ခန့်မှန်းချက်
Vol. 27 Ch. 399
“ပထမဆုံးအနေနဲ့ အဖြေမှားတစ်ခုကို ဖယ်ရှားနိုင်ဖို့ ငါကူညီပေးနိုင်တယ် ၊ မင်းရဲ့မိဘတွေက လက်တွေ့ကမ္ဘာမှာ မဟုတ်ဘူး ၊ မင်းဟာ စုံစမ်းစစ်ဆေးရေးဌာနအတွက် အလိုရှိပိုစတာပေါ်မှာပဲ ရှိတယ် ၊ သူတို့က မင်းမိဘတွေနဲ့ ပတ်သက်တဲ့ ဘာကိုမှ မရှာနိုင်သလို ငါလဲ မရှာနိုင်ဘူး”
အလောင်းရုပ်သေး၏နူတ်ခမ်းများက ပုတ်ပွနေသော်လည်း မြန်မြန်ပြောလိုက်သည်။
“ဒါပေမယ့် သူတို့က အရိပ်ကမ္ဘာထဲမှာဆိုရင် သူတို့ ဘယ်လိုဝင်သွားကြတာလဲ ၊ ပြီးတော့ ဘယ်အချိန်တုန်းကလဲ ၊ သူတို့ အရိပ်ကမ္ဘာမှာ အသက်ရှင်နိုင်အောင် ဘယ်လောက်ထိ စတေးဖို့လိုခဲ့တာလဲ”
အရိပ်ကမ္ဘာမည်မျှ အန္တရာယ်များကို အခြားလူများထက် ကောင်းမင်ပိုသိသည်။သူသည်ပင်လျှင် သူ့မိဘများက အကြိမ်တိုင်း သူ့အား မည်သို့ရှာတွေ့နိုင်ခဲ့သည်ကို နားမလည်နိုင်ပေ။
“သူတို့က ဘာစွမ်းအားမှ မရှိတဲ့ သာမန်လူတွေပဲ ၊ သူတို့က မင်းကြောင့်မို့လို့ အရိပ်ကမ္ဘာထဲဝင်ခဲ့ကြတာ ၊ မင်းအခုပိုင်ဆိုင်နေတဲ့ အရာအားလုံးက သူတို့ရဲ့နာကျင်မှုတွေနဲ့ အုတ်မြစ်ချပြီးတည်ဆောက်ထားတာပဲ ၊ သူတို့ရဲ့ ကလေးတစ်ယောက်ဖြစ်တဲ့ မင်းက သူတို့ကို ဂရုမစိုက်ဘူးလား”
အလောင်းရုပ်သေးက ဖြည်းညင်းစွာဖြင့် အဓိကအချက်ဆီ ဦးတည်လိုက်သည်။
“အနာဂတ်က ဒီရောက်နေပြီ ၊ မင်းမမြင်ချင်တဲ့ မြင်ကွင်းတွေပေါ်လာလိမ့်မယ် ၊ အဲဒီထဲမှာ မင်းမိဘတွေလည်း ပါမှာပဲ”
“ပဟေဋိလုပ်နေတာတွေ တော်လိုက်တော့ ၊ ခင်ဗျား အများကြီးပြောခဲ့ပြီး ၊ ခင်ဗျား အတိအကျ ဘာလိုချင်တာလဲ”
“မူမမှန်ဖြစ်ရပ်တွေဟာ လက်တွေ့ကမ္ဘာနဲ့ အရိပ်ကမ္ဘာတို့ ထပ်နေတဲ့နေရာတွေပဲ ၊ မင်းမိဘတွေက ဒီအဆောက်အအုံထဲမှာ ရှိနေကြတယ် ၊ မင်းက ငါ့ကို ငါ့အမေနဲ့ပြန်တွေ့နိုင်အောင် ကူညီဖို့ ငါ့အိမ်ထဲကို သတ်ဖြတ်ပြီးဝင်လာခဲ့ဖူးတယ်၊ အခုက ငါကလည်း မင်းကို မင်းမိဘတွေနဲ့ ပြန်ဆုံတွေအောင် ကူညီပေးမယ်”
အလောင်းရုပ်သေး၏ အလောင်းသည် ပုတ်ပွနေပြီး နာကျင်သည့်အမူအရာဖြစ်နေသော်လည်း ပျော်ရွှင်စွာရယ်မောလိုက်သည်။
“သွား၊သူတို့သွားရှာ ၊ သူတို့က မင်းရဲ့မိဘတွေ တကယ်ဟုတ်မဟုတ် ခန့်မှန်းကြည့်ပေါ့”
အလောင်းရုပ်သေးသည် ၎င်း၏အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။၎င်းက အက်ကွဲသွားသည်။ ၎င်းခန္ဓာကိုယ်အတွင်းပိုင်းတွင် စက္ကူစများသိပ်ထည့်ထား၏။ကောင်းမင်က ယင်းကို ပြန်ဆက်ရန်ကြိုးစားလိုက်ရာ စီတုအန်း၏လက်ရေးစာတစ်စောင်ပါနေသည်ကို တွေ့လိုက်ရသည်။ထိုစာသည် အလောင်းရုပ်သေးအတွက် ဇာတ်ညွှန်းစာသားဖြစ်သည်။
“အဲဒါကို မယုံနဲ့…”
ရွှမ်ဝမ်သည် ကောင်းမင်၏ခံစားချက်များထဲမှ ရှင်းလင်းသည့်အပြောင်းအလဲတစ်ခုကို ခံစားမိသည်။သူမ ပျော်ရွှင်သင့်သော်လည်း မပျော်နိုင်ပေ။သူမ သတိပေးစကားတစ်ခွန်းပင် ပြောမိခဲ့သည်။
ကောင်းမင်သည် သွေးအိုင်အလယ်တွင်ရပ်နေရင်း ခေါင်းခါလိုက်သည်။တစ်ချိန်က အတိတ်နတ်ဘုရားနှင့် အနာဂတ်နတ်ဘုရားတို့သည် အရိပ်ကမ္ဘာတွင် ကြောက်စရာအကောင်းဆုံး ဖြစ်တည်မှုများဖြစ်ခဲ့ကြသည်။သူတို့က အရိပ်ကမ္ဘာထဲတွင် မြှုပ်နှံခံခဲ့ရသော်လည်း သူတို့၏ ရွှံ့ရုပ်တုများတွင် သူတို့၏စွမ်းအားတစ်စိတ်တစ်ပိုင်းပါဝင်နေဆဲဖြစ်သည်။ထိုစွမ်းအားသည် အတိတ်နှင့်အနာဂတ်ကို သက်ရောက်စေနိုင်၏။
“သူတို့လက်ထဲမှာ ငါ့မိဘတွေအမှန်တကယ်ရှိနေတာလဲ ဖြစ်နိုင်ပါတယ် “
ကောင်းမင်က သူ့ဘာသာ စကားပြောနေဟန်ရှိသည်။ကောင်းမင်၏လက်ဖဝါးကို ဆုပ်ကိုင်ထားသော ရွှမ်ဝမ်၏လက်က တင်းကျပ်သွား၏။သူမ၏ နူတ်ခမ်းများ ဖြည်းညင်းစွာပွင့်ဟလာသည်။ထို့နောက် နာရီသံထပ်မြည်လာသောအခါ ရွှမ်ဝမ်က ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။သူမသည် ကောင်းမင်၏လက်ကို လွတ်ချလိုက်ပြီး ခက်ထန်သောအမူအရာဖြင့်ပြောလိုက်သည်။
“အပေါ်ထပ်ကို မသွားနဲ့တော့ ၊ ငါတို့တွေ့ခဲ့တဲ့ အထပ်မှာပဲနေပါ၊ အနာဂတ်ပုန်းနေတဲ့အခန်းကို ရှာပါ”
ထို့နောက် ရွှမ်ဝမ်လှည့်ထွက်သွားသည်။ကောင်းမင်နှင့် ပိုရောရောထွေးထွေးနေပါက သူမ၏အဆုံးသတ်မှာ အဆိုးဝါးဆုံးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သူမသိသည်။ အနာဂတ်နတ်ဘုရားသည် ကောင်းမင်ကိုနှိပ်စက်ရန် ဘာမဆို လုပ်လိမ့်မည်ဖြစ်သည်။
သူမနောက်မှ ခြေသံများထွက်ပေါ်လာသဖြင့် ရွှမ်ဝမ်လှည့်ကြည့်လိုက်ရာ ကောင်းမင်ပြေးလိုက်လာသည်ကို မြင်လိုက်ရသည်။
“ငါ ငါမိဘတွေကို ကယ်တင်ချင်တယ် ၊ ဘာပဲဖြစ်ဖြစ်ပေါ့”
တကယ်တမ်းတွင် သူ့မိဘအားလုံးမှာ သူ့မွေးနေ့ပုံတူထဲတွင်ရှိနေကြောင်း ကောင်းမင် တစ်ယောက်သာသိသည်။သူပြောနေသည်က ရွှမ်ဝမ့်နှလုံးသားထဲမှ စကားများသာဖြစ်သည်။
သူတို့’ခေါင်းတလားအိမ်’၌ ရှိခဲ့စဉ်ကပင် ကောင်းမင်သည် တချို့ကိစ္စများကို သိရှိခဲ့ပြီးဖြစ်သည်။ သူ့ရှေ့မှ ‘ရွှမ်ဝမ်’သည် ထိုမိသားစု၏ သမီးဖြစ်သည်။အနာဂတ်နတ်ဘုရားသည် သူမအား အနီရောင်တစ္ဆေအဆင့်နှင့် နီးကပ်သောတစ်စုံတစ်ခုဖြစ်လာရန် ကူညီပေးခဲ့သည်။တန်ကြေးမှာ သူမ၏မိဘများဖြစ်သည်။ကောင်းမင်သည် စိတ်ဆရာဝန်တစ်ယောက်ဖြစ်ခဲ့သောကြောင့် သူ့သေဆုံးခြင်းများမှတဆင့် ကိစ္စများစွာ ကြုံတွေ့ခဲ့ရသူဖြစ်သည်။ရွှမ်ဝမ့်အထောက်အထားကို သူသိရှိပြီးနောက် သူမအား ပြန်လည်သက်ရောက်စေရန် စတင်လုပ်ဆောင်ခဲ့သည်။
အချစ်သည် မှားယွင်းသော သို့မဟုတ် မှန်ကန်သောထောင်ချောက်တစ်ခုဖြစ်ပြီး ခံစားချက်ဆိုသည်မှာ အလိမ်အညာတစ်ခုဖြစ်သည်။သူတို့ကို ဆက်သွယ်ပေးသောအရာသည် သူတို့မိဘများကို ကယ်တင်ချင်သည့် စိတ်ဆန္ဒဖြစ်သည်။ ငါမင်းရဲ့နာကျင်မှုကို နားလည်တယ် ဘာလို့လဲဆိုတော့ ငါဟာလည်း တူညီတဲ့စိတ်ပျက်အားငယ်မှုကို ခံစားနေရလို့ပါပဲ ။ငါ မင်းကိုချစ်တယ် ဒါကြောင့် ကျေးဇူးပြုပြီး အဆိုးရွားဆုံးအနာဂတ်မှာ ငါ့ကို စောင့်မနေပါနဲ့။
ကောင်းမင်သည် လက်ရှိသူဖြစ်လာရန် သူ၏ပျော်ရွှင်မှုနှင့် ကြင်နာမှုတို့ကို စွန့်လွတ်ခဲ့ရသည်။ သူလုပ်ခဲ့သမျှအရာရာတိုင်းသည် ရည်ရွယ်ချက်တစ်ခုကို အောင်မြင်နိုင်ရန်ဖြစ်သည်။ဟန်ဟိုင်းအတွက် စည်းမျဉ်းများကို ဖန်တီးခဲ့သော ကံကြမ္မာသည် အရိပ်ကမ္ဘာကို သတ်ဖြတ်ခဲ့သူဖြစ်နိုင်သည်။သူတို့သည် ထိုနေရာအား ထောင်တစ်ခုအဖြစ်ပြောင်းလဲ၍ ဟန်ဟိုင်းမှ တစ်စုံတစ်ခုကို လိုချင်နေကြခြင်းဖြစ်သည်။ အကယ်၍ မြို့သားများသည် ကံကြမ္မာကို တိုက်ခိုက်နိုင်မည့်စွမ်းအားကို ရယူချင်ပါက ဟန်ဟိုင်းသွေးနီရောင်မြို့တော်၏ ပိုင်ရှင်အသစ်ဖြစ်လာရမည်ဖြစ်သည်။
ကောင်းမင်သည် ကံကြမ္မာ၏သုတ်သင်မခံရမီအထိ ကံကြမ္မာကိုဆန့်ကျင်နိုင်မည့် သူတတ်စွမ်းနိုင်သည့် အရာမှန်သမျှကို ဖမ်းဆုပ်မည်ဖြစ်သည်။ထိုအထဲတွင် အတိတ်နတ်ဘုရားနှင့် အနာဂတ်နတ်ဘုရားတို့ကို သိမ်းပိုက်ခြင်းသည်လည်း ပါဝင်၏။
ကြင်နာမှုသည် အတိတ်တွင် သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် သူသည် ပုံမှန်အားဖြင့် ဘယ်သောအခါကမှ ကိုယ်ကျင့်တရားကောင်းမွန်သူတစ်ယောက်မဟုတ်ခဲ့ပေ။သွေးနီရောင် မြို့တော်သို့ သူရောက်အောင်သွားမည်ဖြစ်သည်။သူ အကျဉ်းထောင်ကို ဖွင့်နိုင်သည့်အချိန်တွင် ကောင်းကင်အစစ်ကိုမြင်တွေ့နိုင်ရန် ထောင်သားများအားလုံးကို သူခေါ်ဆောင်သွားမည်ဖြစ်သည်။
“ငါ ငါ့မိဘတွေကို ကယ်တင်ချင်တယ် ၊ ဘာတန်ကြေးပဲပေးရ ပေးရ ငါသူတို့ကို ကယ်မယ်”
ကောင်းမင်က ရွှမ်ဝမ်ဆီသို့ ဖြေးညင်းစွာလျှောက်သွားလိုက်သည်။
“ငါဟာ ငါ့ရဲ့အတိတ်ကို လက်ခံပြီးပြီ ၊ အနာဂတ်ကို ကြောက်ရွံ့မှာမဟုတ်ဘူး ၊ အနာဂတ်နတ်ဘုရားက ငါ့ကို စိတ်ပျက်အားငယ်မှုထဲ နစ်မွန်းသွားအောင် မလုပ်နိုင်ပါဘူး ၊ ကံကြမ္မာဆိုရင်တောင်မှပေါ့”
ကောင်းမင်က ရွှမ်ဝမ်၏လက်ကို ဆုပ်ကိုင်ပြီးသည်နှင့် အပေါ်ထပ်သို့ ဦးတည်လိုက်တော့သည်။နံရံပေါ်ရှိ နာရီမှာ အလွန်လျင်မြန်စွာ လည်ပတ်လာသည်။နာရီမျက်နှာပြင်ပေါ်တွင် ဒဏ်ရာများထွက်ပေါ်လာ၏။ အဆောက်အအုံ ၃သည် လျင်လျင်မြန်မြန်ပင် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
………….
အဆောက်အအုံ ၃ထဲတွင် လူတစ်ယောက်က အခန်း ၁၈၀၁တံခါးကို ခေါက်လိုက်သည်။ ကျောင်းဝတ်စုံဝတ်ထားပြီး မှန်ရှေ့တွင် ရပ်နေသည့် ဝမ်ကျားက ထိတ်လန့်သွားသည်။သူ့ဓားကို သူ့နောက်ကျောတွင် ဝှက်၍ တံခါးဆီသို့ ဖြည်းညင်းစွာ တိုးကပ်သွား၏။
ကင်မရာမှတဆင့် သူသည် တံခါးရှေ့တွင်ရပ်နေသော သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲကို လှမ်းမြင်လိုက်ရသည်။အမျိုးသားဖြစ်သူသည် ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး မတ်မတ်ရပ်နေ၏။သူသည် အရပ်ရှည်ပြီး ချောမောခန့်ညားသည်။အမျိုးသမီးဖြစ်သူမှ အဖြူရောင်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့ဟန်ရှိသည်။သူမသည် မိုးရေများစိုစွတ်လျက်ရှိသော မွေးနေ့ကိတ်တစ်ခုကို သယ်ဆောင်ထားလေသည်။
“သူတို့ကို ရင်းနှီးနေသလိုပဲ…”
သူတို့ မည်သည့်အန္တရာယ်ရှိသည့်အရာကိုမှ သယ်ဆောင်လာခြင်းမရှိကြောင်း အတည်ပြုလိုက်ပြီးနောက် ဝမ်ကျားက ခလုပ်ကိုနှိပ်လိုက်သည်။သူက စပီကာထံ ပြောလိုက်သည်။
“ခင်ဗျားတို့ အစားအစာလဲဖို့ရောက်လာတာလား၊ ခင်ဗျားတို့က ကိတ်မုန့်နဲ့ ဘာနဲ့လဲချင်တာလဲ”
အဆိုးရွားဆုံးအနာဂတ်က အဆောက်အအုံ ၃ကို စိမ့်ဝင်သွားခဲ့ပြီး ဖြစ်သည်။အချိန်သည် ပုံမှန်မဟုတ်စွာ စီးဆင်းနေ၏။ဆာလောင်မှုကဲ့သို့ လူသားတို့၏လိုအင်ဆန္ဒများသည် အချိန်စီးဆင်းသွားသည်နှင့်အမျှ အပြင်းအထန်ချဲ့ထွင်ခံနေရလေသည်။
“ဦးတို့က ကောင်းမင်ရဲ့ မိဘတွေပါကွာ ၊ ကျောင်းဆင်းပြီးတော့ သူအိမ်ပြန်မလာလို့လေ ၊ မင်းက သူ့ရဲ့အခန်းဖော်ဆိုတော့ သူမင်းနဲ့ရှိနေမလား သိချင်လို့ပါ”
ထိုလူသည် ခုလေးတင် ရုံးဆင်းလာပုံရသည်။သူသည် အဝတ်လဲဖို့ပင် အချိန်မရခဲ့ပေ။
“ကောင်းမင်ရဲ့ မိဘတွေလား”
ဝမ်ကျားစိတ်ရှုပ်ထွေးသွား၏။သူသည် ထိုနေရာတွင် အချိန်ကြာကြာရှိနေခဲ့ပြီးနောက် သူ့မှတ်ဉာဏ်များစတင် ဝေဝါးလာခဲ့သည်။
“ကောင်းမင်က ဘာလို့ ငါ့အိမ်မှာ ရှိနေရမှာလဲ “
ဝမ်ကျားတွေးတောနေစဉ်တွင် အဆောက်အအုံတစ်ခုလုံး တံခါးခေါက်သံများ ပဲ့တင်ထပ်သွားခဲ့သည်။