာမှာ သူ ဘဝ ကူးပြောင်းလာခဲ့သည့် လက်သည် တစ်ဖြစ်လည်း အနက်ရောင် အရိပ်ကို သူ ပေးထားသည့် နာမည် ဖြစ်သည်။

သို့သော်လည်း... လင်ကျဲ ဘယ်လိုပဲ စဉ်းစား စဉ်းစား... သွားအပိုတစ်စုက ဘာအဓိပ္ပာယ်မှ သိပ်မရှိလှချေ။

“ဟူး... ထားလိုက်ပါတော့... သူ ဘာတွေ တွေးနေတယ် ဆိုတာ ဘယ်သူက သိမှာလဲ... သွား ပေးတာက သူ့ အတွက် ကောင်းချီး ပုံစံ တစ်ခု ဖြစ်ချင် ဖြစ်မှာပေါ့”

လင်ကျဲ သွားများကို အနည်းငယ် ကိုက်ကြည့်ရင်း စမ်းသပ်လိုက်သည်။ ကံကောင်းထောက်မစွာပင် သွားအပိုများမှာ ပုံမှန် လုပ်ငန်းဆောင်တာ အပေါ် မည်သည့် နည်းလမ်းဖြင့်မျှ ထိခိုက်ခြင်း မရှိပါချေ။ ထို့ကြောင့်ပင် သူ ဆက်လက် စဉ်းစားခြင်း မပြုဖို့ ဆုံးဖြတ်လိုက်၏။

သွားများကို ဆက်လက် အသုံးပြုနိုင်ပြီး မနာကျင်သရွေ့ အားလုံး အဆင်ပြေသည်။

လင်ကျဲ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီးနောက် နေ့စဉ် လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်ရန် အတွက် အောက်ထပ်သို့ ဦးတည် လိုက်တော့သည်။

“ဒီနေ့ ဖောက်သည် အသစ်များ လာဦးမလား မသိဘူး”

***

All Chapters