ပျောက်ဆုံးနေတဲ့အရာ
Vol. 27 Ch. 405
သက်လတ်ပိုင်းလူက ကောင်းမင်၏ရွေးချယ်မှုအား ခန့်မှန်းပြီးထားသကဲ့သို့ သိပ်တုန့်ပြန်မှုမပြခဲ့ပေ။ ကောင်းမင် သူ့အိတ်ထဲတွင် အချိန်အတော်ကြာအောင် ရှာဖွေနေ၏။ထို့နောက် သူစိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းမော့လိုက်သည်။
“ဘာလို့ ပျောက်နေတာပါလိမ့်”
“သား ဘာရှာနေတာလဲ “
သက်လက်ပိုင်းအမျိုးသားက ဆိုဖာဆီရောက်လာခဲ့သည်။
“ကျွန်တော်…”
ကောင်းမင် ခေါင်းကုတ်လိုက်သည်။
“အဲ့ဒါက အရမ်းအရေးကြီးတဲ့ အရာပဲ ၊ ဒါပေမယ့် အဲ့ဒါကို ဘာလဲဆိုတာ ကျွန်တော်မမှတ်မိတော့ဘူး ၊ ကျွန်တော် အဲ့ဒါကို အမြဲဆောင်ထားသင့်ခဲ့တာ “
ကောင်းမင်က စိုးရိမ်လာခဲ့သည်။သူ့ကျောပိုးအိတ်ကို မှောက်၍ အတွင်းမှ ပစ္စည်းအားလုံးကို သွန်ချလိုက်သည်။စာရေးကိရိယာများနှင့် စာအုပ်များ ထွက်ကျလာခဲ့သည်။အိတ်က ဗလာဖြစ်သွားသော်လည်း သူရှာနေသည့်အရာကို ရှာမတွေ့သေးပေ။
“မကောင်းတော့ဘူး ၊ အဲ့ဒါက ဥမင်ထဲမှာ ကျန်ခဲ့ပြီထင်တယ် “
ကောင်းမင်၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြတ်ပြေးသွားသည်။
“အဲဒီမှာ ရှိနေတုန်းပဲဖြစ်ရမယ်”
“ဟုတ်ပါပြီ ၊ စိတ်မပူနဲ့တော့ ၊ အရင်စားလိုက်ဦး”
သက်လတ်ပိုင်းလူက ကောင်းမင်အား နှစ်သိမ့်ပေးလိုက်ပြီး ထမင်းစားစားပွဲသို့ ခေါ်သွားလိုက်သည်။ ရေချိုးခန်းပုန်းနေသောလော်တုန်းက စိတ်ရှုပ်ထွေးသွား၏။ကောင်းမင်က ဥမင်ထဲမှာ ဘာကျန်ခဲ့တာလဲ။
နောက်ဆုံးတွင် အသားခုတ်သံရပ်တန့်သွားပြီး ရေပိုက်ကို ဖွင့်ချလိုက်သည်။မကြာမီ အေပရွန်ဝတ်ထားသော ကောင်းမင်၏အမေဖြစ်သူ ပေါ်လာခဲ့သည်။ သူမသည် ကိုးရိုးကားရားအပြုံးဖြင့် ဟင်းပွဲများကို စားပွဲပေါ်ချလိုက်သည်။
“သားအမေက သားပြန်လာတာ အရမ်းနောက်ကျနေလို့ အရမ်းစိတ်ပူနေခဲ့တာ”
ထိုလူက ထမင်းဟင်းများကို ကောင်းမင်၏ပန်းကန်လုံးထဲထည့်ပေးလိုက်သည်။ ကောင်းမင် မစားပေ။သူက ပြုံးရုံမျှသာ ပြုံးနေသည်။ ထိုလူက ယင်းကို စိတ်ထဲမထားခဲ့ချေ။သူက စတင်စားသောက်လိုက်ပြီး သူ့ဇနီးချက်ပြုတ်ထားသည်များကို ချီးကျုးလိုက်သည်။
“သားအမေက သားအတွက် ဒါတွေကို ချက်ပြုတ်ဖို့ အများကြီးပြင်ဆင်ခဲ့ရတာ ၊ သား မစားတော့ဘူးလား”
“ကျွန်တော် အဲဒီဘတ်စ်ကားပေါ်မှာ အိမ်မက်မက်ခဲ့တယ် ၊ ကျွန်တော် ညစာစားပြီးတော့ ဗိုက်အရမ်းနာခဲ့လာခဲ့တယ် ၊ ပြီးတော့ စားပွဲပေါ်မှာပဲ ကျွန်တော်သေတဲ့အထိ သွေးအန်တာမရပ်ခဲ့ဘူး”
ဖခင်ဖြစ်သူက ဟင်းပွဲတိုင်းကို တစ်လုပ်စီစားပြလိုက်သည်ကို မြင်သောအခါ ကောင်းမင်တုန်လှုပ်သွားသည်။
“ဘာတွေလျှောက်ပြောနေတာလဲ ၊ စားတော့”
သက်လတ်ပိုင်းလူက အတင်းအကျပ်တော့ မတိုက်တွန်းပေ။ခဏကြာပြီးနောက် ကောင်းမင်က တူကိုကောက်ကိုင်လိုက်ပြီး ခုနက ထိုလူစားခဲ့သော ဟင်းပွဲကို တစ်လုပ်စားလိုက်သည်။
သူအိမ်မက်မက်ခဲ့သော ကြောက်မက်ဖွယ်မြင်ကွင်းက မဖြစ်ပျက်ခဲ့ပေ။ကောင်းမင်က ခေါင်းခါလိုက်ပြီး သတိထားနေခြင်းကို လျှော့ချလိုက်သည်။သူကား ဗိုက်ဆာနေပုံရသည်။သူ ထိုလူနှင့် စကားပြေနေရင်း အစားအသောက်များကို စတင်စားသောက်တော့သည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ကောင်းမင်၏မြင်ကွင်းများ နှစ်ထပ်ဖြစ်လာတော့သည်။သူ့ခြေလက်များမှ အားအင်များကုန်ဆုံးလာသည်။မကောင်းသောခံစားချက်တစ်ခု ကောင်းမင်၏နှလုံးသားထဲ လည်ပတ်လာလေသည်။ကောင်းမင်က သူ့ခေါင်းကို သူ့ဖခင်ဘက်လှည့်ကြည့်လိုက်သည်။ သက်လတ်ပိုင်းလူလည်း သူ့နည်းတူပင်။သူ့ဦးခေါင်းက ယိမ်းထိုးနေပြီး ခြေလက်များက အားနည်းစွာ တွဲလောင်းကျနေ၏။
သို့သော်လည်း ကောင်းမင်ကို ထိတ်လန့်စေသည်က ပုံမှန်အားဖြင့် အရမ်းတင်းတင်းမာမာနေတတ်သော သူ့ဖခင်က သူ့အား ညင်သာစွာ ပြုံးပြနေခြင်းပင်။သူက ကောင်းမင်ကို ကြည့်သည်။
“မင်းက တကယ်ကို ဂရုစိုက်တတ်လာတာပဲ ၊ ဒါက အိမ်မက်တစ်ခု မဟုတ်ဘူး ၊မင်းရဲ့ အရင်အတွေ့အကြုံပဲ”
သက်လတ်ပိုင်းလူသည် လဲကျလုမတတ်ဖြစ်နေခဲ့သည်။
“ဟင်းပွဲတွေက ဆေးတွေခတ်ထားတာပဲ ၊ ဒါပေမယ့် ဆေးတွေက ဒီတစ်ကြိမ်တော့ အဆိပ်မဟုတ်ဘူး ၊ မင်းသတိပေါ့လျော့သွားအောင်လို့ အဖေက မင်းနဲ့အတူစားခဲ့တာပဲ”
ကောင်းမင်၏မျက်လုံးတွင် အကြောက်တရားများ ထွက်ပေါ်လာခဲ့သည်။သူထရပ်နိုင်ရန် ရုန်းကန်လိုက်သော်လည်း သူ့ခန္ဓာကိုယ်က သူ့စကားကို နားမထောင်ခဲ့ချေ။
ဓားထက်ထက်တစ်ချောင်းက မီးဖိုချောင်လိုက်ကာကို ဖြတ်တောက်သွားသည်။အမေဖြစ်သူက သွေးစွန်းနေသော ကြိုးတစ်ချောင်းနှင့်အတူ တံခါးဝတွင်ပေါ်လာခဲ့သည်။ကောင်းမင်နှင့် သက်လတ်ပိုင်းလူတို့မှာ မလှုပ်ရှားနိုင်တော့သော်လည်း အိမ်ထဲတွင် အခြားလူများရှိနေသေးသည်။
ကောင်းမင်၏မိခင်ဖြစ်သူက လျှောက်ထွက်လာခဲ့သည်။သူမရှေ့ရှိကလေးသည် ကောင်းမင်မဟုတ်ကြောင်း သူမသိသည်။သိူ့သော်လည်း ထိုရင်းနှီးနေသည့် မျက်နှာကို မြင်သည့်အချိန်တွင် သူမနှလုံးသားက နာကျင်ရသည်။ထိုအခိုက်အတန့်၏ အမှုမဲ့အမှတ်ဖြစ်မှုက ကောင်းမင်အား အခွင့်အရေးရသွားစေ၏။သူက တံခါးဆီသို့ တရွက်တိုက်သွားလိုက်သည်။
ယင်းကို မြင်လိုက်သောအခါ လော်တုန်းပြေးထွက်လာ၏။သူက ကောင်းမင်အား ကြမ်းပြင်ပေါ်မှောက်ချလိုက်သည်။
“မင်းက ကောင်းမင်မဟုတ်ဘူး ၊ မင်းက ဘာလဲ”
လော်တုန်းသည် ထိုကောင်းမင်ထံမှ မည်သည့်နှလုံးခုန်သံကို ခံစားမိခြင်းမရှိပေ။ထိုလူ၏ မျက်နှာသွင်ပြင်မှာလည်း စတင်ပြောင်းလဲလာတော့သည်။စက္ကန့်အနည်းငယ်အကြာတွင် ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအများအပြား တရိပ်ရိပ်ပြောင်းလဲသွားသည်။ ယင်းသည် လူလုပ်စက်ရုပ်တစ်ကောင်ကဲ့သို့ပင်။
“ကျွန်တော်က ကောင်းမင်ပါ ၊ ကျွန်တော်က…”
သက်လတ်ပိုင်းအမျိုးသမီးက ကောင်းမင်၏ပါးစပ်ထဲသို့ အဝတ်တစ်ခုထိုးထည့်လိုက်၏။ထို့နောက် သူမသည် သူ့အား ကျွမ်းကျင်စွာကြိုးတုပ်လိုက်သည်။သူမသည် ကောင်းမွန်သောအဝတ်အစားများ ဝတ်ဆင်ထားပြီး သူမလက်မောင်းတွင် ကြွက်သားများရှိမနေချေ။သို့သော်လည်း သူမသည် သားသတ်ရုံတွင် အလုပ်လုပ်ဖူးသည့်အလား ကောင်းမင်ကို ကျွမ်းကျင်စွာတုပ်နှောင်လိုက်လေသည်။
“လာကူပါဦး”
ကောင်းမင်၏မိခင်က လော်တုန်းကို ကောင်းမင်ကိုထိန်းထားခိုင်းလိုက်ပြီး ထိုလူကို ဆေးတချို့တိုက်လိုက်သည်။ဖခင်ဖြစ်သူမှာ လျှင်မြန်စွာကောင်းမွန်လာခဲ့သည်။
“သူတို့ကို မီးဖိုချောင်ထဲမှာ ထပ်ထည့်လို့မရတော့ဘူး ၊ အရင်က တစ်ယောက်ကိုတောင် ကျွန်မဖြေရှင်းလို့မပြီးသေးဘူး”
သက်လတ်ပိုင်းအမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို သူ့ကို အိပ်ခန်းထဲပစ်ထည့်ထားလိုက်”
သက်လတ်ပိုင်းလူက လော်တုန်းကို လက်ယပ်ပြသည်။
“ကျုပ်တို့ ခင်ဗျားအကူအညီလိုတယ်”
“ရတာပေါ့”
လော်တုန်းသည် တစ်ခုခုမှားနေကြောင်း ခံစားရသည်။သူက အမျိုးသမီးနှင့်အတူ ကောင်းမင်ကို အိပ်ခန်းအတွင်းသို့ ဆွဲခေါ်သွားလိုက်သည်။အမျိုးသမီးသည် သော့တစ်ချောင်းထုတ်၍ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။
လော်တုန်း အိပ်ခန်းတွင်းသို့ ကြည့်လိုက်မိသည်။ထိုအခိုက်အတန့်တွင် သူ့နှလုံးခုန်ပင် ရပ်တန့်သွားလေသည်။
“ဒါ …ဒါက…”
အိပ်ခန်းငယ်လေးထဲတွင် ကျောင်းဝတ်စုံဝတ်ထားသောကောင်းမင်များ ပြည့်နှက်လျက် ရှိနေခြင်းဖြစ်သည်။ကောင်းမင်တိုင်းသည် အသက်ရှင်သန်နိုင်ရန် ပယ်ချခံခဲ့ရသော မိတ္တူများကဲ့သို့ ထူးဆန်းသောအမူအရာတစ်ခုဖြင့် ရှိနေကြခြင်းဖြစ်သည်။
“အိပ်ခန်းလည်း ပြည့်တော့မှာပဲ “
သက်လတ်ပိုင်းလူသည် နံရံကိုကိုင်၍ လျှောက်လာရင်း ရှင်းပြသည်။
“အိမ်ကို ကောင်းမင်အစစ်ပြန်မလာခင် တခြားသရဲတွေကို ကျုပ်တို့ သတ်ပစ်ဖို့လိုတယ် ၊ ဒီနည်းလမ်းနဲ့ သူ့အိမ်ဟာ အမြဲတမ်းသူ့အိမ်ပဲ ဖြစ်နေလိမ့်မယ် “
“ဒါတွေအားလုံးက သရဲတွေလား”
“ဟုတ်တယ်”
ကောင်းမင်၏မိခင်က ထုံထိုင်းစွာ ခေါင်းငုံ့ပြသည်။
“သူတို့က ပိုပိုပြီး ကောင်းမင်နဲ့တူလာကြတယ် ၊ သူတို့ဘယ်ကလာမှန်း ကျွန်မမသိပေမယ့် သေချာတာတစ်ခုတော့ ရှိတယ် ၊ သူတို့က ကျွန်မသားရဲ့ တည်နေရာကို သိနေရမယ်”
“ဒီနေရာက ပြည့်လုနီးပါးဖြစ်နေပြီ ၊ အရာအားလုံး အဆုံးသတ်တော့မယ်”
ထိုလူက ကောင်းမင်၏ကျောပိုးအိတ်များပြည့်နေသော ဗီရိုကို ဖွင့်လိုက်သည်။
“ဒီအိတ်တစ်ခုစီမှာ တူညီတဲ့အရာတစ်ခုပါတယ်၊ ကောင်းမင်တိုင်းက ဥမင်ထဲမှာ အရေးကြီးတဲ့ တစ်စုံတစ်ခုကျန်ခဲ့တယ်လို့ ပြောခဲ့ကြတယ် ၊ အဲဒါက ထောင်ချောက်တစ်ခုဖြစ်နိုင်ပေမယ့် ကျုပ်တို့ ဥမင်ကိုသွားစစ်ဆေးကြည့်သင့်တယ် ၊ ဒါပေမယ့်…”
“အဲဒါက ဘာလဲ ၊ ကျုပ်ကူညီနိုင်တာများ ရှိလား”
လော်တုန်းက သူ့ရင်ဘတ်ကို ထိတွေ့လိုက်သည်။သူ့နှလုံးကား တဒုံးဒုံးခုန်နေလေသည်။
“ကျုပ်တို့ ဒီနေရာကထွက်သွားတာနဲ့ ကော်ရစ်ဒါမှာ ကောင်းမင်အသစ်တစ်ယောက်နဲ့ ကြုံရလိမ့်မယ် ၊ ကျုပ်တို့ထဲက တစ်ယောက်ယောက်ထွက်သွားရင်တောင် အတူတူဖြစ်နေမှာပဲ”
နောက်ဆုံးတွင် ထိုသက်လက်ပိုင်းလူက သူ့အစီအစဉ်ကို မျှဝေလိုက်သည်။
“ဒါကြောင့် ကျုပ်တို့ ခင်ဗျားကို တစ်ခုခုလုပ်ပေးစေချင်တယ် ၊ အဲဒီကောင်းမင်တွေကို ခြေရာခံပြီး သူတို့ရဲ့ အရင်းအမြစ်ကို ရှာပါ ၊ သူတို့ဘယ်ကရောက်လာတယ်ဆိုတာ သိအောင်လုပ်ပေးပါ ၊ သူတို့ပြောခဲ့တဲ့ ဥမင်ကိုသွားပြီး သူတို့ ဘာကျန်ခဲ့လဲဆိုတာ ရှာပေးပါ”
“ဒါက လွယ်မှာတော့ မဟုတ်ဘူးနော် …”
လော်တုန်းက သူတို့ကို မငြင်းပေ။သူကျရှုံးမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
“ခင်ဗျား အတတ်နိုင်ဆုံးသာ လုပ်ပါ”
သက်လတ်ပိုင်းလူက သူ့မိုးကာအင်္ကျီကို လော်တုန်းထံ ပေးလိုက်သည်။
“ဒီအင်္ကျီက ကျုပ်တို့ဒီကိုလာတုန်းက တက္ကစီသမားဝတ်ခဲ့တဲ့ မိုးကာအင်္ကျီပဲ ၊ အဲ့ဒီအထဲမှာ မကောင်းတဲ့အရာတွေ အများကြီးပူးကပ်နေတာ ၊ ဒါက တချို့သရဲတွေ ခင်ဗျားကို ရှောင်သွားစေလိမ့်မယ် ၊ ပြီးရင် ကျုပ်ခင်ဗျားနဲ့အတူ ထွက်ပြီး ကောင်းမင်အသစ်ကို အာရုံလွှဲထားပေးမယ် “