မေလီဆာ
Vol. 3 Ch. 38
မေလီဆာ တစ်ယောက် စာအုပ်ဆိုင် တစ်ဆိုင်လုံးကို စူးစမ်း အကဲခတ်ကြည့်ရှုပြီး နောက်ဆုံးမှ သူမ၏ အကြည့်များကို လင်ကျဲထံသို့ ရွှေ့လိုက်သည်။
သူမက ခြေသုံးလှမ်းမျှဖြင့် ကောင်တာ စားပွဲဆီသို့ ရောက်သွားပြီး ထိုင်ခုံကို ဆွဲထုတ်ရင်း ဝင်ထိုင်လိုက်သည်။
"ရှင်က ဒီစာအုပ်ဆိုင်ရဲ့ ပိုင်ရှင်လား"
မေလီဆာသည် ခြေထောက်များကို လှုပ်ရမ်းရင်း မေးလိုက်၏။
လင်ကျဲက ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော်ပါ... ဘာလိုအပ်လဲဆိုတာ ပြောပြပါ... စာအုပ် ငှားတာ ဖြစ်ဖြစ် ဝယ်ယူတာ ဖြစ်ဖြစ် ဒါမှမဟုတ် ရိုးရိုးဖတ်တာပဲ ဖြစ်ဖြစ် အားလုံး အဆင်ပြေပါတယ်"
မေလီဆာ တစ်ယောက် လင်ကျဲကို သေသေချာချာ အကဲခတ်လိုက်၏။
‘သူက သိပ်အထင်ကြီးစရာ မကောင်းပါလား... ဒီစာအုပ်ဆိုင်က တကယ်ပဲ S အဆင့်လား... အဖေက မှားယွင်းသွားတာများ ဖြစ်နိုင်မလား’
သံသယ အတွေးများက မေလီဆာ၏ စိတ်အတွင်း လှည့်ပတ်နေသည်။ သူမ ဤစာအုပ်ဆိုင်ကို ဂရုတစိုက် စစ်ဆေးခဲ့သော်လည်း ကျောက်ဂါဂွိုင်းရုပ် တစ်ခုသာလျှင် အောက်လမ်း မှော်ဆရာများ၏ လက်ရာ ဖြစ်နိုင်ကြောင်း သတိပြုမိသည်။ ကျန်အရာ အားလုံးကမူ လုံးဝ သာမန်အတိုင်းသာ ရှိနေသည်။
မေလီဆာ သူမရှေ့မှ လူငယ်လေးကို စိတ်ပျက်စွာ ကြည့်လိုက်၏။ ဖခင်ဖြစ်သူထံမှ အဆူခံရနိုင်ချေကိုပင် လျစ်လျူကာ မိုးသည်းထဲ စွန့်စား၍ လာခဲ့သော်လည်း ဤနေရာက သူမ ထင်ထားသလို လျှို့ဝှက် ဆန်းကြယ်သည့် စာအုပ်ဆိုင် တစ်ခု ဖြစ်မနေခဲ့ချေ။
"ရှင်က ဘယ်ကိစ္စကိုမဆို တကယ် ကူညီပေးနိုင်တာလား"
မေလီဆာသည် မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ စားပွဲကို မှေးရင်း ခပ်တိုးတိုး မေးလိုက်၏။ သူမ၏ စူးစူးရဲရဲ အကြည့်များက လင်ကျဲကို အနည်းငယ် လန့်ဖျန့် သွားစေခဲ့သည်။
‘ဒီနေ့ခေတ် ကလေးတွေက ဘာတွေ စိတ်ထဲ တွေးနေကြတာလဲ...’
လင်ကျဲ တစ်ယောက် နဖူးပေါ်တွင် ချွေးစက်အချို့ ထွက်ပေါ်လာသော်လည်း ယဉ်ကျေးစွာ ပြုံးပြရင်း ပြန်ဖြေ လိုက်သည်။
"အင်း... အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေ မဟုတ်ရင် ပြေပါတယ်"
“ကောင်းတယ်...”
မေလီဆာက လက်နှစ်ဖက်လုံးကို ကောင်တာ စားပွဲပေါ်သို့ ရိုက်ချလိုက်၏။
"ရှင်နဲ့ လက်မောင်းလှဲ ပြိုင်ဖို့ တောင်းဆိုမယ် ဆိုရင်တော့ အလွန်အကျွံ မဖြစ်မလား"
“...”
လင်ကျဲ၏ နှုတ်ခမ်းများမှာ မသိမသာ တွန့်သွားခဲ့၏။ အကယ်၍ မျက်နှာ အမူအရာကိုသာ ဂရုတစိုက် ထိန်းချုပ်မထားပါက ယခုအချိန်တွင် သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးခြင်းများ ပြည့်နှက်နေလောက်မှာ သေချာသည်။
လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း သူ၏ စာအုပ်ဆိုင်သို့ ထူးခြားသည့် လူမျိုးစုံ ရောက်ရှိလာခဲ့ဖူးသော်လည်း လက်မောင်းလှဲ ပြိုင်ရန် တောင်းဆိုသူကတော့ ပထမဆုံး ဖြစ်သည်။
လင်ကျဲ၏ ဘဝ၌ စာအုပ်ဆိုင် ဖွင့်လှစ်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ဖြစ်စေ၊ ဤကမ္ဘာသို့ မကူးပြောင်းလာခင် တက္ကသိုလ် တစ်ခု၌ ကထိက လုပ်နေစဉ် အခါက ဖြစ်စေ... ဤမျှ ထူးဆန်းသော တောင်းဆိုမှုကို တစ်ခါမျှ မကြားခဲ့ဖူးပေ။
'စာအုပ်ငှားခြင်း'၊ 'ဝယ်ယူခြင်း' နှင့် 'ဖတ်ရှုခြင်း' ဟူသော ရွေးချယ်စရာ သုံးခုထဲတွင် ပုံမှန်လူတစ်ယောက်မှာ ‘လက်မောင်းလှဲခြင်း’ ကို ရွေးချယ်ပါမည်လော။
ထိုအရာက သင့်တော်ပါ၏လော။
ရှင်းရှင်းပြောရလျှင် မသင့်တော်ပါ။
ဘဝ လမ်းညွှန်ဆရာ တစ်ဦး၏ ဆဋ္ဌမ အာရုံဖြင့် ဤကိစ္စက တစ်ခုခု လွဲချော်နေသည်ဟု လင်ကျဲ ခံစားရသည်။ သူ ထိုဆယ်ကျော်သက် မိန်းကလေးကို စူးစမ်းသော အကြည့်ဖြင့် ထပ်မံ၍ ကြည့်ရှုလိုက်၏။
သူမက မိတ်ကပ် လိမ်းမထားသော်လည်း အသားအရေက အတော်လေး ကောင်းမွန်သည်။ သူမ ဝတ်ဆင်ထားသည့် အဝတ်အစားများတွင် လက်ရာမြောက်သည့် အနုစိတ် လက်ရာများ ရှိနေကာ ဦးထုပ်သည်လည်း နာမည်ကြီး အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ သူမ၏ ဘွတ်ဖိနပ်များပေါ်တွင် ရွှံ့စက်ရာ အနည်းငယ် မြင်တွေ့ရသော်လည်း ကြမ်းပြင်ပေါ်၌ ကျန်ခဲ့သော ဖိနပ်ရာများမှာမူ ကြည်လင်နေသည်။ သူမက တံခါးအပြင်ဘက် ရေအိုင်တွင် ခြေထောက်ကို ဆေးကြောခဲ့ဟန် တူသည်။
ထိုအသေးအမွှား လေ့လာတွေ့ရှိချက်များအရ ဤဆယ်ကျော်သက် မိန်းကလေးတွင် ဣန္ဒြေနှင့် ဂုဏ်ပကာသန ရှိကြောင်း လင်ကျဲ ခံစားမိသည်။
အထူးခြားဆုံး အချက်က... တင်းကျပ်စွာ ကျစ်ထားသော အနီရောင် ဆံပင်များပင် ဖြစ်သည်။ သူမက ၎င်းတို့ကို သေသေချာချာ ထိန်းသိမ်းထားပုံရကာ မြင်ရုံဖြင့်ပင် ထိတွေ့ရန် နှစ်လိုဖွယ် ကောင်းနေခဲ့သည်။
အတိုချုပ်အားဖြင့် ဆိုရသော်... မိန်းကလေးမှာ ချမ်းသာကြွယ်ဝသော မိသားစုမှ ဖြစ်ဟန်တူလေသည်။ စာအုပ်ဆိုင် အတွင်း စဝင်လာစဉ်က မျက်နှာအမူအရာကို ပြန်လည် တွေးကြည့်လိုက်သော အခိုက်၌ စိုးရိမ်ပူပန်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို လင်ကျဲ မြင်တွေ့ခဲ့ရသည်။
ဤမိန်းကလေးမှာ ကျိကျစ်ရှို့ကဲ့သို့ မိုးခိုရန် ဝင်လာခဲ့ခြင်း မဟုတ်ဘဲ စာအုပ်ဆိုင်သို့ တမင် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သူ သေချာသည်။
ဤသို့ဆိုလျှင်... အပန်းဖြေရေး ကိစ္စများ အတွက် ရွေးချယ်စရာ မရှားပါးလှသော လူချမ်းသာ မိသားစုမှ မိန်းကလေးတစ်ဦးမှာ အဘယ်ကြောင့် ရုတ်တရက်ကြီး သူ၏ ဆိုင်အတွင်း ပြေးဝင်လာကာ လက်မောင်းလှဲရန် တောင်းဆိုရသနည်း။ ထိုအရာက လုံးဝကို ပုံမှန် မဟုတ်ပါချေ။
‘မဟုတ်သေးဘူး... ခဏလေး စဉ်းစားကြည့်ရအောင်...’
‘အခုတစ်လော ငါ့ဆိုင်ကို ဖောက်သည်အသစ်တွေ လာနေရတဲ့ အကြောင်းရင်းက တစ်ယောက်ယောက်ကများ ငါ့ဆိုင်ကို ကြော်ငြာပေးနေလို့များလား...’
‘ကျိကျစ်ရှို့... ဂျိုးဇက်... ဂျိုးဇက်များလား...’
လင်ကျဲ လက်ပိုက်ထားရင်း စူးရှသော အကြည့်ဖြင့် မိန်းကလေးကို အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ သိပ်မထင်ရှားသော်လည်း... သူမနှင့် ဂျိုးဇက်ကြားတွင် ဆင်တူမှုများ ရှိနေသည်။ အထူးသဖြင့်... မျက်လုံးများက ပို၍ ဆင်သည်။ ဂျိုးဇက်မှာ လူအိုကြီး တစ်ဦး ဖြစ်နေသော်လည်း သူ့မျက်နှာသွင်ပြင်များကို ချိန်ညှိကြည့်ရလျှင် တစ်ချိန်က ရုပ်ရည် ချောမောသော လူငယ်တစ်ဦး ဖြစ်ကြောင်းကို သိရှိနိုင်သည်။
ထို့ကြောင့်ပင်... သူ့ရှေ့မှ ဤမိန်းကလေးမှာ ဂျိုးဇက် ငယ်ရွယ်စဉ်ကနှင့် အံ့သြစရာကောင်းလောက်အောင် ဆင်တူနေသည်ဟု ဆိုနိုင်ပေသည်။ အချက်အလက်တိုင်းက ဤဆယ်ကျော်သက် မိန်းကလေးမှာ ဂျိုးဇက်၏ ဆွေမျိုး ဖြစ်နိုင်သည်ဟု ပြောပြနေသည်။
မသိလိုက်ခင်မှာပင် လင်ကျဲ တစ်ယောက် မေလီဆာကို စိုက်ကြည့်ရင်း တစ်မိနစ် နီးပါးမျှ အထိ ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။
တိတ်ဆိတ် ငြိမ်သက်ပြီး ပြင်းထန်သည့် အဆိုပါ စစ်ဆေးမှုက မေလီဆာ၏ စိတ်ဝိညာဉ် အတွင်း ပုံသဏ္ဌာန်မဲ့ ဖိအားတစ်မျိုး ဖြစ်ပေါ်လာစေခဲ့သည်။ မူလက ထောင်လွှားနေခဲ့သည့် မေလီဆာမှာ အလိုအလျောက်ပင် သူမ၏ လက်များကို ကောင်တာပေါ်မှ ဖြည်းဖြည်းချင်း ပြန်လည် ရုပ်သိမ်းလိုက်ကာ အပြစ်ရှိ သကဲ့သို့ ဒူးခေါင်းများပေါ်တွင်သာ ခပ်တောင့်တောင့် တင်ထားလိုက်သည်။
"ဘာ... ဘာဖြစ်လို့လဲ... လက်မောင်းလှဲဖို့ တောင်းဆိုတာက အရမ်း လွန်သွားလို့လား... ဒါမှ မဟုတ် မရဘူးလား...”
မေလီဆာ မေးလိုက်၏။ လေသံက အနည်းငယ် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေလေရာ မေလီဆာ တစ်ယောက် ကိုယ့်ကိုယ့်ကို အံ့ဩသွားခဲ့သည်။
‘ဒီကောင်လေးက သာမန်အတိုင်းပဲ ရှိနေပေမယ့် ငါက ဘာလို့ အမှားအယွင်း တစ်ခု လုပ်ခဲ့သလိုမျိုး ခံစားနေရတာလဲ... ငါ အမှားလုပ်မိတဲ့ အချိန်မှာ အဖေကြီးဆီက အဆူခံရသလို ခံစားချက်နဲ့ ဘာလို့များ တူနေရတာလဲ...’
ပြန့်ကျဲလာသည့် အတွေးများနှင့် အတူ ဆယ်ကျော်သက် မိန်းကလေးမှာ စိတ်လှုပ်ရှားလာကာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရ ခက်ခဲလာခဲ့သည်။
လင်ကျဲက ပြန်လည် သတိဝင်လာကာ သူ ရိုင်းပြနေမိကြောင်း သိလိုက်၏။ ထို့ကြောင့်ပင် လည်ချောင်း ရှင်းလိုက်ရင်း ပြောပြသည်။
"လက်မောင်းလှဲတာက အဆင်ပြေပါတယ်... ဒါပေမဲ့ အဲဒီမတိုင်ခင် ကျွန်တော်ဆီမှာ မေးခွန်း နှစ်ခု မေးစရာ ရှိပါတယ်... အဆင်ပြေမလား"
မေလီဆာက ခေါင်းညိတ်လိုက်၏။
"ဘာမေးခွန်းတွေလဲ"
လင်ကျဲက လက်ညှိုးထောင်လိုက်သည်။
"ပထမ မေးခွန်း... ခင်ဗျား ဂျိုးဇက်ကြောင့် ဒီကို ရောက်လာတာ... ကျွန်တော် ပြောတာ မှန်လား"
၎င်းသည် မေးခွန်းတစ်ခု ဖြစ်သော်လည်း လင်ကျဲကတော့ ၁၀၀ ရာခိုင်နှုန်း တိကျသော ယုံကြည်ချက်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
မေလီဆာ တစ်ယောက် ရင်တဒိတ်ဒိတ် ခုန်လာခဲ့၏။ စာအုပ်ဆိုင်ပိုင်ရှင်က ဂျိုးဇက်၏ နာမည်ကို ချက်ချင်း ထုတ်ပြောလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
မျက်နှာချင်းဆိုင်မှ လူငယ်ကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း မေလီဆာ၏ မျက်လုံးများမှာ ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ စိတ်အတွင်းမှ မကောင်းသော ခံစားချက်များမှာ ပို၍ ပို၍ ပြင်းထန်လာခဲ့၏။
"ကြည့်ရတာ ကျွန်တော် မှန်နေတဲ့ ပုံပဲ”
လင်ကျဲက လင်ညှိုးကို ပြန်လည် ရုတ်သိမ်းလိုက်ရင်း ပြုံးလိုက်သည်။ ထို့နောက်... မေလီဆာ၏ ပြူးကျယ်နေသည့် မျက်လုံးများကို ကြည့်ရင်း နေရခက်ဟန်ဖြင့် ပြောလိုက်၏။
"ကျွန်တော့်ကို ဒီလိုမျိုး မကြည့်ပါနဲ့ဗျာ... ခင်ဗျားတို့ နှစ်ယောက်က ရုပ်ဆင်နေလို့ပါ"
မေလီဆာ မျက်လုံးကို လှန်လိုက်ရင်း ပါးကို ဖောင်း၍ လေကို မှုတ်ထုတ်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဘယ်သူက သူနဲ့ တူမှာလဲ...”
မိန်းကလေး၏ ပုန်ကန်တတ်သော သဘောထားနှင့် ဂျိုးဇက် အပေါ် မထီမဲ့မြင်ပြုသည့် အမူအရာတို့ကို ထောက်ရှု၍ သူတို့ နှစ်ယောက်မှာ ဖခင်နှင့် သမီး ဖြစ်နိုင်သည်ဟု လင်ကျဲ ခန့်မှန်းလိုက်သည်။ သူ ယခုလို အခြေအနေမျိုးကို မကြာခဏ မြင်တွေ့ရတာ ရိုးလွန်းလှပြီ။
ယခုရက်ပိုင်းတွင်ပင် နှစ်ယောက် ရှိပြီ ဖြစ်သည်။ ပထမ တစ်ယောက်က လူယုတ်မာ တစ်ယောက်ကြောင့် စိတ်ထိခိုက်ခဲ့ရသည့် မိန်းကလေး တစ်ဦး ဖြစ်ကာ ယခုတစ်ကြိမ်ကမူ ဖခင် ဖြစ်သူနှင့် သဘောထား ကွဲလွဲကာ အိမ်မှ ထွက်ပြေးလာသော ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ဖြစ်သည်။
ကြည့်ရသည်က သူ၏ ဘဝလမ်းညွှန် အတတ်ပညာအတွက် လိုအပ်ချက် နယ်မိမိတ်ကို တိုးချဲ့ရတော့မည့်ပုံပင်။
***