ဒိုရစ်အိုင်းရစ်
Vol. 4 Ch. 43
ကျိကျစ်ရှို့ တစ်ယောက် ပြန်လည် သတိရလာခဲ့၏။ မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်သည်နှင့် လက်တွေ့ကို ချက်ချင်း ပြန်လည် သတိရသွားကာ တိုက်ခိုက်ရေး အနေအထားကို ပြောင်းလဲဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း... ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သည့် ဝေဒနာများကို ချက်ချင်း ခံစားလိုက်ရကာ ညည်းတွားသံ ထွက်ပေါ်လာခဲ့သည်။
ကျိကျစ်ရှို့၏ ခန္ဓာကိုယ်မှာ ပြိုကွဲတော့မလို ဖြစ်နေကာ ဦးရေပြားထက်တွင်လည်း ထုံကျင်သည့် ဝေဒနာ ခံစားနေရသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ညစ်ညမ်းသော သွေးရည်ကြည်များမှာ ပုံမှန် ခံနိုင်ရည်ရှိသည့် အဆင့်ထက် အဆပေါင်း များစွာ ကျော်လွန်သွားသောကြောင့် ဖြစ်နိုင်သည်။
သူမ၏ နောက်ဆုံးမှတ်မိသည့် မှတ်ဉာဏ်မှာ နောက်တစ်ကြိမ် ခုန်ဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူမ သတိလစ်သွားခဲ့သည်။
“မလှုပ်နဲ့... မင်း ဒဏ်ရာပြင်းထန်နေတယ်”
ကျိကျစ်ရှို့၏ အမြင်အာရုံက အနည်းငယ် ပိုရှင်းလာပြီး ချောမွတ်၍ ဖြူစင်လှသည့် မျက်နှာတစ်ခုကို သတိထားလိုက်မိသည်။ ထိုပုဂ္ဂိုလ်၏ တောက်ပသော ရွှေရောင်ဆံပင်၊ ကြည်လင်သော ကျောက်စိမ်းရောင် မျက်လုံးများနှင့် ရှည်လျားချွန်ထက်သော နားရွက်နှစ်ဖက်တို့က ကျိကျစ်ရှို့၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။
နတ်သူငယ် မျိုးနွယ် (elf) တစ်ယောက်လော။
...
ဒိုရစ် အိုင်းရစ်...
ဒိုရစ် အိုင်းရစ်မှာ သွေးသားမျိုးရိုး သန့်စင်သည့် နိုဘယ် အဲ့လ်ဖ်တစ်ဦး ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသည့် နူးညံ့လှပသော အဖြူရောင် အသားအရေ၊ ပိုးသားကဲ့သို့ ရွှေရောင်ဆံနွယ်များနှင့် ကြည်လင်သည့် ကျောက်စိမ်းရောင် မျက်လုံးများက သူမ၏ အလှနှင့် မျိုးရိုးဂုဏ်တို့ကို ဖော်ပြရန် လုံလောက်သည်ထက် ပိုပေသည်။
ဘုရားသခင် စွန့်ပယ်ထားသည့် ဤအဇီး နယ်မြေတွင် ရှေးဟောင်း ခေတ်ကာလများမှ ဆင်းသက်လာသည့် အရာအားလုံး (ဒဏ္ဍာရီများ၊ သေမျိုး ရတနာများမှ အစ အစအနများ ဖြစ်ပါစေ...) အလွန်တန်ဖိုးရှိသည်ဟု ယူဆကြသည်။
အိုင်းရစ် ကလန်မှာ ခန့်မှန်းချေအားဖြင့် ရှေးဟောင်း ဘီလူးကြီးများ ပေါ်ပေါက်ခဲ့သည့် အချိန်တွင် မွေးဖွားလာခဲ့သည်။ ထို့ကြောင့်ပင် သူတို့ကို သစ်တောကြီးများ အတွင်း တသီးတခြား နေထိုင်ခဲ့ကြသည့် အထူးခြားဆုံးနှင့် ရှေးအကျဆုံး အဲ့လ်ဖ်မျိုးနွယ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
သို့သော်လည်း သွေးသားမျိုးရိုးကို လွန်စွာ တန်ဖိုးထားခြင်း၊ အခြားမျိုးနွယ်စုများနှင့် အိမ်ထောင်ပြုရန် ငြင်းဆန်ခြင်း၊ အမျိုးသမီးဦးရေနှင့် အမျိုးသားဦးရေ အချိုး မညီမျှခြင်း၊ တစ်လင်တစ်မယားစနစ် ကို တင်းကြပ်စွာ လိုက်နာခြင်းတို့ကြောင့် အိုင်းရစ် မျိုးနွယ်စုတို့၏ အဖွဲ့ဝင်ဦးရေမှာ ယခုအခါ အယောက် တစ်ရာကျော်မျှသာ ရှိတော့သည်။
အခြားနည်းဖြင့် ပြောရလျှင် သူတို့မှာ “မျိုးသုဉ်းလုနီးပါး” ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထိုအန္တရာယ်ကပင် အိုင်းရစ် မျိုးနွယ်ဝင်တို့၏ ပျောက်ဆုံးနေသော ယုံကြည်ချက်များနှင့် ပဋိညာဉ်များကို တစ်ဖန်ပြန်လည် ရှာဖွေရန် တွန်းအားပေးခဲ့ပြီး သစ်တောများကို စွန့်ခွာကာ ဝေါပူဂစ်ညထံ ဦးတည်သွားစေခဲ့သည်။
[မှတ်ချက်- ဝေါပူဂစ် ည (Walpurgis Night) ဆိုသည်မှာ ဥရောပ၏ အချို့ဒေသများတွင် ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ပြီး ရှေးခေတ်ကာလက စုန်းအတတ်ပညာများကို တွန်းလှန်ရန် ရည်ရွယ်ပေသည်။]
ဝေါပူဂစ်ည ကို “ဉာဏ်ပညာ ပျော်ပွဲရွှင်ပွဲ” နှင့် “စုန်းမတို့၏ ပွဲတော်” ဟုလည်း သိကြသည်။ ရှေးဟောင်း ဒဏ္ဍာရီများအရ ဘုန်းတန်ဖိုး အာနုဘော် ကြီးမားလှသော အဲ့လ်ဖ်ဘုရင့်နိုင်ငံတော်မှ အဲ့လ်ဖ်မင်းသား ကန်ဒယ်လာမှာ ရူးသွပ်သွားပြီးနောက် တိုင်းပြည်ကို မီးလောင်မြေ တစ်ခု အဖြစ် ပြောင်းလဲ ခဲ့သည်။
အားကိုးရာ မဲ့သွားခဲ့သည့် အဲ့လ်ဖ်အနည်းငယ်မှာ အမှောင်ဖုံးလွှမ်းနေသော ညတွင် အစွမ်းထက် စုန်းမ ဝေါပူဂစ်နှင့် ပဋိညာဉ်ပြုခဲ့ကြကာ အကာအကွယ်ပေးမည့်သူ အသစ်တစ်ဦးကို ရရှိခဲ့ကြသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး နောက်တွင်... စုန်းမများ၏ အကူအညီကို ရှာဖွေလိုသော အဲ့လ်ဖ်များမှာ လေးလပိုင်း၏ နောက်ဆုံးညတွင် စုဝေးကြပြီး အနီးနားရှိ တောင်ကုန်းများတွင် မီးပုံများ တင်ရှို့ကြပြီး နံနက်မိုးလင်းသည်အထိ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။
ကံဆိုးစွာပင်... အိုင်းရစ် မျိုးနွယ်စု၏ နာမည်ကို ချီးမြှင့်ခဲ့သည့် စုန်းမမှာ အိပ်မက်နယ်ပယ်အတွင်း နက်ရှိုင်းစွာ အိပ်စက်နေခဲ့ပြီ ဖြစ်သည်။
အကာအကွယ် လိုချင်သူများမှာ ထိုခမ်းနားသော တည်ရှိမှု၏ အိပ်စက်ရာနေရာကို ရှာဖွေရပေမည်။ ဒိုရစ်မှာ အကာအကွယ်ပေးမည့်သူကို ရှာဖွေရန်အတွက် အိုင်းရစ် မျိုးနွယ်စုမှ စေလွှတ်လိုက်သည့် ရွေးချယ်ခံပင် ဖြစ်သည်။
ပညာရှိ တစ်ဦး၏ ဗေဒပညာ တွက်ချက်မှု အရ ရှေးဟောင်း တော်ဝင်မြို့တော်၏ အပျက်အစီးများပေါ်တွင် တည်ဆောက်ထားသည့် လူသားမြို့တော် နော်ဇင်မြို့ တွင် ကာကွယ်သူ၏ သဲလွန်စများ ပေါ်လာလိမ့်မည်ဟု ဆိုသည်။
အဲ့လ်ဖ် တစ်ယောက် အတွက် ဤမြို့တော်မှာ စက်မှုလုပ်ငန်းသုံး သတ္တုနံ့များ ထွက်ပေါ်နေကာ ကြောက်မက်ဖွယ်ရာ ရာသီဥတုလည်း ရှိသည်။ ထို့အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကြောင့် နေရာအနှံ့ အီသာစွမ်းအင် လှိုင်းနှုန်းများမှာလည်း ရှုပ်ထွေး နေခဲ့သည်။
အီသာစွမ်းအင်ကို သဘာဝအတိုင်း အာရုံခံလွယ်သည့် အဲ့လ်ဖ်များ အတွက် ထိုအရာက အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလှသည်။
နော်ဇင်မြို့တော်ရှိ အရာအားလုံးမှာ ဒိုရစ်ကို အလွန် စိတ်ရှုပ်ထွေးပြီး ဘာလုပ်ရမှန်းမသိ ဦးတည်ချက် ပျောက်စေခဲ့သည်။ သို့သော် မမျှော်လင့်ထားသော ကိစ္စတစ်ခုလည်း ဖြစ်ပျက်ခဲ့သည်။ သူမ ကုန်ခြောက်များ ဝယ်ယူပြီး ပြန်လာစဉ် မြေပြင်ပေါ်တွင် သွေးများဖြင့် လဲလျောင်းနေသည့် အမည်မသိ လူတစ်ဦးကို တွေ့ဆုံခဲ့ရသည်။
မြို့တော်တွင် တိုက်ခန်း ငှားရမ်းထားပြီး အခြေကျရန် ကြိုးစားနေဆဲ လူသစ် တစ်ဦးအနေဖြင့် ထိုသို့ အခြေအနေမျိုး ကြုံတွေ့ရသည့်အခါ ဒိုရစ်၏ ပထမဆုံး တုံ့ပြန်မှုက ကိုကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေးကို ဦးစွာ ထည့်သွင်းစဉ်းစားရန်ပင် ဖြစ်သည်။
“ဒါဆို ရှင်က ကျွန်မကို ဒီကို ခေါ်လာတာပေါ့”
ကျိကျစ်ရှို့က ခက်ခဲစွာဖြင့် မေးလိုက်၏။
“အင်း... ဟုတ်တယ်”
ဒိုရစ်က ပြုံးလိုက်သည်။
“အဲဒီတုန်းက နင် လဲကျနေတဲ့ နေရာက ငါ နေတဲ့ နေရာနဲ့ နီနီးလေးရယ်... နင့်ကို အဲဒီမှာ ထားခဲ့ရင် နင့် နောက်ကို လိုက်နေတဲ့သူတွေက အချိန်မရွေး ရှာတွေ့သွားလိမ့်မယ်...”
“ပြီးတော့ သူတို့တွေက အဲဒီနားကို ရောက်လာရင် ငါ့ကိုလည်း ရှာတွေ့သွားနိုင်တယ်လေ... ဒီလို မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်တာက အကောင်းဆုံးပဲ... စိတ်မပူပါနဲ့... ငါတို့ အဲ့လ်ဖ်တွေက မုဆိုးဖြစ်ဖို့ မွေးဖွားလာတဲ့ လူတွေ... ခြေရာဖျောက်တာတို့ ဘာတို့ဆိုတာ ငါ အတော်လေး ကျွမ်းကျင်တယ်... ကျေးဇူးတင်ဖို့ မလိုပါဘူး”
ကျိကျစ်ရှို့ တစ်ယောက် လည်ချောင်း အတွင်း ရောက်နေပြီ ဖြစ်သည့် “ကျေးဇူးတင်ပါတယ်” ဟူသော စကားကို ပြန်လည် မြိုချလိုက်သည်။ ယခင်တိုက်ပွဲမှ အဖြစ်အပျက်များကို ပြန်လည် တွေးတောရင်း နာကျင်မှုကို တောင့်ခံကာ ထထိုင်ရန် ကြိုးစားလိုက်သည်။ ထို့နောက်... အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း...
“ကျွန်မ ဘယ်လောက်ကြာကြာ သတိလစ်နေခဲ့တာလဲ”
ဟု မေးလိုက်သည်။ လက်ရှိအခြေအနေကို သူမ မသိရသေးပေ။ ခိုင်ယီနှင့် မားကပ်စ်တို့ နှစ်ဦး အဆင်ပြေလား မပြေလားလည်း သူမ မသိချေ။ သူတို့ ဘေးမှ ကင်းပါရဲ့လား...။
ယေဘုယျအားဖြင့် လန်စီ မှော်ကြေးမုံမှာ ပေါက်ဖွားရန်အတွက် တစ်လခန့် အချိန်ယူရသည်။ ဟေးရစ်က ၎င်းအား မည်သည့်နေရာတွင် ဝှက်ထားသည်ကို သူမ ယခု အထိ မရှာဖွေနိုင်သေးပေ။
အခြေအနေက အပေါင်း လက္ခဏာ မဆောင်နေချေ။ အိပ်မက်နယ်ပယ် အတွင်းရှိ မည်သည့်တည်ရှိမှုကိုမဆို လန်စီ မှော်ကြေးမုံသာ ပေါက်ဖွားခွင့်ပြုခဲ့ပါက အကျိုးဆက်များက ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည် ဖြစ်သည်။
ဒိုရစ်က ကျိကျစ်ရှို့ကို ထူပေးလိုက်ရင်း သူမ၏ ခန္ဓာကိုယ်ကို မှီစေလိုက်၏။ သူမက စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ခန့်မှန်းခြေ ပြောရရင် ၅ နာရီလောက် ရှိပါပြီ... နင့်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ သွေးတွေနဲ့ လတ်ဆတ်တဲ့ ဒဏ်ရာအရ ဆိုရင် နင် သတိလစ်သွားတာ ၆ နာရီ မပြည့်သေးဘူးလို့ ငါ ထင်တယ်”
ခြောက်နာရီ...
သိပ်တော့ မဆိုးလှဟု ကျိကျစ်ရှို့ တွေးလိုက်မိသည်။ ကောင်းကင်ဝံပုလွေတွင် အချိန်နှင့် အာကာသကို ခုန်ကျော်နိုင်သည့် စွမ်းရည်ရှိသော်လည်း ထိုခုန်ပျံမှု အလယ်တွင် ကျိကျစ်ရှို့ တစ်ယောက် ထိန်းချုပ်မှု လုံးဝ ဆုံးရှုံးသွားခဲ့သည်။
သူမ မည်သည့်နေရာသို့ ခုန်ပျံသွားသည်၊ ဟင်းလင်းပြင်အတွင်း မည်မျှကြာအောင် ရှိနေခဲ့သည်တို့ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း... ကြည့်ရသည်မှာ သူမ ကံကောင်းခဲ့ပုံရသည်။ သို့တည်းမဟုတ်... ၎င်းမှာ စာအုပ်ဆိုင်ပိုင်ရှင်၏ ကောင်းချီးများကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေ... အခြေအနေက လုံးဝ မဆိုးလှသေးချေ။ အခြေအနေကို ပြောင်းပြန်လှန်ရန် သူမထ့တွင် အခွင့်အရေး ရှိနေသေးသည်။
ကျိကျစ်ရှို့၏ အသက်ရှူသံများက ပိုမို ချောမွေ့လာကာ လက်ရှိ ရောက်နေသော အခန်းကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်သည်။
“ကျွန်မ နာမည်က ကျိကျစ်ရှို့ပါ... ရှင်က အဲ့လ်ဖ် မျိုးနွယ်ဝင် တစ်ယောက် ထင်တယ်... ဘာလို့ နော်ဇင်ကို ရောက်နေတာလဲ... ဒီနေရာက ပတ်ဝန်းကျင် သိပ်မကောင်းတာကြောင့် အဲ့လ်ဖ်တွေ သိပ်လာလေ့ မရှိဘူးလေ”
သူမ ရှိနေသည့် အခန်းမှာ သေးငယ်ပြီး ရိုးရှင်းသည့် အခန်း တစ်ခန်း ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ၁၀ စတုရန်းမီတာခန့် အရွယ်အစားရှိသည်။ ၎င်းမှာ နော်ဇင်မြို့တွင် မြို့ပြင်မှလာသူများ ယာယီ ငှားရမ်းလေ့ ရှိသည့် တိုက်ခန်းမျိုး ဖြစ်သည်။
သို့သော်လည်း... ၎င်းကို သပ်သပ်ရပ်ရပ် ရှင်းလင်းထားပြီး အရိုးစွပ်ပြုတ် တစ်ခွက်၏ မွှေးပျံ့သော ရနံ့က လေထုအတွင်း သင်းပျံ့နေသည်။ အရှေ့ရှိ အဲ့လ်ဖ်က အေပရွန်ဝတ်ထားသည်ကို ကြည့်လျှင် ၎င်းကို သူမ ချက်ထားသည်မှာ ထင်ရှားသည်။
***