ဒိုရစ်၏ ပြဿနာ
Vol. 4 Ch. 54
“ဘုရားသခင်လား... ကျွန်တော် အဲဒီလောက် မကြီးကျယ်ပါဘူး... အဲဒါက တော်တော်လေးကို ချဲ့ကားပြောဆိုတာပါ... ကျွန်တော်က စာအုပ်ဆိုင် ဖွင့်ထားတဲ့ သာမန်လူတစ်ယောက်ပါ... နောက်ပြီး ကျိကျစ်ရှို့က ကျွန်တော့် အပေါ် လွန်လွန်ကျွံကျွံ မှီခိုနေမိတာ ဖြစ်နိုင်ပါတယ်”
လင်ကျဲမှာ စိတ်အတွင်း ရှိသည့် စကားလုံးများကို အရိုးသားဆုံး ဆိုလိုက်ခြင်း ဖြစ်သော်လည်း... တိုးလို့ရုန်းလို့ မရနိုင်လောက်အောင်ပင် ဒိုရစ်၏ သူ့ အပေါ် အထင်အမြင်များကတော့ သာ၍ပင် ပြောင်းလဲ လာခဲ့လေသည်။
ကျိကျစ်ရှို့ ၏ လွန်ကဲစွာ ညွှန်းဆိုမှုများကြောင့်... မူလက ဤပုဂ္ဂိုလ်မှာ သူ့ကိုယ်သူ အရာရာကို သိမြင်နိုင်သည့် ဘုရားသခင် တစ်ပါးလို ကြွေးကြော်နေသူ ဟူ၍ သူမ ကောက်ချက်ချခဲ့သည်။
သို့သော်လည်း... ယခု ကြည့်ရသည်က ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ အမှန်တကယ် နှိမ့်ချသူ ဖြစ်ပြီး၊ သူ၏ စောင့်ရှောက်မှု ကို ခံယူပြီးသည့် နောက်တွင်မှ ကျိကျစ်ရှို့မှာ သူ့ကို ဘုရားသခင် တစ်ပါး အဖြစ် ပြောင်းလဲ မြင်လာခြင်း ဖြစ်သည်။
သို့သော်လည်း ဤစာအုပ်ဆိုင် ပိုင်ရှင်မှာ လေဒီဆစ်ဗာ နှင့် နီးစပ်သူ ဖြစ်လေရာ သူ့ကို နတ်ဘုရား တစ်ပါးလို သက်ရှိ တစ်ဦးနှင့် နှိုင်းယှဉ်ပါက မှားယွင်းစရာ မရှိပေ။
“သူဌေးက တကယ် နှိမ့်ချတတ်တာပဲ...”
ဒိုရစ်က ပြောလိုက်၏။
“မှန်ပါတယ်... သူက သူဌေးကို အများကြီး လေးစားတဲ့လူ တစ်ယောက်ပါ... နောက်ပြီး ကျွန်မတို့ မျိုးနွယ်စု ရင်ဆိုင်နေတဲ့ အခက်အခဲ အကြောင်းကို ကြားတော့ သူဌေးဆီမှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှိမလား ဆိုပြီး လာရောက် ဆွေးနွေးဖို့ တိုက်တွန်းခဲ့တာပါ”
မျိုးနွယ်စု...
လင်ကျဲ ခေတ္တမျှ ကြောင်အ သွား၏။ သို့သော်လည်း... စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် မကြာမီပင် သဘောပေါက် သွားသည်။ ကျိကျစ်ရှို့၏ မိသားစုသည် အလွန်ချမ်းသာသောကြောင့်ပင် မျိုးနွယ်စုများနှင့် ရင်းနှီးကျွမ်းဝင်နေခြင်း ဖြစ်နိုင်သည်။
နော်ဇင်မြို့တော်မှာ အလွန် ကျယ်ပြန့်လှသည့် နေရာတစ်ခု ဖြစ်ကာ သာမန်လူများ နေထိုင်သည့် အထက်ပိုင်း ခရိုင်၊ ကူးစက်ခံများ နေထိုင်သည့် အောက်ပိုင်းခရိုင်တို့ အပြင် ချမ်းသာ ကြွယ်ဝ၍ အာဏာရှိသူများ နေထိုင်သည့် ဗဟိုခရိုင်တို့လည်း ရှိသေးသည်။ ခေတ်အဆက်ဆက် အမွေ ဆက်ခံလာသည့် မျိုးရိုးနာမည်ဖြင့် မြင့်မြတ်လှသော တော်ဝင် မျိုးနွယ်စုများမှာ ထိုနေရာတွင် နေထိုင်ကြသူများ ဖြစ်သည်။
‘ဟား... ဒါဆို ကျိကျစ်ရှို့ မိတ်ဆက်ပေးတဲ့ သူ့ သူငယ်ချင်းပေါ့... အင်းလေ... ချမ်းသာတဲ့သူတွေမှာ ချမ်းသာတဲ့ သူငယ်ချင်းတွေ ရှိတတ်ကြတာပဲ... ဒီလောက် အဆင့်မြင့်တဲ့ ကော့စ်ပလေးကို ဝတ်နိုင်တာ အံ့ဩစရာ မရှိတော့ဘူး...’
၎င်းက ဂျိုးဇက်၏ စက်ရုပ်လက်မောင်း လိုပင် သာမန်လူများ မတတ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။
ပြန်စဉ်းစားကြည့်ရလျှင်... အဘိုးဝယ်မှ ဂျိုးဇက်ကို ဦးတည်စေခဲ့သည်။ မေလီဆာကတော့ ဂျိုးဇက် ကြောင့် ရောက်လာသည်။ ဤသခင်မလေးမှာလည်း ကျိကျစ်ရှို့ ကြောင့် စာအုပ်ဆိုင်သို့ လာရောက်လည်ပတ်နေခြင်း ဖြစ်သည်။
ဖောက်သည်များနှင့် အချိန်ကြာမြင့်စွာ တည်ဆောက်ထားသည့် ဆက်ဆံရေးများက နောက်ဆုံးတွင် အသီးအပွင့် စတင် ပေးနေပြီဟု လင်ကျဲ ခံစားလိုက်မိသည်။ သူ၏ ဖောက်သည်များမှာ သူ့လုပ်ငန်းကို အလိုအလျောက် မြှင့်တင် ပေးနေကြကာ ချီးကျူးဂုဏ်ပြုမှုများ ကို ပြန့်ပွားပေးနေကြသည်။
‘တကယ့်ကို အံ့မခန်းပဲ...’
လင်ကျဲ တစ်ယောက် အလေ့အကျင့်အတိုင်းပင် လက်ပိုင်ရင်း ဒိုရစ်ကို တည့်တည့်ကြည့်လိုက်၏။
“ခင်ဗျားမှာ ပြဿနာကို ပြောပြပါဦး...”
ထိုကဲ့သို့ မေးလိုက်သော်လည်း... လင်ကျဲ၏ စိတ်ထဲတွင် ထိုမိန်းကလေး၏ ပြဿနာကို ဖြေရှင်းပေးဖို့ အတိအကျ ဆုံးဖြတ်ရသေးခြင်း မရှိပေ။
မည်သို့ပင်ဆိုစေ... မေးခွန်းမေးခြင်းသည် အခမဲ့ ဖြစ်သည်။ သူမ၏ ပြဿနာကို ဖြေရှင်းပေးသင့် မပေးသင့်နှင့် မည်ကဲ့သို့ ဖြေရှင်းရမည်ကို စဉ်းစား ဆုံးဖြတ်နိုင်ခြင်း မရှိမီ အခြေအနေကို ဦးစွာ နားလည် သိရှိထားဖို့ အရေးကြီးပေသည်။
အကယ်၍ အချစ်ရေး အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ပညာရေး ပြဿနာများ ဆိုပါက လင်ကျဲ ကူညီဖြေရှင်းပေးဖို့ ကြိုးစားနိုင်သည်။
သို့သော်လည်း နားလည်ရ ခက်သည့် သင်္ချာမေးခွန်းတစ်ခုကို ဖြေရှင်းပေးရန် အကူအညီတောင်းပါက လင်ကျဲ တစ်ယောက် ငြင်းပယ်ရန်အတွက် တောင်းပန်ရပေလိမ့်မည်။
ဒိုရစ်ကတော့ စာအုပ်ဆိုင်ပိုင်ရှင်၏ မေးခွန်းထုတ်နေသည့် အကြည့်တွင် လေဒီဆစ်ဗာ ၏ ဆန္ဒကို ခံစားနေမိ၏။ သူမက အပ်ဖျားတွင် ထိုင်နေသည့် လူတစ်ယောက်လိုမျိုး သတိထား၍ ဂရုတစိုက် ဖြေကြားလိုက်သည်။
“ရှေးခေတ်ကာလတွေ တည်းက ကျွန်မတို့ မျိုးနွယ်စုဟာ အိုင်းရစ်ပန်း ဆိုတဲ့ အမှတ်တံဆိပ်ရဲ့ ဂုဏ်ကျက်သရေကို လက်ဆင့်ကမ်းပြီး သယ်ဆောင်ခဲ့ပါတယ်... ဒါပေမဲ့ ယုံကြည်ချက်နဲ့ အဓိပ္ပာယ်ကို ဆုံးရှုံးပြီးနောက်ပိုင်းမှာ ကျွန်မတို့ မျိုးနွယ်စုဟာ ဆုတ်ယုတ် လာခဲ့ပြီးတော့ အိပ်မက်မရှိတဲ့ လေလွင့်သူတွေ ဖြစ်လာခဲ့ရပါတယ်... ဒါကြောင့်ပဲ ကျွန်မတို့ဟာ အိုင်းရစ် မျိုးနွယ်စုရဲ့ အတိတ်က ဂုဏ်ကျက်သရေကို ပြန်လည် တည်ဆောက်ပြီး အိုင်းရစ်ပန်းကို တစ်ဖန် ပြန်လည် ပွင့်လန်းစေချင်ပါတယ်”
လေဒီဆစ်ဗာမှာ သူမ၏ အိပ်မက်ဘုံကို ဤနေရာသို့ ဆင်းသက်စေခဲ့လေရာ စီရင်ပိုင်ခွင့်ကို ဤစာအုပ်ဆိုင် ပိုင်ရှင်ထံ အပ်နှင်းခဲ့ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့်ပင် ဤထူးခြားသော သက်ရှိထံ၌ အကြွင်းမဲ့ သြဇာအာဏာ ရှိနေကာ သူ၏ လိုအပ်ချက်များကို ကျေနပ်အောင် ပြုလုပ်ပေးဖို့ သူမ အတွက် လုံးဝ လိုအပ်ပေသည်။
‘ဪ... အမှတ်တံဆိပ်’
လင်ကျဲ မျက်ခုံးပင့်လိုက်၏။ လက်စသတ်တော့ ပြဿနာက သူတို့ မျိုးနွယ်စု၏ လက်ဆင့်ကမ်းလာသည့် အမှတ်တံဆိပ်၊ ဂုဏ်သိက္ခာနှင့် ပတ်သက်နေပေသည်။
မျိုးနွယ်စုများမှာ ဘယ်တော့မှ ရိုးရှင်းခြင်း မရှိလှချေ။ သူတို့ထံတွင် ကိုယ်ပိုင် အနုပညာများ၊ ယုံကြည်မှုများ၊ ပြက္ခဒိန် စနစ်များ နှင့် အခြားသော ကဏ္ဍများပင် ရှိတတ်သည်ဟု သူ ကြားဖူးသည်။ အမှတ်တံဆိပ် ဟူသည်မှာ ကိုယ်ပိုင် ရိုးရာ၊ ယဉ်ကျေးမှုနှင့် ယုံကြည်မှုတို့ကို မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်း၍ ပုံဖော်ထားသည့် သင်္ကေတ တစ်ခု ဖြစ်သည်။
သို့သော်လည်း ဤ နွယ်စုမှာ ရှည်လျားလှသည့် သမိုင်းတစ်လျှောက်တွင် စစ်ပွဲ ကဲ့သို့သော မမျှော်လင့်ထားသည့် မတော်တဆမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ယုံကြည်ချက်များမှာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ခြင်း ဖြစ်နိုင်သည်။ မျိုးနွယ်စု အမှတ်တံဆိပ်၏ အဓိပ္ပာယ်ကို အပြည့်အဝ မဖော်ဆောင်နိုင်တော့ခြင်းကြောင့်ပင် ဤတော်ဝင် မျိုးနွယ်စုမှာ သူတို့၏ ဂုဏ်သိက္ခာ ကို ဆုံးရှုံးခဲ့ခြင်း ဖြစ်နိုင်သည်။
ဤသခင်မလေးမှာ သူတို့ မျိုးနွယ်စု၏ သမိုင်းကို ပြန်လည် ရှာဖွေရန်နှင့် မျိုးနွယ်စု အမှတ်တံဆိပ်၏ ရည်ရွယ်ချက်ကို ပြန်လည် တွေ့ရှိရန် ကူညီပေးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင်... သူမက သူတို့ သဘောတူနိုင်သည့် ပြည့်စုံသော မိသားစုနွယ်စု သမိုင်းကြောင်းကို ဖန်တီးပေးရန် ကူညီပေးမည့် ပညာရှင် တစ်ဦး လိုအပ်နေခြင်း ဖြစ်သည်။ ထို့နောက်တွင်မှ သူတို့ကိုယ် သူတို့ တစ်ဖန် ပြန်လည် ထူထောင်မည် ဖြစ်သည်။
ထိုအတွက် ယုံကြည်စိတ်ချရသော ပညာရှင် တစ်ဦး လိုအပ်သည်။ မဟုတ်ပါက... တစ်စုံတစ်ဦးက တစ်စုံတစ်ရာ မှားယွင်းနေသည် ကို သိရှိပါက နွယ်စု၏ ဂုဏ်သိက္ခာ အတွက် ပြဿနာတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
‘ဒါက ပြဿနာ သေးသေးလေး မဟုတ်ဘူး... ပိုက်ဆံ ပိုတောင်းမှ ဖြစ်မယ်...’
လင်ကျဲက အလွန် တောက်ပပြီး ပရော်ဖက်ရှင်နယ် ဆန်ဆန် အပြုံးမျိုးကို ပြုံးလိုက်၏။
“ပြဿနာ မရှိပါဘူး... ဒါပေမဲ့...”
လင်ကျဲ စကားကို တစ်ဝက်တစ်ပျက် ရပ်လိုက်စဉ် ဒိုရစ်၏ မျက်နှာထက်၌ ထူးဆန်းသော အမူအရာ တစ်ခု ပေါ်လာခဲ့သည်။
ထိုအခိုက်တွင်ပင် အပြင်ဘက်မှ လင်းထိန်နေသည့် အလင်းတန်း တစ်ခုမှာ ပြတင်းပေါက်များမှတစ်ဆင့် စာအုပ်ဆိုင်အတွင်းသို့ လင်းထိန်သွားစေခဲ့၏။
“ဖောက်သည်သစ်တွေ ထပ်ရောက်လာပြန်ပြီနဲ့ တူပါတယ်”
ပြတင်းပေါက်များမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာသည့် အလင်းရောင်ကို သတိပြုမိရာ လင်ကျဲ မျက်ခုံးပင့်လိုက်သည်။
‘ဒါတွေက... ကားရှေ့မီး တွေလား... ဒါပေမဲ့ ဒီလို ရာသီဥတုမျိုးမှာ ကားမောင်းလာမယ့်လူ ရှိပါ့မလား...’
လင်ကျဲ သံသယ ဖြစ်စွာ တွေးလိုက်မိ၏။ ဤကဲ့သို့ ရာသီဥတုမျိုးတွင် ကားမောင်းခြင်းမှာ လမ်းလျှောက်ခြင်းထက် အဆများစွာ ပို၍ အန္တရာယ်များသည်။ မတော်တဆမှု တစ်ခုခု ဖြစ်ပွားခဲ့ပါက အကူအညီတောင်းခံရန် နေရာလုံးဝ မရှိသလို ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာရန် ခက်ခဲပေလိမ့်မည်။
ထို့အပြင်... ထိုကားရှေ့မီးများမှာ ဦးတည်ရာကို ပြောင်းလဲခြင်း မရှိဘဲ စာအုပ်ဆိုင်၏ အတွင်းပိုင်းကိုသာ ရည်ရွယ်ချက်ရှိရှိ ဦးတည်ထားကြောင်း ထင်ရှားသည်။
စာအုပ်ဆိုင်ရှေ့မှ လမ်းမမှာ ဖြောင့်တန်းနေပေသည်။ မည်သူမျှ လမ်းမကို ကန့်လန့်ဖြတ်၍ ရပ်နေလိမ့်မည် မဟုတ်ပါချေ။ အကယ်၍ ထိုပုဂ္ဂိုလ်မှာ ကွေ့ပတ်ခြင်း (U သဏ္ဌာန်) ပြုလုပ်နေသည်ဆိုလျှင်ပင် ယခုအချိန်တွင် ယာဉ်၏ ဦးတည်ရာ ပြောင်းလဲသင့်ပြီ ဖြစ်သည်။
အကယ်၍ ယာဉ်မောင်းနှင်သူမှာ အရူးတစ်ယောက် မဟုတ်ဘူး ဆိုပါက ဆိုင်တည့်တည့်ကို ဦးတည်၍ ရှေ့မီးတန်း ထိုးထားခြင်းမှာ အလွန် ရိုင်းစိုင်း ပေသည်။ ကောက်ချက်ချရပါက ယခုရောက်ရှိလာသူထံတွင် ရင်းနှီးသော ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။
လင်ကျဲ မျက်မှောင်ကြုတ်လိုက်၏။ သူ့ဆိုင်၏ လိုင်စင်မဲ့ အခြေအနေက နောက်ဆုံးတွင် ပေါ်လွင် သွားခဲ့ပြီလား။
လွန်ခဲ့သည့် သုံးနှစ်ခန့်က မိန်းမငယ်လေး တစ်ဦး ဖြစ်သည့် ချီလီ၏ အကူအညီဖြင့် နော်ဇင်တွင် လင်ကျဲ တရားဝင် သတ်မှတ် စာရွက်စာတမ်းများ ကို ရရှိခဲ့သည်။ ထို့နောက်... ဒေသတွင်း ကူးသန်းရောင်းဝယ်ရေး အသင်း ၏ အကူအညီဖြင့် လုပ်ငန်းကို အောင်မြင်စွာ စတင်ခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် သူ၏ ဆိုင်က လိုင်စင်မဲ့ ဆိုင် တစ်ခုသာ ဖြစ်နေဆဲပင်။ ဇာစ်မြစ် တွင် ပြဿနာရှိနေသရွေ့၊ မည်မျှပင် ဖုံးကွယ်စေကာမူ အမှန်တရားတစ်ခု ပေါ်ပေါက်လာခြင်း ကို တားဆီးလို့ မရနိုင်ပေ။
***