← Chapters

မေလီဆာ (၄)

Vol. 3 Ch. 41

မေလီဆာ (၄)

Vol. 3 Ch. 41

ရောင်စဉ် သူရဲကောင်းဟောင်းကြီးမှာ သမီးဖြစ်သူ အပေါ် အမြဲတမ်း မျှော်လင့်ချက် ကြီးကြီး ထားခဲ့သည်။ ထို့ကြောင့်ပင် တောင်းဆိုမှုမှာလည်း မြင့်မားခဲ့သည်။

ငယ်စဉ်ကလေးဘဝကတည်းကပင် မေလီဆာမှာ တိုက်ရေးခိုက်ရေး လေ့ကျင့်မှုများကို ဘယ်သောအခါမှ မရပ်တန့်ခဲ့ဖူးသော်လည်း ချီးမွမ်းခြင်း များများစားစား မခံရဘဲ ဝေဖန်မှုများဖြင့်သာ တိုက်တွန်းခံခဲ့ရသည်။

ထို့ကြောင့်ပင် မိန်းကလေးမှာ အခြားသူများထက် ဒဏ်ရာအကြိမ်ကြိမ် ရခဲ့ပြီး သွေး၊ ချွေးနှင့် မျက်ရည်များလည်း ပိုမိုကျခဲ့ရသည်။ သို့သော်လည်း... သူမ မည်မျှပင် ကြိုးစားအားထုတ်သည်ဖြစ်စေ ဘယ်တော့မှ မလုံလောက်ခဲ့...။

အကြောင်းက သူမမှာ ဂျိုးဇက်၏ သမီးဖြစ်သောကြောင့်ပင်။ လူတိုင်းမှာ သူမအပေါ် ကြီးမားသည့် မျှော်လင့်ချက်များ ထားရှိခဲ့ကြသည်။ ဂျိုးဇက် ကိုယ်တိုင်ကလည်း သူ၏ ငယ်ဘဝနှင့် မကြာခဏ ဆိုသလို နှိုင်းယှဉ်၍ မာန်မဲခဲ့သည်။

“မေလီဆာ... နင်ပိုပြီး ကြိုးစားဖို့ လိုတယ်... ငါ နင့်အရွယ်တုန်းက ငရဲဘုံ အဆင့်ကို ရောက်နေပြီ...”

မေလီဆာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဂျိုးဇက် သတိထားမိစေမည့် တစ်ခုတည်းသော နည်းလမ်းက သူ မကြာခဏ ပြောလေ့ရှိသည့် အတိုင်း ငရဲဘုံ အဆင့် စံနှုန်းကို ချက်ချင်း ရောက်ရှိအောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

ထိုအခိုက်တွင်ပင် လင်ကျဲ၏ အသံက လေးနက်စွာဖြင့် ထွက်ပေါ်လာကာ သူမ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

“ကိစ္စတွေကို ပြန်ပြီး အကျဉ်းချုပ် ကြည့်မယ် ဆိုရင် မင်း အဖေက မင်းကို အောင်မြင်စေချင်ရုံပဲလေ... ဟုတ်တယ်မလား... မင်းသာ သူ့မျှော်မှန်းချက်နဲ့ ကိုက်ညီပြီး သူ့ကို ယုံကြည်စိတ်ချရအောင် လုပ်နိုင်သရွေ့... မင်း သူ့ကို ယုံကြည်ချက်ရှိရှိနဲ့ စကားလာပြောနိုင်လိမ့်မယ်”

လင်ကျဲက ပြုံးလိုက်ရင်း ဆက်ပြောလိုက်သည်။

“ဂျိုးဇက် ဘယ်လိုတွေးတယ်ဆိုတာကို ငါ အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်... အဲဒီအချိန်ကျ သူက ထုတ်မပြောရင်တောင်၊ စိတ်ဆိုး မာန်ဆိုးနဲ့ ကျိန်ဆဲ နေရင်တောင် မင်း သူ့ဆီက ဘာမဆို တောင်းဆိုနိုင်လိမ့်မယ်... သူ့ရဲ့ စိတ်ထဲမှာတော့ နူးညံ့နေမှာ သေချာတယ်”

မေလီဆာ တစ်ယောက် လင်ကျဲကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။

‘သူက ဘယ်လိုလုပ်ပြီး အဖေကြီးကို ဒီလောက်တောင် နားလည် နေရတာလဲ...’

စိတ်ဓာတ်များလည်း တက်ကြွလာခဲ့သည်။ သူမက ကောင်တာပေါ်ရှိ စာအုပ်များကို ကြည့်လိုက်၏။

“ဒါဆို ဒီစာအုပ်တွေက ကျွန်မကို ပိုပြီး အစွမ်းထက်လာအောင် လုပ်ပေးနိုင်တယ်ပေါ့ ဟုတ်လား... နောက်ပြီး ကျွန်မ အဖေဆီက အသိအမှတ်ပြုမှုကိုပါ ယူနိုင်မယ်ပေါ့...”

‘ဒါက လေ့ကျင့်ရေး နည်းလမ်း တစ်မျိုးမျိုးလား.. ဒါမှမဟုတ် အီသာစွမ်းအင် ထိန်းချုပ်ဖို့ အတွက် အထူးစွမ်းရည် တစ်မျိုးများလား...’

အမျိုးမျိုးသော ထင်မြင်ယူဆချက်များနှင့် အတူ မိန်းမငယ်လေး၏ နှလုံးသားက အနည်းငယ် ခုန်လာခဲ့၏။

တစ်ချိန်တည်း၌ လင်ကျဲမှာလည်း ကျေနပ် နေမိ၏။ ‘ကျွန်မကို ပိုအစွမ်းထက်လာအောင် လုပ်ပေးနိုင်တယ်ပေါ့’ ဆိုသည့် စကားက အနည်းငယ် တစ်မျိုးကြီး ဆိုသည့်ငြား ‘အသိပညာသည် စွမ်းအားဖြစ်သည်’ ဟူသော အချက်ကို ရည်ညွှန်းသုံးခြင်း ဖြစ်နိုင်ကြောင်း သူ ရိပ်စားမိပေသည်။

ဤကမ္ဘာမှ လူများက စကားပြောသည့် နေရာတွင် နည်းနည်းတော့ ထူးဆန်းလှသည်။ ဟိုတစ်လောလေးကတင် ကျိကျစ်ရှို့မှာ ‘အချစ်နှင့် စစ်မြေပြင်’ တို့ကို ခိုင်းနှိုင်းကာ ပြောခဲ့သေးသည်။ ဤကဲ့သို့ ဆိုတော့လည်း... ဘဝ အကြံပေးဆရာ တစ်ဦးအနေဖြင့် သူဘက်က လိုက်လျောညီထွေ လိုက်လံပြောရတော့မည် ဖြစ်သည်။

လင်ကျဲ ပြုံးလိုက်ရင်း “ငါး-သုံး” စာအုပ် စုံဝက်ကို တွန်းပို့လိုက်၏။

“ဒါပေါ့... ကလေးမ... မင်း စွမ်းအားလိုချင်လား... ဉာဏ်အလင်းကို လိုချင်လား... ဝေဒနာကို ခံနိုင်ရည်ရှိသရွေ့ ဒီစာအုပ်တွေဟာ မင်း အတွက် တံခါးအားလုံးကို ဖွင့်ပေးမယ့် သော့ချက်တွေ ဖြစ်လာလိမ့်မယ်”

မေလီဆာ စာအုပ်များဆီသို့ လက်ကို ဆန့်တန်းလိုက်၏။ တစ်ခုခု မလွဲမသွေ ဖြစ်တော့မည်ကို သူမ ခံစားနေမိသည်။

သူမ စာအုပ်များကို လက်ခံလိုက်၏။ ခေါင်းငုံ့ကြည့်လိုက်သောအခါ ပထမဆုံး စာအုပ်ပေါ်ရှိ ခေါင်းစဉ်ကို မြင်လိုက်ရသည်။

တံခါး သော့... မူလအစများ

မာရ်နတ်၏ သွေးဆောင်ခြင်းကို ခံလိုက်ရသကဲ့သို့ မေလီဆာ၏ အသက်ရှူသံများမှာ ပိုမိုမြန်လာကာ တုန်ယင်နေသည့် လက်ချောင်းကို ဆန့်တန်းရင်း ပထမဆုံး စာမျက်နှာကို လှန်လိုက်သည်။ သူမ၏ မျက်လုံးရှေ့တွင် မြင်လိုက်ရသည့် အရာအားလုံးမှာ တားမြစ်ထားသည့် တံခါး တစ်ချပ်ကို ဖွင့်လိုက်သကဲ့သို့ပင်...။

ဟူး... ဟူး...

ဖရိုဖရဲ စာလုံးပေါင်းများစွာမှာ ဖော်ပြ၍ မရနိုင်သော နည်းလမ်းဖြင့် ရောယှက်နေ၏။ ထူးဆန်းသော သင်္ကေတများနှင့် ကြောက်မက်ဖွယ် ကောင်းသော ပုံသဏ္ဌာန်များမှာ ပျံထွက်လာကာ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို ဖြည်းညင်းစွာ ဖျက်ဆီးရင်း အဖြစ်မှန်၏ အာရုံကို လွဲချော်သွားစေခဲ့သည်။

အဆုံးမဲ့ခြင်း နှင့် ပြည့်ဝခြင်း...

နယ်ပယ် နှင့် စုပေါင်းခြင်း...

ကိန်းစဉ် နှင့် အမှန်တရား...

အရာအားလုံးနှင့် စကြဝဠာ...

တားမြစ်ထားသော အသိပညာများ စီးဝင်လာမှုနှင့် အတူ မေလီဆာ၏ သိမြင်မှုများမှာလည်း တဖြည်းဖြည်း ကွာကျလာ၏။ သူမ၏ မျက်လုံးရှေ့တွင် မြင်လိုက်ရသည့် အရာအားလုံးမှာ ပြိုလဲသွားကာ ကနဦးအဆင့်သို့ ပြန်လည်ရောက်ရှိသွား၏။ သူမရှေ့မှ ကမ္ဘာကြီးမှာ ပြိုကွဲသွားပြီးမှ ပြန်လည်တည်ဆောက် လိုက်သည်။

မေလီဆာသည် အော်ဟစ်ချင်ခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် မဟုတ်ဘဲ စိတ်ဝိညာဉ်၏ သဘောတရား အလုံးစုံကို အပြောင်းအလဲလုပ်ပစ်လိုက်သည့် ခံစားမှုကြောင့်ပင် ဖြစ်သည်။ သူမ တုန်ယင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

“မဟုတ်ဘူး... မလုပ်ပါနဲ့...”

ထိုအခိုင်၌ သန်းပေါင်းများစွာသော သဲမှုန်လေးများအဖြစ် အလွယ်တကူ ဖျက်ဆီးခံရနိုင်သည့် ရွှံ့စေးရုပ်လေးတစ်ရုပ်ကဲ့သို့ သူမ ခံစားနေခဲ့ရသည်။

“မကြောက်ပါနဲ့... ဒါက မင်း အဲဒီတံခါးကို ဖွင့်ဖို့အတွက် ပေးဆပ်ရမယ့် တန်ဖိုးပဲ... အနာဂတ်က မင်းက အခုလက်ရှိ မင်းကို ကျေးဇူးတင်မှာ သေချာတယ်”

စာအုပ်ဆိုင်ပိုင်ရှင်၏ အသံမှာ နီးကပ်နေသော်လည်း ဝေးကွာနေသကဲ့သို့ ထွက်ပေါ်လာသည်။ မေလီဆာ သူ့ ဘက်သို့ လှမ်းကြည့်လိုက်၏။ သူမ၏ မြင်ကွင်းအတွင်းရှိ အရာအားလုံးမှာ ထူးဆန်းစွာ ပျက်စီးနေပုံရ၏။

စာအုပ်ဆိုင်ပိုင်ရှင်၏ နောက်နားတွင် နတ်ကွန်းတစ်ခု ကဲ့သို့သော ကြီးမားခမ်းနားသည့် စာအုပ်တိုက်ကြီး ရှိနေကာ ကမ္ဘာတစ်ခုလုံးရှိ အသိပညာများကို စုစည်း ထိန်းသိမ်းထားပုံရသည်။ ၎င်း၏ အပေါ်ဘက်တွင်တော့ စကြာဝဠာ၏ အဝေးဆုံးနေရာများကို ဖော်ပြထားကာ ကြယ်ဘီလီယံပေါင်းများစွာမှာ တဖျတ်ဖျတ် လင်းလက်နေ၏။ မှုန်မှိုင်းအုံ့ဝေနေသော နက်ဗျူလာများက အရာတစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ ခံစားချက်ကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း... နောက်တစ်စက္ကန့်တွင် ကြက်သီးမွေးညင်းထဖွယ် ခံစားမှု တစ်ခုက မေလီဆာထံသို့ တွားသွား တက်လာ၏။ သူမ ချက်ချင်းပင် အကြည့်ကို ရုပ်သိမ်းလိုက်သည်။ ခဏတာ တွေဝေပြီးနောက်... သူမ၏ မြင်ကွင်းများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။

ယခင်အတိုင်း သာမန် စာအုပ်ဆိုင်လေး တစ်ဆိုင်နှင့် သာမန် လူငယ်လေး တစ်ဦး...။

ဒုန်း...

မေလီဆာ လက်ထဲရှိ စာအုပ်ကို ရုတ်တရက် ပိတ်လိုက်၏။ တိတ်ဆိတ်နေသည့် စာအုပ်ဆိုင်ထဲတွင် သူမ၏ မောကြီးပန်းကြိး အသက်ရှူသံနှင့် အပြင်ဘက်မှ မိုးရေစက်ကျသံများကိုသာ ကြားရသည်။

***

All Chapters