မြေကြီးလက်ခတ်မလွှဲ
Vol. 27 Ch. 397
“အတိတ်ဆိုတာ ပြောင်းလဲလို့ မရဘူး ၊ ဒါကြောင့် အဲဒါက ဒဏ်ရာတွေကို ရှင်းပြပေးတယ် ၊ အနာဂတ်က စိတ်ပျက်အားငယ်မှုကို ယူဆောင်လာနိုင်ပေမဲ့ အနာဂတ်ကတော့ ရောက်မလာသေးဘူး…”
ရှန့်ထျန်းသည် စောင့်ကြည့်ကင်မရာပေါ်မှ ကောင်းမင်ကိုကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အနာဂတ်နတ်ဘုရားကို တိုက်ခိုက်ရန် အကြံတစ်ခုရှိသော်လည်း သူမစမ်းသပ်ဝံ့ခဲ့ချေ။ ရိုးရိုးသားသားပြောရလျှင် မည်သည့်ပုံမှန်လူမျှ ကြိုးစားရန် ဝံ့ရဲမည်မဟုတ်ပေ။ အနည်းဆုံး သူတို့ လုပ်ခဲ့လျှင်ပင် ကောင်းမင်ကဲ့သို့ သဘာဝကျကျ မလုပ်နိုင်ကြပါ။
“ဘော့စ် ခင်ဗျား တစ်ခုခုသတိထားမိလို့လား”
ဓားကိုင်ထားသော ထိုလူသည် ရိုင်းစိုင်းကြမ်းတမ်းပုံရသော်လည်း တကယ်တမ်းတွင် သူ့တွင် ထက်မြက်သော စိတ်တစ်ခုရှိသည်။ သူသည် ရှန့်ထျန်း၏ယုံကြည်ရသောသူဖြစ်သည်။
ရှန့်ထျန်းက တိုးတိုးပြောသည်။
“ကောင်းမင်က ငါတို့ မြင်နေရတဲ့အရာတွေကိုပဲ မြင်နေရတာ ဖြစ်နိုင်တယ် ၊ သူက အနာဂတ်ရဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေတာမဟုတ်ဘူး”
“မဖြစ်နိုင်ဘူး ၊ ဘယ်သူက သုံးမီတာရှည်တဲ့ သရဲမကိုဖက်ပြီး ရင်းရင်းနှီးနှီး နေနိုင်မှာလဲ ၊ သူတို့မျက်လုံးတွေက အချစ်တွေနဲ့ ဘလင်းဘလင်းတောက်နေသလိုပဲ ၊ ကောင်းမင်က သရဲတွေကို စွဲလမ်းနေတာလား”
ထိုလူသည် သူ့ကိုယ်သူ လုံလောက်အောင် ရူးသွပ်နေပြီဟု ထင်ခဲ့သော်လည်း ကောင်းမင်ကား (another level)ရောက်နေခဲ့ပြီဖြစ်သည်။(ခွီး)
“မမေ့နဲ့ဦး၊ သူက အတိတ်နတ်ဘုရားရဲ့ တိုက်ခန်းတွေကနေ ရောက်လာတာပဲ ၊ သူက ငါတို့နဲ့ မတူဘူး”
စခရင်မျက်နှာပြင်ပေါ်တွင် အပြောင်းအလဲအသစ်များ ပေါ်လာသောကြောင့် ရှန့်ထျန်းက စကားပြောခြင်းကို ရပ်လိုက်သည်။
ကောင်းမင်သည် ဧရာမသရဲမ၏လက်ကို ကိုင်၍ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ သူ့ကျောပေါ်ရှိ အလောင်းသည် ခေါင်းကိုနောက်ပြန် လှန်ထား၏။ ပြူးထွက်နေသော မျက်လုံးများသည် နေရာအနှံ့ရှိနေသော ကင်မရာများ သို့မဟုတ် ကင်မရာများနောက်က လူအုပ်ကြီးကို စိုက်ကြည့်နေသလိုပင်။
ဓားကိုင်ထားသောလူက ကျောချမ်းသွားပြီး သူ့အင်္ကျီလက်များကို ဆွဲလိုက်သည်။
“ဘော့စ် ၊ ကောင်းမင်က သူ့ကျောပေါ်ကအလောင်းကို သုံးပြီး ကျုပ်တို့ဆီ ကျိန်စာတိုက်ဖို့ ကြိုးစားနေတယ်လို့ မထင်ဘူးလား ၊ ဒါမှ သူအတွက် အနာဂတ်နတ်ဘုရားဆီကဖိအားကို ကျုပ်တို့ မျှခံရမှာလေ၊ သူ အဆောက်အအုံ ၃ထဲ ဝင်လာကတည်းက အဲဒီအလောင်းရဲ့ မျက်လုံးတွေက ကျုပ်တို့ကို လိုက်ကြည့်နေသလိုပဲ ၊ ကျုပ်တို့အကြောင်းကို သူသိနေသလိုမျိုးလေ”
မျက်မှောင်ကြုတ်လျက် ရှန့်ထျန်းသည် သူ့ကိုယ်သူ စစ်ဆေးရန် မျက်လုံးများ မှိတ်လိုက်သည်။ ဓားကိုင်ထားသောလူက သူ့ခေါင်းကို စောင့်ကြည့်ကင်မရာများဆီမှ လွှဲဖယ်လိုက်သည်။
...
ကောင်းမင်သည် သူ၏ စိတ်ခံစားချက်များ ထုတ်ဖော်ပြောဆိုခြင်းထက် သရုပ်ဆောင်ခြင်းတွင် ပိုတော်သည်။ သူတို့ ကော်ရစ်ဒါအနားရောက်လာသောအခါ ရွှမ်ဝမ်သည် ကောင်းမင်၏ပွေ့ဖက်မှုမှ ရုန်းထွက်ရန် ကြိုးစားနေခဲ့သေးသည်။ သူမ၏အသက်ရှူနှုန်းမှာ မညီမညာဖြစ်လာပြီး ပါးပြင်များ နီရဲလာခဲ့သည်။ ပိုတိကျစွာပြောရလျှင် သူမ၏မျက်နှာနှင့်အဝတ်အစားများပေါ်တွင် သွေးများ တဖြည်းဖြည်း ပေါ်လာခြင်းဖြစ်သည်။ သို့သော် ကောင်းမင်က ယင်းတို့ကို သတိထားမိပုံမရချေ။
“လာ နောက်တစ်ခန်း သွားကြစို့”
ရွှမ်ဝမ်သည် ပထမဆုံးအကြိမ်အဖြစ် ကောင်းမင်၏လက်ကို တက်ကြွစွာ ဆုပ်ကိုင်လိုက်ပြီး ဦးဆောင်လိုက်သည်။ ဤမသိစိတ်ဖြင့်လှုပ်ရှားမှုက အရာများစွာကို သက်သေပြသည်။
“ခဏလေး”
ကောင်းမင် ချက်ချင်းထွက်မသွားသေးချေ။ ဧည့်ခန်းနှင့် အိပ်ခန်းများတစ်ဝိုက် သူလျှောက်သွားလိုက်ပြီး ပစ္စည်းအချို့ကို ယဇ်ပူဇော်စားပွဲပေါ် တင်လိုက်သည်။
“ဒီစုံတွဲက သူတို့သမီးကို ချစ်ကြတယ် ၊ ကြုံရာကျပန်းပစ္စည်းတွေထက် သူတို့သမီးရဲ့ မှတ်ဉာဏ်နဲ့ အငွေ့အသက်တွေပါတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်လိုကြတယ် ၊ သူတို့ကို အခုချက်ချင်းတော့ ပြန်ပေါင်းစည်းပေးလို့ မရသေးဘူး၊ ဒါပေမဲ့ သူတို့ကို ကူညီဖို့ ငါအကောင်းဆုံး ကြိုးစားပါ့မယ်”
ဤသည်ကို မြင်လိုက်ရပြီး စားပွဲပေါ်ရှိ အဖြူအမဲပုံကို ကြည့်လိုက်သောအခါ ရွှမ်ဝမ်၏ စိတ်ခံစားချက်များထပ်မံ ပြောင်းလဲသွားပုံရသည်။
ကောင်းမင်က အာမခံချက်ပေးသည့်အနေဖြင့် ရွှမ်ဝမ်၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
“ငါတို့ တစ်ယောက်ချင်းစီတိုင်းဟာ အနာဂတ်ကိုကြောက်ရွံ့ကြတယ် ၊ဖြစ်လာမယ့် အဆိုးဆုံးအကြောင်းတရားကို စိုးရိမ်ကြတယ် ၊ ဒါပေမဲ့ လူတစ်တစ်ယောက်က အမြဲတမ်း အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုထဲမှာ နေထိုင်နေမယ်ဆိုရင် သူတို့မြင်ချင်တဲ့ အနာဂတ်ကို ဘယ်တော့မှရောက်ရှိမှာ မဟုတ်ဘူး”
ရွှမ်ဝမ်၏လက်ချောင်းများမှ ဖျစ်ညှစ်မှုကို ခံစားရသောအခါ ကောင်းမင်က အသေးစိတ် ရှင်းပြနေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် အရာများစွာကို နားလည်ခဲ့သော်လည်း မဖော်ထုတ်ခဲ့ချေ။
“အပေါ်ထပ်ကို သွားရအောင်”
နံရံပေါ်ရှိနာရီသည် ပိုနှေးစွာ လှုပ်ရှားလျက်သည်။ နာရီမျက်နှာပြင်သည် ဒဏ်ရာရနေသော မျက်နှာတစ်ခုကဲ့သို့ပင်။ ၎င်းမှ ခြောက်ခြားဖွယ်အနံ့ရှိသော သွေးများယိုစိမ့်နေသည်။ ကျိန်စာများ၏ ပဲ့တင်သံများ ၎င်းထံမှ လွင့်မျောထွက်ပေါ်လျက်ရှိသည်။
သူတို့နှစ်ဦးသား ပိုမြင့်သော အထပ်များကို စူးစမ်းကြသည်။ အနာဂတ်သည် အဆိုးဆုံး အဆုံးသတ်ဆီသို့ ဆက်လက်ရွေ့လျားနေဆဲပင်။ သို့သော်လည်း ရွှမ်ဝမ်သည် ကောင်းမင်အား မတူညီသောအမြင်ဖြင့် စတင်ရှုမြင်လာခဲ့သည်။ ကောင်းမင်၏အဆိုးရွားဆုံးအနာဂတ်ကို ဖန်တီးရန်အတွက် အနာဂတ်နတ်ဘုရားက ရွှမ်ဝမ်၏ဝိညာဉ်ထဲသို့ မရင်းနှီးသော မှတ်ဉာဏ်များစွာကို ထိုးသွင်းခဲ့သည်။ ယင်းသည် သူမအား ရွှမ်ဝမ်နှင့်ပတ်သက်သည့် အရာအားလုံးကို နားလည်စေခဲ့သည်။ သို့သော်လည်း သူမ ကောင်းမင်နှင့်အချိန်ကြာကြာ နေထိုင်လေ သူမထက် ရွှမ်ဝမ်ကိုပိုသိသောသူ တစ်ယောက် ကမ္ဘာပေါ်တွင်တကယ်ရှိနေကြောင်း သူမသိရှိလာခဲ့သည်။
ကောင်းမင်သည် ရွှမ်ဝမ်၏အစားအသောက် အလေ့အကျင့်များမှ သူမ၏ကိုယ်ကျင့်စရိုက် ချို့ယွင်းချက်များအထိ အရာအားလုံးနှင့်ရင်းနှီးကျွမ်းဝင်သည်။ သူတို့သည် အချိန်ကြာမြင့်စွာ အတူနေထိုင်ခဲ့ကြပုံရသည်။ သူတို့သည် အကောင်းဆုံးမိတ်ဆွေများနှင့် စစ်မဟာမိတ်များ ဖြစ်ခဲ့ကြသည်။
‘ရွှမ်ဝမ်’ သည် ကောင်းမင်ဆီမှ သူမမိဘများ၏ချစ်ခြင်းမေတ္တာနှင့် ဆင်တူသော ခံစားချက်ကိုလည်း ခံစားခဲ့ရသည်။ ယင်းက ‘ရွှမ်ဝမ်’အား တကယ့်ရွှမ်ဝမ်အစစ် ဖြစ်လာချင်သည်အထိ ဖြစ်စေခဲ့သည်။
အခန်းများ လှည့်လည်သွားလာနေရင်း စိတ်ပျက်အားငယ်မှုများ ပိုမို ထူထဲလာလေသည်။ သို့သော်လည်း ကောင်းမင်ကတော့ သက်ရောက်ခံရခြင်း မရှိချေ။ သူ ရွှမ်ဝမ်၏လက်ကို ကိုင်ထားသမျှကာလပတ်လုံး သူတို့ မကျော်လွှားနိုင်သောအတားအဆီး မရှိတော့သကဲ့သို့ပင်။
သို့သော် ထိုအကြောင်းကြောင့်ပင် ‘ရွှမ်ဝမ်’ စတင် စိုးရိမ်လာတော့သည်။ လူတစ်ဦးသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် နားခိုရာတစ်ခုကိုရှာတွေ့သောအခါ သူတို့တွင် အားနည်းချက်တစ်ခု ရှိလာလိမ့်မည်ဖြစ်သည်။ အနာဂတ်နတ်ဘုရားသည် ကောင်းမင်အား စိတ်ပျက်အားငယ်မှုထဲ နစ်မြှုပ်သွားစေရန်အတွက် နောက်ဆုံးတွင် သူမကိုသတ်ပစ်ပေလိမ့်မည်။
ရွှမ်ဝမ်၏ လည်ပင်းပေါ်တွင် နာကျင်မှုနှင့်သောကဝေဒနာတို့ကြောင့် သွေးကြောများဖောင်းကြွလာ၏။ သူမသည် ကောင်းမင်ကိုပင် အာရုံစိုက်နိုင်ခြင်း မရှိတော့ချေ။ သူမ၏ဦးနှောက်ထဲတွင် နာကျင်မှုများ လွှမ်းမိုးနေတော့သည်။
ကောင်းမင် ရပ်တန့်လိုက်ပြီး ရွှမ်ဝမ်၏ ပင်ပန်းနွမ်းနယ်၍ ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာလေးကို ဖြည်းညင်းစွာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူသည် အမှောင်ထဲတွင် ရပ်နေခဲ့သည်။ နာရီသည် တချက်ချက်မြည်နေပြီး လေထုမှာ အေးခဲလုနီးပါး ဖြစ်နေသည်။
ကောင်းမင်၏စိုက်ကြည့်ခြင်းကို ခံရသောအခါ ‘ရွှမ်ဝမ်’၏နှလုံးသားက ပို၍ပင် နာကျင်သွားသည်။
“ငါ မှတ်မိတယ် နေ့လယ်ခင်းတစ်ခုမှာပေါ့…”
ကောင်းမင်၏မျက်လုံးများသည် အမှောင်ထုဖြင့် လွှမ်းခြုံသွားသည်။
သူသည် သူနှင့် ရွှမ်ဝမ်ကြားက မှတ်ဉာဏ်တစ်ခုကို မျှဝေနေခြင်းလော။ သူ တစ်ခုခု ရှာတွေ့သွားခြင်းလော။ ဒါမှမဟုတ် သူအစကတည်းက သိနေခြင်းလော။ ‘ရွှမ်ဝမ်’ သည် စိုးရွံ့သွားသော်လည်း စိတ်သက်သာရာရမှုကိုလည်း ခံစားရသည်။ သူမသည် သူမနှင့်မသက်ဆိုင်သော လက်ကို လွှတ်ပေးလိုက်သည်။
“ငါ ငါးပြတိုက်ကို သွားခဲ့တယ် ဒါပေမယ့် ငါ အမြန်ပြေးထွက်လာခဲ့တယ်”
“???”
ကောင်းမင်က ရွှမ်ဝမ်၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။
“အဲဒီနေရာက ငါးညှီနံ့ အရမ်းနံနေတော့ ငါအရမ်းကြောက်သွားလို့လေ”
သရဲ၏ဝိညာဉ်ပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော ဖခင်ပြက်လုံးတစ်ခုကြောင့် တုန်ယင်သွားနိုင်သည်။ ‘ရွှမ်ဝမ်’ ၏ ခြေချောင်းများက သူမ၏ဖိနပ်ထဲတွင် ကွေးချည်ဆန့်ချည် ဖြစ်သွားသည်။ သို့သော် သူမ၏စိတ်ထဲရှိနာကျင်မှုက လျော့ပါးသွားခဲ့သည်။ သူမပါးစပ် ပွင့်လာသော်လည်း ဘာပြောရမှန်းမသိပေ။
လည်ချောင်းရှင်းလိုက်ရင်း ကောင်းမင်က ရှေ့ဆက်သွားသည်။ ထူးဆန်းသော ဥဩသံက ထပ်မြည်လာလေသည်။ အသံက အရင်ကထက် ပိုကျယ်သည်။ ကောင်းမင်က မကြားချင်ယောင် ဆောင်ချင်သော်လည်း မတတ်နိုင်ခဲ့။
သူတို့ ဥဩသံ၏ရင်းမြစ်ဆီသို့ ဦးတည်သွားလိုက်ကြသည်။ သူတို့ အခန်းထဲမဝင်မီတွင် သွေးနံ့ခပ်ပြင်းပြင်းကို အနံ့ရလိုက်သည်။ သူ တံခါးကို တွန်းဖွင့်လိုက်ရာ အခန်းအလယ်တွင် အဖြူရောင်ကျောင်းသားကောင်စီတံဆိပ် ဝတ်ဆင်ထားသော လူငယ်တစ်ဦး ကြိုးဆွဲချလျက်ရှိနေလေသည်။ သူ၏ခန္ဓာကိုယ်က ကိုးရိုကားရားဖြင့် မညီမညာဖြစ်နေခဲ့သည်။ သူ၏ ခြေလက်အင်္ဂါများကို မတူညီသော လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ချုပ်ထားခြင်းဖြစ်သည်။
“ဂရုစိုက်… သူ့ကို အလောင်းရုပ်သေးအဖြစ် ဖန်တီးထားတာပဲ”
ရွှမ်ဝမ်မျက်လုံးများထဲရှိ စိုးရိမ်မှုမှာ ပိုမို ထင်ရှားလာသည်။ ဤသည်မှာ အနာဂတ်နတ်ဘုရား၏ လက်ရာဖြစ်သည်။
ကောင်းမင်ကိုမြင်သောအခါ ထိုကောင်လေးက စတင်ရုန်းကန်လိုက်သည်။ သို့သော် သူ့ပါးစပ်မှ အလွန်ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာ၏။
“ကောင်းမင် ၊ မင်း ငါ့ကိုသတ်ဖို့ အကြိမ်ပေါင်းများစွာ သေခဲ့ရတယ် ၊ ဒါပေမဲ့ ငါပြန်ရောက်လာပြီ ၊ မင်း ငါနဲ့ မျှမျှတတဂိမ်းတစ်ခုကစားရဲလား”
“စီတုအန်း”