← Chapters

လယ်သမားနှင့် မြွေပွေး (၂)

Vol. 4 Ch. 49

လယ်သမားနှင့် မြွေပွေး (၂)

Vol. 4 Ch. 49

ဝယ်လ်မှာ လင်ကျဲ၏ မေးခွန်းကို စဉ်းစားရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။ ပြီးမှ သူက...

“နောင်တလား...”

ဟု ခပ်တိုးတိုးလေး မေးလိုက်သည်။ လင်ကျဲက ပြုံးလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ... အဘိုးဝယ်လ် နောင်တလား ဆိုတဲ့ မရေမရာ အဖြေကို မပေးပါနဲ့... ဒါက လူသားဝါဒ အကြောင်း ပုံပြင်ပဲလေ... ဒါကြောင့် လူတစ်ဦး ရဲ့ အမြင်ကနေ စဉ်းစားဖို့ လိုအပ်ပါတယ်... ခင်ဗျား ဒီလယ်သမားဆိုရင် ဘာတွေ စဉ်းစားနေမလဲ... ကျုပ် အမြင်အရ ပြောရရင် လယ်သမားရဲ့ အကြီးမားဆုံး နောင်တက အစောကတည်းက မြွေရဲ့ ပင်ကိုသဘာဝ ကို မမြင်နိုင်ခဲ့တာနဲ့ သူကိုယ်တိုင်ရဲ့ မလိုအပ်တဲ့ မျက်စိစုံမှိတ် ကြင်နာမှုတို့ပဲ သေချာပေါက် ဖြစ်လိမ့်မယ်”

“ကမ္ဘာပေါ်မှာ လူဆိုးတွေ အများကြီး ရှိတယ်... ဒါပေမယ့် လူဆိုင်းတိုင်းမှာ လူဆိုး မျက်နှာ ရှိတာ မဟုတ်ပါဘူး... တစ်ချို့က ဟန်ဆောင်ထား နိုင်တယ်... အချို့က အခြားသူတွေကို အသုံးချ နိုင်တယ်... သနားစရာကောင်းတဲ့သူ တစ်ဦးဟာလည်း မကောင်းတာတွေ လုပ်နိုင်တယ်... ခင်ဗျားအပေါ် ဖြစ်စေ ဒါမှမဟုတ် တခြားသူတွေအပေါ် ဖြစ်စေပေါ့”

“လူတိုင်းကို အလွယ်တကူ မယုံပါနဲ့... တခြားသူတွေကို မလှည့်စားပါနဲ့... အရေးအကြီးဆုံးကတော့ စိတ်မပျော့ပါနဲ့... လူတစ်ယောက်မှာ နှလုံးသား မရှိဘူး ဆိုရင် သူက ခင်ဗျားရဲ့ ကြင်နာမှုကို ဘယ်လို ခံစားနိုင်မှာလဲ...”

လင်ကျဲ၏ စိတ်ခွန်အားပေး စကားလုံးများက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်း၌ ဝယ်လ်တစ်ယောက်ကတော့ စိတ်များ ရှုပ်ထွေး နေခဲ့သည်။ သို့သော်လည်း ‘လူတစ်ယောက်မှာ နှလုံးသား မရှိရင်’ ဆိုသည့် စကားကို ကြားလိုက်ရသော အခါ သူ လက်သီးဆုပ်များကို ဖြေလျှော့ လိုက်မိသည်။

မျက်နှာဖုံးအောက်ဖက်ရှိ မျက်နှာထက်၌ သူ ကိုယ့်ကိုယ်ကိုယ် ပြောင်လှောင်သော အပြုံး တစ်ခု ပေါ်လာခဲ့သည်။

လူတစ်ယောက်က နှလုံးသား မရှိလျှင် အသက်ရှင်နိုင်သေးသလော။

မရှင်နိုင်ပါချေ။

‘ဒါဆို ဆရာလေးလင်က သိနေတာပေါ့...’

“ကျွန်တော် ပြောတာတွေ အားလုံးကို အဘိုးဝယ်လ် နားလည်ရဲ့လား...”

လင်ကျဲက လက်များကို ပိုက်ရင်း သူ့ကို ကြည့်နေလိုက်သည်။ ဝယ်လ်က အသက်ပြင်းပြင်း ရှူသွင်းရင်း ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့”

“နားလည်ရင် ကောင်းတယ်...”

လင်ကျဲက ကျေနပ်စွာ ပြောလိုက်သည်။ ထို့နောက် သူ လက်လှမ်းကာ ဝယ်လ်ဒ်အတွက် ရေနွေတစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။

လင်ကျဲ ဝယ်လ်ကို နောက်တစ်ကြိမ် ဂရုတစိုက် ကြည့်လိုက်သည်။ ဝယ်လ်မှာ အကြောင်းပြချက် မရှိပဲ အစောကြီး ရောက်လာလိမ့်မည် မဟုတ်ချေ။ ပြန်တွေးကြည့်တော့ အရာရာက ထူးဆန်းနေသည်။

အဘိုးဝယ်လ်မှာ မနက်စောစော ကိုယ့်ဘေးကင်းရေးကို ဂရုမစိုက်ဘဲ အိမ်မှ ထွက်ခွာကာ ပျက်စီးနေသည့် သူ၏ စာအုပ်ဆိုင်လေးကို တည့်တည့်ကြီး ပြေးလာခဲ့သည်။ သူ၏ အမူအရာကလည်း တစ်စုံတစ်ခုကြောင့် စိတ်အနှောက်အယှက် ဖြစ်နေဟန်ဖြင့် ညိုမှိုင်းနေသည်။ ထို့အပြင် သူ့ကို ကြည့်ရသည်က စာအုပ်ငှားရန် သို့မဟုတ် ဝယ်ရန် ဆန္ဒရှိပုံ မရပေ။

လင်ကျဲ သတိထားမိသလောက် ‘လယ်သမားနှင့် မြွေပွေး ပုံပြင်’ အနှစ်ချုပ် ပြောပြီးသည့် နောက်တွင် အဘိုးဝယ်လ်၏ အမူအရာမှာ ဝန်ထုပ်ဝန်ပိုးကြီး ကို ဖယ်ရှားလိုက်သကဲ့သို့ ပိုမို လွတ်လပ် ပေါ့ပါးလာခဲ့သည်။ ထို့ကြောင့်ပင် အဆိုပါ လူအိုကြီး၏ ရည်ရွယ်ချက်က ရင်ဖွင့်စကားပြောရန် ဖြစ်ကြောင်း သိသာထင်ရှားပေသည်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကို ဖြေရှင်းရာတွင် အတော်လေး ကျွမ်းကျင်သော ဆရာလင်မှာ မျက်ခုံးပင့်လိုက်မိ၏။ ၎င်းသည် ရိုးရှင်းသော ကိစ္စဟုတ်ပုံမရ။

အဘိုးဝယ်လ်မှာ မကြာသေးမီကပင် စာအုပ် အကြောင်း ပြောဆိုရန် ရောက်ရှိလာခဲ့ကာ ကျေးဇူးတင်သည့် လက်ဆောင် အဖြစ် လင်ကျဲအား အိပ်မက်ဖမ်းစက် ကို ပေးခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်မှာ ပညာရပ်ဆိုင်ရာ ပြဿနာများ မဟုတ်ဘဲ... ဘဝပြဿနာ တစ်ခု ဖြစ်ရပေမည်။

တစ်ကိုယ်တည်း နေထိုင်နေသည့် သက်ကြီးရွယ်အိုး တစ်ဦး အနေဖြင့် ဘဝတွင် ပြဿနာများစွာနှင့် ရင်ဆိုင်ရမည်မှာ သေချာသည်။ သို့သော်လည်း... အဘိုးဝယ်လ် တစ်ယောက်တည်း နေထိုင်ခဲ့သည်မှာ အချိန် အရမ်းကို ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ့အတွက် ထိုသို့သော အခြေအနေများက အသားကျပြီး ဖြစ်သည်။ ထို့ကြောင့်ပင် အသေးအဖွဲ ကိစ္စအများစုက သူ့အတွက် ပြဿနာကြီးကြီးမားမား ဖြစ်စေမည် မဟုတ်ပေ။

ဆိုတော့ ပြဿနာ ရင်းမြစ်က တစ်ခုတည်းသာ ရှိတော့သည်။

ဆွေမျိုးများပင်...။

လင်ကျဲ သိထားသလောက် အဘိုးဝယ်လ်တွင် အခြားဆွေမျိုးများ မရှိချေ။ သူ့အပေါ် သိပ်မကောင်းသော ကလေးနှစ်ဦး သာ ရှိသည်။ သူတို့နှစ်ဦးစလုံးမှာလည်း မွေးစားထားသူများ ဖြစ်သည်။ တစ်ဦးမှာ အလုပ်သွားလုပ် နေပြီး နှစ်ပေါင်းများစွာကြာအောင် ပြန်မလာသလို သတင်းလည်း မကြားရပေ။

အခြားတစ်ဦးကတော့ ပို၍ပင် ရှက်စရာ ကောင်းသည်။ သူက မိဘအရင်းများကို ရှာဖွေ့သည်နှင့် အဘိုးဝယ်လ်ကို ဆန့်ကျင် ခဲ့သည်။ သားသမီး ကိစ္စများကို ဆွေးနွေးတိုင်း အဘိုးဝယ်လ် အလွန်စိတ်ပျက်ခဲ့သည်။

ဒုတိယမြောက် တစ်ဦးမှာ ပြန်လာရန်မှာ လုံးဝ မဖြစ်နိုင် ဟု လင်ကျဲ ခံစားရသည်။ အကယ်၍ သူသာ ပြန်လာခဲ့ပါက အဘိုးဝယ်လ်မှာ ဤသို့ ပြုမူနေမည် မဟုတ်ဘဲ ဒေါသများသာ ထွက်နေပေလိမ့်မည်။ ထို့ကြောင့် ပထမဆုံး သားသာ ဖြစ်နိုင်သည်။

“ဟူး… ချားလ်စ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်မှာ ပြောချင်တာလေးတစ်ခု ကျန်သေးတယ်ဗျာ…”

လင်ကျဲက စကားစမ်းသည့် သဘောမျိုးနှင့် ပြောလိုက်သည်။

ဖရန့်ခ်ဝယ်လ်က သက်ပြင်းချလိုက်၏။

“ခင်ဗျား သိလိမ့်မယ် ဆိုတာ ကျွန်တော် ထင်ထားပြီးသားပါ... အခု သူ ပြန်လာခဲ့ပြီလေ”

အဘိုးဝယ်လ်၏ လေသံကို နားထောင်ရင်း လင်ကျဲ တစ်ယောက် ပိုမို၍ ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။ သူ တီဗီ ဇာတ်လမ်းတွဲများတွင် အမွေလုသည့် အကြောင်းများကို မကြာခဏ ကြည့်ဖူးသည်။

တစ်ယောက်တည်း နေထိုင်သည့် သက်ကြီးရွယ်အိုတစ်ဦး ရုတ်တရက် ဖျားနာသည့်အခါ ဆွေမျိုးသားချင်း တစ်သိုက် ရောက်လာတတ်ကြသည်။ နှစ်ပေါင်းများစွာ ဝေးကွာနေပြီး ပြင်ပတွင်လည်း အောင်မြင်မှု သိပ်မရရှိသည့် ဆွေမျိုးများ ရုတ်တရက် ပြန်ရောက်လာကြခြင်းတွင် အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ငွေ ဖြစ်သည်။

“ကျွန်တော် ပြောမယ့် စကားတွေက ခင်ဗျား အတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ် ဆိုတာတော့ ကြိုပြီး သတိပေးထားဖို့ လိုမယ်လို့ ထင်တယ်”

လင်ကျဲက ကြိုတင် စကား ပလ္လင်ခံလိုက်ပြီးနောက်မှ ဆက်ပြောလိုက်သည်။

“သူက ရုတ်တရက်ကြီး ပြန်ရောက်လာတာလား... လွန်ခဲ့တဲ့ နှစ်တွေ အတွင်း သူ ဘယ်လောက် ခက်ခဲ ကြမ်းတမ်းခဲ့တဲ့ အကြောင်း ခင်ဗျားကို ဘယ်လောက်တောင် လွမ်းတဲ့ အကြောင်းတွေ ပြောသေးလား... တကယ်တော့ သူက ခင်ဗျားဆီက တစ်ခုခုကို ယူဖို့ သွယ်ဝိုက်ကြိုးစားနေတာ ဖြစ်နိုင်တယ်”

မှန်ပါသည်။ ချားလ်စ်မှာ အဘိုးဝယ်ထံမှ ကျန်ရှိနေသေးသော မှော်မန္တာန် ပညာရပ်များကို လက်ဆင့်ကမ်း သင်ယူချင်နေခြင်း ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်လှသည်ဟု နာမည် ကျော်ကြားသည့် အောက်လမ်း ဆရာ တစ်ဦး ဖြစ်သည့်တိုင် သားသမီး ကိစ္စများနှင့် ကြုံတွေ့ရချိန်တွင်တော့ ဖရန့်ခ်ဝယ်လ် တစ်ယောက် တကယ် စိတ်ဓာတ်ကျနေခြင်း ဖြစ်သည်။ အောက်လမ်းဆရာ တစ်ယောက် မဖြစ်ခင်က ဖရန့်ခ်ဝယ်လ်မှာလည်း လူသား တစ်ဦးသာ ဖြစ်သည် မဟုတ်ပါလား။

“အဘိုးဝယ်လ်... ခင်ဗျားစိတ်ကို ကျွန်တော် မြင်နိုင်ပါတယ်... ခင်ဗျား တကယ်တမ်း တောင့်တနေတာက ခင်ဗျားရဲ့ စိတ်ထဲမှာ လှပတဲ့ အမှတ်တရတွေနဲ့ ရှင်သန်နေတဲ့ သားတစ်ယောက်ပါ... ဒါပေမဲ့ အခု ပြန်ရောက်လာသူတဲ့က တကယ်ပဲ သူ ဟုတ်ရဲ့လားဗျာ”

လင်ကျဲ၏ အကြည့်များက ပိုမို၍ လေးနက်စွာကာ ဆက်ပြောလိုက်သည်။

“ဒီစကားကို ပြောရတာ နည်းနည်း ရက်စက်တယ်ဆိုရင်တောင် ခုနက ကျွန်တော် ပြောခဲ့သလိုပါပဲ… ခင်ဗျား အဲဒီ လယ်သမား ဖြစ်ချင်လား... ခင်ဗျားရဲ့ ခံစားချက်တွေကို ခံစားချက်မရှိတဲ့ အဆိပ်ပြင်း မြွေဟောက်ဆီ လက်ဆင့်ကမ်း ပေးချင်လား”

အဘိုးဝယ် တစ်ယောက် အချိန် ကြာမြင့်စွာ ဆိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ သက်ပြင်းချလိုက်သည်။

“ကျုပ်… ကိုယ့်ကိုယ်ကိုယ် လိမ်ညာရမယ် ဆိုရင်တောင် သူ့နားမှာ ခဏလေးလောက် ပိုနေချင်ခဲ့တာပါ... ဆရာလေးလင်... ဒါပေမဲ့ တချို့ အိပ်မက်တွေက နိုးထဖို့ လိုအပ်ပါတယ်... မှန်ပါတယ်... သူဟာ ကျွန်တော့်ရဲ့ ချားလ်စ် မဟုတ်တော့ဘူး”

“ကျေးဇူးတင်ပါတယ်... ဆရာလေးလင် ကျွန်တော့် ဘဝကို အရေးကြီးတဲ့ လမ်းညွှန်မှု ပေးတာ နှစ်ကြိမ် ရှိသွားပါပြီ”

အဘိုးဝယ်က ခေါင်းမော့ရင်း ဆက်ပြောလိုက်သည်။

“ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါပြီ…”

“ဘာလုပ်ရမလဲဆိုတာ သိရင် အားလုံး အဆင်ပြေပါတယ်... အဘိုးဝယ်လ်ရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ဒီကိစ္စကို သေချာပေါက် ကောင်းကောင်း ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

လင်ကျဲက သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။

“သူက ခင်ဗျားရဲ့ သားဖြစ်နေလို့ ခံရခက်နိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ အခု မလုပ်ဘူးဆိုရင် နောင်တက ပိုဆိုးသွားနိုင်တယ်”

အမှန်တရားကို ရင်ဆိုင်ရတာက နာကျင်စရာ ကောင်းတာတော့ အမှန်ပင်။ သို့သော်လည်း ယခုလို ငွေမက်သူကို စောစောစီးစီး ဖော်ထုတ်လိုက်နိုင်လေလေ၊ အဘိုးဝယ်ရော၊ လူ့အဖွဲ့အစည်းအတွက်ပါ ပိုကောင်းလေလေ ဖြစ်သည်။

လင်ကျဲမှာ ယခုလိုမျိုး အမည်မဖော်ဘဲ ကောင်းမှုကုသိုလ်များ ပြုလုပ်တတ်သည့် ကြင်နာတတ်သော စိတ်နှလုံးသား ပိုင်ရှင်ဖြစ်ပေသည်။

***

All Chapters