မေလီဆာ (၃)
Vol. 3 Ch. 40
မေလီဆာသည် ထိုင်ခုံတွင် ငေးကြောင်ကြောင်ဖြင့် ဆက်ထိုင် နေခဲ့မိသည်။ သူမ၏ လက်များက စားပွဲပေါ်တွင် ရှိနေဆဲပင်။ မိန်းကလေး၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေကာ ငိုချင်သော်လည်း မျက်ရည်များ ထွက်မလာခဲ့ချေ။
“လက်မောင်းလှဲတာပဲဟာ... အနိုင် အရှုံး ဆိုတာ ရှိတာပဲ... ရလဒ်က အဲဒီလောက်တောင် အရေးကြီးလို့လား”
လင်ကျဲက ပြုံးရင်း ပြောလိုက်၏။ မည်သို့ပင် ဆိုစေ.... ဤသင်ခန်းစာက ကလေးမလေး အတွက် အကျိုး ရှိလိမ့်မည်ဟု လင်ကျဲ ယူဆထားသည်။ မဟုတ်ပါက သူမ၏ ရုပ်ရည်နှင့် စရိုက်တို့ကြောင့် လူဆိုးလူမိုက် တစ်စုကို သွားထိမိလျှင် ပြဿနာ အကြီးကြီး ဖြစ်လာလိမ့်မည် ဖြစ်သည်။
“ဓားတွေသာ သုံးနေကြရင် မင်း အခု လောက်ဆို သေနေလောက်ပြီ... တိုက်ခိုက်မှုတွေကို ဒီလိုလုပ်တာ မဟုတ်ဘူး”
လင်ကျဲက ဆုံးမစကား ပြောလိုက်ရင်း မေလီဆာ၏ နဖူးကို လက်ညိုးဖြင့် ခပ်ဖွဖွလေး တို့လိုက်သည်။
‘ဂျိုးဇက်လို စစ်ပြန်ကြီး တစ်ယောက်က ကလေး တစ်ယောက်ကို ကောင်းကောင်း ဆုံးမ နိုင်မှာ မဟုတ်ဘူး... ငါ့လို စိတ်ကောင်း နှလုံးကောင်း ရှိတဲ့သူကပဲ ဝင်ပြီး လမ်းပြပေးမှ ဖြစ်မယ်’
ယခုလို အကျင့်စရိုက်နှင့် ဆိုလျှင် မိန်းကလေးမှာ အထက်တန်းကျောင်းတွင် မိန်းကလေး လူမိုက်ဂိုဏ်း ခေါင်းဆောင် တစ်ယောက်ပင် ဖြစ်လာနိုင်သည်။ ထို့ကြောင့်ပင် ရန်လိုတတ်သည့် သူမ၏ အကျင့်ကို အမြစ်ကနေ ဖြတ်တောက်ပြီး စောစောစီးစီး ဖယ်ရှားပစ်ရပေမည်။
မေလီဆာက ပါးကို အနည်းငယ် ဖောင်းရင်း လင်ကျဲကို စိုက်ကြည့်နေ၏။ မိန်းကလေး၏ အမူအရာက အနိုင်ကျင့် ခံရမှုကြောင့် စိတ်ထိခိုက်နေသည့် ပုံစံမျိုးဖြစ်သည်။
လင်ကျဲက ရယ်မောလိုက်ရင်း...
“ကဲ... မင်းရဲ့ တောင်းဆိုချက်ကို ငါ ဖြည့်ဆည်းပေးပြီးပြီ... အခု ငါ့စာအုပ်ဆိုင်ကို ဘာကြောင့် ရောက်လာတာလဲဆိုတာ ပြောပြဖို့ အလှည့်ကျပြီ”
“စာအုပ်တစ်အုပ် ငှားချင်လို့ပါ”
မေလီဆာက လိမ်လိမ်မာမာဖြင့် ပြန်ဖြေ၏။
“ဪ... ဒါများ အစတည်းက ပြောရောပေါ့... ဘယ်စာအုပ်ကို ငှားချင်တာလဲ”
လင်ကျဲက မေလိုက်၏။ မေလီဆာက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း ညင်သာစွာဖြင့် ပြောပြလိုက်သည်။
“ကျွန်မ အဖေ ငှားသွားတဲ့ စာအုပ်... အဲဒါကို ခိုးဖတ်တာ တစ်ဝက်တစ်ပျက်လောက်ပဲ ရှိသေးတယ်... အဆုံးထိ မရောက်ခင်မှာပဲ အဖေ့ဆီကနေ အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ရတယ်... ဒီမှာ အဲဒီလို နောက်တစ်အုပ် ရှိလား”
ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ သာမန်လူတစ်ဦးဖြစ်သည် ဟူသော အထင်အမြင် မှားယွင်းမှုမျိုး မေလီဆာထံတွင် မရှိတော့ချေ။ သူမ၏ ရှေ့တွင်ရှိသော ပုဂ္ဂိုလ်မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းထက် ကျော်လွန်နေသော မိစ္ဆာ တစ်ကောင်သာ ဖြစ်သည်။
ထို့အပြင်... ပညာရှိ ဟူသည် အခြေအနေကို ကြည့်တတ်ရမည်ဟု သူမ၏ ဖခင် ဂျိုးဇက်က မကြာခဏ ဆုံးမလေ့ ရှိသည်။ ထူးချွန်သော သူရဲကောင်းတစ်ဦးမှာ မည်သည့်အချိန်တွင် ပျော့ပြောင်းရမည်၊ မည်သည့် အချိန်တွင် အလျှော့ပေးရမည်တို့ကို သိရှိရန် လိုအပ်သည်။
လင်ကျဲကတော့ မေလီဆာ တစ်ယောက် အခြေအနေကို နားလည်သွားသည်ဟုသာ တွေးလိုက်မိသည်။ ကြည့်ရသည်က ဖခင်နှင့် သမီးကြား ပဋိပက္ခ တစ်ခု ပေါ်ပေါက်ခဲ့ပုံရသည်။
‘ဒါက ထူးထူးခြားခြားတော့ မဟုတ်ပါဘူး... မိဘနဲ့ သားသမီးကြား သဘောထား ကွဲလွဲတဲ့ ကိစ္စ အများစုကို ကြည့်ရင် အသေးအဖွဲလေးတွေချည်းပဲ... မိဘတွေက ချုပ်ချယ်ချင်တယ်... ကလေးတွေက ဆန့်ကျင်ချင်တယ်... အဲဒီ သဘောထားတွေ ပေါင်းစည်းသွားတဲ့ အခါ စစ်ပွဲကြီး တစ်ပွဲ ဖြစ်သွားတော့တာပဲ’
လင်ကျဲက ပြုံးလိုက်၏။
“ရှိတာပေါ့... တခြား ထုတ်ဝေမှုတွေတောင် ရှိသေးတယ်... ဒါနဲ့ ကလေးမ... နင် ဘာလို့ ဂျိုးဇက်နဲ့ စကားပြောကြည့်ဖို့ မကြိုးစားတာလဲ”
မေလီဆာက မေးစေ့ကို လက်ဖြင့် ထောက်ရင်း သက်ပြင်းချလိုက်သည်။
“အဖေကြီးက ဒီလိုစာအုပ်မျိုး ကျွန်မ ဖတ်နေတာ သိသွားရင် ဆူမှာ သေချာတယ်... သူ့ဆီက ဘယ်လိုလုပ် ငှားလို့ ရနိုင်မှာလဲ”
“မင်းက တွေးပြီး စိုးရိမ်နေတာကိုး...”
လင်ကျဲက နူးညံ့စွာ ပြုံးလိုက်သည်။
“ကလေးမရေ... ငါကတော့ အဲဒီလို မဖြစ်နိုင်ဘူးလို့ ထင်တယ်... မင်း နားလည်တယ်ဆိုတာကို ပြသလိုက်တာနဲ့ မင်းရဲ့ ခံစားချက်တွေကို မင်းအဖေ နားလည်လိမ့်မယ်လို့ ငါ ယုံကြည်တယ်... တကယ်တော့ မိဘနဲ့ သားသမီးကြားမှာ ကျော်လွှားလို့ မရနိုင်တဲ့ အတားအဆီးဆိုတာ မရှိပါဘူး... တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုလေး နည်းနည်း လိုအပ်ရုံတင်”
လင်ကျဲ၏ ရှင်းပြချက်ကြောင့် မေလီဆာ တစ်ယောက် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် သူမက ခေါင်းကို လွှဲလိုက်သည်။
“သူက ကျွန်မကို ဘယ်တော့မှ နားမလည်ခဲ့ဘူး... သူ့အလုပ်နဲ့ပဲ အမြဲ အလုပ်များနေတာ... ကျောင်းကနေ လေ့ကျင့်မှု ရလဒ်တွေ ထွက်လာတိုင်း ကျွန်မ ကောင်းကောင်း မလုပ်နိုင်ဘူးဆိုပြီး သူက အမြဲ အပြစ်တင်တယ်... သူ့တုန်းက ဘယ်လို ရခဲ့တယ် နဲ့ ထပ်ခါတလဲလဲကို ပြောနေတာပဲ”
လင်ကျဲ တစ်ယောက် မေလီဆာ အတွက် စိတ်မကောင်း ဖြစ်သွားမိသည်။ ဂျိုးဇက်မှာ အလုပ်များနေသူ တစ်ယောက် ဖြစ်လေရာ သမီးဖြစ်သူကို သိပ်ဂရုစိုက်အားလိမ့်မည် မဟုတ်ချေ။ အကျိုးဆက် အနေဖြင့် သူမ၏ ရလဒ်များက ကျဆင်းလာပေလိမ့်မည်။
ဂျိုးဇက်မျာ အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်လေရာ သူ့ခံစားချက်များကို သင့်လျော်စွာ ဖော်ပြနိုင်ခြင်း မရှိပဲ သမီးဖြစ်သူကို ဆူပူကြိမ်းမောင်းခြင်းအားဖြင့်သာ တွန်းအားပေးနိုင်ပြီး သူ့ကိုယ်သူ စံနမူနာအဖြစ် ထင်မှတ် နေခဲ့သည်။ သို့သော်လည်း သမီးဖြစ်သူ၏ မျက်လုံးများထဲတွင်တော့ သူက လုံးဝ ဆန့်ကျင်ဘက် လူဆိုးကြီး ဖြစ်နေခဲ့ပေသည်။
လင်ကျဲ ဂျိုးဇက် အတွက်လည်း စိတ်မကောင်း ဖြစ်သွားမိသည်။
“မင်း ဒီလိုပြောလာမှတော့ သူ သတိထားမိလာအောင် စံနှုန်းတစ်ခုခုကို အရင်ရောက်အောင် လုပ်ကြည့်ရင်ရော”
လင်ကျဲက အနည်းငယ် ရယ်မောလိုက်ရင်း စာအုပ်စင်ပေါ်မှ “ငါး-သုံး” စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ စာအုပ်၏ နာမည် အပြည့်အစုံမှာ “ငါးနှစ်တာ ဂေါင်ခေါင် ၊ သုံးနှစ်တာ လေ့ကျင့်မှု” ဟူ၍ပင် ဖြစ်သည်။
[မှတ်ချက်- ဂေါင်ခေါင် ဆိုသည်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ အမည်ဖြစ်သည်။ ငါး-သုံး ဆိုသည်မှာ လွန်ခဲ့သော ငါးနှစ်တာ ဂေါင်ခေါင် စာမေးပွဲမေးခွန်းများနှင့် လွန်ခဲ့သော သုံးနှစ်တာအတွင်း ထူးချွန်သော စာမေးပွဲ နမူနာမေးခွန်းများကို ပြန်လည်လေ့လာရန်အတွက် ပေါင်းစည်းထားခြင်း ဖြစ်သောကြောင့် ထိုသို့ အမည်ပေးထားခြင်းဖြစ်သည်။ ...
‘ငါးနှစ်တာ ဂေါင်ခေါင်၊ သုံးနှစ်တာ’ လေ့ကျင့်မှု စာအုပ်မှာ ကျောင်းသားပေါင်းများစွာအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ပြီး ဆိုးသွမ်းသော ကလေးများအား နှိမ်နင်းရန်အတွက် အလွန်ထိရောက်သော လက်နက်တစ်ခုလည်း ဖြစ်သည်။
“ကလေးတစ်ဦးသည် အိမ်စာမလုံလောက်မှသာ ဆိုးသွမ်းသော အပြုအမူများ လုပ်တတ်သည်” ဟူသော ဆိုရိုးစကားရှိသည့်အတိုင်း “ငါး-သုံး” ကို အမျိုးမျိုးသော ကလေးရောဂါများကို ကုသရန် အသုံးပြုနိုင်သည်။
လင်ကျဲ ပထမဆုံး ဆွဲထုတ်လိုက်သည့် စာအုပ်က သင်္ချာဘာသာရပ်၏ “ငါး-သုံး” စာအုပ် ဖြစ်သည်။ သို့သော်လည်း... ဤကလေးမအား ပိုမို ကြွယ်ဝသည့် ကျောင်းပြင်ပဘဝတစ်ခု ပေးစွမ်းရန်အတွက် သင်္ချာ “ငါး-သုံး” တစ်အုပ်တည်းနှင့် မလုံလောက်နိုင်ပေ။
သင်္ချာမှာ နက်နဲ၍ နားမလည်နိုင်သည့် ဘာသာရပ်တစ်ခု ဖြစ်သော်လည်း သင်္ချာမေးခွန်းများကိုသာ ဖြေဆိုနေရုံဖြင့် မပြီးပြတ်နိုင်ပေ။
ထို့ကြောင့်ပင်... ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာရပ်များ၏ “ငါး-သုံး” စာအုပ်များကိုပါ ထပ်မံ ထုတ်ယူလိုက်သည်။ ၎င်းက အစုံလိုက်၏ ထက်ဝက်ခန့် ဖြစ်ပေသည်။ ထက်ဝက်ခန့် ဖြစ်ရခြင်းမှာ အဇီးနှင့် ကမ္ဘာမြေတို့ကြားရှိ ယဉ်ကျေးမှု ကွာခြားချက်များကို ထည့်သွင်း စဉ်းစား၍ ချန်ခဲ့ခြင်း ဖြစ်သည်။
လင်ကျဲ ဤကမ္ဘာသို့ ရွှေ့ပြောင်းလာခဲ့သည်မှာ သုံးနှစ်ခန့်မျှ ရှိခဲ့ပြီ ဖြစ်သည်။ ဤအတောအတွင်း၌ လင်ကျဲမှာ ပိုမို ကောင်းမွန်စွာ နေထိုင်နိုင်ရန် အတွက် အဇီး လူ့အဖွဲ့အစည်းနှင့် ပတ်သက်သည့် သုတေသနများကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့သည်။ သူက ထိုသုတေသနများကို ဤကမ္ဘာသစ်မှ စာအုပ်များ၊ ဖောက်သည်များနှင့် စကားပြောဆိုမှုများအပြင် ဘေးအိမ်ရှိ သတင်းထုတ်လွှင့်မှုများမှတစ်ဆင့် အဓိကအားဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ သူ မှတ်တမ်းတင်ထားသော အချက်အလက်အားလုံးမှာ သူ၏ အိပ်ခန်း စားပွဲပေါ်တွင် ရှိနေဆဲပင်။
ဤကမ္ဘာ၏ သိပ္ပံနှင့် နည်းပညာ အဆင့်မှာ ကမ္ဘာမြေပေါ်ရှိ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များ၏ အခြေအနေနှင့် ဆင်တူသည်။ အခြေခံပညာရေးတွင်လည်း စနစ်နှင့် သင်ရိုးညွှန်းတမ်းများမှာ အတော်လေး ဆင်တူနေဆဲဖြစ်လေရာ ကြီးမားသော ကွာခြားမှုများ မရှိလှပေ။
ကမ္ဘာနှစ်ခုစလုံးတွင် သူငယ်တန်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များ ရှိပေသည်။ သင်ယူရသော ဘာသာရပ်များမှာလည်း အခြေခံ ဘာသာစကား၊ သိပ္ပံ၊ လူမှုရေးနှင့် သင်္ချာတို့ဖြစ်ပြီး စာမေးပွဲရလဒ်များကို နောက်တစ်တန်းသို့ တက်ရောက်ရန်နှင့် ကျောင်းများ ရွေးချယ်ရန်အတွက် အသုံးပြုသည်။
အဓိက ကွာခြားချက်မှာ ဤကမ္ဘာတွင် ထပ်တိုးပါဝင်သည့် အထူး ဘာသာရေးအတန်းများ ပင် ဖြစ်နိုင်သည်။ ကမ္ဘာနှစ်ခုမှာ ကွဲပြားသော်လည်း အိပ်မက်ဆိုး ကတော့ အတူတူပင်။
လင်ကျဲက သိပ္ပံဘာသာရပ်များကိုသာ ရွေးချယ်ရခြင်းမှာ ယဉ်ကျေးမှု ကွာခြားမှုများကြောင့် ဖြစ်သည်။ ဘာသာစကားများက အဆင်ပြေသေးသော်လည်း သမိုင်းနှင့် လူမှုရေး ကဲ့သို့ ဘာသာရပ်များမှာ ပြဿနာကို ရှာနေသလို ဖြစ်ပေလိမ့်မည်။
ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများ မပါဘဲ လူမှုဗေဒဘာသာရပ်များမှာ အဇီးမှ လူတစ်ဦးချင်းစီတိုင်း အတွက် နားလည်ရန် ခက်ခဲလှပြီး၊ ထိုဘာသာရပ်ဆိုင်ရာ မေးခွန်းများကို ဖြေဆိုရန်ဆိုလျှင် ပို၍ပင် ခက်ခဲပေလိမ့်မည်။
ဘာသာဗေဒ သုတေသနပြုခြင်းတွင် ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သည့် အဘိုးဝယ်လ် ကဲ့သို့ လူမျိုး ပင်လျှင် ဤစာအုပ်များကို သူ လုံးဝ ထိတွေ့ဖူးခြင်းမရှိသည့် ယဉ်ကျေးမှု တစ်ခုအတွက် နက်နဲသော သုတေသနပစ္စည်းအဖြစ် ယူဆနိုင်ပေသည်။
ထို့ကြောင့် အထက်တန်းကျောင်းသူတစ်ဦးအား ဤကဲ့သို့ အရာအားလုံးကို နားလည်ရန် တောင်းဆိုခြင်းမှာ အနည်းငယ် လွန်ရာကျပေသည်။
သို့သော်လည်း... အထက်တန်းအဆင့်ရှိ အခြေခံ သိပ္ပံဘာသာရပ်များအတွက်မူ ဇာတ်လမ်းက ကွဲပြားပေသည်။ ဤကမ္ဘာပေါ်ရှိ သိပ္ပံနှင့် နည်းပညာမှာ ကမ္ဘာမြေနှင့် အနည်းငယ် ကွဲလွဲနေသော်လည်း ထိုကွဲပြားမှုက ပိုမို နက်ရှိုင်းသော သုတေသနအဆင့်များတွင်သာ ဖြစ်ပေါ်သည်။ သိပ္ပံပညာ၏ အခြေခံများမှာ လက်တွေ့တွင် ဆင်တူသည်။
ဘုန်း...
လင်ကျဲ “ငါး-သုံး” စာအုပ်အချို့ကို ယူကာ အသံကျယ်ကျယ်ဖြင့် ကောင်တာပေါ်သို့ ပစ်တင်လိုက်သည်။ မေလီဆာကတော့ ထိုစာအုပ်များကို ကြည့်ကာ မအံ့ဩပဲ မနေနိုင် ဖြစ်သွားခဲ့သည်။
“ဒါတွေက ဘာတွေလဲ”
မေးလိုက်ပြီးနောက်မှ စာအုပ်ဆိုင် ပိုင်ရှင် ပြောခဲ့သည့် စကားကို သူမ ပြန်လည် သတိရလိုက်မိ၏။
“သူ သတိထားမိလာအောင် လုပ်”
ဂျိုးဇက်ကို သတိထားမိအောင် လုပ်ရမည်။ မည်ကဲ့သို့ လုပ်ရမည်နည်း။
***