← Chapters

ဒိုရစ်၏ ရှာဖွေ တွေ့ရှိမှု

Vol. 4 Ch. 53

ဒိုရစ်၏ ရှာဖွေ တွေ့ရှိမှု

Vol. 4 Ch. 53

“ကျွန်မ တကယ်ပဲ ဘယ်မေးခွန်းကိုမဆို မေးလို့ရလား”

ဒိုရစ်၏ မေးခွန်းက အနည်းငယ် တစ်မျိုးနိုင်သည့်တိုင် လင်ကျဲ စိတ်အနှောက်အယှက် မဖြစ်ပဲ အပြုံးဖြင့်သာ ခေါင်းညိတ်လိုက်၏။

“ရပါတယ်… စာအုပ်ဆိုင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု မူဘောင်အတွင်း ရှိနေသရွေ့ ဆိုပါတော့လေ”

လင်ကျဲ အကဲခတ်နေသည့် တစ်ချိန်တည်းတွင်ပင် ဒိုရစ်သည်လည်း လင်ကျဲကို အသေးစိတ် စူးစမ်း ကြည့်ရှု နေခဲ့သည်။

ဒိုရစ်မှာ မည်သည့် အသွင်ပြောင်းလဲ ဖုံးကွယ်ခြင်းကိုမျှ ပြုလုပ်မထားချေ။ သူမ၏ ထင်မြင်ယူဆချက်အရ ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ အရာရာကို သိမြင်နိုင်သူ ဖြစ်လေရာ သူမ လာရောက် ရှာဖွေမည်ကို သေချာပေါက် သိရှိပြီး ဖြစ်ရမည်။ အနည်းဆုံးတော့ အဲလ်ဖ်တစ်ဦး ရောက်လာမည်ကို သိရှိရမည်။

အကယ်၍ စာအုပ်ဆိုင် ပိုင်ရှင်သာ သူမ၏ ထူးခြားသည့် အသွင်အပြင်ကို ကြည့်ကာ အနည်းငယ်မျှ ထိတ်လန့်အံ့အားသင့်သည့် အမူအရာပြခဲ့ပါက အမှန်တကယ် အရာရာကို သိမြင်နိုင်သူမဟုတ်ဘဲ သာမန် လိမ်လည်သူ တစ်ဦးသာ ဖြစ်ပေလိမ့်မည်။

အမှန်အတိုင်း ဝန်ခံရပါက စာအုပ်ဆိုင်ပိုင်ရှင်၏ တုံ့ပြန်မှုမှာ တည်ငြိမ်အေးချမ်းခြင်း သို့မဟုတ် တုန်လှုပ်အံ့သြခြင်း နှစ်မျိုးထဲမှ တစ်ခုခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော်လည်း… သူ၏ မျက်လုံးများထဲတွင် ပျော်ရွှင် အံ့အားသင့်မှု၊ လေးစားမှု၊ ထို့အပြင်... အတိတ်ကို ပြန်လည် သတိရဟန် နှင့် အသိအမှတ်ပြမှုများ ရှိနေလိမ့်မည်ဟု သူမ လုံးဝ မတွေးမိခဲ့ချေ။

ပျော်ရွှင် အံ့အားသင့်မှုနှင့် လေးစားမှုကို ပြသခြင်းသည် အတော်အတန် ဆီလျော်မှု ရှိသေးသည်။ သို့သော်လည်း… အဲလ်ဖ်တစ်ဦး ရောက်ရှိလာခြင်းအတွက် အလွန်အမင်း အံ့သြဟန် မပြသောကြောင့် ဤအချက်ကို သူ ကြိုတင် မျှော်လင့်ထားပြီး ဖြစ်ရပေမည်။

ကျိကျစ်ရှို့လို မုဆိုး တစ်ဦးသည်ပင် ပြန်လည် သတိရလာသော အခိုက်၌… ဒိုရစ်ကို မြင်မြင်ချင်း အံ့အားသင့် သွားခဲ့သေးသည်။

ထူးဆန်းသည်က စာအုပ်ဆိုင် ပိုင်ရှင်၏ မျက်ဝန်းများထဲတွင် အတိတ်ကို လွမ်းဆွတ်မှုနှင့် အသိအမှတ်ပြုခြင်းတို့ ပါဝင်နေခြင်းပင်။

ထိုကဲ့သို့ လွမ်းဆွတ် သတိရဟန် မျိုးကို ဒိုရစ် အတော်အတန် ရင်းနှီးသည်။ နှစ်ပေါင်းများစွာ အသက်ရှင်သန်ပြီးသော သက်ရှိများတွင်ပင် အချိန်ကို ကျော်လွန်၍ သတိရ တမ်းတသည့် ခံစားချက်မျိုး ရှိနိုင်ပေသည်။

သို့သော်လည်း… သူမရှေ့မှ ပုဂ္ဂိုလ်မှာ သာမန် လူသား တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

ပိုမို၍ သံသယဖြစ်ဖွယ်ကောင်းသည်ကတော့ အသိအမှတ်ပြုမှုပင် ဖြစ်သည်။... ၎င်းမှာ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တစ်ဦးက လူငယ် တစ်ဦးအပေါ် အသိအမှတ်ပြုနေ သကဲ့သို့ ဖြစ်နေသည်။

အကြောင်းရင်းက အဘယ်နည်း…။

ဒိုရစ် ပတ်ဝန်းကျင်ကို အသေအချာ လေ့လာ လိုက်သော်လည်း ကျောက်ဂါဂွိုင်း ရုပ်တု မှလွဲ၍ မည်သည့် ထူးခြားသည့် အရာကိုမှ မတွေ့ရပေ။

မိန်းကလေးက စာအုပ်ဆိုင်ပိုင်ရှင် အပါအဝင် စာအုပ်ဆိုင်တစ်ခုလုံးအား အီသာ စွမ်းအင်ကို အသုံးပြုကာ ဆက်လက် စူးစမ်းလိုက်သည်။ သူသည် လက်တွေ့အားဖြင့် သာမန် လူတစ်ဦး သာဖြစ်သည်။

ဒိုရစ်သည် ချိုမြိန်စွာ ပြုံးရင်း သံသယများနှင့် အတူ ကောင်တာဆီသို့ လျှောက်လှမ်းလာခဲ့၏။ စာအုပ်ဆိုင် ပိုင်ရှင်၏ ရုပ်သွင်ကို အနီးကပ် မြင်လိုက်ရသောအခိုက်၌ သူမ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားခဲ့သည်။

သူက သာမန်ရုပ်ရည်ရှိသူ တစ်ဦး ဖြစ်နေသော်လည်း၊ အကယ်၍ အမြင်အာရုံ ကောင်းမွန်သူ တစ်ဦးဆိုပါက ဤလူငယ် ထံတွင် လူအများစုထက် ပိုမို ကြပ်တည်းစွာ စီတန်းနေသည့် သွားများ ရှိနေသည်ကို သတိပြုမိပေလိမ့်မည်။

ထိုအချက်အပေါ် သံသယဖြစ်ဖွယ် လုံးဝ မရှိချေ။ ဒိုရစ်မှာ သူမ အမြင်မှားခြင်း မဟုတ်ဟု ယုံကြည်သည်။

သွားများ၏ သိပ်သည်းဆ အတိုင်းအတာအရ ဤစာအုပ်ဆိုင်ပိုင်ရှင်ထံတွင် သွား လေးဆယ် ရှိနေသည်။

၎င်းမှာ ရောဂါ မဟုတ်သလို၊ တမင်သက်သက် စိုက်ထားခြင်းလည်း မဟုတ်ပေ။ ၎င်းမှာ လူသားတို့၏ ဇီဝကမ္မဗေဒအား ချိုးဖောက်သည့် အရာတစ်ခု ဖြစ်နေကြောင်း သေချာသည်။

သူက သာမန် လူသား တစ်ဦးတော့ မဟုတ်ကြောင်း သေချာသည်။

သို့သော်လည်း ထိုလူငယ်မှာ မည်သည့် သက်ရှိ အမျိုးအစား ဖြစ်သည်ကို သူမ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။...

“စာအုပ်ဆိုင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု မူဘောင်အတွင်း ရှိနေသရွေ့...”

ဒိုရစ်သည် ဤစကားကို တစ်ကြိမ် ထပ်မံ ရေရွတ်လိုက်ရင်း ရုတ်တရက် အသိဉာဏ်ပွင့်လင်းသွားသလို ခံစားလိုက်ရစ။

အကယ်၍ စာအုပ်ဆိုင်ပိုင်ရှင်မှာ ကျိကျစ်ရှို့ ပြောသည့်အတိုင်း အရာရာကို သိမြင်နိုင်သည့် စွမ်းအားမျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားပါက… စာအုပ်ဆိုင်တွင် ချုပ်နှောင်ခံထားရခြင်းမှာ သူ ပေးဆပ်ရမည့် တန်ဖိုး ဖြစ်ကောင်း ဖြစ်နိုင်မည်။

စာအုပ်ဆိုင် ပိုင်ရှင်မှာ အသက်အရွယ် အလွန် ကြီးရင့်ကာ လူသား ပုံပန်းသဏ္ဍာန်နှင့် အံ့မခန်း စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ရှေးဟောင်း သက်ရှိ တစ်ဦး ဖြစ်နိုင်သည်။ သို့သော်လည်း… သူက သာမန် ထောင့်ကျဉ်းလေးတစ်ခု တွင် ပိတ်မိနေသည်။

စာအုပ်ဆိုင် ပိုင်ရှင်၏ တုန့်ပြန်ပုံများကို ပြန်လည် အကဲခတ်ရလျှင် သူက သူမလိုမျိုး အိုင်းရစ် နွယ်ဖွား တစ်ဦကို တစ်ချိန်က သိကျွမ်းခဲ့ဖူးပေလိမ့်မည်။

ဒိုရစ်တစ်ယောက် အတွေးနွံ အတွင်း နစ်မြုပ် နေစဉ်မှာပင် ရုတ်တရက် အီသာ စီးဆင်းမှု တစ်ခုကို ခံစားလိုက်ရ၏။ စာအုပ်ဆိုင်၏ ဒုတိယထပ်မှ ရှေးကျသည့် အရှိန်အဝါ တစ်ခု နူးညံ့စွာ ထွက်ပေါ်လာနေသည်။

“ဒါက…”

မှန်ပေ၏။ မူလ စုန်းမကြီး တစ်ဦး ဖြစ်သည့် လေဒီဆစ်ဗာ၏ အရှိန်အဝါပင်။

ဒိုရစ်၏ အိုင်းရစ် စိတ်ဝိညာဉ်တွင် ထွင်းထုထားသော အမည်မှာ စတင်ကာ တုန်ခါလာခဲ့၏။ သူမ၏ အိပ်မက်ဘုံ သည် ဤနေရာတွင် ရှိနေသည်။

အတိအကျ ဆိုရလျှင် စာအုပ်ဆိုင် ၏ ဒုတိယထပ်၊ အိပ်ခန်းရှိရာ နေရာတစ်ဝိုက်တွင် မူလ စုန်းမကြီး၏ အိပ်မက်ဘုံ အရှိန်အဝါ ရှိနေသည်။ ဆစ်ဗာ၏ အိပ်မက်ဘုံမှာ ဤနေရာသို့ ဆင်းသက်လာကာ တစ်စုံတစ်ဦးကို စောင့်ကြည့်ကာ အစောင့်အရှောက် ပြုနေသည် ဟု အဓိပ္ပာယ်ရသည်။ ထို့အပြင် စောင့်ကြည့်ခံရသူက တစ်ဦးတည်းသာ ရှိနိုင်ပြီး ၎င်းမှာ သူမ၏ အရှေ့တွင် ရပ်နေသည့် ဤလူငယ်ပင် ဖြစ်ကြောင်း ထင်ရှားသည်။

ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ ပညာရှိကြီး၏ နိမိတ်ဖတ် ဟောကိန်းထဲမှ “ကြယ်တာရာများ၏ ကောင်းချီးခံ ပုဂ္ဂိုလ်” ဖြစ်နေနိုင်သလော။

စိတ်လှုပ်ရှားဖွယ် အတွေးများက ဒိုရစ်၏ စိတ်ထဲတွင် ဆူပွက်၍ လာခဲ့လေ၏။ သူမမှာ ကျိကျစ်ရှို့၏ စကားများ အပေါ် သံသယရှိစွာဖြင့် စာအုပ်ဆိုင်ကို လာရောက်ခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူမက ကံစမ်းကြည့်ရုံသာဖြစ်သည်။ သို့သော်လည်း... ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရလဒ် အားလုံးကို ကြိုတင် ဆုံးဖြတ်ပြီး ဖြစ်နေသည့်အလား ထင်ရသည်။

တိုက်ဆိုင်မှု ဟူသည်မှာ ကံကြမ္မာမှ ပြဋ္ဌာန်းထားသည့် ရှောင်လွှဲမရနိုင်သော အဖြစ်အပျက် တစ်ခုသာ ဖြစ်သည်။

၎င်းမှာ လေဒီဆစ်ဗာ စီစဉ်ထားသည့် ကံကြမ္မာလော။

ဖြစ်နိုင်ပေသည်။ မူလ စုန်းမကြီးမှာ တစ်ဖက်လှည့်ဖြင့် သူမကို ဤကောင်းချီးခံထံ လမ်းညွှန် ပေးခဲ့ခြင်း ဖြစ်ရမည်။ ထိုလုပ်ရပ်က သူမထံတွင် အိုင်းရစ် မျိုးနွယ်စုနှင့် ပဋိညာဉ်သစ် တစ်ခုကို ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်ချက် ရှိနေကြောင်း ဖော်ပြသည်။

သို့သော်လည်း... လေဒီဆစ်ဗာမှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို မချရသေးကြောင်း ဒိုရစ် နားလည်သည်။ မဟုတ်ပါက... သူမက အိမ်မက်ဘုံကို အိုင်းရစ်မျိုးနွယ်စု ရှိရာထံ ဆင်းသက်စေကာ အလွယ်တကူ ဆက်သွယ်နိုင်အောင် ခွင့်ပြုပေးလိမ့်မည် ဖြစ်သည်။ ဤမျှလောက် ဒုက္ခခံခိုင်းလိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့်ပင် လေဒီဆစ်ဗာ ၏ ရည်ရွယ်ချက်က စောင့်ဆိုင်း၍ စောင့်ကြည့်ရန် ဖြစ်နေသေးကြောင်း ညွှန်ပြသည်။

အကယ်၍ သူမသာ ပဋိညာဉ်သစ် ကို ချောမွေ့စွာ ပြန်လည်ဖွဲ့စည်းနိုင်ပြီး ဝမ်းမြောက်ဖွယ် သတင်းစကားကို ယူဆောင်သွားနိုင်ပါက ဆုတ်ယုတ်နေသည့် အိုင်းရစ် နွယ်စုမှာ တစ်ဖန် ပြန်လည် ထွန်းကား လာပေလိမ့်မည် ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့်... သူမသာ ကျရှုံးပါက မျိုးနွယ်စု ပျက်စီးခြင်းကို ဦးဆောင်သွားစေနိုင်သည့် အပြစ်သား တစ်ယောက် ဖြစ်လာနိုင်သည်။ ထို့ကြောင့်ပင်... သူမ သတိထား၍ ရှေ့ဆက်ရန် လိုအပ်သည်။

ဒိုရစ် စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရင်း မည်သည့် အားနည်းမှု လက္ခဏာကိုမျှ ထုတ်ဖော်မပြမိအောင် ကြိုးစားလိုက်သည်။ ထို့နောက် နူးညံ့သည့် အပြုံးတစ်ခုကို ဖော်ဆောင်ရင်း အလွန်ပင် ဖော်ရွေသော အမူအရာ ဖြင့်...

“ဒီလိုပါ... ကျွန်မ ဒီစာအုပ်ဆိုင် ရှိနေတာကို ကျိကျစ်ရှို့ ဆီကနေ ကြားခဲ့ရတာပါ... သူက သူ့ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ သူဌေးဆီကနေ အကူအညီရခဲ့ပြီး သူဌေးက လက်တွေ့လောကရဲ့ ဘုရားသခင် တစ်ပါးလိုပါပဲလို့ ပြောပြပါတယ်”

“...”

လင်ကျဲ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ကျိကျစ်ရှို့က သူ့ကို ဤမျှ မြင့်မားသော စကားလုံးများဖြင့် တင်စားလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ချေ။

သို့သော်လည်း... ယနေ့ခေတ် လူငယ်များအတွက် အချစ်ရေးတွင် အခက်အခဲများ ကြုံတွေ့ရခြင်း၊ အထူးသဖြင့် လူယုတ်မာ တစ်ဦးထံမှ စွန့်ပစ်ခံရခြင်း အတွေ့အကြုံမှာ ချောက်နက်ကြီး တစ်ခုထဲသို့ ကျဆင်းသွားခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

ထို့အပြင်... မိုးသည်းထန်စွာ ရွာနေသည့် နေ့တစ်နေ့တွင် စာအုပ်ဆိုင်သို့ မမျှော်လင့်ဘဲ ရောက်ရှိလာကာ ဘဝလမ်းညွှန်ဆရာ တစ်ဦးနှင့် တွေ့ဆုံပြီး မှန်ကန်သည့် လမ်းညွှန်မှုတစ်ခု ရရှိသွားခြင်းမှာလည်း ပြဇာတ်တစ်ခု မှ ဇာတ်ကွက်အတိုင်း ဖြစ်နေသည်။

ဤအရာကပင် ကျိကျစ်ရှို့ ထံ၌ သူ့အပေါ် မှီခိုလိုစိတ် နှင့် ရိုသေ လေးစားစိတ်တို့ကို မလွဲမသွေ ဖြစ်ပေါ်စေခဲ့ပုံ ရလေသည်။

သို့သော်လည်း... လင်ကျဲမှာ ယခုလို ဆင်းတုတော် ကိုးကွယ်ဆန်သော စိတ်ထားမျိုးကို မလိုလားပါချေ။ နောက်တစ်ကြိမ် တွေ့ဆုံသည့် အခါ ထိုလူချမ်းသာ သခင်မလေးအား မိမိကိုယ်တိုင် စဉ်းစားတွေးခေါ်ခြင်း၏ အရေးကြီးပုံ ကို ပြောပြရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

ကမ္ဘာလောကကြီးအား သိပ္ပံနည်းကျကျနှင့် ဆင်ခြင်တုံတရား ရှိစွာ ကြည့်ရှုခြင်းသည်သာ မှန်ကန်သော စိတ်ထား ဖြစ်သင့်ပေသည်‌။ အခြားသူများအပေါ် လွန်ကဲစွာ မှီခိုခြင်း သည် ကောင်းသောအရာ မဟုတ်ပေ။

လင်ကျဲက ခေါင်းခါရင်း ပြုံးလိုက်၏။

“ဘုရားသခင်လား... ကျွန်တော် အဲဒီလောက် မကြီးကျယ်ပါဘူး... အဲဒါက တော်တော်လေးကို ချဲ့ကားပြောဆိုတာပါ... ကျွန်တော်က စာအုပ်ဆိုင် ဖွင့်ထားတဲ့ သာမန်လူတစ်ယောက်ပါ... နောက်ပြီး ကျိကျစ်ရှို့က ကျွန်တော့် အပေါ် လွန်လွန်ကျွံကျွံ မှီခိုနေမိတာ ဖြစ်နိုင်ပါတယ်”

***

All Chapters