ပြန်လည် ပေါ်လာသူ
Vol. 4 Ch. 47
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝယ်လ် တစ်ယောက် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ဆရာဖြစ်သူထံသို့ နောက်ဆုံးလက်ရာကို တင်ပြဖို့ အတွက် ပြန်လည် သွားရောက်ခဲ့သည်။ ထိုစဉ် ဆရာသမားထံမှ ခံစားခဲ့ရသော ကျေးဇူးတရားကို ပြန်လည် သတိရမိသည်။
ဩဂတ်စတပ်၏ ကြီးမား၍ နွမ်းလျနေသော ခန္ဓာကိုယ်ကြီးမှာ သူ၏ ပလ္လင်နှင့် ပေါင်းစပ် နေသလိုပင် ထင်ရသည်။ ထိုပလ္လင်မှာ သူ ထားခဲ့၍ မရနိုင်သည့် ဇာတိမြေ၊ ဘီလူး ဘုရင့်နိုင်ငံတော် ၏ နောက်ဆုံးနယ်ပယ်ပင် ဖြစ်သည်။
အောက်လမ်း မှော်ဆရာအိုကြီးမှာ ကျောက်ဂါဂွိုင်းလ် ကို လှမ်းယူပြီးနောက် အချိန်အတော်ကြာ လေ့လာနေခဲ့သည်။ ထို့နောက် သူက ကြင်နာ ကျေနပ်သော အပြုံး ကို ပြုံးပြကာ...
“ကံကြမ္မာ ရွေးချယ်မှုကို လုပ်ခဲ့ပြီးပြီပဲ... ချစ်တပည့်ကြီး... ဒီနေ့ကစပြီး မင်း ဘွဲ့ရသွားပြီ”
ဟူ၍ ပြောဆိုခဲ့သည်။ ငယ်ရွယ်သေးသည့် ဝယ်လ်ကတော့ ဤစကားလုံးများအကြောင်းကို သိပ်မစဉ်းစားခဲ့ဘဲ သူ၏ လက်ရာကို အကဲဖြတ်ပေးဖို့ ဆရာအား တောင်းဆိုခဲ့သည်။
“ပြီးပြည့်စုံလုနီးပါးသော လက်ရာတစ်ခုနှင့် နီးစပ်သည်” ဟူသော အကဲဖြတ်ချက်ကို ရရှိပြီးနောက် ဝယ်လ် တစ်ယောက် အလွန်စိတ်လှုပ်ရှားသွားကာ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ပြီးမြောက်စေ၍ ဘွဲ့ယူရန် အားထုတ်ခဲ့သည်။ တပည့်လက်သား ဘဝမှ ဘွဲ့ရ တစ်ယောက် ဖြစ်လာခဲ့သည့် အတွက် စိတ်လှုပ်ရှားကာ သူ ရက်အနည်းငယ်ကြာအောင် အိပ်မပျော်နိုင်ခဲ့ပေ။
အောက်လမ်း မှော်ဆရာအိုကြီး ပြောခဲ့သည့် အရေးမပါသော စကားလုံးများကို သူ၏ မှတ်ဉာဏ်များ၏ နောက်ဖက်ခြမ်းသို့ ပစ်ချထားခဲ့သည်။ ‘အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ဓလေ့ ထုံးတမ်းများနှင့် အခမ်းအနားများ စာအုပ်ကို ဖတ်ရှုပြီနောက် ဉာဏ်အလင်းများ လျှံတက်လာသောအခါမှသာ သူ ဆရာအိုကြီး၏ စကားများကို တစ်ဖန်ပြန်လည် သတိရလာခဲ့သည်။
“ငါ မစ္စတာလင်ဆီကနေ လမ်းညွှန်မှု ရရှိပြီး ကျောက်ဂါဂွိုင်းလ်ကို ပေးအပ်ရမယ့် ကံကြမ္မာကို ဆရာက မြင်ခဲ့တာ ဖြစ်နိုင်တယ်... အဲဒါကြောင့်ပဲ ဆရာက ကျေကျေနပ်နပ် ပြုံးခဲ့တာ ဖြစ်မယ်”
ဝယ်လ် ရေရွတ်ရင်း ထရပ်လိုက်ကာ ပရမ်းပတာ ပစ်ချထားသော မှတ်စုများကို တွေဝေစွာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက်... ပုံကြမ်းတစ်ခုကို ကောက်ယူလိုက်ပြီး...
“မီးရှို့”
ရွှစ်...
မီးတောက်တစ်ခု ပေါ်လာပြီး စာရွက်ကို စတင် ဝါးမြိုလိုက်သည်။ ဝယ်လ်ကြည့်နေစဉ်မှာပင် စာရွက်၏ အစွန်းများမှာ ကွေးလာသည်။ တွန့်လိမ်လာသည်။ နောက်ဆုံးတွင်တော့ ပြာများ အဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့သည်။
ဝယ်လ်ထံတွင် သားအရင်းများ အလား ရင်းနှီးခဲ့ရသော တပည့်နှစ်ဦးရှိခဲ့ဖူးသည်။ ဆရာဖြစ်သူထံမှ တရားဝင် ဘွဲ့ယူခဲ့ပြီးသော နေ့တွင် သူ ကြီးပြင်းခဲ့သည့် မိဘမဲ့ကျောင်း သို့ ပြန်သွားခဲ့ကာ သူ့နှင့် အတူဆုံး ကလေးတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။
ပထမဆုံး စတွေ့စဉ် အခါက ထိုကလေးလေးမှာ ချောင်တစ်ချောင်တွင် ပုန်းအောင်း၍ တစ်ကိုယ်တည်း ဆော့ကစား နေခဲ့သည်။ ထိုကလေး၏ အမည်မှာ ချားလ်စ် ဖြစ်ပြီး ဝယ်လ်၏ ပထမဆုံး တပည့်လည်း ဖြစ်သည်။
ဝမ်းနည်းစရာက ဝယ်လ်၏ မျက်နှာသာပေးမှု ကြောင့် ချားလ်စ်ထံတွင် အောက်လမ်း မှော်ဆရာ တစ်ဦး ရှိသင့် ရှိထိုက်သော သတိထားမှု ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး၌ ယင်းကပင် ချားလ်စ်အား ဝယ်လ်၏ ရန်သူတစ်ဦး လက်ချက်ဖြင့် သေဆုံးစေခဲ့သည်။
ဝယ်လ်မှာ နောက်ပိုင်းတွင် သူ၏ တပည့်အတွက် လက်စားချေခဲ့ သော်လည်း ချားလ်စ်၏ အလောင်း နှင့် ဝိညာဉ်တို့ကိုတော့ ရှာမတွေ့နိုင်ခဲ့ပေ။
ထိုအစိတ်အပိုင်းနှစ်ခုမရှိဘဲ ဩဂတ်စတပ်၏ အကူအညီကို ရှာဖွေခဲ့လျှင်ပင် ချားလ်စ်ကို ပြန်လည် အသက်သွင်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် ဝယ်လ်မှာ ‘ချားလ်စ်က မသေဘူး... သူ ထွက်ပြေးသွားတာပဲ ဖြစ်ပါလိမ့်မယ်’ ဟူသော အားနည်းသည့် မျှော်လင့်ချက် ကို အမြဲတမ်း စွဲကိုင်ထားခဲ့သည်။
“ပြန်စဉ်းစားကြည့်ရင် ငါ တပည့် တစ်ယောက် လက်ခံခဲ့တယ် လို့ ပြောတာထက် ကလေးတစ်ယောက်ကို မွေးစားခဲ့တယ်... နောက်ပြီး သူ့အတွက် တစ်နေကုန် ပူပန်ခဲ့ရတယ်လို့ ပြောတာက ပိုသင့်တော်လိမ့်မယ်”
ဝယ်လ် တစ်ယောက် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက ပြာများကို ဖယ်ရှားလိုက်ကာ ဆီမီးခွက် တစ်လုံးကို ထွန်းညှိလိုက်သည်။
“အဲ့ဒီတုန်းက ငါ ဘာတွေ စဉ်းစားနေလဲဆိုတာ တကယ် တော့မသိဘူး”
သူ ခေါင်းကို ခါလိုက်မိသည်။
ဒေါက်... ဒေါက်...
ရုတ်တရက် တံခါးခေါက်သံ ပဲ့တင်ထွက်လာ၏။ ဝယ်လ် သူ လုပ်နေသည့် အရာအားလုံးကို ရပ်တန့်လိုက်ရင်း အပေါ်သို့ မော့ကြည့်လိုက်ကာ ထောက်လှမ်းရေး အစီအရင်ကို အသက်သွင်းလိုက်သည်။ လက်ရှိတွင် သူက အိမ်၏ မြေအောက်ခန်း ၌ ရှိနေခြင်း ဖြစ်ကာ တံခါးခေါက်သံမှာ အိမ်၏ ပထမထပ်ရှိ တံခါးမှ လာခြင်း ဖြစ်သည်။
၎င်းမှာ နော်ဇင်ရှိ သူ၏ တိုက်ခန်းဖြစ်ပြီး သူ အလုံခြုံဆုံး လျှို့ဝှက်ပုန်းအောင်းရာနေရာ လည်း ဖြစ်သည်။ လက်ရှိတွင် ထိုနေရာကို မည်သူမျှ မသိပေ။
ယူရီ သစ္စာဖောက်သွားပြီးနောက်တွင်ပင် ဤနေရာကို မည်သူ လာခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်နည်း။ ဤနေရာကို သိသူ နှစ်ယောက်တည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူကိုယ်တိုင်နှင့်... ချားလ်စ် တို့ပင်။
ဝယ်လ် ပို့လွှတ်လိုက်သည့် အီသာစွမ်းအင်မှာ တံခါးဝရှိ လူ၏ ပုံသဏ္ဌာန်ကို ဖော်ထုတ်လိုက်၏။ ချက်ချင်းပင်... ဝယ်လ်၏ မျက်လုံးများက ပြူးကျယ်လာကာ မယုံကြည်နိုင်မှုများက မျက်နှာတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
‘ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...’
“ဆရာ... ကျွန်တော်ပါ... ကျွန်တော် ပြန်လာပါပြီ”
အားနည်းသော အသံတစ်ခုမှာ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ကျွန်တော်ပါ... ချားလ်စ်ပါ... ဆရာ ရှိလား”
ဝယ်လ် စားပွဲမှ အလျင်အမြန် ထရပ်လိုက်ရာ သူ၏ ကမန်းကတန်း လှုပ်ရှားမှုများကြောင့် ကုလားထိုင်ပင် လဲကျသွားသည်။
အပြင်ဘက်၌ လေပြင်းနှင့် မိုးများ ဒေါသတကြီး တိုက်ခတ်နေသလို သူ မြေအောက်ခန်းမှ အလောတကြီး တက်လာခဲ့သည်။ ထိုအတောအတွင်းမှာပင် ချားလ်စ်က...
“ဆရာ... သုံးနှစ်ရှိပြီ... ကျွန်တော် ဆရာ့ကို အချိန်တိုင်း သတိရနေခဲ့တာပါ... အောက်လမ်း မှော်ဆရာ ဖရက်ဒ်က ကျွန်တော့်ကို သတ်ပြီး ဆရာ့ကို လက်စားချေချင်ခဲ့တယ်ဆိုတာ ဆရာ သိမှာပါ... ဒါပေမဲ့ ကျွန်တော် မသေခဲ့ဘူး... အဲဒါကြောင့် သူက ကျွန်တော့်ကို အိပ်မက်နယ်ပယ် အက်ကွဲကြောင်း ထဲ ပစ်ထည့်လိုက်တာ”
“ဆရာ ကျွန်တော့်ကို ဖတ်ခိုင်းခဲ့တဲ့ အိပ်မက်နယ်ပယ် လမ်းညွှန်ကို ကျွန်တော် သတိရမိခဲ့တယ်... အဲဒါကပဲ ကျွန်တော့် အသက်ကို ကယ်တင်ခဲ့တာပါ... အဲဒီ စာအုပ်ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို ပြန်လာနိုင်ခဲ့မှာ မဟုတ်ပါဘူး... ဆရာ...”
ချားလ်စ်၏ အသံများက ပင်ပန်းလာသကဲ့သို့ မောဟိုကလာကာ တဖြည်းဖြည်း ပို၍ တိုးလာသည်။
“ဆရာ... ဆရာ ရှိလား... ဆရာ မိဘမဲ့ကျောင်းမှာ ကျွန်တော့်ရှေ့ကို ရောက်လာခဲ့တဲ့ အချိန်တုန်းကလိုပဲ ကျွန်တော် ဒီနေရာမှာ ဆရာ့ကို စောင့်နေပါ့မယ်...”
ဝယ်လ်က တံခါးကို ဖွင့်လိုက်၏။ ထိုအခါက မြေပြင်ပေါ်တွင် တစ်ဝက်တစ်ပျက် လဲကျနေသည့် သူ့ တပည့်လေးကို တွေ့မြင်လိုက်ရလေသည်။ ဒဏ်ရာအနာတရများက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နေကာ သူ သတိလစ်နေခဲ့ပြီ ဖြစ်သည်။
ဝယ်လ် အီသာစွမ်းအင်ကို ပတ်လည် တစ်ကီလိုမီတာ အထိ လွှမ်းခြုံထား၏။ သို့သော်လည်း မည်သည့် ထူးခြားမှု ကိုမျှ မတွေ့ရပေ။
ရှုပ်ထွေးသော အမူအရာတစ်ခုမှာ ဖရန့်ခ်ဝယ်လ်၏ ကြောက်စရာကောင်းပြီး ရေခဲကဲ့သို့ အေးစက်သော မျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။
“ပြန်လာတာ ကြိုဆိုပါတယ်... ချားလ်စ်...”
...
နံနက် ၆:၃၀...
လင်ကျဲ နာရီနှိုးစက် မြည်သံကြောင့် မျက်လုံးကို ဖွင့်လိုက်ရင်း ပုံမှန်အတိုင်း သာမန်နေ့ တစ်နေ့ကို စတင်လိုက်သည်။ သုံးနှစ်ကြာခဲ့ပြီ ဖြစ်သည့် လုပ်ရိုးလုပ်စဉ် အစဉ်အလာပင်။
အိပ်ရာထ၊ အဝတ်လဲ၊ မျက်နှာသစ်....
“ဒီနေ့လည်း တစ်ခုခု မူမမှန်သလိုပဲ...”
လင်ကျဲ မှန်ထဲတွင် ကိုယ့်ကိုယ် ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ၏ ရုပ်သွင်အများစုမှာ သိပ်မပြောင်းလဲခဲ့ဘဲ လှည့်ဖြားနိုင်စွမ်း... မဟုတ်သေး... လူများအား စည်းရုံးနိုင်စွမ်း ကို ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သို့သော် သေးငယ်သည့် အသွင်အပြင်မှ ကြည့်လျှင်တော့ လုံးဝ ကွဲပြားနေခဲ့သလိုပင်။ သို့သော်လည်း မည်သို့ အတိအကျ ကွဲပြားနေသည်ကို သူ ပြောနိုင်ခြင်း မရှိပေ။
သူ မနေ့ကလိုမျိုး ပါးစပ်ကို ဟကြည့်လိုက်ရာ သွားအပို တစ်စုံကို ထပ်မံ တွေ့လိုက်ရသည်။ သူ အနည်းငယ် စဉ်းစားရခက်သွားခဲ့၏။ သွားအပိုလေးချောင်း ပေါ်လာခြင်းက ပြဿနာ မရှိသော်လည်း ရှစ်ချောင်းကတော့ ပြဿနာ ရှိသည်။
မဟာယန ကျမ်းစာများထဲ၌ ဘုရားရှင်ထံတွင် ‘မဟာပုရိသ လက္ခဏာ ၃၂ ပါး’ ရှိသည်ဟု ဆိုထားပြီး ‘သွား လေးဆယ်’ သည် ဤလက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ သွားလေးဆယ်မှာ ဘုရားရှင်၏ ကြမ်းတမ်းသော စကားလုံးများ ကို ရှောင်ကြဉ်ခြင်းနှင့် သတ္တဝါ အားလုံး အပေါ် မေတ္တာဓာတ်၊ ကရုဏာဓာတ်တို့ဖြင့် ဆက်ဆံခြင်းကို ပုံဆောင်သည်။
အခြားသော တရားမဝင် သမိုင်းမှတ်တမ်းများ မှ လောင်ဇီတွင်လည်း သွား လေးဆယ် ရှိခဲ့သည်ဟု ဆိုထားသည်။
[မှတ်ချက်- လောင်ဇီသည် ရှေးဟောင်း တရုတ် ဒဿနပညာရှင် တစ်ဦး ဖြစ်ပြီး ဒဿနဆိုင်ရာ တာအိုဝါဒကို တည်ထောင်သူ ဖြစ်သည်]
သွား လေးဆယ် ဟူသည် ‘ပြီးပြည့်စုံသော ပုဂ္ဂိုလ်’ ကို ပုံဆောင်သည်။
လူမှု ဓလေ့ထုံးတမ်းများ လေ့လာနေသည့် ပညာရှင်တစ်ဦးအနေဖြင့် လင်ကျဲမှာ အပို သွား ရှစ်ချောင်း ၏ သင်္ကေတကို သေချာပေါက် သိထားသည်။ သို့သော်လည်း သူ ဤအရာများကို သုတေသနပြုရန် စိတ်မဝင်စားပေ။
ကမ္ဘာမြေမှာ နေထိုင်စဉ် အခါတုန်းက လူမှု ဓလေ့ထုံးတမ်းများကို လေ့လာရင်း လင်ကျဲ တစ်ယောက် ရှင်းပြရန် ခက်ခဲသည့် ထူးဆန်းသည့် အရာများ ကို မကြာခဏ ကြုံတွေ့ရသည်။ သို့သော်လည်း လင်ကျဲမှာ ၎င်းတို့ကို အရေးမကြီးသည့် အရာများ အဖြစ်သာ သဘောထားကာ မူလရင်းမြစ်ကို မှတ်တမ်းတင်ရုံသာ ပြုလုပ်သည်။
သူက အဖြေရှာသော သိပ္ပံပညာရှင် တစ်ဦး မဟုတ်ချေ။ လူမှုဓလေ့ထုံးတမ်းများကို လေ့လာသည့် ပညာရှင် တစ်ဦးသာ ဖြစ်သည်။
“ဒါပေမဲ့ ဒါက နည်းနည်း များလွန်းတယ် မဟုတ်ဘူးလား”
လင်ကျဲက တစ်ယောက် သက်ပြင်းချကာ အောက်ထပ်ဆီသို့ ဆင်းလာရင်း ပြောလိုက်သည်။
“နောက်တစ်ခါ ဘလက်ကီ ပေါ်လာရင် သေချာ မေးကြည့်ရမယ်”
***