မေလီဆာ (၂)
Vol. 3 Ch. 39
မေလီဆာ တစ်ယောက် နောင်တရနေခဲ့လေပြီ။ စာအုပ်ဆိုင် ပိုင်ရှင်မှာ သူမနှင့် ဂျိုးဇက်တို့၏ ဆက်ဆံရေးကို ချက်ချင်းပင် အကဲခတ်မိရာ ဖခင်ဖြစ်သူကို တိုင်ကြားနိုင်ချေ အလွန် မြင့်မားပေသည်။ S-အဆင့် နယ်မြေ အတွင်း တစ်ကိုယ်တည်း အတင်းဝင်လာခြင်းမှာ မိုက်မဲရာ ကျလွန်းသည်။
သို့သော်လည်း... ကံကောင်းသည့် အချက်က စာအုပ်ဆိုင် ပိုင်ရှင်မှာ 'ဖော်ရွေမှုရှိသည်' ဟူသော အချက်ကို ဖိုင်တွဲထဲတွင် ဖော်ပြထားခြင်း ဖြစ်သည်။
လင်ကျဲက လက်နှစ်ချောင်း ထောင်လိုက်၏။
"ဒုတိယ မေးခွန်း... ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်မောင်းလှဲချင်တာလဲ"
ဤတောင်းဆိုချက်ကို ပုံမှန် အခြား ဖောက်သည်တစ်ဦးက တောင်းဆိုပါက လင်ကျဲ ဤကဲ့သို့ စုံစမ်းစစ်ဆေးလိမ့်မည် မဟုတ်ပါ။ သို့သော်လည်း ဤဖောက်သည်မှာ ငယ်ရွယ် နုပျိုသည့် မိန်းမငယ်လေး တစ်ဦး ဖြစ်သည်။ ထို့အပြင် သူမ၏ တောင်းဆိုမှုက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ပါဝင်နေသည်။ ထို့ကြောင့်ပင် လင်ကျဲ သတိထားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင်... မိန်းကလေး၏ ရည်ရွယ်ချက်ကို သေချာ နားလည်ခြင်းကလည်း သူမအား စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ ကူညီရာတွင် အထောက်အကူ ဖြစ်လိမ့်မည် ဖြစ်သည်။
မေလီဆာ မတ်မတ် ထိုင်လိုက်ရင်း ရှေ့တည့်တည့်သို့ စိုက်ကြည့်၏။
"ဂျိုးဇက် ပြောဖူးတယ်... တစ်ခုခုကြောင့် ဒါမှမဟုတ် တစ်ယော်ကယောက်ကြောင့် စိတ်ဆိုးနေရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဘာမှ မလုပ်နိုင်တဲ့အခါမှာ လက်မောင်းလှဲဖို့ လူတစ်ယောက်ကို ရှာတာ အကောင်းဆုံးတဲ့"
‘ခဏလေး... ဒီကောင်မလေး စိတ်ဆိုးနေရတဲ့ အကြောင်းရင်းက ဂျိုးဇက်နဲ့ သဘောထား ကွဲလွဲလို့လား နောက်ပြီး သူ... သူက ဒေါသကို ဖြေဖျောက်ဖို့ ငါ့ကို အသုံးချနေတာလဲ...’
‘သြော် ဘုရားရေ... ဘယ်လိုကလေးလဲ...’
လင်ကျဲ ရှုပ်ထွေးသွားပြီး သံသယ ဖြစ်စွာဖြင့် မေးလိုက်သည်။
"ဘာလို့ လက်မောင်းလှဲတာကို ရွေးရတာလဲ”
မေလီဆာက မျက်နှာတည်တည်ဖြင့် ပြန်ဖြေလိုက်၏။
“လက်မောင်းလှဲတာက အကောင်းဆုံး ပြိုင်ပွဲမလို့ပေါ့... အရှုံးပေးရုံက လွဲပြီး တခြားရွေးစရာ လမ်းမရှိတော့တဲ့အတွက် စိတ်မချမ်းမသာဖြစ်နေတဲ့ မျက်နှာကြီးကို ကျွန်မ ပျော်ပျော်ကြီး ကြည့်လို့ရမယ်လေ”
“နောက်ပြီး သူက ဒီလို ကစားနည်းမျိုးကို ငြင်းမယ် ဆိုရင် သူရဲဘောကြောင်တဲ့သူ ပုံစံပေါက်သွားလိမ့်မယ်... ငြင်းရင်တောင်မှ အတင်းအကျပ် ခိုင်းလို့ရတယ်... နောက်ပြီးတော့ စိတ်ဆိုးပြီး အကြမ်းဖက်လား ဘာလား လာလုပ်ရင် ဝက်ဝက်ကွဲ ရိုက်ဖို့အတွက် အကြောင်းပြချက်တစ်ခုလည်း ရသွားတာပေါ့”
ဟူး...
လင်ကျဲ တစ်ယောက် စိတ်ထဲမှ သက်ပြင်း မှုတ်ထုတ်လိုက်မိသည်။ ဂျိုးဇက်မှာ သားသမီးများကို ပြုစုပျိုးထောင်ရာတွင် ဖခင်တစ်ဦးအနေဖြင့် အရည်အချင်းရော ပြည့်မီရဲ့လားဟု လင်ကျဲ စတင် သံသယဝင် လာမိသည်။
‘အင်းလေ... သူက စစ်ပွဲကနေ ရတဲ့ စိတ်ဒဏ်ရာ (PTSD) ခံစားနေရတဲ့ သူတစ်ဦးပဲ... သူ့လို လူမျိုးဆီကနေ ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ဖို့ ငါ မမျှော်လင့်သင့်ဘူး ထင်ပါရဲ့...’
“ကောင်းပြီလေ... ဘယ်လိုယှဉ်ပြိုင်ချင်လဲ”
လင်ကျဲ တစ်ယောက် ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်။ သို့သော်လည်း... မေလီဆာမှာ သူမ၏ စိတ်ထဲမှ မကျေနပ်မှုများကို ပေါက်ကွဲထုတ်ဖော်ချင်နေသည့် ကလေးမလေး တစ်ယောက် ဖြစ်လေရာ သူမ၏ တောင်းဆိုမှုကို ခွင့်ပြုရန် သူ ဆန္ဒရှိသည်။
မေလီဆာမှာ ခြေလက်ကလေးများ သေးသေးသွယ်သွယ်နှင့် မိန်းမငယ်လေး တစ်ဦး ဖြစ်လေရာ အားအင်များစွာ စုစည်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ထိုဆိုးသွမ်းသည့် ကလေးမလေးအား သူ့နေရာ သူသိစေရန် လင်ကျဲ ဆုံးမ ပေးလိုသည်။
“သုံးပွဲမှာ နှစ်ပွဲနိုင်စနစ်နဲ့ ယှဉ်ပြိုင်ရအောင်”
မေလီဆာက အကြံပြုလိုက်၏။ ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ မှော်ပညာရှင်တစ်ဦး ဖြစ်နိုင်သော်လည်း သာမန် လူတစ်ဦးနှင့် ပို၍ တူသည်ဟု သူမ စိတ်ထဲမှ တွေးနေမိသည်။
သူက အခရာ အဆင့် (S-rank) မှော်ဆရာ တစ်ယောက် ဆိုလျှင်ပင် အီသာစွမ်းအင်ဆိုင်ရာ ကိစ္စရပ်များတွင်သာ ပိုမိုကျွမ်းကျင်ပေလိမ့်မည်။ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကတော့ အလွန် အားကောင်းဖို့ သိပ်မဖြစ်နိုင်လှချေ။
သူတို့ နှစ်ဦးသားသည် ကောင်တာ၏ တစ်ဖက်တစ်ချက်စီတွင် သေချာစွာ ထိုင်လိုက်ကြပြီး လက်များကို ချုပ်ကိုင်လိုက်၏။ အချိန်ကိုက်ပင် လေထုက တင်းမာလာကာ စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့သည်။
လင်ကျဲ၏ ပုံစံက အတော်လေး ပေါ့ပေါ့ပါးပါး ဖြစ်နေခဲ့သည်။ သို့သော်လည်း... လက်ကိုင်အား အရ ထိုလူထံတွင် သာမန် အရွယ်ရောက် အမျိုးသားတစ်ဦး၏ ခွန်အားမျှသာ ရှိသည်ကို မေလီဆာ အာရုံခံမိသည်။
သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
“သုံး”
“နှစ်”
“တစ်”
“စ...”
ဘုန်း...
ပွဲပြီးသွားလေပြီ။
မေလီဆာ တစ်ယောက် ကောင်တာပေါ်သို့ ပိကျသွားသော သူမ၏ လက်မောင်းကို တွေတွေကြီး စိုက်ကြည့်နေမိသည်။
‘ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
သူမ၏ စိတ်က ဗလာဟင်းလင်း ဖြစ်နေသလိုပင် ခံစားနေရ၏။ သူမ မော့ကြည့်လိုက်သော အခိုက်၌ စာအုပ်ဆိုင် ပိုင်ရှင်၏ မျက်နှာက အပြောင်းအလဲ သိပ်မရှိလှကြောင်း တွေ့လိုက်ရသည်။ သူက ဤကဲ့သို့ ဖြစ်လာမည်ကို မျှော်လင့်ထားသည့် အမူအရာမျိုးပင်။
လင်ကျဲက မျက်ခုံးကို ပင့်ကာ မေလီဆာကို ကျေနပ်စွာ ပြုံးပြပြီးမှ လက်ကို လွှတ်ပေးလိုက်သည်။ မေလီဆာကတော့ ကြက်သေ သေနေတုန်း ဖြစ်သည်။
ထိုလူငယ်၏ ကြွက်သားများနှင့် ခွန်အားမှာ သာမန်လူတစ်ဦး၏ အဆင့်တွင်သာ ရှိသည်ကို သူမ ရှင်းရှင်းလင်းလင်း အာရုံခံမိခဲ့သည်။ အသက် ခြောက်နှစ်အရွယ်တုန်းကတောင် မေလီဆာမှာ အရွယ်ရောက်ပြီး အမျိုးသား ဆယ်ဦးနှင့် ယှဉ်ပြိုင်နိုင်ကာ အားလုံးကို မြေပြင်ပေါ်သို့ ဆောင့်ချခဲ့ဖူးသည်။ ယခု သူမက ဆယ့်ခြောက်နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ လက်မောင်းလှဲ ပြိုင်ပွဲ တစ်ခုကို မနိုင်စရာ အကြောင်း မရှိချေ။
မိန်းကလေးမှာ ထူးခြားအဆင့် (A-rank) မျှသာ ဖြစ်သော်ငြားလည်း သူမ၏ အစစ်အမှန် စွမ်းရည်က ငရဲဘုံ အဆင့် (P-rank) အချို့နှင့်ပင် နှိုင်းယှဉ်နေနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... ယခု လက်မောင်းလှဲပွဲတွင်တော့ သူမ ရှုံးနိမ့်ခဲ့ရလေပြီ...
မေလီဆာ တစ်ယောက် သံသဝ ဝင်လာခဲ့မိ၏။ စာအုပ်ဆိုင် ပိုင်ရှင်က အီသာစွမ်းအင်များကို အသုံးပြုကာ လိမ်လည်ခဲ့ခြင်းလော။
သို့သော်လည်း သူမ ခပ်မြန်မြန်ပင် ထိုသံသယကို ပယ်လိုက်သည်။ ဤသည်က အလွန် ကျဉ်းမြောင်းသော နေရာတစ်ခုဖြစ်ကာ နှစ်ဦးသားမှာ လက်ချင်းထိကပ်၍ အလွန်နီးကပ်နေကြသည်။ အီသာစွမ်းအင်၌ မည်မျှပင် သေးငယ်သော အပြောင်းအလဲမျိုး ဖြစ်စေကာမူ သူမ အာရုံခံမိမှာ သေချာသည်။
ထို့ကြောင့် ဤစာအုပ်ဆိုင်ပိုင်ရှင်မှ အမှန်တကယ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို သဘောပေါက်သည်နှင့် မေလီဆာမှာ ပို၍ပင် စိတ်ဆိုးလာကာ မယုံကြည်နိုင် ဖြစ်လာခဲ့သည်။
လင်ကျဲကတော့ ခေါင်းငုံ့၍ စိတ်ဓာတ်ကျနေသည့် မိန်းကလေးငယ်ကို ကြည့်ရင်း အနည်းငယ် စိတ်မကောင်းဖြစ်လာကာ နှစ်သိမ့်လိုက်သည်။
“ကောင်မလေး... မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက်ခွန်အား ရှိနေတာကိုက တကယ် အထင်ကြီးစရာ ကောင်းနေပြီ... တကယ်တော့ ငါလည်း တော်တော် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာပါ... ကြည့်ပါဦး... အစပိုင်းမှာ ငါတို့ ခဏလောက် သရေကျမလို ဖြစ်နေခဲ့သေးတယ် မဟုတ်လား”
သူပြောလိုက်သည်မှာ အမှန်တရား ဖြစ်ပြီး လင်ကျဲ၏ ပုံစံကလည်း အနည်းငယ် တောင်းပန်သည့် ပုံစံ ပေါက်နေသည်။
သို့သော်လည်း ၎င်းက မေလီဆာ၏ မာနနှင့် ဒေါကို ပို၍ပင် ဆွပေးသလို ဖြစ်သွားခဲ့သည်။
‘ခဏလောက်ပဲ သရေကျမလို ဖြစ်နေခဲ့တာပေါ့ ဟုတ်လား... အန်ချင်စရာကြီး...’
သူမ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်၏။ ဆယ်ကျော်သက် သူရဲကောင်းတစ်ဦးမျှသာ ဖြစ်သော်လည်း မေလီဆာတွင် ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် မာန ရှိသည်။
“နောက်တစ်ပွဲ ထပ်ပြိုင်မယ်...”
သူမက ခိုင်မာပြတ်သားသော လေသံဖြင့် တောင်းဆိုလိုက်သည်။လင်ကျဲကတော့ မိန်းကလေး၏ ခံယူချက်ကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သူမက ဆိုးသွမ်းသည့် ကလေးငယ် တစ်ဦး ဖြစ်နေသေးသော်ငြားလည်း တိုက်ခိုက်လိုစိတ်ကတော့ ချီးကျူးစရာ ဖြစ်သည်။
ကလေးတစ်ဦးအား အနိုင်ကျင့်နေသကဲ့သို့ ခံစားရသော်လည်း လက်မောင်းလှဲပွဲ စတင်ချိန်တွင် လင်ကျဲ အတော်လေး အံ့အားသင့်ခဲ့ရသည်။ အားနည်းပုံ ပေါ်သည့် မိန်းကလေး ပြသခဲ့သည့် ခွန်အားက သူ လုံးဝ မျှော်လင့် မထားခဲ့သည့် အဆင့် တစ်ခု၌ ရှိနေပေသည်။
“ကောင်းပြီလေ... နောက်တစ်ပွဲ ထပ်လုပ်ကြတာပေါ့... ”
လင်ကျဲက လေးလေးနက်နက် ခေါင်းညိတ်ရင်း ပြောလိုက်၏။ ထို့နောက် သူတို့ နှစ်ဦးသား လက်များကို ဆန့်ထုတ်ကာ ပြန်လည် ဆုပ်ကိုင်လိုက်ကြသည်။ လင်ကျဲ၏ အမူအရာက အေးဆေး တည်ငြိမ်နေသော်လည်း မေလီဆာကတော့ အလွန်အမင်း သတိထားနေသည့်ပုံ ပေါ်သည်။
“သုံး...”
“နှစ်...”
“တစ်...”
“စ...”
လက်နှစ်ဖက်စလုံး တုန်ရီလာခဲ့၏။ မေလီဆာ အံကို တင်းတင်း ကြိတ်ရင်း လက်ကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူမ၏ ဖြူစင်သွယ်လျသော လက်မောင်းမှာ မာကျစ်နေသည့် ကြွက်သားများအဖြစ် ပြောင်းလဲသွားကာ နဖူးပေါ်တွင် သွေးကြောများပင် ဖောင်းကြွလာခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လင်ကျဲ စိတ်ထဲမှ ပြုံးလိုက်မိ၏။
‘ဖအေတူ သမီးပဲ...’
သို့သော်လည်း... မိန်းကလေးများ၏ ဗီဇ သဘာဝ အရ... မွေးရာပါ ရုပ်ခန္ဓာ ခွန်အားမှာ ကန့်သတ်ချက် တစ်ခု ဖြစ်နေဆဲပင်။
လင်ကျဲ ခွန်အားကို အနည်းငယ် တိုးလိုက်ရာ ချက်ချင်းပင် ဟန်ချက်ညီမှုမှာ ပြိုကွဲသွား၏။
ဘုန်း...
ဒုတိယပွဲ ပြီးဆုံးသွားလေပြီ။
***