← Chapters

ပြဿနာ ဖြေရှင်းခြင်း

Vol. 4 Ch. 50

ပြဿနာ ဖြေရှင်းခြင်း

Vol. 4 Ch. 50

လောက၌ ပေါင်းအပ်သော မိတ်ဆွေသုံးမျိုး ရှိသည်။ ဖြောင့်မတ်သူ၊ ရိုးသားသူ နှင့် အသိပညာရှိသူ တို့ပင် ဖြစ်သည်။ (မှတ်ချက်- ဤစကားသည် ကွန်ဖြူးရှပ်၏ ဆိုရိုးစကား ဖြစ်သည်)

လင်ကျဲမှာ အဆိုပါ သုံးမျိုးလုံး ဟုတ်သလိုလို၊ မဟုတ်သလိုလို ရှိသော်လည်း ယခုလို အခြေအနေမျိုး မြင်တွေ့သည့်အခါ သင့်လျော်သော လမ်းညွှန်မှုကို ပေးဖို့ လိုအပ်သည်ဟု ခံစားရသည်။

အဘိုးဝယ်လ်မှာ အသက်အရွယ် ကြီးရင့်နေပြီး မေတ္တာငတ်မွတ်နေသူ တစ်ယောက် ဖြစ်သည်။ မေတ္တာနှင့် ပတ်သက်၍ အလိမ်ညာ ခံရသည်မှာ သာမန်ကိစ္စ မဟုတ်ပေ။ မိသားစု ကိစ္စများတွင် တော်ရုံ ဝင်မပါချင်သော်လည်း မိတ်ဆွေကောင်း တစ်ဦး အနေဖြင့် ယခုလို အချိန်မျိုးတွင် အဘိုးဝယ်ကို သတိပေးဖို့ လိုအပ်သည်ဟု လင်ကျဲ ခံစားခဲ့ရသည်။

တစ်မိနစ်ခန့် ကြာအောင် ငြိမ်သက်နေဆဲ ဖြစ်သည့် အဘိုးဝယ်လ်ကို ကြည့်ကာ လင်ကျဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“အဘိုးဝလ်... ခင်ဗျား ခံစားနေရတာကို ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ အခုလို အချိန်မျိုးမှာ သူ့ကို လက်ခံဖို့ ရွေးချယ်လိုက်မယ် ဆိုရင် အဲဒါက ခင်ဗျားရဲ့ စိတ်ထဲမှာရှိတဲ့ ချားလ်စ်ရဲ့ အမှတ်တရတွေကို ပြင်းပြင်းထန်ထန် စော်ကားလိုက်တာပဲ...”

“ဒီလမ်းကို ရွေးချယ်လိုက်တာက အမှားတွေ ထပ်ခါ ထပ်ခါ ကျူးလွန်နေတာပဲ... ခင်ဗျား တကယ်ပဲ သူ့ကို လုံးလုံးလျားလျား ဖျက်ဆီးချင်တာလား... နောက်မှ နောင်တရမယ့်အစား ဘာကြောင့် လှပတဲ့ အမှတ်တရ နည်းနည်းလေးကို ဆက်ပြီး သိမ်းမထားချင်ရတာလဲ”

ဟုတ်ပါသည်။ ပြန်ရောက်လာသော ချားလ်စ်မှာ အခွံသက်သက်သာ ဖြစ်သည်။ ချားလ်စ် အစစ်အမှန်သည် လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ မျက်စိရှေ့ရှိ ရုပ်အလောင်းကို ချားလ်စ်အဖြစ် သဘောထားဖို့ ဖရန့်ခ်ဝယ်လ် ကိုယ့်ကိုယ်ကိုယ် မည်ကဲ့သို့ လှည့်စားနိုင်မည်နည်း။ ၎င်းမှာ သူ၏ အစစ်အမှန် ချားလ်စ်နှင့် အမှတ်တရတို့ကို လုံးဝ စော်ကားရာ ရောက်သည်။

ဖရန့်ခ်ဝယ်လ် တစ်ယောက် ကိုယ့်ခံစားချက်များကို ရှက်ရွံ့သွားခဲ့သော်လည်း အသိအမြင် တစ်ခု ရရှိသွားခဲ့ပြီ ဖြစ်လေရာ သူ၏ အကြည့်များက အေးစက်သွားခဲ့သည်။ အတန်ကြာ ငြိမ်သက်ပြီးနောက် သူက ခေါင်းညိတ်လိုက်၏။

“ဆရာလေး ပြောတာ မှန်ပါတယ်... ဒီတစ်ခါ ကျုပ် စိတ်ရှုပ်ထွေးသွားတယ်... ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပါ့မယ်”

ချားလ်စ်ကို အသုံးချပြီး သူ၏ ခံစားချက်များကို လှည့်စားလာသူများမှာ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်သူများ ဖြစ်သည်။

ဖရန့်ခ်ဝယ် အမှန်တရားကို မည်ကဲ့သို့ မသိဘဲ နေပါမည်နည်း။ သူက ချစ်တပည့်လေးနှင့် အမှတ်တရများကို ဖက်တွယ်ထားခဲ့ပြီး ချားလ်စ်နှင့် အတူရှိခဲ့သည့် အချိန်များကို ပြန်လည် ခံစားနိုင်ရန် အတွက် ကိုယ့်ကိုယ်ကိုယ် ဆန္ဒအလျောက် လှည့်စားခွင့် ပေးခဲ့ခြင်းသာ ဖြစ်သည်။

သို့သော်လည်း... သူ၏ ထိုလုပ်ရပ်က ပိုမိုကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေခဲ့ပြီး အမှန်တရားနှင့် အတုအယောင်ကြား ခွဲခြားလို့ မရနိုင်သည့် စိတ်ရှုပ်ထွေးမှုထဲသို့ နစ်မြုပ်သွားစေခဲ့သည်။

အကယ်၍ ဆရာလေးလင်ဆီကိုသာ စိတ်ရှုပ်ရှုပ်နှင့် ထွက်မလာခဲ့မိပါက အပြစ်ရှိသော ခံစားချက်ဖြင့် ချားလ်စ်ကို မှော်မန္တာန်များ ဆက်လက် သင်ကြားပေးနေနိုင်ဖွယ် ရှိသည်။ နောက်ဆုံး၌ ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင် ချယ်လှယ်သူများသာ အကျိုးကျေးဇူးများ ရရှိသွားလိမ့်မည် ဖြစ်ကာ သူတို့ ဘာလုပ်ချင်နေသည် ဆိုသည်မှာလည်း ထင်ရှားသည်။

၎င်းသည် လုံးဝကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု ဖြစ်သည်။ ထို့အပြင် အောင်မြင်လုနီးပါး အထိ ဖြစ်ခဲ့သည်။

သို့သော်လည်း... ကံကောင်းစွာပင် ဆရာလေးလင်၏ ပုံပြင်နှင့် ဆုံးမ စကားများက သူ့ကို အိပ်မက်ထဲ လမ်းလျှောက် နေရာမှ နိုးထစေခဲ့သည်။

လင်ကျဲက ခေါင်းညိတ်၏။

“ခင်ဗျားဟာ ပြတ်သားဖို့ လိုအပ်တယ်... မဇ္ဈိမ ပဋိပဒါတွေ လုပ်မနေနဲ့... ဒီလိုလူမျိုးတွေကို ကိုင်တွယ်တဲ့အခါ ရက်စက်မှုကို သုံးသင့်သုံးရတယ်... မဟုတ်ရင် သူတို့က အလွယ်တကူ ပြန်လာပြီး ခင်ဗျားကို ခြောက်လှန့်နိုင်တယ်”

သူက ထပ်မံ၍ တိုက်တွန်း ပြောကြားလိုက်သည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့သော လူငယ်များမှာ ရမ်းကား၍ ဆိုးသွမ်းသူများ ဖြစ်ကြသည်။ မိမိ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ် မပြပါက သူတို့မှာ အနှောင့်အယှက် ပေးနေခြင်းကို ရပ်တန့်လိမ့်မည် မဟုတ်ချေ။

ဖရန့်ခ်ဝယ်လ်က ခပ်ရေးရေး ပြုံးလိုက်၏။

“စိတ်မပူပါနဲ့... ကျုပ် သူ့ကို ဒုတိယအခွင့်အရေး မပေးတော့ပါဘူး”

ကျူပင်ခုတ်၊ ကျူငုတ်မကျန် အမြစ်ဖြတ်ခြင်း... ၎င်းသည် ဖရန့်ခ်ဝယ်လ် အလွန်ကျွမ်းကျင်သော နည်းလမ်း ဖြစ်ပေသည်။

ယခုအချိန်တွင် ကန့်လန့်ကာနောက်ကွယ်မှ ကြိုးဆွဲချယ်လှယ်သူများမှာ သေချာပေါက် ရယ်မော ပျော်ရွှင်နေကြပေလိမ့်မည်။ သူတို့ တုံ့ပြန်ဖို့ အသင့်မဖြစ်မီ အချိန်တွင် တိုက်ရိုက် တိုက်ခိုက်ဖို့ အချိန်တန်ပြီ ဖြစ်သည်။

ဆရာလေးလင်၏ စာအုပ်မှ တစ်ဆင့် ဖရန့်ခ်ဝယ်လ်မှာ ရုပ်အလောင်းများနှင့် သေခြင်းတို့ကြား ဉာဏ်အလင်းအချို့ ရရှိခဲ့သည်။ မှော်မန္တာန်များ အပေါ် သူ၏ ကျွမ်းကျင်မှု အဆင့်မှာ သိသိသာသာ တိုးတက်လာခဲ့ကာ စမ်းသပ်ရန် အလွန် ဆန္ဒရှိနေသည်။

လင်ကျဲက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

“ဒါမှ ကျွန်တော် သိတဲ့ အဘိုးဝယ်လ်ပဲ... ခုနက ခင်ဗျားရဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံက လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ပုံစံအတိုင်းပဲ... ရိုးရိုးသားသား ပြောရရင် ကျွန်တော့်ကို စိတ်ပျက်စေတယ်... ခင်ဗျား စာတွေ ပိုဖတ်ပြီး အတိတ်ကနေ ရုန်းထွက်ဖို့ ကျွန်တော် မျှော်လင့်နေတုန်းပါပဲ”

‘စိတ်ပျက်စေတယ်’

ဖရန့်ခ်ဝယ်လ်၏ မျက်နှာက တောင့်တင်း သွား၏။ ဆရာလေးလင်မှာ မစ္စတာလင်က သူ့အား “အလောင်းကောင် ဝါးမျိုခြင်း ဂိုဏ်း၏ ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများ” စာအုပ်ကို ပေးအပ်ခဲ့သည်။ အထဲရှိ ခမ်းနား ကြီးကျယ်သော အကြောင်းအရာများကို ဖြန့်ဝေရန် ညွှန်ကြားခဲ့သည်။ သို့သော်လည်း သူကတော့ တိုးတက်မှု တစ်စုံတစ်ရာ မရှိသည့်အပြင် ပြဿနာ အချို့နှင့်ပင် ပတ်သက် နေခဲ့မိသည်။ ထိုသို့ ဖြစ်နေခြင်းသည် လုံးဝ မသင့်လျော်ပေ။ ယခု လင်ကျဲ၏ စကားများက သူ့ကို ခေါင်းခေါက်နှိုးလိုက်သကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

“ဆရာလေးလင်ရဲ့ မျှော်လင့်ချက်တွေနဲ့ စာအုပ်က ပေးခဲ့တဲ့ အကူအညီတွေကို ကျွန်တော် မြင်ပါတယ်... ကျွန်တော့်ရဲ့ အမှားကို ခွင့်လွှတ်ပေးပါ... ဒီကိစ္စ ပြီးသွားရင် ခင်ဗျားကို စိတ်ပျက်အောင် ထပ်ပြီး မလုပ်တော့ပါဘူး... ဆရာလေးလင်ရဲ့ ကျေးဇူးတွေက ကျွန်တော့် အပေါ် များလှပါပြီ... ဘယ်လို ပြန်ပြီး ပေးဆပ်ရမှန်းတောင် မသိတော့ပါဘူး”

လင်ကျဲက လက်ခါရင်း ရယ်မောလိုက်သည်။

“ဒီလောက်ကြီးလည်း မလိုပါဘူးဗျာ... ဒီနေရာကို မကြာခဏ လာလည်ပြီး ဒီနေရာအကြောင်း တခြားသူတွေကို ပြောပြပေးပါ... အဲဒီလောက်ဆို အဆင်ပြေပါပြီ”

ဖရန့်ခ်ဝယ်က လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့ပါ ဆရာလေးလင်... မကြာခင်မှာ စုဝေးပွဲတစ်ခု ရှိပါလိမ့်မယ်... အဲဒီအချိန်ကျရင် ကျွန်တော် ကြေညာလိုက်ပါ့မယ်”

“ကျေးဇူးတင်ပါတယ် အဘိုးဝယ်လ်... ကျွန်တော် စိတ်အားထက်သန်စွာနဲ့ မျှော်လင့်နေပါ့မယ်”

ဖရန့်လ်ဝယ်လ် တ်စယောက် လင်ကျဲနှင့် လက်ဖက်ရည် ကုန်သည် အထိ အချိန်အတော်ကြာ ထိုင်ပြီး စကားပြောနေခဲ့သည်။ ထို့နောက်တွင်မှ စိတ်ဓာတ် ပိုမို ကြည်လင် တက်ကြွစွာဖြင့် နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့တော့သည်။

...

ချားလ်စ် တစ်ယောက် တံခါးကို ဖွင့်လိုက်ရင်း အိမ်အပြင်ရှိ အဘိုးအိုကို နွေးထွေးစွာ ပြုံးပြလိုက်သည်။

“အာ... ဆရာ ပြန်ရောက်လာပြီ”

ရုပ်ချောချော လူငယ်လေ၏ အမူအရာက ရိုသေလေးစားမှု အပြည့်ဖြင့်။ သူက ဖရန့်ခ်ဝယ်ထံမှ ထီးကို လှမ်းယူလိုက်ပြီး နောက် ထော့နဲ့ထော့နဲ့ဖြင့် အတွင်းသို့ လမ်းလျှောက် ဝင်သွားခဲ့သည်။

အိပ်မက်ကမ္ဘာ အက်ကွဲကြောင်း အတွင်းမှ ဒဏ်ရာမရှိဘဲ ပြန်လာရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။ ခြေထောက်တစ်ချောင်း ဆုံးရှုံးသွားခြင်းမှာ ချားလ်စ် ကြုံတွေ့ခဲ့ရသော ခံစားချက်များကို သက်သေခံနေခြင်း ဖြစ်သည်။

ဖရန့်ခ်ဝယ်လ် တစ်ယောက် တပည့်၏ နောက်ကျောကို ကြည့်ရင်း နာကျင်စွာ ခံစားလိုက်ရသည်။ သို့သော်လည်း အသက်ကို ပြင်းပြင်း ရှူသွင်းရင်း သူ စိတ်ကို ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

“ချားလ်စ်... ငါ့ရဲ့ အခမ်းအနားသုံးဓားကို ယူလာခဲ့... ဘယ်မှာထားတယ်ဆိုတာ မင်းသိတယ်”

ယခုလို ပြီးပြည့်စုံသည့် ရှင်ပြန်ထမြောက်ခြင်း နည်းလမ်းကို အသက်သွင်းနိုင်သူမှာ သူနှင့် အဆင့်အတန်းချင်း အတူတူ ဖြစ်နိုင်ဖွယ် ရှိသည်။

ဆိုလိုသည်က ချားလ်စ်ကို ပြန်လည် ရှင်သန် ထမြောက်စေဲ့သူမှာ ဖျက်ဆီးခြင်း အဆင့် အေက်လမ်း ဆရာ တစ်ဦး ဖြစ်ပေသည်။

ချားလ်စ်က ထီးကို နေရာတကျ ထားလိုက်ရင်း ဖရန့်ခ်ဝယ်လ်ကို လှည့်ကြည့်လိုက်သည်။

“မှော်မန္တာန်ကို စမ်းသပ်တော့မှာလား ဆရာ...”

ဖရန့်ခ်ဝယ်က အေးဆေးတည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။

“အင်း... စမ်းသပ်ရမယ့် အရေးကြီး မှော်မန္တာန်တစ်ခု ရှိတယ်... နောက်ပြီး ပြင်ဆင်မှုတွေလည်း လုပ်စရာ ရှိတယ်... မြန်မြန်လုပ်... နောက်ပြီး နည်းနည်းကြာရင် မင်းရဲ့ အကူအညီ လိုလိမ့်မယ်”

“ကျွန်တော် သေချာပေါက် အကောင်းဆုံး ကြိုးစားပါ့မယ် ဆရာ”

ချားလ်စ်က ခေါင်းညိတ်လိုက်ပြီးနောက် ဆရာဖြစ်သူ၏ အခမ်းအနားသုံးဓားကို သွားယူလိုက်သည်။ ဖရန့်ခ်ဝယ် အများဆုံး အသုံးပြုသော မှော်အသုံးအဆောင်မှာ ထိုမဟူရာ အခမ်းအနားသုံးဓားပင် ဖြစ်လေရာ သူ သိပ်ပြီး စဉ်းစားမနေတော့ပေ။

မှော်အသုံးအဆောင်များ ထားရှိရာ အခန်းမှ ပြန်လာရင်း ချားလ်စ် တစ်ယောက် ဤမစ်ရှင်ကို အောင်မြင်ရန် မည်မျှ ကြာဦးမည်ကို တွေးနေမိသည်။

“ဆရာ... ရပါပြီ...”

သူ အခမ်းအနားသုံးဓားကို ရိုသေ လေးစားစွာပင် လက်ကမ်း ပေးလိုက်၏။ အဘိုးအိုက ကြင်နာစွာ ပြုံးပြရင်း လှမ်းယူလိုက်သည်ကို သူ မြင်လိုက်ရသည်။ ထို့နောက်...

စွပ်...

မဟူရာဓားမှာ ချားလ်စ်ကို အားစိုက်ထုတ်စရာ မလိုဘဲ ထိုးဖောက်သွားခဲ့၏။ လူငယ်လေး၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားပြီး ပုံရက်သား လဲကျသွားခဲ့သည်။ သတိမလစ်ခင် သူ နောက်ဆုံး မြင်လိုက်ရသည့် မြင်ကွင်းက မဟူရာ အီသာများမှာ ကြမ်းပြင်ထက်တွင် ဆူးခက်များ ကဲ့သို့ ပျံ့နှံ့ကာ နောက်ဆုံး သူ၏ အမြင်အာရုံကိုပါ ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။

“ငြိမ်းချမ်းစွာ အနားယူပါ... ငါ့သားငယ်... သေခြင်းတရားက ငြိမ်းချမ်းပါတယ်”

ဖရန့်ခ်ဝယ်လ် ရေရွတ်လိုက်ရင်း ဆူးပင်များကဲ့သို့သော အရာများက ရုပ်အလောင်းအား ဖုံးလွှမ်းသွားသည်ကို ကြည့်နေခဲ့သည်။ စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက် သွေးနီရောင် ကြိုးမျှင်များမှာ ရုပ်သေးကြိုးများကဲ့သို့ ရုပ်အလောင်း၏ အသားများမှ ခွာထွက်လာခဲ့သည်။

“မော်ဖီ… မင်းပဲကိုး...”

ဖရန့်ခ်ဝယ် အခမ်းအနားသုံး ဓားကို အသုံးပြုရင်း အီသာကြိုးမျှင် တစ်ခုချင်းစီကို ဖြတ်တောက်ပစ်လိုက်တော့သည်။

***

All Chapters