ဒိုရစ်အိုင်းရစ် (၃)
Vol. 4 Ch. 45
“ဘာပဲဖြစ်ဖြစ် ဒီရက်တွေမှာ အပြင်ကို မထွက်တာ အကောင်းဆုံးပါပဲ... လက်ရှိအခြေအနေက အရမ်းအန္တရာယ်များတယ်”
ကျိကျစ်ရှို့က အဲ့လ်ဖ်ကို အလေးအနက် အမူအရာဖြင့် သတိပေးလိုက်သည်။
“အင်းပါ...”
ဒိုရစ်က ပြုံးရင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ကျိကျစ်ရှို့ကို အကဲခတ်ရင်း စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ ခု နင့်ကို ကြည့်ရတာ ငါ့ထက် ပိုပြီး အသက် အန္တရာယ် ရှိနေတဲ့ပုံပဲ... ဘာလို့ ငါ့ကိုပဲ စိုးရိမ်ပြီး အကြံပေးနေရတာလဲ”
“...”
ထိုမေးခွန်းကြောင့် ကျိကျစ်ရှို့ တစ်ယောက် ငြိမ်သက် သွားခဲ့၏။ သူမက နက်ရှိုင်းသည့် အတွေး ဖြစ်စဉ် တစ်ခု အတွင်း ကျရောက်သွားခဲ့သည့်ပုံ ရသည်။ မကြာခင်မှာပင် သူမ၏ သံမဏိ မီးခိုးရောင် မျက်လုံးများထဲ၌ ခိုင်မာသော အငွေ့အသက်များ ပေါ်ပေါက်လာခဲ့ကာ အဖြေပေးလိုက်သည်။
“ကျွန်မက အမှောင်ထုကို စိုက်ကြည့်ရင်း သားရဲ ဖြစ်လာတဲ့ မုဆိုး တစ်ဦး ဖြစ်နေလို့ပါ... မီးပုံတွေ ထွန်းညှိတဲ့ ညတိုင်းမှာ ရိုးသား အပြစ်ကင်းစင်သူတွေကို ကာကွယ်ဖို့အတွက် သားရဲတွေကို လိုက်လံ ဖမ်းဆီးပါတယ်... အဲဒါက ကျွန်မရဲ့ တာဝန်ပါ”
“မုဆိုးတွေရဲ့ စွမ်းအား ဟာ ကိုယ့်အတွက် စွမ်းအားရဖို့ ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး”
အဖြေပေးပြီးနောက် စာအုပ်ဆိုင်ပိုင်ရှင် ပေးအပ်ခဲ့သည့် အရာအားလုံးကို နားလည်ကာ ဉာဏ်အလင်း ရရှိသွားသလို ကျိကျစ်ရှို့ ခံစားလိုက်ရသည်။ သားရဲ အသွင်ပြောင်းလဲခြင်း နည်းလမ်းမှာ သူမအား နှိမ့်ချမှု ကို သင်ကြားပေးရန် ဖြစ်သည်။ သံမဏိ စိတ်ဓာတ်မှာ မည်သည့် အခြေအနေတွက် ဖြစ်စေ လက်မလျှော့တတ်သည့် ယုံကြည်ချက် ကို ပေးအပ်ရန် ဖြစ်သည်။
သူမ စိတ်ရှုပ်ထွေးခြင်း မရှိတော့ပေ။ ဆရာလင်၏ လမ်းပြမှု နောက်သို့ လိုက်ခြင်းမှာ သူမ၏ နောက်ဆုံးဆန္ဒ ဖြစ်ပေလိမ့်မည်။
ဒိုရစ် အနည်းငယ် လန့်သွားသော်လည်း နူးညံ့စွာ ပြုံးပြလိုက်၏။
“ငါ နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ စစ်မှန်တဲ့ နိမိတ်တွေကို မြင်နေရတယ်...အရမ်း မှန်တယ်... အဲဒါဟာ ရှေးဟောင်းခေတ်တွေတည်းကနေ ဒီနေ့ဒီအချိန် အထိ မုဆိုးတစ်ဦး ဖြစ်ခြင်း ဆိုတာရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ”
ဒိုရစ်၏ စကားလုံးများနှင့် အသံနေ အသံထားများက အနည်းငယ် မှားယွင်းနေသည်ဟု ခံစားလိုက်ရလေရာ ကျိကျစ်ရှို့၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။
ထိုအခိုက်တွင်ပင် ဒိုရစ်က ရုတ်တရက် မှောင်ကြုတ်လိုက်သည်။
“အမလေး... ငါ့ဟင်းချို...”
သူမ ခပ်မြန်မြန် ပြေထွက် သွားခဲ့တော့၏။ အိမ်ထောင်ရှင်မ တစ်ယောက်လို ယောက်မတစ်လက်၊ အိုးတစ်အိုးနှင့် အလုပ်များနေသည့် အဲ့လ်ဖ်ကို ကြည့်ရင်း ကျိကျစ်ရှို့ တစ်ယောက် တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။
‘ငါ အရမ်းပင်ပန်းနေလို့ ဖြစ်မယ်...’
သူမ ကိုယ့်ကိုယ်ကို ဖြေသိမ့်ကာ တွေးလိုက်၏။ မကြာခင်မှာပင် ချက်ပြုတ်ထားသည့် အသားတုံးကြီးများနှင့် မွှေးကြိုင်သည့် ဟင်းခတ်အမွှေးအကြိုင်များ ရောစပ်ထားသော အရိုးစွပ်ပြုတ်နံ့မှာ သွားရည်ယိုချင်စရာ ထွက်ပေါ်လာခဲ့တော့သည်။
မကြာခင်မှာပင် ပူပူနွေးနွေး ဟင်းချိုပန်းကန်လုံးကြီးတစ်လုံးမှာ စားပွဲပေါ်သို့ ရောက်ရှိလာ၏။ ဒိုရစ်က အေပရွန်ကို ချွတ်ရင်း ပြုံးလိုက်သည်။
“မြည်းကြည့်ပါ... လူနာ အတွက် အထူးလုပ်ထားတဲ့ လတ်လတ်ဆတ်ဆတ် ခွေးသားဟင်းချို”
အေပရွန်အောက်တွင် ဒိုရစ်မှာ ရှည်လျားသည့် ခပ်ပွပွ အဲ့လ်ဖ်စတိုင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုအရာက သူမကို မြင့်မြတ်ပြီး လှပနေစေသည်။ မိန်းကလေး၏ ကျယ်ပြန့်သည့် ရင်အုံမှာ အဲ့လ်ဖ်တို့၏ ကြင်နာမှု သင်္ကေတတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤရိုးရှင်းသည့် တိုက်ခန်းလေး တစ်ခုကို ဆွဲဆောင်မှုရှိသည့် သစ်တောအဖြစ် ပြောင်းလဲရန်အတွက် သူမ အတွက် ပန်းကုံးတစ်ကုံးသာ လိုအပ်ပုံ ရသည်။
‘ဒါပေမဲ့... ခွေးသား လား...’
အဲ့လ်ဖ်များမှာ သက်သတ်လွတ်စားသူများ မဟုတ်သော်လည်း မုဆိုး အတတ်ပညာကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသည်ဟု ဆိုရသည်။ သို့သော်လည်း... ခွေးသားကတော့ အနည်းငယ် လွန်ကဲပုံရသည်။
ကျိကျစ်ရှို့ တစ်ယောက် သံသယစိတ်ဖြင့် စားပွဲဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက်... ဟင်းချိုတစ်ဇွန်းကို ခပ်ကာ မြည်းစမ်းကြည့်ရင်း သူမ၏ မျက်လုံးများမှာ လင်းလက်သွား၏။
“အရမ်း အရသာရှိတာပဲ...”
ဒိုရစ်က လှပစွာ ပြုံးလိုက်သည်။
“ဒါပေါ့.. ငါ့ရဲ့ ချက်ပြုတ်နိုင်စွမ်းက ထိပ်တန်း အဆင့်ပဲလေ... နောက်ပြီး ပါဝင်ပစ္စည်းတွေ အကုန်လုံးကလည်း လတ်ဆတ်တယ်”
“ဒါနဲ့ စကားပြန်ဆက်ရအောင်... နင်က ဒီနော်ဇင်မြို့က မုဆိုး တစ်ဦး ဆိုတော့ ဒီနေရာအကြောင်း ကောင်းကောင်း သိလိမ့်မယ် ထင်တယ်... ဒီကာလအတွင်း အပြင်ထွက်ဖို့ သိပ်ပြီး အဆင်မပြေတဲ့အတွက် ငါ့ကို သဲလွန်စလေးများ ပေးနိုင်မလား”
ဟင်းချိုတစ်ပန်းကန်လုံးကို သောက်ပြီးနောက် ကျိကျစ်ရှို့က ခေါင်းညိတ်လိုက်သည်။
“ရှင် အပြင်ကို မထွက်တာ အကောင်းဆုံးပဲ... ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျွန်မကလည်း လက်ရှိမှာ အရမ်း အန္တရာယ်များတဲ့ အခြေအနေတစ်ခု အောက်မှာ ရှိနေတာမို့ ရှင့်ကို အများကြီး ကူညီနိုင်မှာ မဟုတ်ပါဘူး”
သူမ ခဏနားလိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ မိုးရွာတာ ရပ်သွားတဲ့အခါ ၂၃ လမ်းမပေါ်က စာအုပ်ဆိုင်ကို သွားပြီး ပိုင်ရှင်ကို မေးမြန်းကြည့်နိုင်ပါတယ်... ရှင် လိုအပ်တဲ့ အဖြေကို ရနိုင်ပါလိမ့်မယ်”
ဒိုရစ်သည် မျက်တောင်ကို တဖျပ်ဖျပ် ခတ်လိုက်သည်။
“သူက ဘယ်သူလဲ...”
“သူကလား... ကျွန်မ သစ္စာခံထားတဲ့သူပါ... ကျွန်မတို့ ကမ္ဘာကို ဓမ္မကျမ်းစာ ဖြန့်ချီဖို့ ရောက်လာတဲ့ ခမ်းနားတဲ့ တည်ရှိမှု တစ်ခုပါ... ခုအချိန်ထိ သူရဲ့ စံနှုန်းတွေကို အပြည့်အဝ နားမလည်သေးပေမယ့် ကျွန်မ သိထားတာ တစ်ခုတော့ ရှိပါတယ်... အရာရာကို သိမြင်နိုင်တဲ့ သူ့ရဲ့ စွမ်းရည်ကို ဘုရားသခင် တစ်ပါးပဲ နှိုင်းယှဉ်နိုင်ပါလိမ့်မယ်”
“ဘုရားသခင်ပဲ နှိုင်းယှဉ်နိုင်လိမ့်မယ်...”
ဒိုရစ်၏ မျက်လုံးများထဲတွင် သံသယ အရိပ်အယောင် အနည်းငယ် ပေါ်လာသော်လည်း သူမက ချက်ချင်း ဖုံးကွယ်လိုက်သည်။ သူမက မျက်တောင်မခတ်ဘဲ ကိုယ်ပိုင် ပန်းကန်လုံးထဲရှိ ဟင်းချိုကို ညင်သာစွာ မွှေနေရင်း ပြုံးလိုက်သည်။
“တကယ့်ကို ခမ်းနားတဲ့ တည်ရှိမှုလိုပဲနော်... ဒါပေမဲ့...”
ခဏ ရပ်လိုက်ပြီးနောက်မှ သူမက ဆက်ပြောလိုက်၏။
“လူသား မျိုးနွယ်တွေ အကြောင်း ပိုသိရဖို့ အတွက် အမှန်တရား အသင်းတော် ရဲ့ သာလွန်ထူးကဲသူများ စာရင်း ကို ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ငါ စစ်ဆေးကြည့်ခဲ့သေးတယ်... အဲဒီလို ပုဂ္ဂိုလ်မျိုး မရှိဘူး ထင်ပါတယ်... နော်ဇင်မြို့ထဲမှာ ဖြစ်နေတာဆိုတော့ အမှန်တရား အသင်းတော်မှာ အနည်းဆုံး မှတ်တမ်းအချို့တော့ ရှိသင့်တယ် မဟုတ်လား”
ကျိကျစ်ရှို့မှာ ဒိုရစ်၏ သံသယများ အပေါ် အံ့အားသင့်ခြင်း မရှိပါချေ။ နော်ဇင်မြို့တော် အတွင်း၌ အရာရာကို သိမြင်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦး တည်ရှိနေကြောင်း မည်သူအတွက် မဆို ယုံကြည်ရ ခက်ခဲလိမ့်မည် ဖြစ်သည်။ ကျိကျစ်ရှို့ကိုယ်တိုင်ပင် မူလ စုန်းမကြီး တစ်ပါး၏ အိပ်မက်နယ်ပယ် နော်ဇင်မြို့အတွင်း ဆင်းသက်နိုင်သည် ဆိုသော စကားကို မယုံကြည်ချေ။ ထို့ကြောင့်ပင် ဒိုရစ်က မစ္စတာ လင်၏ ခမ်းနားမှုအပေါ် သံသယဝင်ခြင်းမှာ အံ့ဩစရာ မရှိပေ။
ကျိကျစ်ရှို့က ခေါင်းခါယမ်းလိုက်၏။
“ရှင့်ရဲ့ သံသယတွေကို ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ အမှန်တရား အသင်းတော် ဟာ မေးခွန်းထုတ်စရာ မလိုတဲ့ အဖွဲ့အစည်း မဟုတ်သလို အကြွင်းမဲ့ အာဏာ လည်း မရှိပါဘူး”
“ကျွန်မက ကိုယ်တိုင် မြင်ခဲ့ရတဲ့ အမှန်တရား တွေကိုပဲ ရှင်းပြနေတာပါ... ဆရာလင်ဟာ တကယ့်ကို တိတ်တဆိတ် နေထိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်... အမှန်တရား အသင်းတော်ရဲ့ စောင့်ကြည့်ကွန်ရက်တောင် သူ့ရဲ့ တည်ရှိမှုကို ထောက်လှမ်းနိုင်တဲ့ နည်းလမ်းမရှိပါဘူး... ဒါ့အပြင် သူက နာမည်ဂုဏ်သတင်း ရဖို့လည်း မကြိုးစားဘူး”
သူမက လေးနက်သော အမူအရာဖြင့် ဆက်ပြောလိုက်သည်။
“ကျွန်မ ခုနက ပြောခဲ့သလိုပါပဲ... သူက ကျွန်မတို့ ကမ္ဘာကို သာသနာပြုဖို့ ရောက်လာတဲ့ ခမ်းနားတဲ့ တည်ရှိမှု တစ်ခုပါ”
“ဒီထက်ပိုဆိုးတဲ့ အချိန်တွေမှာတောင် သူက ကျွန်မကို မှောင်မိုက်ခြင်းကနေ လွတ်မြောက်ဖို့ လမ်းညွှန်ပေးခဲ့ပါတယ်... ခွန်အားတွေ ပေးခဲ့ပါတယ်... သူရဲ့ ကျေးဇူးကြောင့်ပဲ ကျွန်မ ရန်သူတွေကို အောင်ပွဲခံနိုင်ပြီး လက်စားချေနိုင်ခဲ့တာပါ”
ကျိကျစ်ရှို့၏ ခိုင်မာပြတ်သားသည့် အမူအရာကို ကြည့်ရင်း ဒိုရစ်က ခေါင်းညိတ်လိုက်၏။
“သူ့အပေါ် နင့်ရဲ့ ယုံကြည်မှုက လေဒီဆစ်ဗာ အပေါ် အိုင်းရစ်တွေရဲ့ ယုံကြည်မှုလို ခိုင်မာနေတာပဲ... လွန်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံး ငါတို့တွေလည်း ဝေါပူဂစ်ည တုန်းက ဖန်တီးခဲ့တဲ့ ပဋိညာဉ်ကို ဘယ်တော့မှ လက်မလျှော့ခဲ့ကြဘူး”
“အခု ကျွန်မ ပိုင်ဆိုင်သမျှ အရာအားလုံးကို သူ ပေးခဲ့တာပါ”
ကျိကျစ်ရှို့က ပြုံးရင်း ထရပ်လိုက်ကာ လက်မောင်းပေါ်ရှိ ပတ်တီးများကို ဆုတ်ဖြဲလိုက်သည်။ ပတ်တီးစများမှာ ကြမ်ပြင်ပေါ်သို့ ပြုတ်ကျသွားကာ အမာရွတ် အနည်းငယ်မျှပင် မကျန်ရှိခဲ့သည့် ဖြူစင် ချောမွတ်သော အသားအရေ ထွက်ပေါ်လာခဲ့သည်။
ဒိုရစ်မှာ ထိုဒဏ်ရာများကို ကိုယ်တိုင် ပြုစုခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် သာမန်လူ တစ်ဦးကို ဆင်နင်းထားသလို ဆိုးရွားလှကြောင်း သိရှိထားခဲ့သည်။ သို့သော်လည်း ကျိကျစ်ရှို့မှာ သတိပြန်လည်လာပြီးနောက် ဆယ်မိနစ်မျှ မပြည့်ခင် အချိန် ကာလအတွင်းမှာပင် ဒဏ်ရာတစ်ခုမျှ မကျန်ရစ်တော့ပေ။ ဤသည်မှာ အိပ်မက်သားရဲသွေး ၏ အစွမ်းအထက်ဆုံး စွမ်းအားပင် ဖြစ်သည်။
ကျိကျစ်ရှို့က လက်သီးကို ဆုပ်လိုက်ရာ ခန္ဓာကိုယ်အတွင်း ဝှက်ထားသည့် ပေါက်ကွဲအားက သားရဲသွေးများ အတွင်း စီးဆင်းကာ လှိုင်းထန်လာခဲ့သည်။
ဒိုရစ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ ဇွန်းကို ကောက်ယူရင်း ဟင်းချိုတစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူမက...
“ငါ နင့်ကို တစ်စိတ်တစ်ပိုင်း အားဖြင့်တော့ ယုံကြည်ပါတယ်... နင် ပြောခဲ့တဲ့ စာအုပ်ဆိုင်ပိုင်ရှင် ဆရာလင်က တကယ်ကို အံ့ဩစရာ ကောင်းပုံရတယ်”
***