ဧည့်သည် အသစ်
Vol. 3 Ch. 37
လင်ကျဲ တစ်ယောက် ထုံးစံအတိုင်း ကျွမ်းကျင်ပိုင်နိုင်စွာပင် မင်းတုတ်ကို ဖြုတ်၍ စာအုပ်ဆိုင်လေး၏ တံခါးကို ဖွင့်လိုက်သည်။
အပြင်ဘက်တွင် မိုးစဲမည့် အရိပ်အယောင် လုံးဝမမြင်ရသေးချေ။ ကောင်းကင် နတ်မင်းကြီးများ ရေပိုက်ခေါင်း ပိတ်ရန် မေ့လျော့နေသကဲ့သို့ အဆက်မပြတ် ရွာသွန်းနေလေသည်။
ရေလျှံနေသည့် လမ်းမများပေါ်ရှိ ရေမျက်နှာပြင်ကတော့ ယနေ့တွင် အနည်းငယ် လျော့ကျသွားပုံရသည်။ သတင်းများအရ.. မြေအောက် ရေဆိုးမြောင်းစနစ်ကို စွမ်းဆောင်ရည် အမြင့်ဆုံးဖြင့် လည်ပတ်နေသည်ဟုလည်း သိရသည်။
သို့သော်လည်း... လင်ကျဲကို အံ့အားသင့်စေသည့်အရာမှာ အစဉ်အမြဲ ခြောက်ကပ်နေတတ်သည့် လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်ကြီးများ အများအပြား ဖြတ်သန်းမောင်းနှင်သွားခြင်းပင် ဖြစ်သည်။
မော်တော်ယာဉ်များ၏ ရှေ့ထိုးမီးများမှာ သည်းထန်စွာ ရွာသွန်းနေသည့် မိုးကို ထိုးဖောက်၍ လမ်းမကြီးကို ခေတ္တမျှ လင်းထိန်သွားစေသည်။ ရံဖန်ရံခါတွင် လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများနှင့် နေအိမ်များမှ စူးစမ်းလိုသော ဦးခေါင်းကလေးများ ပြူတစ်ပြူတစ် ထွက်ကြည့်တတ်ကြသော်လည်း မိုးပက်မည်စိုးသဖြင့် တံခါးများနှင့် ပြတင်းပေါက်များကို ခပ်မြန်မြန်ပင် ပြန်ပိတ်လိုက်ကြပြန်သည်။
ကုန်တင်ယာဉ်ကြီးများ လျှင်မြန်စွာ ဖြတ်သန်း မောင်းနှင်သွားပြီးနောက် ပတ်ဝန်းကျင်က ပကတိ ဆိတ်ငြိမ်သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေသည်။
"မတော်တဆမှု တစ်ခုခု ဖြစ်လို့များလား"
ကုန်တင်ကားများ ဖြတ်သန်းသွားမှုကြောင့် ဖြစ်ပေါ်လာသည့် ရေလှိုင်း ကြက်ခွပ်များကို ကြည့်ရင်း လင်ကျဲ တွေးတောမိလိုက်သည်။ ထပ်ဆင့် စဉ်းစားကြည့်လျှင် ဤမျှ သည်းသည်းမည်းမည်း ရွာသွန်းနေသော မိုးဒဏ်ကြောင့် မတော်တဆမှုများ ဖြစ်ပွားနိုင်ချေ ရှိပေသည်။
ထို့အပြင်... ကုန်တင်ကားကြီးများပေါ်တွင် ဘူဒိုဇာများနှင့် မြေတူးစက်များကဲ့သို့သော ဆောက်လုပ်ရေးသုံး စက်ယန္တရားကြီးများလည်း ပါလာသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိရှိနိုင်ရန် အတွက် ဘေးအိမ်မှ ရုပ်မြင်သံကြားစက်သံ ထွက်ပေါ်လာမည့် အချိန်ကို လင်ကျဲ နားစွင့် နေလိုက်သည်။ သို့သော်လည်း ထိုင်ခုံတွင် အတော်ကြာကြာ ထိုင်စောင့်ပြီးသည် အထိ ရုပ်မြင်သံကြားစက်မှ စဦး ထွက်ပေါ်လာလေ့ရှိသော တရှဲရှဲမြည်သံကိုပင် မကြားရသေးပေ။
"ဘာဖြစ်နေတာလဲ..."
ဤအခြေအနေက အနည်းငယ် ထူးဆန်းနေသလို လင်ကျဲ ခံစားလိုက်ရသည်။ ပုံမှန်အားဖြင့် ယခုလို ထူးခြား ဖြစ်စဉ် ပေါ်လာသည့် အခါတိုင်း ဘေးဆိုင်ခန်းပိုင်ရှင်မှာ သူ၏ ရုပ်မြင်သံကြားစက်ကို အသံ ကျယ်ကျယ်ဖွင့်ကာ လူတိုင်း စိတ်ဝင်စားနိုင်သည့် ကိစ္စရပ်များကို တင်ဆက်ပေးသည့် လိုင်းသို့ ပြောင်းထားပေးလေ့ ရှိသည်။
သို့သော် ယနေ့တွင်မူ သူက ထိုသို့ မလုပ်သည့်အပြင် ရုပ်မြင်သံကြားစက်ကိုပင် ဖွင့်ထားပုံပင် မရချေ။
‘ထူးဆန်းလိုက်တာ... သူက ခရီးထွက်သွားတာလား... ဒါမှ မဟုတ် သူ ရုတ်တရက်ကြီး နေမကောင်း ဖြစ်နေတာလား...’
လင်ကျဲ တစ်ယောက် စိတ်မပူပဲ မနေနိုင်ပါချေ။ ထိုအိမ်နီးချင်းတွင် ဆိုးကွက် တစ်ချို့ ရှိသော်လည်း သူက သာမန် ပြည်သူတစ်ဦးသာ ဖြစ်ကာ လူဆိုးတစ်ယောက်ဟု သတ်မှတ်၍ မရပေ။
နံနက်ခင်း များစွာ သတင်းနားထောင်ရသည်ကို အသားကျနေပြီ ဖြစ်လေရာ ယခုကဲ့သို့ တိတ်ဆိတ်နေမှုက လင်ကျဲအတွက် နေရထိုင်ရ ခက်စေသည်။ ထို့ကြောင့်ပင် သူက ကပ်လျက်နံရံသို့ တိုးကပ်သွားလိုက်ရင်း လှမ်းခေါ်လိုက်သည်။
"ဒီမယ်... ခင်ဗျား..."
“အမလေးဗျ...”
လင်ကျဲ၏ နှုတ်ဆက်စကား မဆုံးခင်မှာပင် တစ်ဖက်ခန်းမှ လန့်ဖျန့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။ လင်ကျဲ တစ်ယောက် အနည်းငယ် နားမလည်နိုင် ဖြစ်သွားကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ နောင်ကြီး... တစ်ခုခု ဖြစ်လို့လား...”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အသံတစ်ခုက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလာသည်။
"ဘာ.. ဘာမှ မဖြစ်ပါဘူး... တကယ် ဘာမှ မဖြစ်ပါဘူးဗျာ... နောက်ပြီး အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး... မလိုပါဘူးဗျာ"
ဘေးခန်းမှ ဆိုင်ပိုင်ရှင်မှာ တံတွေးအကြိမ်ကြိမ် မျိုချရင်း ဗလုံးဗထွေးဖြင့် မေးလာ၏။
"ကိစ္စ တစ်ခုခု ရှိလို့လားခင်ဗျ"
"ကျွန်တော်က ခင်ဗျား တီဗီ ဖွင့်မထားလို့ မေးချင်ရုံပါ... စက်ပျက်နေလို့လား"
ကိုလင် တစ်ယောက် ကြက်သီးများ တဖျန်းဖျန်း ထလာကာ ခေါင်းနားပန်းကြီး သွားခဲ့၏။
‘ဘုရားရေ... တစ်ခုခု လွဲနေတာကို သူ သတိထားမိသွားပြီ... ဒုက္ခပဲ... ရုပ်ရှင်တွေထဲမှာဆိုရင် လျှို့ဝှက်ချက်တွေကို သိလိုက်ရတဲ့ လူတိုင်း အသတ်ခံလိုက်ရတာချည်းပဲ... ဒုက္ခပဲ... ဒုက္ခပဲ...”
ကိုလင် တစ်ယောက် တုန်တုန်ရီရီဖြင့် ရုပ်မြင်သံကြားစက်ကို ချက်ချင်း ကုန်းဖွင့်လိုက်၏။
"ဖွင့်လိုက်ပါပြီ.... ဖွင့်လိုက်ပါပြီဗျာ... တောင်းပန်ပါတယ်... အခု ဖွင့်ထားပါတယ်"
ချက်ချင်းပင်... ရုပ်မြင်သံကြားစက်က ပွင့်လာကာ အဆောက်အအုံ အများအပြား ရုတ်တရက် ပြိုကျခဲ့သည့် မတော်တဆမှုအကြောင်း သတင်းတစ်ပုဒ် လာနေသည်ကို ကြားလိုက်ရသည်။
‘ဪ... အဆောက်အအုံ ပြိုကျတာကိုး...ဒီလို ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကြောင့် စံချိန်မမီတဲ့ အဆောက်အအုံတချို့ ပြိုကျနိုင်တာတော့ ဖြစ်နိုင်ပါတယ်... ဪ... ထိခိုက်သေဆုံးသူတွေလည်း ရှိတာပဲ... ကြည့်ရတာ မတော်တဆမှုက အတော်လေး ကြီးမားပုံရတယ်...’
"ကျေးဇူးတင်ပါတယ်... နောင်ကြီး..."
လင်ကျဲ ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း ရုတ်တရက် တစ်ခုခု လွဲချော်နေသလို ခံစားလိုက်ရသည်။ အိမ်နီးနားချင်း၏ လေသံက တစ်ခုခုကို ကြောက်လန့်ကာ အတိုင်းထက် အလွန် ယဉ်ကျေးနေသည်။ ထိုအရာက သိပ်အဓိပ္ပာယ် မရှိချေ။
လင်ကျဲ တစ်ယောက် ယခင် ထင်ကြေးကို ပြန်မတွေးဘဲ မနေနိုင်တော့လေရာ လှမ်းမေးလိုက်၏။
"မစ္စတာ ကိုလင်... ခင်ဗျား တကယ်ပဲ အဆင်ပြေရဲ့လား... အသက်ရှည်ရှည် နေနိုင်ဖို့ အတွက်ဆို ခန္ဓာကိုယ်က လုံလုံလောက်လောက် အနားယူဖို့ လိုအပ်တယ်နော်"
ကိုလင်၏ နဖူးပေါ်တွင် ချွေးစေးများ စတင် ထွက်ပေါ်လာသည်။
‘သူက ဘာလို့ ဒီလိုမေးခွန်းမျိုး မေးရတာလဲ... ငါ့ခန္ဓာကိုယ်ကို သူ တစ်ခုခု လုပ်လိုက်ပြီလား... ဘုရား ဘုရား... အခု သူက ငါ့ကို သတိပေးနေတာလား... မစဉ်းစားမဆင်ခြင်ဘဲ ရမ်းမလုပ်နဲ့... မဟုတ်ရင် ကောင်းကောင်းမွန်မွန် အသက်ရှင်ရမှာ မဟုတ်ဘူး ဆိုပြီးတော့လေ...’
ကိုလင် တစ်ယောက် ရုပ်မြင်သံကြားစက်ကို ကြည့်လိုက်၏။ ထို့နောက် လက်ထဲရှိ ဖုန်းကို ငုံ့ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်ထက်တွင် သူ ပို့ရန် အချိန်အကြာကြီး တွန့်ဆုတ်နေခဲ့သော မက်ဆေ့ချ်စာသား တစ်စောင် ရှိနေခဲ့ပေသည်။ ကိုလင်၏ တစ်ကိုယ်လုံးမှာ တောင့်တင်း နေလေ၏။
ထိုအခိုက်တွင်ပင် ဘေးခန်းမှ လင်ကျဲ၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
"မစ္စတာ ကိုလင်...”
ကိုလင် တစ်ယောက် တုန်တက်သွားကာ လက်ချောင်းများမှာ အနည်းငယ် လှုပ်ရှား မိသွားခဲ့၏။ ငုံ့ကြည့်လိုက်သောအခါ မက်ဆေ့ချ်ကို သူ မတော်တဆ ပို့လိုက်မိပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
လက်ခံသူ - အမိုးခုံး ဘုရားကျောင်း ၊ ဖာသာ ဗင်ဆင့်။
ကိုလင်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားကာ ကြောက်လန့်လွန်းသဖြင့် လိပ်ပြာလွင့်မတတ် ဖြစ်သွားရသည်။ ထိန်းမရသိမ်းမရ တုန်ယင်နေသော နှုတ်ခမ်းမှ အသံများ ထွက်မလာစေရန် အစွမ်းကုန် ထိန်းချုပ်လိုက်ရသည်။ ကိုလင် အံကိုတင်းတင်းကြိတ်ရင်း ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်မိသည်။
‘ဖြစ်ပြီးတာတွေလည်း ပြီးသွားပြီ... နောင်တရနေလည်း နောက်ကျသွားပြီပဲ...’
ကိုလင် ကိုယ့်စိတ်ကို ဖြေဖို့ ကြိုးပမ်းလိုက်သည်။ ဤသတင်းအချက်အလက်များကို ဖာသာထံသို့ ပေးပို့လိုက်ပြီဖြစ်သည်။ အချိန်အနည်းငယ်မျှ ဆက်လက် ဖုံးကွယ်ထားနိုင်လျှင် သူ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေး ရှိကောင်းရှိနေနိုင်သေးပေသည်။
‘အို ဖာသာ... ကျေးဇူးပြု၍ ကျွန်တော့်ကို ကယ်တင်တော်မူပါ...’
ကိုလင် လက်သီးနှစ်ဖက်ကို ရင်ဘတ်ရှေ့၌ ထားကာ ဆုပ်ကိုင်ရင်း ဆုတောင်းလိုက်၏။ ထို့နောက်တွင်တော့ စိတ်ကို အတင်းအကြပ် တည်ငြိမ်အောင် ထိန်းချုပ်ပြီး ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။
"ဟား... ဘာမှ မဟုတ်ပါဘူး... ကျွန်တော် အဆင်ပြေပါတယ်... စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကိုလင် အမှန်အတိုင်း ပြောနေခြင်း မဟုတ်ကြောင်း လင်ကျဲ ခံစားမိသော်လည်း မေးခွန်းများ ဆက်လက် မမေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။
"အဲဒီလိုဆိုရင် ခင်ဗျားကို ကျွန်တော် ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး"
လင်ကျဲ ကောင်တာနောက်သို့ ပြန်လျှောက်သွားကာ ထိုင်လိုက်၏။ တစ်ချိန်တည်း၌... အိမ်နီးနားချင်းကို သွားရောက်ကြည့်ရှု စစ်ဆေးသင့် မစစ်ဆေးသင့် တွေးတောနေမိသည်။ အကယ်၍ သူ့ကို တစ်ယောက်ယောက်က ပြန်ပေးဆွဲကာ ငွေညှစ်နေခြင်း ဆိုလျှင် မည်သို့ လုပ်မည်နည်း။
ချွင်... ချွင်...
ထိုအချိန်တွင်ပင် တံခါးဆီမှ ခေါင်းလောင်းသံကို ကြားလိုက်ရသည်။
"ကြိုဆိုပါတယ်"
လင်ကျဲ တံခါးဆီသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။ ဒီနေ့တော့ တကယ်ပဲ ဖောက်သည်သစ်တစ်ယောက် ရောက်လာပြီဟု သူ စိတ်ထဲမှ တွေးလိုက်သည်။
စာအုပ်ဆိုင်ထဲသို့ ဝင်လာသူမှာ အရပ်ရှည်ရှည် ဆံပင်နီနီနှင့် မိန်းကလေး တစ်ဦး ဖြစ်ပြီး အသက်ကတော့ ဆယ်ကျော်သက်နှောင်းပိုင်းအရွယ်တွင် ရှိပုံရသည်။ ထိုဆယ်ကျော်သက် မိန်းကလေး၏ မျက်နှာမှာ လှပမှု၊ နုပျိုမှုများနှင့် ပြည့်လျှံနေကာ သူမ၏ မျက်လုံးများက အထူး ထင်ရှားတောက်ပနေသည်။ မိန်းကလေးမှာ အဖြူရောင် တီရှပ်၊ Denim ဘောင်းဘီရှည်နှင့် အဝါရောင် ဖိနပ်တို့ကို တွဲဖက် ဝတ်ဆင်ထားသည်။ သူမက ဆံပင်ရှည်များကို နှစ်ဖက်ခွဲ၍ ကျစ်ထားကာ ၎င်းတို့က ဦးထုပ်ချွန်အောက်တွင် တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်နေသည်။
ယခုလို လူငယ်ဖောက်သည်များမှာ စာအုပ်ဆိုင်သို့ ရောက်လာခဲသည်။
"ဘာများ ကူညီပေးရမလဲ"
***