အံ့အားသင့်ဖွယ် ကော့စ်ပလေး
Vol. 4 Ch. 52
ဧည့်ခန်းမ အတွင်း၌ ဟေးရစ်မှာ မော်ဖီ ဝင်လာသည်ကို တွေ့လိုက်ရလေရာ ဆိုဖာမှ ထရပ်လိုက်ရင်း ရိုသေစွာ ဦးညွှတ် ဂါဝရ ပြုလိုက်သည်။
“မဒမ် မော်ဖီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတာ ဂုဏ်ယူမိပါတယ်… ကျွန်တော် အရင်က လာရောက် လည်ပတ်ဖူးပေမဲ့ လိုချင်တဲ့ ရလဒ်ကို မရခဲ့ပါဘူး... ဒီနေ့တော့ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့ပါပြီ”
မော်ဖီမှာ သီလရှင်ဝတ်စုံအသစ်ကို ပြောင်းလဲ ဝတ်ဆင်ထားပြီးသား ဖြစ်သည်။ အောက်လမ်း မှော်ဆရာ တစ်ဦး မဖြစ်မီက မော်ဖီမှာ ကပ်ဘေး ဘုရားကျောင်းတွင် သီလရှင်တစ်ဦး ဖြစ်ခဲ့ဖူးပြီး သေဆုံးသွားသူများအတွက် ဆုတောင်းပေးဖို့ တာဝန် ယူထားခဲ့ရသည်။ ထာဝရ အနားခြင်း ခေါင်းတလား၏ ယခင် ပိုင်ရှင်ထံမှ သွန်သင်မှုများကို နာယူခဲ့ပြီးသည့်နောက်မှသာ သူမက အောက်လမ်း မှော်ဆရာ တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ကျိကျစ်ရှို့တို့ တိုက်ပွဲ ဖြစ်ခဲ့သည့် စွန့်ပစ်ခံ ဘုရားကျောင်းကြီးမှာ တစ်ချိန်က သူမ နေထိုင်ခဲ့သည့် နေရာတစ်ခုလည်း ဖြစ်သည်။
မော်ဖီမှာ မာနကြီးသော စရိုက်ရှိကာ မဟာမိတ် အဖြစ် ပူးပေါင်းဆောင်ရွက်နေသော မုဆိုးများကိုပင် မထီမဲ့မြင်ပြုလေ့ ရှိသည်။ ဟေးရစ် တွေ့ဆုံခွင့် တောင်းသည့် အကြိမ်ပေါင်းများစွာကိုပင် သူမ ပယ်ချခဲ့သည်။ ယခုက ပထမဆုံး အကြိမ် အဖြစ် သူမ လက်ခံ တွေ့ဆုံခြင်း ဖြစ်သည်။
မော်ဖီ၏ အကြည့်များက မေးမြန်းမှုနှင့် ခြိမ်းခြောက်မှုတို့ နှစ်မျိုးလုံး ပါဝင်နေ၏။ သူမက တိုက်ရိုက်ပင် လိုရင်းကို တန်းသွားလိုက်သည်။
“ငါ ရှုံးရတဲ့ အကြောင်းရင်းကို နင်က ဘာလို့ သိနေတာလဲ... နောက်ပြီး ဒီဖြစ်ရပ်တွေ မဖြစ်ခင်တည်းက ဘာဖြစ်လို့ နင်က မုဆိုးနယ်မြေကနေ အတင်း ပြေးလာရတာလဲ”
“ငါ့ကို ယုံကြည်အောင် မပြောနိုင်ဘူးဆိုရင် ဒီကိစ္စမှာ နင် ပါဝင် ပတ်သက်နေတယ်လို့ ငါ သံသယ ဝင်ရလိမ့်မယ်”
ဖျက်ဆီးခြင်း အဆင့် အောက်လမ်း မှော်ဆရာ တစ်ဦးထံမှ ဖိအားပေးသည့် အကြည့်ကြောင့် ဟေးရစ် တစ်ယောက် ချွေးစေးများ စီးကျလာခဲ့သည်။ သို့သော်လည်း... အနည်းငယ် ပြုံးရယ်ရန် သူ ကြိုးစားနိုင်ဆဲ ဖြစ်သည်။
“ကျွန်တော် ရိုးရိုးသားသားပဲ ပြေပါတယ်... ဒါပေမဲ့ ဒီ ရှုံးနိမ့်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းက မဒမ် ကိုယ်တိုင် ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
“ငါလား...”
မော်ဖီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ ဟေးရစ်က အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
“မဒမ် မှတ်မိသေးလား… ယူရီ သေဆုံးမှု အစီရင်ခံစာကိုလေ”
မော်ဖီ အနည်းငယ် တွန့်ဆုတ်သွားကာ ခေါင်းညိတ်လိုက်၏။
“မှတ်မိတာပေါ့... အဲဒီ ပုပ်ပွနေတဲ့ အသားက အိပ်မက်ကမ္ဘာက ကပ်ပါး တစ်မျိုးရဲ့ အကြွင်းအကျန်ပဲ... ငရဲဘုံ အဆင့်ကို သတ်နိုင်တယ်ဆိုပေမဲ့ သက်တမ်းတိုပြီး ကြီးကြီးမားမား ခြိမ်းခြောက်မှု မရှိဘူး”
ဟေးရစ်က ခေါင်းညိတ်လိုက်၏။
“ဒါကြောင့်ပဲ မဒမ်က စာအုပ်ဆိုင်ကို စုံစမ်းဖို့ လက်လျှော့ပြီး လန်စီ မှော်ကြေးမုံကို ကာကွယ်ဖို့ အားလုံးကို အမိန့်ပေးခဲ့တယ်”
ဝံပုလွေဖြူ အဖွဲ့ ခေါင်းဆောင်၏ မျက်လုံးများထဲတွင် အေးစက်စက် အရောင်တစ်ချက် လက်သွား၏။
“ဒါပေမဲ့ ဖရန့်ခ်ဝယ်က လွန်ခဲ့တဲ့ နာရီဝက်လောက်ကတင် အဲဒီ စာအုပ်ဆိုင်ကို သွားခဲ့တယ်ဆိုတာ မဒမ် သိခဲ့သလား”
“ဖရန့်ခ်ဝယ်လ် ဒီလို ရုတ်တရက်ကြီး ပြောင်းလဲ သွားပြီး မဒမ်ရဲ့ အစီအစဉ်ကို ပျက်ကွက်စေခဲ့တဲ့သူဟာ အဲဒီ စာအုပ်ဆိုင် ပိုင်ရှင်ပဲ”
...
ဖရန့်ခ်ဝယ်လ် ပြန်သွားခဲ့ပြီးသည့်နောက်တွင် လင်ကျဲ တစ်ယောက် စင်ပေါ်မှ “အိပ်မက်များ၏ နိမိတ်တဘောင်” ဟူသော စာအုပ်ကို ထုတ်ယူကာ စတင် ဖတ်ရှုနေခဲ့သည်။
ဤစာအုပ်မှာ ဖရွိုက်၏ ကျော်ကြားသော လက်ရာများထဲမှ တစ်ခုဖြစ်ကာ စိတ်ကို ခွဲခြမ်း စိတ်ဖြာ လေ့လာသည့် လမ်းပြ စာဆောင် တစ်ခုလည်း ဖြစ်သည်။ စတင် ထုတ်ဝေခဲ့သည့်စဉ်က ပုံမှန်မဟုတ်သည့် လက်ရာတစ်ခု ဖြစ်သောကြောင့် သူ၏ သီအိုရီ အများအပြားကို သိပ္ပံပညာရှင်များက မယုံကြည်ခဲ့ကြဘဲ ပဋိပက္ခများစွာကို ဖြစ်စေခဲ့သည်။
သို့သော်လည်း ယခုတွင်တော့ လင်ကျဲမှာ မတူညီသည့် အတွေးအမြင်၊ ကျိုးကြောင်း ဆင်ခြင်မှုဖြင့် ကြည့်ရှုရန် ဤစာအုပ်ကို ပြန်လည် ဖတ်ရှုနေသည်။
စာအုပ်ပါ သီအိုရီများ အရ အိပ်မက်များမှာ မသိစိတ်၏ ဆန္ဒများနှင့် ကလေးဘဝ အမှတ်တရများ လှုံ့ဆော်မှုများ ဖြစ်ကြောင်း အကြံပြုထားသည်။ အိပ်မက်များမှာ လူတစ်ဦးနှင့် စိတ်ဝိညာဉ်ကြား မှန်ကန်သော ဖလှယ်မှု ဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် သင်ယူနေသည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။
လင်ကျဲမှာ ဤစာအုပ်ကို ယခင်က ဖတ်ဖူးသော်လည်း မကြာသေးခင်က မက်ခဲ့သော အိပ်မက်ကြောင့် အနည်းငယ် ပြန်လည် လေ့လာချင်နေခဲ့သည်။
ခဏကြာမျှ ဖတ်ရှုပြီးနောက် လင်ကျဲ တစ်ယောက် စိတ်ကူးပေါက်သွားပြီး အခြား သက်ဆိုင်ရာ စာအုပ်များကိုပါ ဖတ်သင့်၊ မဖတ်သင့် စဉ်းစားနေမိခဲ့သည်။
ချွင်... ချွင်...
ထိုအချိန်တွင်ပင် စာအုပ်ဆိုင်၏ တံခါးဝမှ ခေါင်းလောင်းသံကို ကြားလိုက်ရ၏။
‘ဟိုက်... ကံဇာတာက တက်နေပြီလား... ဘာလို့ ဧည့်သည်တွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာနေတာလဲ...’
သေချာ ပြန်တွေးကြည့်လိုက်တော့ ဤအပြောင်းအလဲမှာ အဘိုးဝယ်လ် သူ့ကို ကျောက် ဂါဂွိုင်း ပေးသည့်နေ့ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
ဂါဂွိုင်းမှာ ကံဆိုးခြင်းနှင့် ဘေးဥပဒ်များကို ကာကွယ်ပေးသည့်အပြင် စည်းစိမ်ဥစ္စာကို ဖိတ်ခေါ်ပေးနိုင်သည့် ဖုန်းရွှေ ဂုဏ်သတ္တိများကိုပါ သယ်ဆောင်ထားသည်လား။
(မှတ်ချက်- ဖုန်းရွှေမှာ တရုတ်နိုင်ငံ၏ မြေမျက်နှာသွင်ပြင် ဗေဒဆိုင်ရာ ကျင့်စဉ်တစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေနှင့် လူတစ်ဦးချင်းစီအကြား သဟဇာတဖြစ်စေရန် စွမ်းအင်များကို အသုံးပြုသည်ဟု ဆိုသည်)
လင်ကျဲ တစ်ယောက် လက်ထဲမှ စာအုပ်ကို ချလိုက်ရင်း ကျွမ်းကျင်သည့် အပြုံးကို ဆင်မြန်းလိုက်သည်။ ထို့နောက် တံခါးဝဆီသို့ လှမ်းကြည့်လိုက်၏။
“ကြိုဆိုပါတယ်... စာအုပ်ငှားချင်တာလား... ဖတ်ချင်တာလား... ဒါမှမဟုတ် ဝယ်ချင်တာလား... မေးစရာရှိရင်လည်း လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်”
“ကျွန်မ တကယ်ပဲ ဘယ်မေးခွန်းကိုမဆို မေးလို့ရလား”
ဝင်လာသော မိန်းကလေး၏ အသံက နူးညံ့ပြီး ချိုသာ၏။ တောကြီးမြိုင်ကြီးမှ ကျေးငှက်ကလေးများ တေးသီ နေသလိုပင်။
ဧည့်သည်ကို မြင်လိုက်ရသည့် အခါ သူမ၏ ရုပ်ရည် သွင်ပြင်မှာလည်း အသံနှင့် ကိုက်ညီကြောင်း လင်ကျဲ မှတ်ချက် ချလိုက်မိသည်။
သူမ၏ ဖြူစင် ဝင်းမွတ်သော အသားအရေ၊ ပြာလဲ့လဲ့ ကျောက်စိမ်းရောင် မျက်လုံးလေးများနှင့် ရွှေရောင်ဆံပင်တို့က သူမကို ရင်သပ်ရှုမောဖွယ်ရာ အလှတရားအား ပေးစွမ်းနေသည်။ မှောင်မိုက်နေသည့် စာအုပ်ဆိုင်တစ်ခုလုံးမှာ သူမ ပေါ်လာသည်နှင့် လင်းထိန်သွား သကဲ့သို့ပင်။
သို့သော်လည်း... လင်ကျဲ၏ အကြည့်များက သူမ၏ နားရွက်ပေါ်တွင် ရပ်တန့် သွားခဲ့၏။
ချွန်ထက်ပြီး ရှည်လျားသော နားရွက်တစ်စုံ...
၎င်းက သူ၏ အာရုံကို ဖမ်းစားထားသည်။ လင်ကျဲ၏ မျက်လုံးများက အောက်သို့ ဆက်လက် ရွေ့လျား သွားရာ သူမမှာ ရှည်လျားသည့် ဂါဝန်ဖြူ တစ်ထည်ကို ဝတ်ဆင်ထားကြောင်း သတိပြုမိသည်။ ၎င်း၏ အလွှာ အထပ်များစွာပါရှိသော ဒီဇိုင်းက ရှေးခေတ် ရောမလူမျိုးများ ဝတ်ဆင်လေ့ ရှိသည့် ဝတ်ရုံများကို သတိရစေသည်။
ခြုံငုံကြည့်လျှင် မိန်းကလေးမှာ သာမန် လူ့လောကထဲသို့ လမ်းမှားကာ ဝင်ရောက်လာသည့် လှပ ကျက်သရေ ရှိသော အဲလ်ဖ် (Elf) တစ်ဦးနှင့် တူနေသည်။
‘ဒါက ကော့စ်ပလေး (Cosplay) တစ်ခုလား...’
လင်ကျဲ တစ်ယောက် အံ့အားသင့်နေကာ အတိတ်ဘဝက ကမ္ဘာမြေကိုပင် ပြန်လည် လွမ်းဆွတ်လာခဲ့မိသည်။ ကော့စ်ပလေး လုပ်ခြင်း အလေ့အထမှာ ရှေးခေတ် ပြဇာတ်များ ကပြကြ ကတည်းက ကမ္ဘာမြေပေါ်တွင် အလွန် ပေါ်ထွန်းခဲ့သည်။ လက်ရှိ ခေတ်တွင်မူ အန်နမီ (Anime) ရုပ်ရှင်များနှင့် ဂိမ်းများကြောင့် ကော့စပလေးမှာ ပိုမို ထွန်းကားလာခဲ့သည်။
အဇီးတွင် ရုပ်မြင်သံကြားနှင့် ဖျော်ဖြေရေးလုပ်ငန်းများ ရှိသော်လည်း ဤကဏ္ဍကတော့ တကယ်တမ်း မဖွံ့ဖြိုးသေးပေ။ ဤနေရာရှိ ကော့စပလေးမှာ ‘မျက်နှာဖုံးစွပ်ပွဲများ နှင့် ဝတ်စုံများ’ ဟူသော ရှေးဦးအဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။
အောင်မြင်သော ကော့စ်ပလေး အဆင့်များကို မြင်တွေ့ရရန် အလွန် ခက်ခဲသည်။ သို့သော် ယခု ရောက်လာသည့် ဧည့်သည်ကတော့ အမှန်တကယ်ပင် အဆင့်အတန်း မြင့်မားသည့် ကော့စ်ပလေး ပညာရှင် တစ်ယောက် ဖြစ်သည်။ သူမ၏ မိတ်ကပ်က ပြီးပြည့်စုံလှကာ အဲလ်ဖ်တစ်ဦး ပိုင်ဆိုင်သင့်သည့် ထူးခြားသော စရိုက်ကိုပင် ဖော်ပြနေသည်။
စာအုပ်ဆိုင် အတွင်းသို့ အစစ်အမှန် အဲ့လ်ဖ် တစ်ဦး ဝင်လာသည်ဟု လင်ကျဲ တစ်ယောက် ခဏမျှပင် ခံစားခဲ့ရသည်။
မိုးသည်းထန်စွာ ရွာသွန်းနေသော နေ့တွင် လှပသည့် မျက်ဝန်းပြာများနှင့် ရွှေရောင်ဆံပင်ရှိသည့် အဲလ်ဖ်တစ်ဦး စာအုပ်ဆိုင် အတွင်း ဝင်လာခြင်း...
၎င်းမှာ ဒဏ္ဍာရီ ပုံပြင်ထဲမှ မြင်ကွင်းတစ်ခုနှင့် တူနေသည်။
‘တကယ့်ကို အထင်ကြီးစရာပဲ...’
သို့သော်လည်း လင်ကျဲကဲ့သို့ သာမန်လူတစ်ဦးမှာ သူ့ ရှေ့တွင် အစစ်အမှန် အဲလ်ဖ် တစ်ဦး ရပ်နေသည်ဟု သေချာပေါက် တွေးမည် မဟုတ်ပေ။
မည်သို့ပင် ဆိုစေကာမူ... တကယ့် အဲလ်ဖ် တစ်ဦးမှာ ရှားပါး သတ္တဝါ တစ်ကောင် အနေဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်ခြင်းမရှိဘဲ နော်ဇင်ကဲ့သို့သော မြို့ကြီးပြကြီးတွင် တစ်ယောက်တည်း လျှောက်သွားနေလိမ့်မည် မဟုတ်ချေ။
မည်သို့ပင် ဆိုစေကာမူ... ဤသခင်မလေးက မေးသော မေးခွန်းပုံစံက လင်ကျဲအတွက် အနည်းငယ် ရင်းနှီးနေသည်။ မကြာသေးမီကပင် သူ့ထံမှ ‘ငါး-သုံး’ အစုံဝက် ဝယ်သွားခဲ့သည့် မေလီဆာမှာလည်း အလားတူ ဆောင့်ကြွားကြွား ပုံစံပင် မဟုတ်ပါလား။
***