မြေအောက်ကားဂိုဒေါင်ရဲ့ လျှို့ဝှက်ချက်
Vol. 27 Ch. 391
ကားထဲတွင် ပုဝါဖြူတစ်ချို့ ရှိနေသည်။ကျင်းထောင်ရှန်းက သူ့လက်ပေါ်မှ ဒဏ်ရာများကို ကြည့်လိုက်သည်။ထို ဒဏ်ရာများကို မည်မျှပင်သုတ်နေသော်လည်း သွေးသစ်များ ဆက်လက်စီးကျလာနေဆဲဖြစ်သည်။ ဒဏ်ရာများကို သူဒေါသတကြီးဖြင့် ပိုသုတ်လိုက်ရာ ဒဏ်ရာငယ်များ စုတ်ပြဲသွားပြီး သူ့လက်တစ်ခုလုံး သွေးများဖြင့် ချင်းချင်းနီသွား၏။ ယာဉ်မောင်းဖြစ်သူက နောက်ကြည့်မှန်မှ တိတ်တဆိတ်ကြည့်လိုက်သော်လည်း စကားပြောဝံ့ခြင်းမရှိပေ။ကျင်းထောင်ရှန်းသည် လူရွေးပွဲစတင်ခဲ့ကတည်းက ထိုဒဏ်ရာများကို ကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။ယင်း ဒဏ်ရာများသည် ကောင်းမင်နှင့်ဝမ်ကျားတို့၏ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်သကဲ့သို့ပင်။ကားသည် လမ်းများပေါ်ဖြည်းညင်းစွာရွေ့လျားလျက်ရှိသည်။ ယာဉ်မောင်းဖြစ်သူမှာ အလွန်ကျွမ်းကျင်သည့် အရည်အချင်းရှိသောကြောင့် ကားပေါ်ထိုင်ရသည်မှာ သက်တောင့်သက်တာမဖြစ်ခြင်း လုံးဝမရှိပေ။
“ဘာလို့ သွေးတွေ ပိုထွက်နေရတာလဲ”
ကျင်းထောင်ရှန်းက သူ့ဘာသာရေရွက်သည်။သူတစ်ချက်လှည့်ကြည့်လိုက်မည်ဆိုပါက ထာဝရဘဝအိမ်ရာအပြင်ဘက်ရှိ ဘတ်စ်ကားမှတ်တိုင်တွင် ကျောင်းဝတ်စုံဖြင့်ပုံရိပ်တစ်ခုကို တွေ့မြင်ရမည်ဖြစ်သည်။သို့သော် ထိုပုံရိပ်က ခဏမျှသာ ရပ်တန့်၍ မူမမှန်မှုထဲသို့ ပြန်ဝင်သွားခဲ့သည်။
“ငါ ပြင်ဆင်ထားဖို့ လိုပြီနဲ့တူတယ်”
…….
လူချမ်းသာရပ်ကွက်သည် မြို့တော်အရှေ့ပိုင်းတွင် အဖွံ့ဖြိုးဆုံးဧရိယာတစ်ခုဖြစ်သည်။နံရံတစ်ခုသာ ခြားသော်လည်း အိမ်ခြံမြေဈေးသည် ထာဝရဘဝအိမ်ရာထက် အဆများစွာမြင့်မားသည်။ထိုရပ်ကွက်တွင် ဥယျာဉ်တစ်ခု ၊ Gym ၊ ပုဂ္ဂလိက ကလပ်များနှင့် မူကြိုကျောင်းများ ပါဝင်သည်။
“ဒီနေရာမျိုးက ငါ့တစ်သက်လုံး ဘယ်တော့မှ မနေနိုင်မယ့်နေရာတစ်ခုပဲ ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး ၊ ခုတော့ သင်္ချိုင်းကြီးလိုပဲ”
ဖန်လီ့အသံက လူတိုင်း၏နားထဲသို့ ရောက်သွားသည်။သူ အသံကျယ်ကျယ်ပြောခြင်းမဟုတ်သော်ငြား ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လွန်းလှသည်။
“ဒီရပ်ကွက်က မြို့တော်အရှေ့ပိုင်းမှာ အဆင့်အတန်းအမြင့်ဆုံးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီနေရာက နောက်မျိုးဆက်တွေကို အကျိုးပြုစေမယ့် ဖုန်းရွှေအရမ်းကောင်းတယ်လို့ ငါကြားဖူးတယ် ၊ ချမ်းသာတဲ့လူတချို့က သူတို့ရဲ့အရိုးပြာအိုးတွေကို ဒီနေရာမှာထားဖို့ အိမ်ဝယ်ရတာ ကြိုက်ကြတယ်လေ”
ဒေါက်တာလီက လက်မြောက်ပြလိုက်သည်။
“ဟိုအဆောက်အအုံကို ကြည့်လိုက် ၊ ပြတင်းပေါက်တွေအားလုံးကို ချိတ်ပိတ်ထားတာဆိုတော့ ခေါင်းတလားအဆောက်အအုံဖြစ်နိုင်တယ် “
“မပြောနဲ့တော့ ၊ ကြောက်စရာကြီး”
အိုးရန်စုစုက သူမ၏ကြီးမားသောခန္ဓာကိုယ်အား ဒေါက်တာလီနောက်တွင် ပုန်းကွယ်လိုက်သည်။ခဲလုံးကိုလည်း ခပ်တင်းတင်းဆုပ်ထား၏။
“ယုန်သူငယ်လေးလိုသရုပ်ဆောင်တာက မင်းနဲ့တော်တော်မလိုက်ဖက်ဘူးနော်”
စိတ်လှုပ်ရှားနေသောကြောင့် ဒေါက်တာလီက သူ့အတွေးအစစ်ကို လွှတ်ခနဲထုတ်ပြောမိသွားသည်။အိုးရန်စုစုက သူ့ကို ဆွဲလိမ်လိုက်သည်။
“ကောင်းမင် ငါတို့ဒီနေရာကို ဝင်ဖို့လိုတာ သေချာရဲ့လား ၊ ငါတို့အတွက် ထာဝရဘဝအိမ်ရာက ထွက်ပြေးဖို့တောင် လွယ်ကူခဲ့တာမဟုတ်ဘူး၊ ဒီနေရာကြီးက ဘယ်လိုပဲကြည့်ကြည့် လုံခြုံမယ့်ပုံ မပေါ်ဘူးနော်”
ဖန်လီမှာ ကြောက်ရွံ့နေ၏။သူတို့အပေါ် နတ်ဘုရား၏ဖိနှိပ်မှု အားပျော့သွားသော်လည်း သူတို့သည် သာမန်လူများဖြစ်နေဆဲသာ။လုံခြုံရေးအဖွဲ့ဝင်များ သို့မဟုတ် သရဲများနှင့် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
“ဒီနေရာမှာ ငါတစ်ခုခု ရှာဖို့လိုတယ်”
ကောင်းမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“ပြီးတော့ အပြင်ဘက်မှာလည်း ဘေးကင်းတယ်လို့ မဆိုနိုင်ဘူး ၊ ဒီနေရာမှာ သန္ဓေပြောင်းအိမ်ငှားတွေအပြင် တခြားအရာတွေလည်း ပုန်းအောင်းနေတယ်လို့ ငါခံစားရတယ် “
ကောင်းမင်သည် သူတို့အား သူ့နောက်လိုက်ရန် တွန်းအားမပေးခဲ့ပေ။ရုပ်တုနှစ်ခုသည် အလွန်ထူးဆန်းသော စွမ်းအားများရှိကြသည်။သူတို့အားလုံး ရှင်သန်နိုင်အောင် ကူညီပါမည်ဟု သူအာမမခံနိုင်ပေ။သူ့စိတ်ထဲမှ မှတ်ဉာဏ်အပိုင်းအစများနောက် လိုက်ပါလာရင်း ကောင်းမင်သည် လူချမ်းသာရပ်ကွက်၏ အဆောက်အအုံ ၅ဆီသို့ ရောက်ရှိလာခဲ့သည်။တကယ်တမ်းတွင် ထိုလူနေရပ်ကွက်၌ အဆောက်အအုံ ၄ခုသာ ရှိသည်။ သို့သော်လည်း နံပါတ်၄သည် မင်္ဂလာမရှိဟု ယူဆသောကြောင့် လေးခုမြောက်အဆောက်အအုံအားလုံးကို အဆောက်အအုံ ၅ဟု ခေါ်ဆိုကြခြင်းပင်။
“ကောင်းယန်နဲ့ ဆက်သွယ်ဖို့ ကျောင်းသားကောင်စီကလူတွေကို ရှာဖို့လိုတယ်”
ကောင်းမင်သည် သူမူမမှန်ဖြစ်ရပ်ထဲ မဝင်ခင်ကတည်းက ကောင်းယန်နှင့် ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ မြို့ဟောင်းရှိ အကြီးမားဆုံးဗီလိန်နှင့် မြို့တော်အရှေ့ပိုင်းရှိ ကြောက်စရာအကောင်းဆုံးခေါင်းဆောင်တို့မှာ အချိန်အတော်ကြာကတည်းက အတူတူလုပ်ဆောင်နေကြမည်ဟု စုံစမ်းစစ်ဆေးရေးဌာနပင် မျှော်လင့်ထားမည်မဟုတ်ချေ။
ကောင်းမင်သည် လျှို့ဝှက်နံပါတ်ဖြင့် ကာကွယ်ထားသော ဒစ်ဂျစ်တယ်တံခါးကြောင့် အခက်တွေ့နေခဲ့သည်။သူ အသားနှလုံးသားကို ရှာမတွေ့ခင်အထိ ထိုမျှထူထဲလှသော တံခါးကို ချိုးဖျက်နိုင်ရန် စွမ်းအားမရှိချေ။
“ငါတို့ ဝင်မရဘူးလား”
ဖန်လီက အဝင်ဝတွင် ရွေ့လျားနေသော ကင်မရာကို မြင်လိုက်သည်။အဆောက်အအုံတွင်းမှ တစ်ယောက်ယောက်က သူတို့အား ကြည့်ရှုနေဟန်ရှိသည်။လူချမ်းသာ ရပ်ကွက်ရှိ အခြေအနေသည် ထာဝရဘဝအိမ်ရာမှအခြေအနေနှင့် ကွာခြားသည်။ထာဝရဘဝအိမ်ရာမှ လူများသည် ထွက်ပြေးရန်အသဲအသန်ကြိုးစားကြသော်လည်း လူချမ်းသာရပ်ကွက်ရှိလူများကမူ အပြင်ကအန္တရာယ်များကို သိပုံရပြီး ရည်ရွယ်ချက်ရှိရှိဖြင့် နေရာကို သော့ခတ်၍ အပြင်လူများကို ဝင်ခွင့်မပေးချေ။
အိုးရန်စုစုက တံခါးကိုဝင်ဆောင့်လိုက်သည်။ထို ဆူညံပူညံများက မလိုလားအပ်သော အာရုံစိုက်မှုတချို့ကို ဆွဲဆောင်မိသွားသည်။အမှောင်ထဲမှ အလွန်အမင်းခြောက်ခြားဖွယ်ကောင်းသော အကြည့်များက သူတို့အား စိုက်ကြည့်လာကြသည်။ထိုအရာများသည် မည်သည့်အရာများဖြစ်မှန်း မသိသော်လည်း တစ်စုံတစ်ခု၏ အစားအစာအဖြစ်နေရခြင်း၏ အကူညီမဲ့မှုသည် ကျောချမ်းဖွယ်ကောင်းလှသည်။
အိုးရန်စုစုကြောင့် မကောင်းဆိုးဝါးများကို ဆွဲဆောင်မိမည်စိုးသောကြောင့် တံခါးနောက်မှ ယောကျ်ားသံတစ်ခု ထွက်လာခဲ့သည်။
“အဆောက်အအုံတွေကို ချိတ်ပိတ်ထားတာ ၊ ခင်ဗျားတို့ ဝင်ချင်တယ်ဆိုရင် အပြန်အလှန်ကူညီရေးအသင်းကနေ ခွင့်ပြုချက်ယူဖို့လိုတယ် ၊ ခင်ဗျားတို့ ဆူညံသံတွေ ဆက်လုပ်နေရင် သရဲတွေကို ဆွဲဆောင်မိပြီး အစားခံရလိမ့်မယ် “
“အပြန်အလှန်ကူညီရေးအသင်းက ဘာကြီးလဲ”
ဖန်လီ စိတ်ရှုပ်ထွေးသွားသည်။
“ဆာလောင်နေတဲ့ သရဲတွေက ပုန်းအောင်းနေပြီး လူတိုင်း ဒီနေရာမှာ ပိတ်မိနေကြတယ်၊ ကျုပ်တို့ အတူတူပူးပေါင်းမှသာ အသက်ရှင်ဖို့ အခွင့်အရေး ရှိမယ်၊ ထွက်ပြေးမယ့် နည်းလမ်းရှာဖို့အတွက် ကန့်သတ်ထားတဲ့ အစားအစာနဲ့ ရေတွေကို စုဆောင်းဖို့နဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဖို့အတွက် အပြန်အလှန်ကူညီရေးအသင်း ကို ဖွဲ့စည်းထားတာပဲ”
ထိုလူ၏ အသံမှာခိုင်မာလှသည်။သူက ယင်းကို အမှန်တကယ်ယုံကြည်နေပုံရသည်။
“အပြန်အလှန်ကူညီရေးအသင်းကို ကျုပ်တို့ဝင်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ၊ ကျုပ်တို့မှာ ရေနဲ့အစာတွေပါတယ် ၊ ဒါပေမယ့် ကျုပ်တို့ အိပ်ဖို့ လုံခြုံတဲ့နေရာလေးတစ်ခု လိုတယ်”
ကောင်းမင်က ကင်မရာကိုကြည့်၍ ပြောလိုက်သည်။
ထိုလူက ကောင်းမင်နောက်ကျောရှိ အလောင်းကိုမြင်ပုံရသည်။အချိန်တချို့ကြာပြီးနောက် သူကပြောသည်။
“မြေအောက် ကားဂိုဒေါင်ကို သွားပါ ၊ အပြန်အလှန်ကူညီရေးအသင်းက ခေါင်းဆောင်တွေ အဲ့ဒီမှာ အစည်းအဝေးလုပ်နေကြတယ် ၊ သူတို့သဘောတူတယ်ဆိုရင် ကျုပ်တံခါးဖွင့်ပေးမယ်”
“ကျေးဇူးတင်ပါတယ်”
ကောင်းမင်ဆက်မနေတော့ဘဲ မြေအောက်ကားဂိုဒေါင်ဆီသို့ ဦးတည်လိုက်သည်။အပြင်တွင် သူကြာကြာနေသည်နှင့်အမျှ သူ့နှလုံးက ပိုမြန်မြန်ခုန်လေဖြစ်လာနေသည်။သူရောက်လာသောအခါ နောက်လှည့်၍ လူအရေအတွက်ကို စစ်ဆေးလိုက်သည်။မိနစ်အနည်းငယ်အတွင်းမှာပင် လူသုံးယောက် ဆန်းကြယ်စွာပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ယင်းမှာ သူတို့ဘာသာထွက်သွားခြင်းလား သရဲများက ဆွဲခေါ်သွားခြင်းလားပြောရခက်ပေသည်။သူတို့အဖော်များပင် မည်သည့်ထူးဆန်းမှုကိုမှ အာရုံမခံမိကြပေ။
မှောင်မဲနေသောကားဂိုဒေါင်ကိုကြည့်ရင်း ဖန်လီတုံ့ဆိုင်းသွားသည်။
“ဒါကြီးက ထောင်ချောက်တစ်ခုများလား၊ ဘာလို့ မီးတစ်လုံးမှတောင် မထွန်းထားတာလဲ”
“လူချမ်းသာရပ်ကွက်ရဲ့ အဆောက်အအုံလေးခုက ဆက်သွယ်ထားတာ မဟုတ်ဘူး ၊ သူတို့က မြေအောက်ကားဂိုဒေါင်ကို သွားပြီး တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ မတူညီတဲ့ အဆောက်အအုံတွေက ဓာတ်လှေကားတွေကို သုံးရတာ…”
ဒေါက်တာလီပြောမဆုံးသေးခင် ကောင်းမင်ရပ်တန့်လိုက်သည်ကို သူသတိပြုမိသည်။
“ဘာဖြစ်လို့လဲ”
အမှောင်ထဲတွင် လူရိပ်တစ်ခုထွက်ပေါ်လာခြင်းဖြစ်သည်။ထိုလူသည် အဖြူရောင်ကျောင်းသားကောင်စီတံဆိပ်ကို ဝတ်ဆင်ထားပြီး ခေါင်းငုံ့ထားလေသည်။
“နောက်ဆုတ်”
ကောင်းမင်က ရပ်၍ သူ့နောက်ရှိလူများကိုပြောလိုက်သည်။
“အနား ကပ်မလာကြနဲ့”
အမှောင်ထုသည် ကောင်းမင်အား များစွာသက်ရောက်စေခြင်းမရှိပေ။သူမြင်သည်က ထိုလူ၏ဖိနပ်ထိပ်ဖျားများသာ မြေပြင်နှင့် ထိနေခြင်းပင်။သူတို့ကား ကြိုးနှင့်ဆွဲချည်ခံထားရသလို ဖြစ်နေသည်။
သူ့ဘယ်ဘက်မျက်လုံးထဲမှ အတိတ်နတ်ဘုရား၏ပုံစံကွက်က လှုပ်ရှားသွားသည်။ကောင်းမင်၏ မျက်ဆံများ ကျဉ်းမြောင်းသွား၏။ထိုနေရာတွင် လွန်ခဲ့သည့်နာရီဝက်က ဖြစ်ပျက်ခဲ့သည်များကို သူရိပ်ခနဲမြင်လိုက်ရသည်။
လူနေအဆောက်အအုံများမှ များစွာသောအလောင်းများကို ဓာတ်လှေကားများမှတဆင့် သယ်ဆောင်၍ ကားဂိုဒေါင်ထဲပစ်ချနေကြသည်။မြေအောက်ကားဂိုဒေါင်ကြီးသည် ဖြည်းညင်းစွာဖြင့် စတင်သန္ဓေပြောင်းလာတော့သည်။