← Chapters

မေလီဆာ (၅)

Vol. 3 Ch. 42

မေလီဆာ (၅)

Vol. 3 Ch. 42

“ဟူး... ဟူး...”

မေလီဆာ တစ်ယောက် အသက်ကို မောကြီးပန်းကြီး ရှူရှိုက် နေခဲ့ကာ သေမင်းနှင့် ရင်ဆိုင် တွေ့ခဲ့ရသလိုပင် ခံစားနေခဲ့သည်။

ထိုထိတ်လန့်ဖွယ် အတွေ့အကြုံ၏ အစအနများက သူမ၏ စိတ်ထဲတွင် စွဲကျန်နေဆဲဖြစ်ကာ သူမ ယခင်က နားလည်ထားခဲ့သည့် အရာအားလုံးမှာလည်း လုံးဝ ပြောင်းလဲသွားသည်။ စိတ်ဝိညာဉ်မှာ ပြင်းထန်သည့် အင်အားဖြင့် ကြေမွသွားပြီးနောက်မှ အသစ်ပြန်လည် ပေါင်းစည်းထားသကဲ့သို့ပင်။

စာအုပ်ကို မလှန်ခင်က မေလီဆာနှင့် ယခု မေလီဆာမှာ လုံးဝ မတူညီသည့် လူများ ဖြစ်နေသကဲ့သို့ပင် သူမ ခံစားနေခဲ့ရသည်။

ဘာတွေဖြစ်ပျက်နေသည်ကို သူမ သေသေချာချာ နားမလည်နိုင်တော့ချေ။ သို့သော်လည်း ဝိညာဉ် မွေးရာပါ အနှစ်သာရကို အစားထိုး၍ သူမ၏ ခန္ဓာကိုယ်အား ဖြည့်ဆည်းပေးသည့်အရာကိုတော့ မေလီဆာ ဝေဝေဝါးဝါး သိလိုက်သည်။

၎င်းက “အရာအားလုံး၏ အခြေခံ ကျောက်တိုင်” ဖြစ်သည်။ သို့တည်းမဟုတ်... မည်သည့်တံခါးကိုမဆို ဖွင့်နိုင်သည့် မာစတာ သော့ တစ်ခု အဖြစ် ၎င်းကို ဖော်ပြနိုင်ပေလိမ့်မည်။

ယခင်က မေလီဆာ၏ ခန္ဓာကိုယ်အတွင်းရှိ ဤအခြေခံကျောက်တိုင်မှာ ကန့်သတ်ချက် များစွာ ရှိခဲ့သည်။ သင်ယူရေးတွင် အဟန့်အတားများလည်း ရှိခဲ့သည်။

သို့သော်လည်း ‘အရာအားလုံး၏ အခြေခံ ကျောက်တိုင်’ ကို ပိုင်ဆိုင်ခဲ့ပြီး နောက်တွင်တော့ သူမ ကြိုးစားလျှင် ကြိုးစားသလို သူရဲကောင်းများ နှင့်ပတ်သက်သည့် စွမ်းရည်အားလုံးကို ချက်ချင်း သင်ယူနိုင်ပေလိမ့်မည်။ ပိုမို တိုးတက်လာစေရန် အတွက် လေ့ကျင့်ရေးသာ လိုအပ်ကြောင်း ဆိုလိုသည်။

ဥပမာအားဖြင့် ပြောရလျှင် “အရာအားလုံး၏ အခြေခံကျောက်တိုင်”မှာ သူမ၏ ဘဝကို ဗီဒီယိုဂိမ်း တစ်ခု အဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်းမျိုး ဖြစ်ပြီး ထိုစွမ်းရည်များမှာ စကေးထရီးများ ဖြစ်လာလိမ့်မည် ဖြစ်သည်။ သူမ လုပ်ရမည့်အရာမှာ အိုင်ကွန်တစ်ခုကို တို့ထိပြီး အတွေ့အကြုံများ စုဆောင်းကာ အဆင့်မြှင့်တင်ရန်သာ ဖြစ်သည်။

သူမ လျှောက်လှမ်းရမည့် လမ်းကြောင်း၌ တိုးတက်မှုနှင့်ပတ်သက်သည့် အခက်အခဲများ သို့မဟုတ် အတားအဆီးများ မရှိတော့ပေ။ ၎င်းက ဘုရားသခင် တစ်ပါးသာ လုပ်ဆောင်ပေးနိုင်သည့် အပြောင်းအလဲမျိုး ဖြစ်သည်။ မေလီဆာ တစ်ယောက် နောက်ဆုံး၌ အခရာ အဆင့် (S-rank) ဟူသော အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

မိန်းကလေး၏ မျက်နှာဖျော့တော့ကာ ချွေးများ အလွန်အမင်း စီးကျနေ၏။ သူမ စိတ်လိုက်မာန်ပါဖြင့် စာအုပ်ဆိုင် ပိုင်ရှင်ကို စိန်ခေါ်ခဲ့မိသည့် အတွက် အလွန်အမင်း နောင်တရနေခဲ့သည်။

မေလီဆာမှာ အသက် ၁၆ နှစ်သာ ရှိသေးသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမမှာ နော်ဇင်မှ တစ်ခါမှ မထွက်ခွာခဲ့ဖူးသလို ငရဲဘုံ အဆင့်ထက် ကျော်လွန်သည့် မည်သည့် အရာနှင့်မျှလည်း မျက်နှာချင်းဆိုင်ဖူးခြင်း မရှိခဲ့ချေ။ သူမ၏ ချစ်လှစွာသောဖခင် ဂျိုးဇက်သည်ပင် ဖျက်ဆီးခြင်း အဆင့်မျှသာ ဖြစ်သည်။ ထို့ကြောင့်ပင် အခရာ အဆင့်မှာ မည်သို့သော အရာဖြစ်သည်ကို သူမ လုံးဝ စိတ်ကူးမရခဲ့ချေ။

ထို့အပြင် အခရာ အဆင့်များ အကြောင်း မှတ်တမ်းတင်ထားသော စာများပင် အလွန်နည်းပါးပြီး သူတို့၏ စွမ်းရည်များ အကြောင်း ကောလဟလများမှာလည်း ဝေဝေဝါးဝါးသာ ဖြစ်သည်။ ထိုကဲ့သို့ စာအများစုကို ဘာသာရေး ကျမ်းစာအုပ်များတွင်သာ တွေ့ရှိရပြီး ဇာတ်လမ်းများမှာလည်း အမှန်တကယ် မဖြစ်နိုင်ဟု ထင်ရသည်။

အခရာ အဆင့် များမှာ အလွန်အစွမ်းထက်လိမ့်မည်ဟု မေလီဆာ အမြဲခံစားခဲ့ရသော်လည်း အဓိပ္ပာယ်မရှိသည့် အတိုင်းအတာအထိတော့ မဟုတ်ပေ။ သို့သော်လည်း... ယခုတွင်တော့ သူမ၏ ယုံကြည်ချက်များမှာ အလွန် မှားယွင်းကြောင်း သိရှိခဲ့ရပြီ ဖြစ်သည်။

...

သင်္ချာကို ကြောက်ရွံ့ကြသည့် ကျောင်းသားတိုင်း၏ ခံစားချက်ကို လင်ကျဲ နားလည်ပေးနိုင်သည်။ သင်လေချာလေ ဆိုသည့် အတိုင်း အဖြေမှန် မရဘဲ တလဲလည်လည် ဖြစ်နေသည့် ခံစားချက် ဝေဒနာကို အိပ်ပျော်နေသည့်တိုင် သူ မေ့နိုင်မည် မဟုတ်ပေ။

သို့သော်လည်း... သူ့ရှေ့မှ မိန်းကလေးငယ်၏ တုံ့ပြန်မှုကတော့ အနည်းငယ် လွန်ကဲနေပုံရသည်။ သူမ၏ ခန္ဓာကိုယ်က တုန်ယင်ပြီး မောဟိုက်နေသည့်အပြင် မျက်နှာပင် ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။ ချွေးစီးများမှာလည်း စီးကျနေသည်။

‘ဒီကောင်မလေးကတော့ တော်တော့်ကို လန့်သွားတဲ့ပုံပဲ... အင်း... သူ အားနည်းတဲ့ ဘာသာရပ်က သင်္ချာ ဖြစ်နေလို့ပဲ ထင်ပါတယ်...’

လင်ကျဲက စာနာစွာဖြင့် သူမကို မေးလိုက်၏။

“ကလေးမ... အဆင်ပြေရဲ့လား... မင်း အဲဒီပုစ္ဆာတွေကို ဖြေဖို့ အကူအညီ လိုအပ်ရင် ပြောနော်... မင်းကို ကြည့်ရတာ ဒီစာအုပ်ကို သိပ်နားမလည်တဲ့ပုံပဲ”

“...”

မိန်းမငယ်လေးက လန့်ဖျပ်သွားကာ ခေါင်းမော့ရင်း လင်ကျဲကို ကြောက်ရွံ့စွာ စိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ပြူးကျယ်နေကာ နတ်ဆိုးကို မြင်လိုက်သကဲ့သို့ပင်။

နတ်ဆိုး... ဟုတ်သည်...

နတ်ဆိုး...။

လူတစ်ဦး၏ မွေးရာပါ အနှစ်သာရကို ဘာမှ မဟုတ်သလို အစားထိုး လဲလှယ်ပစ်လိုက်သည့် တည်ရှိမှုကို နတ်ဆိုးဟု မခေါ်ပါက မည်သူ့ကို ခေါ်ရမည်နည်း။

‘နောက်ပြီး သူ့နောက်က ဟာကြီးက...’

မေလီဆာ တစ်ယောက် ထိုအကြောင်း တွေးလိုက်မိသောအခါ တုန်ယင်သွား၏။ ဆက်တွေးနေလျှင် တကယ့်ကို ရူးသွားနိုင်လေရာ သူမ အတွေးများကို အတင်းအကြပ် ရပ်တန့်လိုက်သည်။

သို့သော်လည်း ဤနတ်ဆိုးမှာ သူမ၏ ဆန္ဒများကို အမှန်တကယ် ဖြည့်ဆည်းပေးခဲ့သည်။ မျှော်လင့်ထားသည်ထက်ပင် ပိုမို၍ သူမအတွက် ကျယ်ပြန့်သော လမ်းကို ဖောက်ပေးခဲ့သည်။

၎င်းက ပြန်လမ်းမရှိသော လမ်း ဖြစ်ကြောင်း မေလီဆာ တစ်ယောက် မှုန်မှုန်ဝါးဝါး အာရုံခံနိုင်ခဲ့သည်။ ဤစာအုပ်များမှာ အလွန် အစွမ်းထက်သော အရာတစ်ခုကို ဘာသာတရား တစ်ခုလို ဖြန့်ဝေပေးနေပုံရကာ စာအုပ်ဆိုင်ပိုင်ရှင်မှာ လမ်းပြဆရာနှင့် တရားဟောဆရာ တစ်ဦး ဖြစ်သည်။ သူမ၌ တခြားရွေးချယ်စရာ မရှိတော့ပုံရသည်။

အခြားတစ်ဖက်၌ လင်ကျဲမှာ မိန်းကလေး၏ အမူအရာကို ကြည့်ကာ အံ့ဩ နေခဲ့၏။ ကြက်သီးထသွားသလိုလည်း သူ ခံစားလိုက်ရသည်။

‘ဒီကလေးမက ဘာလို့များ ဆိုးဆိုးရွားရွား တစ်ခုခု လုပ်ထားမိသလိုမျိုး ငါ့ကို စိုက်ကြည့်နေတာလဲ...’

တကယ်ဆိုလျှင် သူက ဤဖောက်သည်အသစ်ကလေး၏ ကျောင်းသူဘဝကို တိုးတက်စေကာ မိသားစုပဋိပက္ခကို ဖြေရှင်းပေးလိုခဲ့ရုံသာ ဖြစ်သည်။ သူက စိတ်ရင်းမှန်ဖြင့် ကူညီရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။

‘နောက်တစ်ကြိမ် ဂျိုးဇက် ရောက်လာရင် ဒီကလေးရဲ့ ပညာရေးပြဿနာနဲ့ ပတ်သက်ပြီး ကောင်းကောင်း စကားပြောရဦးမယ်...’

“ငါး-သုံး” စာအုပ်များက မလုံလောက်သေးလျှင် ပမာဏကို တိုးမြှင့်ခြင်းဖြင့်လည်း ဖြည့်ဆည်းနိုင်သည်။

ဤစာအုပ်များကို လေ့လာပြီး နောက်တွင်ပင် ရလဒ်များက မကောင်းသေးလျှင် သူမ အနေဖြင့် ပိုမို ကြိုးစားအားထုတ်ရန် လိုအပ်လိမ့်မည်။ နောက်ထပ် စာမေးပွဲမေးခွန်းဟောင်း တစ်စုံက ထပ်ပေးသင့်က ပေးရပေမည်။

အကယ်၍ ရလဒ်များက ကောင်းမွန်ပါကလည်း သူမ အနေဖြင့် ဆက်လက် ကြိုးစားပြီး မေးခွန်းများကို ဆက်လုပ်နေရမည် ဖြစ်သည်။

လင်ကျဲ၏ အတွေးအတွင်းတွင်တော့... ဤကလေးမလေး၏ အနာဂတ် အတွက် စာမေးပွဲများကိုပင် စီစဉ် ပြီးစီးသွားပြီ ဖြစ်သည်။ သူမ၏ အတွက် စာလုပ်ချိန်နှင့် အနားယူချိန်များကိုပင် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

လင်ကျဲက အနည်းငယ် ပြုံးရင်း...

“ဘာဖြစ်လို့လဲ... ကလေးမ... ဒါတွေကို မဖြေရှင်းနိုင်မှာ အရမ်းကြောက်ပြီး စာအုပ်တွေကို မလိုချင်တာလား... မင်း လက်လျှော့ဖို့ ရွေးချယ်ရင်လည်း ငါ နားလည်ပေးနိုင်ပါတယ်... ဒါပေမဲ့ မင်းက အရမ်း အရည်အချင်းရှိတဲ့ ကလေးတစ်ယောက်လို့ ငါ ခံစားရတုန်းပဲ... မင်း ကြိုးစားအားထုတ်သရွေ့၊ တစ်ချိန်ချိန်မှာ အရာရာကို ပြောင်းလဲနိုင်တဲ့ စွမ်းအားကို မင်း သေချာပေါက် ရလာမှာပါ... မင်းအဖေလည်း မင်း အတွက် ဂုဏ်ယူလာလိမ့်မယ်”

မာနကို ထိပါးခြင်းနှင့် မြှောက်ပင့်ခြင်း တည်းဟူသော ဗျူဟာ နှစ်မျိုး စလုံးကို လင်ကျဲ တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်သည်။

ကလေးဆိုးများသည်လည်း တစ်ခါတစ်ရံ ချီးမွမ်းခြင်းကို လိုအပ်သည်။ သူတို့မှာ သာမန်ကလေးများထက် ပိုမို၍ ချီးမွမ်းခြင်းကို တောင့်တကြသည်ဟုပင် ပြောနိုင်သည်။ ထို့အပြင် လင်ကျဲ သိရှိခဲ့ရသည့်အတိုင်း ဆိုလျှင် ဂျိုးဇက်မှာ သူမကို တစ်ခါမျှ ချီးမွမ်းခြင်း မရှိခဲ့ပုံရသည်။ ထိုသို့သော အခြေအနေများက ကလေးတစ်ဦးထံတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆုံးရှုံးသွားစေလေ့ ရှိသည်။

မေလီဆာ တစ်ယောက် အိမ်မှ ထွက်ပြေးခြင်းနှင့် လက်မောင်းလှဲခြင်းတို့ ကဲ့သို့သော လုပ်ရပ်များမှာ သူမ လိုအပ်နေသည့် အာရုံစူးစိုက်မှုကို ရှာဖွေခြင်း နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ ထိုကဲ့သို့သော စရိုက်လက္ခဏာများ အရ မိန်းကလေးမှာ အလွန်လွယ်ကူစွာ စိတ်လှုပ်ရှားတတ်သည်ဟုလည်း ဆိုလိုသည်။

မေလီဆာက သတ္တိများကို စုစည်းကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း...

“မဟုတ်ပါဘူး... ကျွန်မက သူရဲဘောကြောင်တဲ့သူ မဟုတ်ပါဘူး... အခုလို နားလည်ပေးပြီး လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.... ကျွန်မ ဆရာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး... ကျွန်... ကျွန်မရဲ့ ရိုင်းပြမှုတွေ အတွက် တောင်းပန်ပါတယ်”

သူမ ခေါင်းကို ငုံ့လိုက်ရင်း မသိနားမလည်မှုနှင့် ဝင့်ကြွားခဲ့မှုများ အတွက် ရှက်ရွံ့ နေခဲ့သည်။ လင်ကျဲကတော့ မေလီဆာကို ကြည့်ရင်း “ငါး-သုံး” များမှာ ကလေးဆိုးတိုင်း၏ ရန်သူဖြစ်သည်ဟု ခံစားလိုက်ရသည်။ မေလီဆာမှာ စောနလေးကတင် တက်ကြွနေခဲ့သည့် ကလေးဆိုးတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုတွင်တော့ နာခံတတ်ပြီး အမူအကျင့်ကောင်းသည့် မိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ပညာရေး အပေါ် ကြောက်ရွံ့မှုကို ဖယ်ရှား၍ ရင်ဆိုင်ရန် ရွေးချယ်ခြင်းမှာ တကယ်ကို ထူးခြားသည်။

“ကိစ္စမရှိပါဘူး... ဒီလိုစိတ်ဓာတ်က သိပ်မဆိုးပါဘူး... မင်း သိချင်စိတ်ကို ထိန်းသိမ်းထားပြီး ရိုးသားနေသရွေ့ အသိပညာ တံခါးတွေက မင်းအတွက် အမြဲတမ်း ပွင့်နေလိမ့်မယ်”

လင်ကျဲသည် အိတ်တစ်လုံး ယူလိုက်ရင်း စာအုပ်များကို ထည့်ပေးလိုက်သည်။

“လာရောက်အားပေးလို့ ကျေးဇူးတင်ပါတယ်... စျေးနှုန်းက ဒေါ်လာတစ်ရာပါ”

မေလီဆာ ကြောင်စီစီဖြင့် စာအုပ်ဖိုးကို ပေးချေလိုက်ပြီးနောက် စာအုပ်ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။ ထို့နောက်... သူမ ရုတ်တရက် အရာတစ်ခုကို သတိရလိုက်၏။

‘ငါ စာအုပ်တစ်အုပ် လာငှားတာ မဟုတ်ဘူးလား... နောက်ဆုံးမှာ ဘာလို့ စာအုပ်တွေ ဝယ်ပြီး ပြန်လာရတာလဲ...’

***

All Chapters