← Chapters

မော်ဖီ

Vol. 4 Ch. 51

မော်ဖီ

Vol. 4 Ch. 51

စကားလက် ဝါဒီဂိုဏ်း ဌာနချုပ်၊ လျှို့ဝှက် ဆုတောင်းခန်း အတွင်း၌... ယဇ်ပလ္လင်ရှေ့တွင် ထိုင်နေသည့် မော်ဖီ၏ မျက်နှာမှာ ဖယောင်းတိုင်မီးလျှံဖြင့် ထိန်လင်းနေသည်။

ဖယောင်းတိုင် များမှာ ယဇ်ပလ္လင်ကို ဝန်းရံ၍ ထွန်းထားကာ အလယ်ဗဟိုတွင် သွေးများဖြင့် ပြည့်နေသော အထစ်တစ်ခုလည်း ရှိနေသည်။ သွေးများမှာ ပလ္လင်၏ ပတ်ပတ်လည် အပေါက်များမှ ယိုစိမ့်ထွက်လာကာ မြေပြင်ပေါ်၌ ပျံ့နှံ့သွားရင်း ကြီးမားရှုပ်ထွေးသော ကျိန်စာ အစီအရင် တစ်ခုကို ဖြစ်ပေါ်စေသည်။

ရုတ်တရက်ဆိုသလို ဖယောင်းတိုင်များမှာ ငြိမ်းသွားကာ သွေးများမှာ ခမ်းခြောက်သွား၏။ မော်ဖီ မျက်လုံးများကို ဖွင့်လိုက်ရင်း အံ့အားသင့်စွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။

“ဖရန့်ခ်ဝယ်လ်... သူ ဘယ်လိုလုပ်ပြီး…”

စကားမဆုံးမီတွင်ပင် ကျိန်စာကို အတင်းအဓမ္မ ရပ်တန့်လိုက်ရခြင်း၏ ကြောက်မက်ဖွယ်ရာ ဘေးထွက် ဆိုးကျိုးက ဝင်ရောက်လာသည်။

ခရက်... ခရက်...

ယဇ်ပလ္လင်မှာ လျင်မြန်စွာ ကွဲအက်၍ ပြိုကျသွား၏။ ထို့နောက် အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အီသာ စွမ်းအင် ပမာဏ အများအပြားမှာ မတည်ငြိမ်သည့် ရေစီးကြောင်းတစ်ခုကဲ့သို့ လျှံထွက်လာ၏။

မော်ဖီ တစ်ယောက် မမြင်နိုင်သည့် မြင်းတပ်များစွာ၏ တိုက်ခိုက်ခြင်းကို ခံရသကဲ့သို့ လွင့်စင်သွားပြီး နံရံကို အရှိန်ပြင်းပြင်းနှင့် ဝင်ဆောင့် သွားခဲ့သည်။

ဘုန်း... ဝရုန်း...

လျှို့ဝှက် ဆုတောင်းခန်းတစ်ခုလုံးမှာ ပြိုကျသွားခဲ့၏။ စကားလက် ဝါဒီဂိုဏ်း၏ အောက်လမ်း မှော်ဆရာ အများအပြားမှာ အလျင်အမြန် ပြေးလာခဲ့ကြ၏။

ထိုအခါ အီသာ စီးကြောင်းများ၏ တိုက်ခိုက်မှု ရလဒ် ဖြစ် ပင့်ကူမျှင်သဖွယ် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည့် တွင်းနက်ကြီး အပြင် ပြိုကျနေသည့် အပျက်အစီးများကိုပါ တွေ့လိုက်ရသည်။

ထို့နောက်... အပျက်အစီးများအောက်မှ တွားသွားတက်လာသော ချောင်းဆိုးနေသည့် မော်ဖီ...။

....

မော်ဖီ ခက်ခက်ခဲခဲဖြင့် မတ်တပ်ရပ်လိုက်၏။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက သွေးအလိမ်းလိမ်း ဖြစ်နေကာ လှပသည့် သီလရှင် ဝတ်စုံမှာလည်း စုတ်ပြဲနေသည်။

သူမ ပျက်စီးယိုယွင်းမှုများ၏ အလယ်ဗဟိုတွင် ခံစားချက်မဲ့စွာ ရပ်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဖျက်ဆီးခံရမှုများ အပြင် သူမ၏ ပတ်ဝန်းကျင်ရှိ ကြီးမားသော တွင်းနက်ကြီးကိုပါ စစ်ဆေးကြည့်ရှုနေခဲ့သည်။

ယဇ်ပလ္လင် ရှိခဲ့ဖူးသော တွင်းနက်ကြီး၏ ဗဟိုချက်တွင် မြေကြီးထဲသို့ မြှုပ်နှံထားသော အနက်ရောင် ခေါင်းတလား တစ်လုံး ပေါ်လာခဲ့သည်။

‘ထာဝရ အနားခြင်း ခေါင်းတလား...’

၎င်းမှာ ဖျက်ဆီးခြင်း အဆင့် အောက်လမ်းဆရာ မော်ဖီ၏ သင်္ကေတ မှော်အသုံးအဆောင် ဖြစ်ပေသည်။ ယေဘုယျအားဖြင့် မှော်ဆရာ အများစု၏ မှော်အသုံးအဆောင်များမှာ ရိုးရှင်းသည့် ပစ္စည်းလေးများသာ ဖြစ်သည်။ မှော်ပညာ၏ အစစ်အမှန် စွမ်းအားမှာ စုဆောင်းထားသော အီသာ ပမာဏနှင့် တိုက်ခိုက်ရေး စွမ်းရည်အပေါ်တွင်သာ မူတည်သည်။

ဥပမာအားဖြင့်... မီးတောက် မှော်မန္တာန်များကို အသုံးပြုသည့်အခါ အဆင့်နိမ့် မှော်ဆရာများမှာ ယမ်းမှုန့်နှင့် ကန့် ကဲ့သို့သော အကူပစ္စည်းများကို အသုံးပြုကြရသည်။ သို့သော်လည်း အဆင့်မြင့် မှော်ဆရာများကတော့ ကျိန်စာကို ရွတ်ဆိုရန်သာ လိုအပ်သည်။

ရိုးရှင်းစွာ ဆိုရပါက မှော်အသုံအဆောင်များမှာ အကူသဘောမျှသာ ဖြစ်ကာ မှော်ပညာ၏ စွမ်းအားကို အနည်းငယ်မျှသာ တိုးမြှင့်ပေးနိုင်သည်။ ကြီးမားသော အကျိုးသက်ရောက်မှုများ မရှိပေ။

သို့သော်လည်း ထူးခြားသည့် စွမ်းအား တစ်ခု မှော်အသုံးအဆောင်များကတော့ ခြားနားပေသည်။ ၎င်းတို့မှာ သာမန် အထောက်အကူပြု ပစ္စည်းများထက် များစွာ သာလွန်သည်။

ထာဝရ အနားယူခြင်း ခေါင်းတလားမှာ ‘ရှင်ပြန်ထမြောက်ခြင်း’ စွမ်းရည်ရှိသည့် အစွမ်းထက် မှော်အသုံးအဆောင် တစ်ခု ဖြစ်သည်။ ၎င်းသည် အလွန် အန္တရာယ်ရှိလေရာ ပိတ်ပင်ထားသည့် ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

မော်ဖီမှာ ထာဝရ အနားယူခြင်း ခေါင်းတလားကို အသုံးပြု၍ ရာ ဖရန်ခ်ဝယ်လ်၏ တပည့် ချားလ်စ်ကို ပြန်လည် ရှင်ပြန်ထမြောက်စေခဲ့ပြီး ရုပ်သေးရုပ် အဖြစ် ပြောင်းလဲခဲ့ကာ အဘိုးဝယ်ထံ ချဉ်းကပ်၍ သတ်ပစ်ရန် ရည်ရွယ်ခဲ့သည်။

၎င်းမှာ တစ်ညတည်းနှင့် အကောင်အထည်ဖော်ခဲ့သည့် အစီအစဉ် မဟုတ်ပေ။ အဆိုပါက လုပ်ငန်းစဉ် တစ်ခုလုံးကို ဖရန့်ခ်ဝယ်၏ ဒုတိယမြောက် တပည့် ဖြစ်သူ ယူရီ အသက်ရှင်စဉ်ကပင် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။

ယူရီ ပြောခဲ့သည့်အတိုင်း ဖရန့်ခ်ဝယ်လ်၏ ချားလ်စ်အပေါ် နှစ်သက်မြတ်နိုးမှုမှာ ဆရာတစ်ဦးက တပည့်ကို ဆက်ဆံသည်ထက် ပိုမိုကာ ဖခင်တစ်ဦး၏ မေတ္တာကဲ့သို့ ဖြစ်သည်။

ပိုမို ပါရမီပါသည့် တပည့် ယူရီမှာ နောက်ဆုံးတွင် မနာလိုစိတ်ကြောင့် ချားလ်စ်ကို သတ်ပစ်ခဲ့ကာ ဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။

ဖရန့်ခ်ဝယ်လ်မှာ ဖျက်ဆီးခြင်း အဆင့် အောက်လမ်း ပညာရှင် တစ်ဦး ဖြစ်သော်ငြားလည်း တစ်ချိန်က ဂျိုးဇက်၏ အနိုင်ယူခြင်းကို ခံခဲ့ရလေရာ ဆိုးဝါးသည့် အားနည်းချက်ကို ပိုင်ဆိုင်ထားပေလိမ့်မည်။ ထို့ကြောင့်ပင် သူက လန်စီ မှော်ကြေးမုံအတွက် အကောင်းဆုံး အာဟာရ ဖြစ်ပေလိမ့်မည်။

အဆင့်တူ အောက်လမ်း ပညာရှင် တစ်ဦး အနေဖြင့် မော်ဖီသည် ဖရန့်ခ်ဝယ်လ်နှင့် ယခင်က အပြန်အလှန် ဆက်ဆံဖူးသည်။ သူမ၏ လေ့လာဆန်းစစ် အကဲဖြတ်မှုများ အရ... တိုက်ပွဲအပြီး နှစ်နှစ်ကြာသည် အထိ ကိုယ့်ကိုယ်ကိုယ် ပြသရဲခြင်း မရှိသော ဖရန့်ခ်ဝယ်ထံတွင် ယခင်ကလို စွမ်းအား မရှိတော့ကြောင်း အတော်လေး သေချာနေခဲ့သည်။

သို့သော်လည်း သူမ ထိုအတွေးကို စိတ်ထဲတွင်သာ ထားရှိ၍ ဂရုတစိုက် စီစဉ် ဆောင်ရွက်ခဲ့ကာ ဖရန့်ခ်ဝယ်လ်၏ အားနည်းချက်ကို အသုံးပြု၍ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။

အရာအားလုံးကလည်း ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။

လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက် အထိ...။

ဖရန့်ခ်ဝယ်လ်မှာ မိနစ်သုံးဆယ်ခန့်သာ အပြင်ထွက်ခဲ့သော်လည်း ပြန်လာသည့်အခါ သူ၏ သားအရင်း သဖွယ် ဖြစ်သော ချားလ်စ်ကို အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ သတ်ပစ်ခဲ့သည်။

ကြားထဲတွင် မည်သည့် အရာများ ဖြစ်ပျက်ခဲ့သနည်း။ သူက အမှန်တရားကို မည်ကဲ့သို့ ရှာဖွေ တွေ့ရှိခဲ့သနည်း။ ထိုမျှ ပြတ်သားသည့် ဆုံးဖြတ်ချက်ကို မည်ကဲ့သို့ ချမှတ်နိုင်ခဲ့သနည်း။

ဖရန့်ခ်ဝယ်လ်၏ ပုံစံ အရ အမှန်တရားကို ရှာဖွေ တွေ့ရှိခဲ့လျှင်ပင် ဤမျှလောက် ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

“ဟူး... သူ ဘာတွေ လုပ်ခဲ့တာလဲ”

မော်ဖီ တစ်ယောက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း လက်များကို ဝှေ့ယမ်းကာ ပုံသဏ္ဌာန်မဲ့ ရှုပ်ထွေးနေသည့် အီသာ စွမ်းအင်များကို တစ်ဖန် ပြန်လည် စီစဉ်လိုက်သည်။

ဟူး... ဟူး...

ကောင်းကင်မှ ကျဆင်းလာသော မိုးရေစက်များမှာ မမြင်နိုင်သည့် အကာအကွယ် အပြင်ဘက်တွင် ရပ်တန့်သွားခဲ့သည်။

ပြိုကျသွားသော အခန်းများမှာ တစ်ဖန် ပြန်လည် တည်ဆောက်လာခဲ့ကာ တွင်းနက်ကြီး ဖြစ်နေသည့် မြေပြင်မှာလည်း မူလ အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

စောစောက မတော်တဆမှုတွင် သေဆုံးသွားသည့် အောက်လမ်း မှော်ဆရာများ၏ ရုပ်အလောင်းများမှ သွေးကြောမျှင်များမှာ ထွက်ပေါ်လာကာ ထာဝရ အနားယူခြင်း ခေါင်းတလားနှင့် ချိတ်ဆက်သွားပြီး ရုပ်သေးအသစ်များ အဖြစ် ယိုင်နဲ့စွာ မတ်တပ်ရပ်လာကြသည်။

ဘေးနားရှိ အခြားသော အောက်လမ်း ပညာရှင်များမှာ ထိုသို့သော မြင်ကွင်းများကို အသားကျနေပြီ ဖြစ်လေရာ အံ့ဩခြင်း မရှိကြပါချေ။ အောက်လမ်း မှော်ဆရာ တစ်ဦးက လူအုပ်ထဲမှ ထွက်လာကာ ဒူးတစ်ဖက်ကို ထောက်လိုက်ရင်း...

“မဒမ် မော်ဖီ”

ဟု ခေါ်လိုက်၏။

“အဟွတ်… အဟွတ်…”

မော်ဖီ ချောင်းဆိုးလိုက်ရင်း ပါးစပ်ထောင့်ရှိ သွေးများကို သုတ်လိုက်သည်။ ထို့နောက် သူမက အေးစက်စွာဖြင့် ဒူးထောက်နေသူကို ကြည့်လိုက်၏။

“ဘာလဲ”

သူမ၏ ကိုယ်ခန္ဓာ တစ်ခုလုံးတွင် နာကျင်မှုများမှာ လောက်များလို မွစိတက်နေသည်။ ဝိညာဉ် တစ်စိတ်တစ်ပိုင်းကိုပါ ဆုံးရှုံးသွားသဖြင့် သူမ ပို၍ပင် ဒေါသထွက်နေခဲ့သည်။

ဝိညာဉ် ကျိန်စာများ၏ ဘေးထွက်ဆိုးကျိုးမှာ အလွန် အန္တရာယ် များလှပြီး မော်ဖီလို ဖျက်ဆီးခြင်း အဆင့် အောက်လမ်းဆရာ အတွက်ပင် ချွင်းချက် မရှိပေ။ ပို၍ ဆိုးသည်က ကျိန်စာကို ချိုးဖျက်ပြီး ဘေးထွက် ဆိုးကျိုး ဖြစ်ပေါ်စေခဲ့သူသည်လည်း ဖျက်ဆီးခြင်း အဆင့်ရှိ အောက်လမ်း ပညာရှင် တစ်ဦးဖြစ်နေခြင်း ဖြစ်သည်။ သူမ အတွက် အရှက်ရစရာ ကောင်းလွန်းလှသည်။

သို့သော်လည်း... ၎င်းမှာ သူမ အဆင့်နိမ့် နေသောကြောင့် မဟုတ်ပဲ သတင်းအချက်အလက် မှားယွင်းမှုကြောင့် ဟု မော်ဖီ ယုံကြည်နေဆဲ ဖြစ်သည်။ ဖရန့်ခ်ဝယ်လ်မှာ သူမကို အလစ်အငိုက် ဖမ်းခဲ့ခြင်းသာ ဖြစ်သည်။

ဒူးတစ်ဖက်ထောက်နေသည့် အောက်လမ်း မှော်ဆရာက လေးစားစွာဖြင့် ပြန်ဖြေလိုက်၏။

“ဝံပုလွေဖြူ အဖွဲ့ခေါင်းဆောင် လာလည်ပါတယ်... သူက မဒမ်နဲ့ တွေ့ချင်နေပါတယ်”

“ဟေးရစ်လား”

မော်ဖီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်နှင့် ပတ်ဝန်းကျင်ရှိ သွေးများမှာ တောက်ပသော သွေးလုံး တစ်လုံးအဖြစ် စုစည်းသွားသည်။ သူမက ၎င်းကို ဝတ်စုံထဲသို့ သိမ်းဆည်းလိုက်၏။

“သူ ဘာလာလုပ်တာလဲ”

လက်အောက်ခံက ချက်ချင်း ပြန်ဖြေသည်။

“သူက မဒမ် ရှုံးနိမ့်ရတဲ့ အကြောင်းရင်းကို သိတယ်လို့ ပြောပါတယ်”

မော်ဖီ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။

“သူ့ကို ဝင်ခွင့်ပြုလိုက်”

“အမိန့်အတိုင်းပါပဲ”

***

All Chapters