ဒိုရစ်၏ စွမ်းအား
Vol. 4 Ch. 56
ဤအချိန်တွင်... အပြင်ဘက်မှ မြင်ကွင်းမှာ လင်ကျဲ ၏ စိတ်ကူးပုံဖော်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။
သို့သော် အခြားရှုထောင့်မှ စဉ်းစားကြည့်ပါက... အမှန်တကယ် ဆင်တူမှုများလည်း ရှိနေသည်။ စာအုပ်ဆိုင်နှင့် ကီလိုမီတာ အနည်းငယ် ကွာဝေးသော နေရာတွင် အလွန် ကြီးမားလှသည့် အဖြူရောင် ကျိန်စာ အစီအရင်ကြီး တစ်ခုမှာ ကောင်းကင်ယံတွင် လည်ပတ် နေခဲ့သည်။ ၎င်း၏ ဗဟိုတွင်တော့ သန့်စင်သည့် အဖြူရောင် အလင်းလုံး တစ်ခုမှာ လျင်မြန်စွာပင် ပုံသဏ္ဍာန် ပျက်ယွင်း နေခဲ့ကာ ကြောက်မက်ဖွယ် စွမ်းအင်များကို စုဆောင်းနေခဲ့သည်။
မိုးကြိုးလျှပ်စီးများမှာ မှောင်မည်းသော မိုးတိမ်များ ကြားတွင် တဖျပ်ဖျပ် လက်နေကာ တဖြည်းဖြည်း ပိုမို များပြားလာသည့် ရေခိုးရေငွေ့များက မြူနှင်းတိမ်တိုက်များကို ဖန်တီးနေ၏။
ဟူး... ဟူး...
ကျိန်စာ အစီအရင်ကြီး၏ အောက်တွင်တော့ အီသာ စွမ်းအင်များမှာ ကွင်းတစ်ခု သဖွယ် အရှိန်အဟုန် ပြင်းစွာဖြင့် လည်ပတ်နေ၏။
၎င်း၏ ဗဟိုချက် နေရာကို လမ်း၍ ကြည့်လိုက်ပါက သီလရှင် ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး လက်များကို ဆုပ်ကိုင်ရင်း ဆုတောင်းလျက် လေထဲတွင် ပျံဝဲနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူမ၏ အမူအရာက အေးစက် နေကာ ကျိန်စာ ကို ရွတ်ဆိုနေသည့် နှုတ်ခမ်းများသာလျှင် လှုပ်ရှားနေခဲ့၏။
မော်ဖီကဲ့သို့ပင် ထာဝရ အနားယူခြင်း ခေါင်းတလားသည်လည်း လေထဲတွင် ပျံဝဲနေကာ မြှုပ်နှံထားသည့် ကျောက်မျက်ရတနာများမှာ သွေးနီရောင် အဆင်းဖြင့် ထူးဆန်းစွာ တောက်ပနေခဲ့သည်။
ထာဝရ အနားယူခြင်း ခေါင်းတလား၏ မူလ သဘောတရားမှာ ‘ရှင်ပြန်ထမြောက်ခြင်း’ ဖြစ်သည်။ သို့သော်လည်း... ‘ရှင်ပြန်ထမြောက်ခြင်း’ မတိုင်မီ ‘သေခြင်း’ နှင့် ‘နာကျင်ခြင်း’ တို့၏ အတွေ့အကြုံများကိုလည်း ဦးစွာ ရှိရန် လိုအပ်သည်။
ထို့ကြောင့်ပင် ဤမှော်ရတနာမှာ ကျိန်စာ အစီအရင်များတွင် အသုံးပြုနိုင်သည့် အထောက်အကူပြု ပစ္စည်း တစ်ခု ဖြစ်လာခြင်း ဖြစ်သည်။
ရွတ်ဆိုသံများ တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် မှော်အစီအရင်မှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။ မော်ဖီ မျက်လုံးများကို ဖွင့်လိုက်ရင်း ကျေနပ်စွာ ပြုံးလိုက်၏။
မော်ဖီ ရပ်တန့်လိုက်သည်ကို တွေ့မြင်လိုက်ရသော အခါ စောင့်ဆိုင်းနေသည့် စကားလက် ဝါဒီဂိုဏ်းဝင် အောက်လမ်း မှော်ဆရာများထဲမှ တစ်ဦးက ကတိုက်ကရိုက် ရှေ့သို့ တက်လာခဲ့၏။
“မဒမ် မော်ဖီ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ရဲ့ အဖွဲ့ဝင်တွေ သတိထားမိသွားပြီး အလျင်အမြန် လာနေပါပြီ... အခု လောလောဆယ် ကျွန်တော်တို့ အဖွဲ့ဝင်တွေက သူတို့ကို ကြားဖြတ် တားဆီး နေပါတယ်... ဒါပေမဲ့ လူအင်အား မလုံလောက်တာကြောင့် ဆယ်မိနစ်လောက်ပဲ တားဆီးနိုင်ပါလိမ့်မယ်”
မော်ဖီက ပြီးစီးနေပြီ ဖြစ်သည့် မှော်အစီအရင်ကို တစ်ချက် ကြည့်လိုက်ရင်း အထင်အမြင်သေးစွာ ပြုံး လိုက်သည်။ ထို့နောက် သူမက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရင်း...
“ဝင်ရိုးစွန်း သေမင်းရောင်ခြည်က ပြီးနေပြီ... ကြားဖြတ် တားဆီးဖို့ မလိုအပ်တော့ဘူး... နေရာရွှေ့ပြောင်းဖို့ အစီအရင်ကိုသာ ပြင်တော့ ”
ဝင်ရိုးစွန်း သေမင်းရောင်ခြည်၏ စွမ်းအားကို သူမ ကောင်းစွာ သိသည်။ ဖရန့်ခ် ဝယ်လ်၏ အထွတ်အထိပ် အခြေအနေတွင်ပင် ဤမျှ နီးကပ်သော အကွာအဝေးမှ ထိမှန်ခံရပါက ပြင်းထန်သည့် ဒဏ်ရာများ ရရှိလိမ့်မည် ဖြစ်သည်။
အခရာ အဆင့် (S-rank) မဟုတ်ပါက... ထိခိုက်မှုမရှိဘဲ လွတ်မြောက်သွားရန် လုံးဝ နည်းလမ်းမရှိပေ။ သို့သော်လည်း... အခရာ အဆင့် ရှိသည့် သက်ရှိများထဲမှ တစ်ဦးမှ နော်ဇင် တွင် ရှိနေနိုင်စရာ အကြောင်းမရှိပေ။
မော်ဖီ လုပ်ချင်သည့်အရာက ဤပုဂ္ဂိုလ်ကို အပြည့်အဝ သတိပေးခြင်း ဖြစ်သည်။
ဝင်ရောက် စွက်ဖက်နေခြင်းကို ယခုချက်ချင်းရပ်...။
ဝင်ရိုးစွန်း သေမင်းရောင်ခြည်မှာ မော်ဖီ အသုံးပြုနိုင်သည့် အီသာ စွမ်းအင် ၏ ၈၀% ခန့်ကို ကုန်ခမ်း စေခဲ့သော်လည်း၊ အကျိုးသက်ရောက်မှုက တန်ဖိုးရှိလိမ့်မည် ဟု ယုံကြည်ထားသည်။
ပုံမှန်အားဖြင့် ရိုးရှင်းသည့် သတိပေးချက် တစ်ခု အတွက် ဤမျှလောက် လွန်လွန်ကဲကဲ အစီအစဉ် ဆွဲစရာ မလိုပါချေ။
သို့သော်လည်း... ဝယ်လ်၏ တန်ပြန်ကျိန်စာကြောင့် လက်အောက်ငယ်သားများ ရှေ့တွင် အလစ်အငိုက်မိခဲ့သည့် ဌာနချုပ် ရှိ ဖြစ်ရပ်က မောဖီကို ဒေါသထွက်စေခဲ့ပြီး ဤလူရှုပ်လူပွေအား ဘယ်တော့မှ မမေ့နိုင်မည့် သင်ခန်းစာ တစ်ခု ပေးချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
အောက်လမ်း မှော်ဆရာများ အပေါ် ပြင်ပလူများ၏ အထင်အမြင်က အမှန်တကယ် မှန်ကန်ပေသည်။ သူတို့ အားလုံးမှာ ရူးသွပ်သူများ၊ သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်မျှသာ ကျန်ရှိသော ချိန်ကိုက်ဗုံးများ ဖြစ်သည်။
အနည်းဆုံးတေ့ မော်ဖီမှာ ကျိန်စာကို ရွတ်ဆိုပြီးနောက်တွင် နေရာရွှေ့ပြောင်းရန် သတိရခဲ့သေးသည် မဟုတ်ပါလား...။
သူမ၏ ဘေးမှ အောက်လမ်း မှော်ဆရာ က ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့”
ထို့နောက် သူက အခြား အောက်လမ်း မှော်ဆရာများ နှင့် အကြည့်ချင်းဖလှယ်လိုက်ကာ အဆင်သင့် ပြင်ဆင်ထားသည့် ပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းဖို့ လုပ်လိုက်လေတော့သည်။
ဝမ်... ဝမ်...
ထူးဆန်းသည့် အသံ အချို့နှင့် အတူ အလင်းပြာရောင် ပို့ဆောင်ရေး ဂိတ်တံခါး တစ်ခုမှာ ကောင်းကင်ယံတွင် ဖြည်းညင်းစွာ စတင် ပွင့်လာခဲ့၏။
တစ်ချိန်တည်းတွင်ပင် ဝင်ရိုးစွန်း သေမင်းရောင်ခြည်၏ အဖြူရောင် ဗဟိုချက်မှာ ကန့်သတ်ချက်သို့ ရောက်ရှိလာကာ အလွန်အမင်း သန့်စင်သည့် အနက်ရောင် အစက်တစ်စက် အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
အစွန်းရောက်သည်အထိ စုစည်းထားသည့် အီသာ စွမ်းအင်များမှာ ပစ်လွှတ်လိုက်ကာ ဓားတစ်ခုက မှောင်မည်းသည့် မိုးတိမ်များကို ထိုးဖောက်သွားသကဲ့သို့ အလွန်အမင်း သန့်စင်သည့် အဖြူရောင် စွမ်းအင်တန်း တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။
ဘုန်း...
အပူပေးထားသည့် ဓားတစ်ချောင်းက ထောပတ် ကို လှီးဖြတ်လိုက်သကဲ့သို့ ထိုစွမ်းအင်တန်းမှာ လေထုအတွင်း ပျံ့နှံ့နေသော မြူခိုးများကို ဖြတ်တောက်လိုက်ကာ လေဟာနယ် တစ်ခုကို ဖန်တီးထားခဲ့၏။
ငေးကြည့်နေရုံဖြင့်ပင် စကားလက်ဝါဒီဂိုဏ်းမှ အောက်လမ်း မှော်ဆရာများမှာ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် လေးစားမှုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ကြရသည်။
၎င်းမှာ အဆင့်မြင့် အောက်လမ်း မှော်ဆရာ တစ်ဦး၏ အစစ်အမှန် စွမ်းအားပင် ဖြစ်သည်။
မဒမ် မော်ဖီသည် အမှန်တကယ်ပင် အင်အား ကြီးမား လွန်းသည်။ ဖျက်ဆီးခြင်း အဆင့် (D- rank) နှင့် ထိုက်တန်ပေသည်။
လက်အောက်ငယ်သားများစွာမှာ ဖျက်ဆီးခြင်း အဆင့် အောက်လမ်း မှော်ဆရာ တစ်ဦး အစီအရင် ဖော်ဆောင်သည်ကို မြင်တွေ့ခွင့်ရသည့်အတွက် ကံကောင်းသည်ဟု ခံစားခဲ့ကြရသည်။
ထိုအခိုက်၌... အောက်လမ်း မှော်ဆရာ အများစုမှာ ပို့ဆောင်ရေး အစီအရင် အတွင်းသို့ ဝင်ရောက်ပြီးသွားကြပြီ ဖြစ်သည်။ သူတို့ အားလုံး၏ မျက်လုံးများမှာ ပစ်မှတ်ကို စိတ်လှုပ်ရှားစွာ စူးစိုက်ထားကြ၏။
စာအုပ်ဆိုင်...
ဟူး... ဟူး...
မျက်တောင် တစ်ခတ်စာ အတွင်းတွင်မှာပင် ‘ဝင်ရိုးစွန်း သေမင်းရောင်ခြည်’ မှာ စာအုပ်ဆိုင်မှ မီတာ ရာဂဏန်း အနည်းငယ်သာ ကွာဝေးတော့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အီသာ စွမ်းအင်ထုမှာ စာအုပ်ဆိုင်၏ တံခါးဝသို့ အရှိန်ပြင်းစွာ တိုးဝင်လာနေ၏။ နောက်ထပ် အနည်းငယ် ကြာလျှင် စာအုပ်ဆိုင် တစ်ခုလုံးမှာ မြေပြင်တွင် ပြားပြားဝပ်သည် အထိ ပျက်စီး သွားသည်ကို မြင်တွေ့ရတော့မည်။
ချွင်...
ရုတ်တရက်... တံခါးဝတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်း၏ ကြည်လင်သော အသံ မြည်လာကာ စာအုပ်ဆိုင်၏ တံခါးကို ဖွင့်လိုက်သည်။
‘အမ်... သူက ပြန်ပြီး တိုက်ခိုက်တော့မှာလား...’
မော်ဖီ အပါအဝင် အောက်လမ်း မှော်ဆရာ အားလုံး၏ အာရုံစူးစိုက်မှုများမှာ ချက်ချင်းပင် တံခါးဝဆီသို့ စုပြုံကျရောက် သွားကြ၏။
ဤမတိုင်မီက ရိုးရှင်းသည့် အီသာ စွမ်းအင် အတားအဆီး သာ ရှိခဲ့ကာ အခြား မည်သည့် လှုပ်ရှားမှုမှ မရှိသောကြောင့် စာအုပ်ဆိုင်ပိုင်ရှင် လုံးဝ လက်လျှော့လိုက်ပြီ ဟု ယူဆထားခဲ့ကြသည်။
တံခါးကို ဖွင့်လိုက်ပြီးနောက် ထွက်လသည့် ပုံရိပ်မှာ အတွင်းမှ လူကို အနှောင့်အယှက် ဖြစ်စေမှာ စိုးရိမ်သည့်အလား အလွန် လျင်မြန်စွာ ပြန်ပိတ် လိုက်၏။
“ဟမ်...”
အားလုံး၏ အမူအရာများမှာ ပြောင်းလဲ သွားကြ၏။ အပြင်သို့ လှမ်းထွက်လာသူမှာ စုံစမ်းထောက်လှမ်းရေး အရင်းအမြစ်များတွင် ဖော်ပြထားသည့် စာအုပ်ဆိုင်ပိုင်ရှင် မဟုတ်ချေ။ အဖြူရောင် ဂါဝန် ဝတ်ဆင်ထားသည့် လှပသော မိန်းကလေး တစ်ဦးသာ ဖြစ်နေသည်။
သူတို့အားလုံးမှာ မိန်းကလေး၏ ထူးခြားချက်များကို ချက်ချင်းပင် သတိပြုလိုက်မိ၏။
လှပသော၊ကျော့ရှင်း၍ ချွန်ထက်သည့် နားရွက်များ နှင့် ပြည့်စုံသည့် ရုပ်ရည်သွင်ပြင်...
၎င်းမှာ အဲလ်ဖ်များကို ပုံဖော်ထားသည့် ပုံရိပ်နှင့် လုံးဝ ကိုက်ညီနေသည်။
‘အဲလ်ဖ် လား...’
မော်ဖီ တုန်လှုပ် သွားခဲ့၏။ သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ စိတ်အစဉ်မှာလည်း စဉ်းစားရန် ရုန်းကန် နေရသည်။
‘ဘာလို့ အဲလ်ဖ် တစ်ယောက်လဲ... ဘာလို့ အဲလ်ဖ် တစ်ယောက်လဲ... ‘
ဒိုရစ်က လက်ကို လှမ်းထုတ်ရင်း ဆုပ်ကိုင်သည့် အမူအရာ ပြုလိုက်လိုက်ရာ သူမ၏ လက်ဖဝါး အတွင်းမှ သစ်ကိုင်း ကဲ့သို့ လှံတံ တစ်ချောင်း ထွက်ပေါ် လာ၏။ လှံတံ ၏ ထိပ်တွင် နှင်းလို ဖြူဖွေးနေသည့် အိုင်းရစ်ပန်း တစ်ပွင့် ရှိသည်။
‘အိုင်းရစ်ပန်း လား...’
မော်ဖီ ပိုမို၍ ထိတ်လန့် သွားခဲ့သည်။ ယူရီ နှင့် ဂျိုဟန်တို့၏ အသက်များကို နှုတ်ယူ ဝါးမြိုသွားခဲ့ပြီး ညှိုးနွမ်း မသွားမီ အကြွင်းအကျန် အညှီအဟောက် အသွေးအသားပေါ်တွင် ပွင့်ခဲ့သော ပန်းမှာလည်း အိုင်းရစ်ပန်းပင် ဖြစ်သည်။
သူမ ရုတ်တရက် ဆိုးဝါးသည့် နိမိတ် ကို ခံစားလိုက်ရ၏။
အဲလ်ဖ်က ရှေ့သို့ လှမ်းတက်လိုက်ရင်း ထိုးဖောက်ဝင်ရောက်လာသည့် အလင်းတန်း ကို ရင်ဆိုင်လိုက်သည်။
ဘုန်း...
ဒိုရစ်က သစ်ကိုင်းလှံတံ ကို ရွှံ့နွံများနှင့် ပြည့်နှက်နေသည့် မြေပြင်ထဲသို့ နက်ရှိုင်းစွာ စိုက်သွင်းလိုက်၏။ ၎င်း ကျွံဝင်သွားသည့် နေရာတစ်ဝိုက်တွင် အက်ကြောင်းများ ပေါ်လာခ့သည်။
“သစ်တောဘုံ နယ်နိမိတ်”
ဒိုရစ်က တီးတိုး ရွတ်ဆိုလိုက်၏။
ဘုန်း... ဘုန်း... ဘုန်း...
ချက်ချင်းပင် မြေပြင်မှ အမြစ်ပေါင်းများစွာ ထွက်ပေါ်လာကာ ဝင်ရိုးစွန်း သေမင်းရောင်ခြည်၏ လမ်းကြောင်း၌ ခိုင်ခံ့သည့် ဧရာမ သစ်ကိုင်းကြီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့က ပိုမို၍ တိုးချဲ့လာကာ နောက်ဆုံးတွင် သေမင်းရောင်ခြည်နှင့် တိုက်မိသွားတော့၏။
အလွန် ပူလောင်နေသည့် အီသာ ရောင်ခြည် အောက်တွင် သစ်ပင် သစ်ကိုင်းများမှာ တစ်စစီ ဖျက်ဆီးခံနေရသော်လည်း အမြစ်များက စဉ်ဆက်မပြတ် ပိုမို ကြီးထွား လာနေကာ ဧရာမ စက်ဝိုင်းခြမ်း ပုံစံ သစ်တော နယ်နိမိတ်ကြီး ဖန်တီးနေ၏။ တစ်ချိန်တည်းမှာပင် ၎င်းတို့က ဝင်ရိုးစွန်း သေမင်းရောင်ခြည် ကို စားသုံး နေလေသည်။
ထိပ်တိုက် တွေ့နေသည့် စွမ်းအားနှစ်ခုက အင်အားချင်း တူညီ နေလေသည်။ ဒိုရစ်မှာ အိုင်းရစ် နွယ်စု ၏ ဖျက်ဆီးခြင်း အဆင့် သူတော်စင် တစ်ယောက် ဖြစ်ပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ထိပ်တိုက် တွေ့ဆုံသည့် နေရာ၌ ကြီးမားသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့၏။ ဗဟိုချက် မှလွဲ၍ ကျန်ရှိသည့် အရာအားလုံးမှာ ချက်ချင်း ပျက်စီး သွားခဲ့သည်။
အဆောက်အအုံများမှာ ဒိုမီနို များကဲ့သို့ ပြိုလဲသွားကာ အီသာ စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံး သွားသည်နှင့်အမျှ မြေပြင်တွင် ကြီးမားသည့် ချိုင့်ခွက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။
ဒိုရစ်၏ မျက်နှာက အနည်းငယ် ဖြူဖျော့ သွားသော်လည်း မျိုးနွယ်စု လှံတံကို တည်ငြိမ်စွာပင် ဆွဲနှုတ်လိုက်၏။
ဝရုန်း... ဝရုန်း...
လှံကို နှုတ်ယူပြီးသည့်တိုင် သစ်ပင်မျာဖြင့် ဖွဲ့စည်းထားသည့် နယ်နိမိတ်မှာ ပိုမို လျှင်မြန်စွာ ထူထပ် လာနေဆဲ ဖြစ်သည်။ ဝင်ရိုးစွန်း သေမင်းရောင်ခြည်ကို ဖန်တီးထားခဲ့သည့် မှော်အစီအရင်ကတော့ ဆီဆေးပန်းချီကားကို အဝတ်စဖြင့် သုတ်သင်လိုက်သကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့၏။
နောက်ဆုံး၌ အစီအရင်၏ ထောက်ပံ့မှု မရှိတော့သော ဝင်ရိုးစွန်း သေမင်းရောင်ခြည်မှာ တဖြည်းဖြည်းချင်း အားနည်း လာခဲ့တော့။
ဒိုရစ်က မြေပြင်မှ လှံတံ ကို နုတ်ယူရင်း လက်နှစ်ဖက်ဖြင့် ကိုင်လိုက်၏။ သစ်သားလှံတံက သူမ၏ လက်အတွင်းတွင်ပင် လေးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူမ၏ မျက်လုံးများမှာ ယခုအခါ လုံးဝ ရွှေရောင် အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ကျွမ်းကျင် မုဆိုး တစ်ဦးကဲ့သို့ သူမက လေးကြိုး ကို ဆွဲလိုက်ရင်း အီသာ စွမ်းအင်များကို မြှားတစ်စင်းအဖြစ် စုဆောင်းလိုက်၏။ ထို့နောက် လေးညှို့ကို လွှတ်လိုက်သည်။
ဝှစ်...
မျက်တောင် တစ်ခတ်စာ အတွင်းမှာတွင် လေးမှာ ကီလိုမီတာ အနည်းငယ် အကွာအဝေးကို ဖြတ်သန်းသွားခဲ့ကာ မော်ဖီ နှင့် အခြားသူများ ရှိရာ ဧရိယာသို့ ရောက်ရှိလာခဲ့သည်။
“မကောင်းတော့ဘူးဟေ့... ထွက်ပြေးကြ...”
“သူ့ရဲ့ ပစ်မှတ်က ပို့ဆောင်ရေး ဂိတ် ပဲ...”
အောက်လမ်း မှော်ဆရာ အနည်းငယ်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း မြှားက ရောက်ရှိနှင့်နေပြီ ဖြစ်သည်။
မော်ဖီ၏ မျက်နှာမှာ ပျက်ယွင်း သွားခဲ့၏။ အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။
***