ဒိုရစ်အိုင်းရစ် (၂)
Vol. 4 Ch. 44
အရသာရှိပြီး လတ်ဆတ်သည့် ရနံ့ကြောင့် ကျိကျစ်ရှို့၏ တင်းမာနေသော စိတ်များမှာ အနည်းငယ် အနည်းငယ် ပျောက်ကွယ်သွားသည်။ သို့သော်လည်း... သူမ သတိလက်လွတ် မနေရဲပါချေ။ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်ရာ ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်ဟု ခံစားရသည်။
သူမ၏ ဒဏ်ရာများကို အဲ့လ်ဖ်က အသေးစိတ် ဂရုတစိုက် ကုသပေးထားသည်။ ထို့အပြင်... သူမ၏ ခန္ဓာကိုယ်ကို သန့်ရှင်းသော ပတ်တီးများဖြင့် သေသေသပ်သပ် ပတ်ထားကာ လေးထုံး တစ်ခုဖြင့်ပင် အလှဆင်ထားသည်။
ကျိကျစ်ရှို့၏ ဒဏ်ရာအများစုမှာ ပျောက်ကင်းသွားခဲ့ပြီးဖြစ်သည်။ နာကျင်မှုအချို့သာ ကျန်ရှိတော့သည်။ ၎င်းမှာ သားရဲ အသွင်ပြောင်းခြင်းကို အချိန် ကြာမြင့်စွာ ဖော်ထုတ်ထားခဲ့သည့် ရလဒ် တစ်ခု ဖြစ်သည်။ ကံကောင်းစွာပင်... သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဆူပွက်နေသော သွေးများမှာ တည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“နင့်ရဲ့ ပြန်လည် ကုသနိုင်စွမ်းက အံ့မခန်းပဲ... ကြည့်ရတာ အတော်လေး ထူးချွန်တဲ့ မုဆိုး တစ်ဦး ဖြစ်ပုံရတယ်နော်”
အဲ့လ်ဖ်က ပြုံးပြကာ ထိုင်ချရင်း ပြောလိုက်သည်။ နူးညံ့သိမ်မွေ့သော အီသာစွမ်းအင် လှိုင်းနှုန်းများမှာ လှိုင်းကြပ်ခွက်တို့ ကင်းစင်သည့် ရေပြင်လို သူမ၏ ပတ်ပတ်လည်တွင် တည်ငြိမ်စွာ လွင့်ပျံနေကာ ပတ်ဝန်းကျင်ရှိသူများကို သက်သောင့်သက်သာ ခံစားရစေသည်။
“ကျွန်မ ဒီကိုလာတာက ကျွန်မတို့ အိုင်းရစ် မျိုးနွယ်စု ရဲ့ ပျောက်ဆုံးနေတဲ့ ခမ်းနားမှုကို ပြန်ရှာဖွေဖို့ပါ”
ဒိုရစ်က ဆက်လက်၍ ဆိုလိုက်သည်။ ကျိကျစ်ရှို့၏ မျက်လုံးများက ချက်ချင်းပင် ကျဉ်းမြောင်းသွား၏။
‘အိုင်းရစ် မျိုးနွယ်စု ဟုတ်လား... အဲ့လ်ဖ်မျိုးနွယ်စုတွေ အများကြီးထဲမှာ ရှေးအကျဆုံးနဲ့ အမြင့်မြတ်ဆုံးလို့ ဆိုကြတဲ့ မျိုးနွယ်စုလား...’
‘ဒါပေမဲ့ အိုင်းရစ် မျိုးနွယ်စု ပျက်သုဉ်းသွားတာ ကြာလှပြီလေ... လွန်ခဲ့တဲ့ ရာစုနှစ်တွေထဲမှာ အိုင်းရစ် မျိုးနွယ်ဝင် တစ်ယောက်ကိုတောင် မမြင်ခဲ့ရဘူးလို့ ငါ ကြားဖူးတယ်’
‘ဒါမှမဟုတ် သူတို့က ပျောက်ဆုံးနေတဲ့ ခမ်းနားမှုကို ရှာဖို့ အခုမှ ပြန်ပေါ်လာတာလား...’
ကျိကျစ်ရှို့က ခန့်မှန်းလိုက်၏။
“မဟုတ်မှ လွဲရော ရှင်တို့နဲ့ တစ်ချိန်က ပဋိညာဉ် လက်မှတ်ရေးထိုးခဲ့တဲ့ စုန်းမကို ရှာဖို့ ကြိုးစားနေတာလား”
“ဟုတ်ပါတယ်”
ဒိုရစ်က အလေးအနက် ခေါင်းညိတ်လိုက်သည်။
“သူက ရှေးဟောင်းခေတ် အချိန်တွေတုန်းက ပေါ်ထွန်းခဲ့တဲ့ မူလ စုန်းမကြီး လေးပါး ထဲက တစ်ဦးပါပဲ... သူ့ရဲ့ အစစ်အမှန် မျက်နှာကို ဘယ်သူမှ မမြင်ဖူးကြဘူး... ဒဏ္ဍာရီတွေ အရတော့ သူက နှင်းတွေ၊ နှင်းခဲတွေနဲ့ ဖုံးလွှမ်းထားတဲ့ အိပ်မက်နယ်ပယ်တစ်ခုမှာ အိပ်စက်နေတယ် တဲ့... အဲဒီနေရာမှာ အဖြူရောင် အိုင်းရစ်ပန်းတွေ နဲ့ ရှေးဟောင်း နဂါးတစ်ကောင်ရဲ့ အလောင်းကနေ မွေးဖွားလာတဲ့ သစ်ပင်ကြီး တစ်ပင်ပဲ ရှိတယ်လို့ ဆိုကြတယ်...”
“သူရဲ့ နာမည်က ဆစ်ဗာပါ”
“ဆစ်ဗာ...”
ကျိကျစ်ရှို့ ထိုနာမည်ကို လိုက်လံ ရေရွတ်လိုက်မိသည်။ အတွေ့အကြုံရှိ မုဆိုး တစ်ဦးအဖြစ်နှင့် သာလွန်ထူးကဲသော သတ္တဝါများ ရှိသည့် ကမ္ဘာတွင် အချိန်အတော်ကြာ ကျင်လည်ခဲ့သူ တစ်ဦး အနေဖြင့် ဒဏ္ဍာရီ တော်တော်များများကို သူမ ကြားဖူးပေသည်။
ရှေးဟောင်းခေတ်ကာလ၌ ဘီလူးကြီးများ၊ အဲ့လ်ဖ်များ၊ နှင့် ရှေးဟောင်းနဂါးများ မပေါ်ပေါက်မီ အချိန်ကာလများစွာကပင် ပုံသဏ္ဌာန်မရှိသေးသော ကမ္ဘာတွင် မယုံနိုင်လောက်အောင် အစွမ်းထက်သည့် စုန်းမကြီး လေးပါး တည်ရှိခဲ့ဖူးသည်။
သူတို့ကို မူလ စုန်းမကြီး လေးပါးဟု ခေါ်ဆို၏။
ဆစ်ဗာ၊ နှင်းကို ထိန်းချုပ်သော စုန်းမ...
လိုက်ဖ်၊ မီးကို ထိန်းချုပ်သော စုန်းမ...
ဝေါပူဂစ်၊ ညကို ထိန်းချုပ်သော စုန်းမ...
ဖရက်ဆီနပ်စ်၊ သစ်ပင်များကို ထိန်းချုပ်သော စုန်းမ...
သူတို့မှာ အိပ်မက်နယ်ပယ် နှင့် လက်တွေ့ဘဝတို့ကြား နယ်နိမိတ်ကို ခွဲခြားကာ အဇီးတစ်ခုလုံးအား ဖုံးအုပ်ထားသော မြူတံတိုင်း ကို မြှင့်တင်ခဲ့ကြသည်။ မြူတံတိုင်းအတွင်းရှိ လူများကို အိပ်မက်သားရဲများ ကျူးကျော်ခြင်းမှ ကာကွယ်ပေးခဲ့သည်။ သူတို့မှာ အလွန်အမင်း အစွမ်းထက်လွန်းသောကြောင့် လူများမှာ အလွန်အမင်း လေးစားခဲ့ကြသည်။
သို့သော်လည်း နောက်ပိုင်းတွင် ထိုစုန်းမကြီးများ၏ တစ်စိတ်တစ်ပိုင်းများကို မြင်တွေ့လာရခြင်းနှင့် အတူ ကြောက်ရွံ့စိတ်များလည်း ဖြစ်ပေါ်လာခဲ့ကြသည်။ ထို့နောက် သူတို့မှာ မူလ စုန်းမကြီးများ ၏ အရိပ်အောက်မှ ဆက်တိုက်ဆိုသလို ထွက်ခွာသွားခဲ့ကြတော့သည်။
အဲ့လ်ဖ်ဘုရင့်နိုင်ငံတော် ပျောက်ကွယ်သွားသောအခါ တဖြည်းဖြည်းနှင့် စိမ်း၍ သွားသော မူလ စုန်းမကြီးများမှာ အိပ်မက်နယ်ပယ်များထဲသို့ ဆက်တိုက် ဝင်ရောက်ကာ အိပ်စက်ခဲ့ကြသည်။ လူတို့၏ ယုံကြည်မှုများတွင်လည်း သွေဖည်မှုများ ဖြစ်ပေါ်လာခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ မြူတံတိုင်းကို ယုံကြည်သည့် ဘေးဥပဒ် ဘုရားကျောင်းမှာ မူလ စုန်းမကြီးများ ကို ယုံကြည် ကိုးကွယ်မှုများမှ ဖယ်ရှားခဲ့သည်။ မြူတံတိုင်းမှာ မူလ စုန်းမများနှင့် လုံးဝ မသက်ဆိုင်သည့် ရှေးဟောင်း နတ်ဘုရား တစ်ပါး၏ တည်ရှိမှု ဖြစ်ကြောင်း ဟောပြောခဲ့ကြသည်။ ဝေါပူဂစ်ည၏ အခမ်းအနားများသည်ပင် မူလရည်ရွယ်ချက်များမှ သွေဖည်သွားခဲ့သည်။
ယခုအခါ အမှန်တရား အသင်းတော်မှ ပညာရှင်များနှင့်လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ သူရဲကောင်းများမှာ မကောင်းဆိုးဝါးများကို ကာကွယ်ပေးသည့် အဖွဲ့အစည်းများ ဖြစ်နေခဲ့လေပြီ ဖြစ်သည်။
ထို့ကြောင့်ပင် မူလ စုန်းမကြီး တစ်ပါးအား လာရောက် ရှာဖွေနေသည့် အဲ့ဖ်လ် တစ်ယောက်ကို တွေ့လိုက်ရသည့် အခါ ကျိကျစ်ရှို့ အလွန်အံ့အားသင့်သွားခဲ့သည်။ သူမက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
“ဘာလို့ ဒီနေရာကို လာရတာလဲ... နော်ဇင်မြို့က ဖွံ့ဖြိုးပြီး မြို့တစ်မြို့လို့ ပြောလို့ရတယ်... အမှန်တရား အသင်းတော် ရဲ့ အီသာစွမ်းအင် စောင့်ကြည့်ကွန်ရက်က မြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားတယ်... ဒီမြို့မှာ မူလစုန်းမကြီး တစ်ပါးရဲ့ အိပ်မက်နယ်ပယ်ကို ထိန်းထားဖို့ မဖြစ်နိုင်ဘူး”
လက်ရှိ၌ အကြီးမားဆုံးသော အိပ်မက်နယ်ပယ် အက်ကွဲကြောင်းမှာ လန်စီ မှော်ကြေးမုံမှ ပေါက်ဖွားလာတော့မည့် အိပ်မက်သားရဲ၏ နယ်ပယ်သာ ဖြစ်နိုင်သည်။
သို့သော်လည်း... ၎င်းမှာ စုန်းမတစ်ဦး၏ အိပ်မက်နယ်ပယ် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ မူလ စုန်းမ တစ်ပါးမှာ ရိုးရှင်းသော အတွေးတစ်ခုဖြင့်ပင် အိပ်မက်နယ်ပယ်များမှ ထွက်ခွာနိုင်ကြသည်။ လန်စီ မှော်ကြေးမုံ ကဲ့သို့သော အရာမျိုးမှာ လုံးဝ မလိုအပ်ပေ။
“အဲ့တာက...”
ဒိုရစ်တစ်ယောက် စိတ်ရှုပ်ထွေး သွားသည့်ပုံ ရ၏။
“ငါလည်း မသိဘူး... ပညာရှိကြီးက ဒီလိုပဲ ဟောကိန်းထုတ်ခဲ့တာ... နှင်းနဲ့ ရေခဲကို ထိန်းချုပ်တဲ့ လေဒီ ဆစ်ဗာက ဒီသံမဏိမြို့တော် နော်ဇင်မှာ အိပ်မက်နယ်ပယ်ကနေ ဆင်းသက်လာပြီး ကြယ်တာရာတွေရဲ့ ကောင်းချီးခံဆီမှာ ပေါ်ထွက်လာလိမ့်မယ်တဲ့”
သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
“ဟောကိန်းတွေက အမြဲတမ်း အဲဒီလို ဝေဝေဝါးဝါးပဲ... တစ်ခါတစ်လေဆို ဘာကို ဆိုလိုချင်လို့ ဆိုလိုချင်မှန်းကို မသိရဘူး... စိတ်ပျက်စရာ ကောင်းတယ်”
ကျိကျစ်ရှို့က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်...”
သူမက စောင်ကို လှန်လိုက်ရင်း အိပ်ရာဘေးတွင် ထိုင်လိုက်ကာ ခန္ဓာကိုယ်ရှိ ကြွက်သားများကို လှုပ်ရှားကြည့်လိုက်သည်။
“ဒါနဲ့ ရှင် ဒီမှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားလဲ... လူဆိုးလူကောင်း ရောထွေးနေတဲ့ နော်ဇင်လို နေရာမျိုးက အဲ့လ်ဖ်တွေအတွက် မလုံခြုံဘူး”
“နောက်ပြီး အပြင်ဘက်မှာ ဖြစ်နေတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကိုလည်း ရှင် ရိပ်မိနေလောက်ပြီ ထင်ပါတယ်”
ကျိကျစ်ရှို့က အပြင်ဘက်သို့ လက်ညှိုးထိုးပြရင်း ခပ်တိုးတိုးပြောလိုက်သည်။ ဒိုရစ်က ထရပ်ရင်း ပြုံးလိုက်၏။
“မိုးသည်းတာကို ပြောတာလား... ကိစ္စမရှိပါဘူး... ညစ်ပတ်တဲ့ ပတ်ဝန်းကျင်တွေကို ငါ အတော်လေး ခံနိုင်ရည် ရှိပါတယ်... အဆင်ပြေတယ်”
“မဟုတ်ဘူး... အဲဒါကို ပြောတာ မဟုတ်ဘူးလေ...”
ကျိကျစ်ရှို့ တစ်ယောက် ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်သည်။ သူမ မည်သို့ အကောင်းဆုံး ရှင်းပြရမည်ကို မသိပေ။
အရာအားလုံးက လန်စီ မှော်ကြေးမုံနှင့် ပတ်သက်နေသည်။ ၎င်း၏ စွမ်းရည်မှာ လူတစ်ယောက်ကို သွေးဆောင် ဖျားယောင်းနိုင်သည့် အပြင် အထူးအခြေအနေများ အောက်တွင် အစွမ်းထက် အိပ်မက်သားရဲ ကို ထုတ်လုပ်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ယင်းမှာ မလိုလားအပ်သော အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်သည့် အလွန် အန္တရာယ်ရှိသော ပစ္စည်းတစ်ခုဖြစ်သည်။ အခြေအနေကို ထိန်းမနိုင်သိမ်းမရ မဖြစ်စေရန် ၎င်း၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ အရေးကြီးသည်။
ပုံမှန် မဟုတ်သည့် ရာသီဥတုကြောင့် နော်ဇင်၏ အပြင်ဘက် ယဉ်လမ်းကြောင်းများကို ရက်အတော်ကြာ ပိတ်ထားခဲ့ပြီး ဖြစ်ကာ မြို့တော်အပြင်မှ ယာဉ်များနှင့် လူများ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။
ဤအဲ့လ်ဖ်မှာ မိုးမရွာမီ ဝင်ရောက်လာခဲ့သည်မှာ သေချာသည်။ အခြေအနေနှင့်ပတ်သက်၍ သူမ ဘာမှမသိသည်ကို နားလည်နိုင်သည်။ သို့သော်လည်း ယုံကြည်ချက်များကို ရှာဖွေရန် ရောက်လာသည့် အဲ့လ်ဖ်တစ်ဦးအား အလွယ်တကူ ထွက်ခွာသွားရန် ဆွဲဆောင်ဖို့ လွယ်ကူလိမ့်မည် မဟုတ်ချေ။
သို့ဖြစ်လေရာ အလေးအနက် အမူအရာဖြင့် အကြံပေးရုံသာ ကျိကျစ်ရှို့ တတ်နိုင်ခဲ့၏။
“ဘာပဲဖြစ်ဖြစ် ဒီရက်တွေမှာ အပြင်ကို မထွက်တာ အကောင်းဆုံးပါပဲ... လက်ရှိအခြေအနေက အရမ်းအန္တရာယ်များတယ်”
***