ဒိုရစ်အိုင်းရစ် (၄)
Vol. 4 Ch. 46
“ငါ နင့်ကို တစ်စိတ်တစ်ပိုင်း အားဖြင့်တော့ ယုံကြည်ပါတယ်... နင် ပြောခဲ့တဲ့ စာအုပ်ဆိုင်ပိုင်ရှင် ဆရာလင်က တကယ်ကို အံ့ဩစရာ ကောင်းပုံရတယ်”
ဒိုရစ်က ဟင်းချိုတစ်ငုံ့ကို သောက်ရင်း ပြောလိုက်သည်။ ကျိကျစ်ရှို့၏ ခန္ဓာကိုယ် အတွင်း စီးဆင်းနေသည့် ကြောက်မက်ဖွယ် သားရဲသွေးကို သူမ အာရုံခံနိုင်ပေသည်။ ထိုမိန်းကလေးထံတွင် သားကောင်ကို စောင့်ကြည့်နေသည့် အမဲလိုက်သားရဲ တစ်ကောင်၏ အန္တရာယ် အရှိန်အဝါ ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။
ကျိကျစ်ရှို့က လက်သီးကို ဖြေလျှော့လိုက်ပြီးနောက် ခန္ဓာကိုယ်ပေါ်၌ ကျန်နေသေးသော ပတ်တီးများကို ဖယ်ရှားလိုက်သည်။
“ပြောစရာတောင် မလိုပါဘူး... သူက ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ အမြင့်မြတ်ဆုံး ပရဟိတ တရားနဲ့ ကြင်နာမှုတွေကို ဆုပ်ကိုင်ထားတဲ့ တည်ရှိမှု တစ်ခုပါပဲ.... ကျွန်မ အတွက် လက်တောင်တွေကိုတောင် သူက ပေါ့ပေါ့ပါးပါး ပေးခဲ့တာပါ”
ဒိုရစ်က ပြုံးလိုက်၏။
“ကောင်းပြီလေ... မိုးရပ်သွားတဲ့အခါ နင် ပြောတဲ့ စာအုပ်ဆိုင်ပိုင်ရှင်ဆီကို သွားလည်ပတ်လိုက်ပါ့မယ်... သူက ငါ့ရဲ့ မေးခွန်းတွေကို ဖြေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကျိကျစ်ရှို့က ဝမ်းမြောက်စွာပင် တုံ့ပြန်လိုက်၏။
“ရှင် အကျေနပ်ဆုံး အဖြေကို ရလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
“ဒီလိုပဲ မျှော်လင့်ကြတာပေါ့...”
ဒိုရစ်က အနည်းငယ် ပြုံးလိုက်သည်။
“ဒါနဲ့ နင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ... နင့်ရဲ့ ရန်သူတွေကို ဆက်တိုက်ခိုက်ဦးမှာလား”
ကျိကျစ်ရှို့က ခေါင်းညိတ်လိုက်သည်။
“ကျွန်မရဲ့ နောက်လိုက်တွေကို လာခေါ်ဖို့ အကြောင်းကြားလိုက်မယ်... ဒါပေမဲ့ လက်ရှိအခြေအနေတွေကို နားလည်ဖို့ အချိန် နည်းနည်းတော့ လိုလိမ့်မယ်... ဒါကြောင့် ဒီမှာ ရက်နည်းနည်းလောက် ဆက်နေလို့ ရမလား... အနှောက်အယှက် ပေးမိတဲ့ အတွက် တောင်းပန်ပါတယ်”
“ကိစ္စမရှိပါဘူး”
ဒိုရစ်က ပန်းကန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကို သိမ်းဆည်းရင်း ပြောလိုက်သည်။ ထို့နောက် သူမက တောက်ပသော အပြုံးဖြင့် အခန်းအတွင်းရှိ တစ်ခုတည်းသော အကန့်ကို ညွှန်ပြလိုက်သည်။
“ရေချိုးခန်းထဲမှာ ရေနွေးပြင်ဆင်ထားပြီးသားပါ... သက်သောင့်သက်သာ ရေချိုးလိုက်ပါဦး... အဝတ်အစားလဲဖို့လည်း အချိန်တန်ပါပြီ”
ကျိကျစ်ရှို့ လက်ရှိ ဝတ်ဆင်ထားသော အဝတ်အစားများမှာ သူမ၏ အဝတ်အစားများ မဟုတ်ပေ။ ဒိုရစ်က သူမ သတိလစ်နေစဉ် လေဝင်လေထွက်ကောင်းသည့် အဖြူရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ပေးခဲ့ပုံရသည်။ သို့သော်လည်... သူမ သတိပြန်လည်လာသောအခါ လှုပ်ရှားမှုများကြောင့် ပတ်တီးများမှ သွေးများ စိမ့်ထွက်ကာ အဖြူရောင် ဂါဝန်ကို စွန်းထင်းစေခဲ့သည်။
ဒိုရစ်မှာ ဤအချက်ကို ထည့်သွင်းစဉ်းစားထားပုံရကာ ရေနွေးကိုပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ဤအဲ့လ်ဖ်သည် တကယ်ကို ကြင်နာတတ်သည့် သဘောသဘာဝ ရှိပေသည်။
ကျိကျစ်ရှို့ သူမကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီးနောက် ရေချိုးခန်းဆီသို့ ဦးတည်သွားခဲ့၏။ သူမက ကြိမ်လုံး ကို ယူဆောင်သွားရန် မမေ့ခဲ့ပေ။
ဒိုရစ်သည် ပန်းကန်များနှင့် ဇွန်းများကို ဘေစင် အတွင်း ပစ်ထည့်လိုက်ရင်း ရေပိုက်ကို ဖွင့်ကာ ခပ်တိုးတိုးလေး သီးချင်း ညည်းနေခဲ့သည်။ ရေထဲ၌ ပေါ်နေသည့် သူမ၏ ပုံရိပ်ကို စိုက်ကြည့်လိုက်ရင်း မျက်နှာပေါ်တွင် အေးစက်စက် အပြုံး တစ်ခု ပေါ်လာခဲ့သည်။
သူမသည် လက်ညှိုးကို ဆန့်တန်းလိုက်ရင်း ရေမျက်နှာပြင်ကို လှီးဖြတ်လိုက်၏။
“ဒီကမ္ဘာမှာ မူလ စုန်းမကြီး လေးပါးက လွဲပြီး ဘယ်သူ့ကိုမှ အရာရာကို သိမြင်တဲ့လူလို့ ခေါ်ဆိုလို့ မရနိုင်ဘူး... အရည်အချင်းရှိတဲ့ အယောင်ဆောင်တွေက နေရာတိုင်းမှာ ရှိနေတတ်ကြတာချည်းပဲ... ဒါပေမဲ့ မင်းမှာ အရည်အချင်း မရှိခဲ့ရင်တော့ စိတ်ပျက်နေတဲ့ ဖောက်သည်တစ်ဦးက အရေးယူတာကို အပြစ်မတင်ပါနဲ့”
....
အပြင်ဘက်တွင် အီသာစွမ်းအင် မြှားဖြင့် နံရံတွင် စိုက်နေသည့် မုဆိုး အလောင်း တစ်လောင်းမှာ လေတိုက်ခတ်မှုကြောင့် ယိမ်းထိုးနေပြီး နောက်ဆုံးတွင် ပြာများအဖြစ် လုံးဝ ပျက်သုဉ်းသွားခဲ့သည်။
ဘေးဘက်ရှိ အမှိုက်ပုံပေါ်တွင်တော့ ခွေးတစ်ကောင်၏ ခေါင်းပြတ်တစ်လုံး ရှိနေခဲ့၏။
ထိုအရာက လတ်ဆတ်သည့် ခွေးသားဟင်းချို၏ ရင်းမြစ် ဖြစ်ခဲ့လေသည်။
...
“သူ့ကို ခြေရာခံဖို့ စေလွှတ်လိုက်တဲ့သူက ဘာမှ အကြောင်းမပြန်သေးဘူးလား”
“ဟုတ်ပါတယ်... ထူးခြားအဆင့် မုဆိုး ခြေရာကောက်သမား ဘတ်ခ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားကြောင်း အတည်ပြုချက် ရရှိထားပါတယ်”
ဟေးရစ် မျက်မှောင်ကြုတ်လိုက်သည်။ ကျိမိသားစုရဲ့ သခင်မလေးမှာ တကယ်ကို ကိုင်တွယ်ရခက် ပုံရသည်။
“ဘယ်နေရာမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာလဲ... စကားလက် ဝါဒီကရော ဘာပြောလဲ”
“ကျွန်... ကျွန်တော် မသိပါဘူး”
ဘုန်း...
ဟေးရစ် တစ်ယောက် စားပွဲကို လက်သီးဖြင့် ဒေါတကြီး ထိုးချလိုက်သည်။ မြင့်မြတ် ထည်ဝါသည့် သူ့ အသွင်အပြင်က အနည်းငယ် ပျောက်ဆုံးသွားကာ မျက်လုံးထောင့်ရှိ အရေးအကြောင်းများက ဆိုးယုတ်သော ပုံပေါက်လာစေသည်။
တစ်နည်း ဆိုရသော် ဟေးရစ်၏ အသွင်မှာ အုပ်စုခေါင်းဆောင်ရာထူးကို ယခုအချိန်ထိ လက်မလျှော့လိုသေးသည့် ခြင်္သေ့အိုကြီး တစ်ကောင်လိုပင်...။
“မင်း မသိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ”
ဟေးရစ်က ဟစ်အော်လိုက်၏။ လက်အောက်ငယ်သားက တုန်တုန်ရီရီဖြင့် ပြန်ဖြေဖို့ ကြိုးစားလိုက်သည်။
“ခြေရာတွေ အားလုံး လုံးဝ ဖယ်ရှားခံလိုက်ရတာပါ... မှော်ပညာ သုံးတာတောင် အသုံးမဝင်ပါဘူး... အဲဒါ... အဲဒါက...”
ဟေးရစ်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
“ဆက်ရှာ... ဘယ်လို အဖိုးအခ ပေးရပါစေ သူ့ကို ရှာတွေ့ရမယ်”
“ဟုတ်ကဲ့”
“နောက်တစ်ခု ရှိသေးတယ်... ချားလ်စ်ရော ဘယ်လိုလဲ... သူ့အခြေအနေ ဘယ်လိုရှိလဲ”
“သူ အပြည့်အဝ သတိရလာပါပြီ... ယူရီက သူ မသေခင် အချိန်အထိ ချားလ်ရဲ့ အလောင်းကို ကောင်းကောင်း ထိန်းသိမ်းထားပေးခဲ့တာက တော်တော်လေး အဆင်ပြေပါတယ်.... ပရီကန့် ဖော်ဖီက သူ့ကို ပြန်လည် အသက်သွင်းပေးခဲ့ပြီးတော့ လိုအပ်တဲ့ ဆန္ဒ နဲ့ ဖြည့်ဆည်းပေးထားပြီးပါပြီ”
(ပရီကန့် မော်ဖီ = စကားလက် ဝါဒီ အဖွဲ့၏ ဖျက်ဆီးခြင်း အဆင့် အောက်လမ်း မှော်ဆရာ)
ဟေးရစ် တစ်ယောက် အနည်းငယ် ကျေနပ် သွားခဲ့၏။ နောက်ဆုံးတွင်တော့ သတင်းကောင်းလေး တစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။
“ချားလ်စ်... အဲဒီ ကြွက်ရူအန် ပေးခဲ့တဲ့ သတင်းအရ ဆိုရင် ချားလ်စ်က ဖရန့်ခ် ဝယ်လ်ရဲ့ အချစ်ဆုံး တပည့်ပဲ... အဲဒါကြောင့်ပဲ ယူရီက သူ့ကို သတ်ပစ်ခဲ့တာ”
သေဆုံးသွားတာ ကြာခဲ့ပြီ ဖြစ်သည့် တပည့်က မရဏတိုင်းပြည်မှ ပြန်လာကာ ကိုယ့်ကို သတ်ဖြတ်ဖို့ ကြိုးစားသည့် အခါ ဝယ်လ် ဘာလုပ်မည်ကို သူ တကယ် သိချင် နေခဲ့ပြီ ဖြစ်သည်။
လန်စီမှော်ကြေးမုံ ပေါက်ဖွားဖို့ လိုအပ်သည့် စွမ်းအင်ကို သူ ပေးနိုင်လိမ့်မည်ဟုတော့ ဟေးရစ် မျှော်လင့် နေမိသည်။
...
ဝယ်လ်ဒ်တွင် တစ်ချိန်က တပည့်နှစ်ဦး ရှိခဲ့သည်။ ၎င်းမှာ သူ သာမန် ငရဲဘုံ အဆင့် အောက်လမ်း မှော်ဆရာ ဘဝတည်းက ဖြစ်သည်။ ထိုအချိန်က ‘မျက်နှာမဲ့ မဟူရာ အကြေးခွံ’ ဆိုသည့် ဘွဲ့နာမည်ကိုပင် မရရှိသေးချေ။
အောက်လမ်း မှော်ဆရာ တစ်ဦး၏ စွမ်းအားရင်းမြစ်မှာ ဘာသာစကား ဖြစ်လေရာ ကိုယ်တိုင် လေ့ကျင့် သင်ယူသည့် အောက်လမ်း ဆရာများ ပေါ်ပေါက်လာရန်မှာ အလွန်ရှားပါးသည်။ လက်တွေ့တွင် အောက်လမ်း မှော်ဆရာ အားလုံး နီးပါး၌ သူတို့၏ ကိုယ်ပိုင် ဆရာများ ရှိကြသည်။
ဘာသာစကား ဆိုသည်မှာ ဆက်သွယ်မှုမှတစ်ဆင့် ပျံ့နှံ့ရသည်။ အသံထွက် တိကျမှုမှာ အီသာစွမ်းအင် နှင့် ပဲ့တင်ထပ်ရသည့် အပြင် အင်းထည့်သွင်းမှု၏ အစွမ်းကိုပါ ဆုံးဖြတ်ပေးသည်။ ထို့ကြောင့်ပင် အောက်လမ်း မှော်ဆရာ များကြား၌ ကျွမ်းကျင်မှုများအား လက်ဆင့်ကမ်းပေးရန် အတွက် များစွာသော ဆက်သွယ်မှုများ လိုအပ်ပေသည်။ ဝယ်လ်တွင်လည်း ကိုယ်ပိုင်ဆရာ ရှိခဲ့ဖူးသည်။
အမှန်တရား အသင်းတော် မှတ်တမ်းတင်ခဲ့ဖူးသည့် အခရာ အဆင့် အောက်လမ်း မှော်ဆရာ သုံးဦး ရှိသည်။ အထွတ်အမြတ် အသံ၏ ရှေးဟောင်း ဘုရင် ဘလက် အင်ပါယာ၊ နဂါး ဘာသာဗေဒပညာရှင် နှင့် ဘီလူးကြီးများ၏ နောက်ဆုံးသားစဉ်မြေးဆက် ဆလေတာ ဩဂတ်စတပ်တို့ပင် ဖြစ်သည်။ ဝယ်လ်၏ ဆရာမှာ ထိုသုံးဦးအနက် နောက်ဆုံး တစ်ယောက်ပင် ဖြစ်သည်။
ထိုဒဏ္ဍာရီလာ အောက်လမ်း မှော်ဆရာမှာ တပည့်မည်မျှများများအား သင်ကြားပေးခဲ့သည်ကို မှတ်တမ်းတင်ရန် အတွက် တကယ်ကို ခက်ခဲသည်။
သို့သော်လည်း... အရာတစ်ခုကတော့ သေချာသည်။ သူ သင်ကြားပေးခဲ့သော အောက်လမ်း မှော်ဆရာ အားလုံးမှာ နောက်ဆုံးတွင် ဂုဏ်သိက္ခာ ကြီးမြင့်သည့် အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသည်။
ဝယ်လ်က သူ့လို အရေးမပါသည့် လူတစ်ယောက် အတွက် ထိုကဲ့သို့ ခမ်းနားသည့် ပုဂ္ဂိုလ်ကြီး၏ တပည့်တစ်ဦး ဖြစ်လာနိုင်ခ့ခြင်းမှာ အလွန် ကံကောင်းလှသည်ဟု အမြဲတမ်း တွေးခဲ့သည်။ သူ၏ နောက်ဆုံး ဘွဲ့ယူလက်ရာမှာ သူ လင်ကျဲအား ပေးအပ်ခဲ့သော ကျောက်ဂါဂွိုင်းလ်ပင် ဖြစ်သည်။
***