အဖေနဲ့အမေ
Vol. 27 Ch. 400
အခန်း ၁၃တစ်ခန်းလုံးတွင် စီဆန်းသည် သူ့ကိုယ်သူ ပေါ်ပြူလာအဖြစ်ဆုံးဟု ယုံကြည်ထားသည်။သူသည် ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်သည်။သူသည် အရပ်ရှည်ပြီး ချောမောသည်။စတိုင်ကျပြီး ဂရုစိုက်တတ်သည်။သူ့လို လူငယ်လေးတစ်ယောက်ကို မည်သူက မကြိုက်ပဲနေမည်နည်း။
မည်သို့ပင်ဖြစ်စေ စီဆန်း၏နှလုံးသားထဲတွင် လျှို့ဝှက်ချက်တစ်ခုရှိသည်။ သူအထက်တန်းကျောင်းတက်ခဲ့စဉ်က များစွာစောကျောင်းသူများက သူ့ထံ အချစ်ဝန်ခံခဲ့ကြသည်။သို့သော် စီဆန်းသည် တစ်ခါမှစိတ်လှုပ်ရှားခဲ့ခြင်းမရှိပေ။ သူ့နှလုံးသားထဲတွင် သူ့ထက် အသက်၁၂နှစ်ကြီးသော အမျိုးသမီးတစ်ယောက်ရှိနေခဲ့သောကြောင့်ဖြစ်သည်။သူမသည် သူ့တိုက်ခန်းအပေါ်ထပ်တွင် နေထိုင်ခြင်းဖြစ်သည်။ သူ့အား အသစ်စက်စက်ကမ္ဘာကြီးကို မိတ်ဆက်ပေးခဲ့သူမှာ ထိုအစ်မကြီးဖြစ်သည်။ လက်ဖဝါးထဲတွင် ခရမ်းရောင်ဘရာစီယာကို ကိုင်ထားရင်း စီဆန်းစိတ်ထဲမှ မှတ်ဉာဏ်များသည် ပုံရိပ်လေးတစ်ခုသာ ကျန်ရစ်သည်အထိ မှေးမှိန်သွားသည်။
သူ သူ့မျက်နှာကို ရှေ့တိုးလိုက်သည်။သူ့နှာခေါင်းက ဘရာစီယာကို နမ်းရှုပ်တော့မည့် အချိန်တွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာလေသည်။စီဆန်းက ထိတ်လန့်တကြားဖြင့် ထရပ်လိုက်သည်။ဘရာစီယာအား သူ့အိတ်ကပ်ထဲထိုးထည့်လိုက်ပြီး တံခါးဆီသို့ အနည်းစိတ်တိုလျက် ပြေးသွားသည်။
“ကောင်းမင် မင်းအိမ်မှာ ရှိလားမသိဘူး ၊ ဦးတို့က သူ့မိဘတွေပါ”
“ကောင်းမင်ရဲ့ မိဘတွေလား”
ထိုပြောပြလိုက်သောနာမည်တွင် မှော်စွမ်းအားတချို့ကို သယ်ဆောင်လာဟန်ရှိသည်။ ခဏတာတွေဝေနေပြီးနောက် စီဆန်းက တံခါးဖွင့်ပေးလိုက်သည်။
“ဟိုင်း အန်တီနဲ့အန်ကယ် ၊ ကောင်းမင်က ကျွန်တော့်အခန်းဖော်ပါပဲ ၊ သူတစ်ခုခု ဖြစ်လို့လား”
“ကောင်းမင်က အိမ်ပြန်မလာခဲ့ဘူးလေ ၊ ဦးတို့ သူ့နံပါတ်ကို ဆက်မရတာနဲ့ စိုးရိမ်ပြီး သူက မင်းနဲ့အတူရှိ မရှိလာကြည့်တာပါကွာ”
ထိုသက်လတ်ပိုင်းစုံတွဲသည် မွေးနေ့ကိတ်တစ်လုံးကိုင်ထားပြီး အလွန်ယဉ်ကျေးသိမ်မွေ့သည်။ သူတို့သည် စီဆန်းအထင်လွဲသွားမည် စိုးသည်အလား စီဆန်းနှင့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားကြသည်။
“ဦးတို့က ကျွန်တော့်ညီအစ်ကိုကောင်းရဲ့ မိဘတွေဆိုတော့ ကျွန်တော့်ရဲ့မိဘတွေလိုပါပဲ ၊ အခု ဒီအဆောက်အအုံကြီးက အရမ်းအန္တရာယ်များနေတာဆိုတော့ ဘာလို့ အထဲဝင်မလာကြတာလဲဗျာ”
စီဆန်းက ဖိတ်ခေါ်လိုက်သည်။
ထိုစုံတွဲသည် ကြင်နာတတ်သော အိမ်ငှားတစ်ယောက်နှင့် ဆုံတွေ့မိသဖြင့် အံ့ဩသွားကြသည်။ သူတို့က လက်ကာပြသည်။
“ဦးတို့ ကောင်းမင်ကို လိုက်ရှာဖို့လိုနေတုန်းပဲ”
“ဒါဆို ကျွန်တော်က ဘာလို့မလိုက်ရမှာလဲ”
စီဆန်းသည် အရာများစွာကို မေ့လျော့နေခဲ့သော်လည်း ကောင်းမင်နှင့်ဝမ်ကျားတို့နှင့် နီးနီးကပ်ကပ်နေခြင်းက သူ၏ရှင်သန်နိုင်မည့်တစ်ခုတည်းသော လမ်းကြောင်းဖြစ်သကဲ့သို့ တချို့ဗီဇများက သူ့ဝိညာဉ်ထဲ စွဲမြဲလျက်ရှိပေသည်။ထိုအလိုလိုသိစိတ်များက အဘယ်ကြောင့်ရှိနေမှန်း သူမသိသော်လည်း ယင်းကို သူစဉ်းစားရန်အလွန်ပျင်းရိနေခဲ့သည်။
“ကျွန်တော်ကျန်နေခဲ့ရင် ဒီမှာပိတ်မိနေရုံသာမက နောက်ဆုံး အစာရေစာငတ်ပြီး သေသွားလိမ့်မယ် ၊ ဒီလိုဆိုရင် အန်တီနဲ့အန်ကယ်တို့ကို ကောင်းမင်ကို လိုက်ရှာဖို့ ကျွန်တော် ကူညီပေးရင်ရောဘယ်လိုလဲ ၊ အန်တီနဲ့အန်ကယ်တို့က လူဆိုးတွေနဲ့ မတူပါဘူး”
စီဆန်းက ထိုစုံတွဲနား အရမ်းကပ်နေသောကြောင့် သူတို့စိတ်ထဲတွင် အတော်လေး မသက်မသာဖြစ်သွား၏။
“ဒီည ဘာဖြစ်နေလဲတော့ ကျွန်တော်မသိဘူး ၊ ဒါပေမယ့် အဆောက်အအုံတစ်ခုလုံး ထူးဆန်းတဲ့ဖြစ်ရပ်တွေ သတင်းပို့နေကြတယ် ၊ ဦးတို့ ကောင်းမင်ကို စိတ်ပူနေတာကျွန်တော်သိပေမယ့် ကျွန်တော်ပြောတာကိုတော့ နားထောင်မှဖြစ်မယ် ၊ ကျွန်တော့်မှာ အကြံပြုစရာတချို့ရှိတယ် ၊ လူတွေဓာတ်လှေကားထဲမှာ သေထားလို့ ဓာတ်လှေကားမစီးပါနဲ့ ၊ လှေကားပေါ်ကဆင်းတဲ့အခါ ခြေလှမ်းတွေကို မရေတွက်ပါနဲ့ ၊ ကော်ရစ်ဒါမှာ သွေးတံခါးတစ်ချပ်တွေ့ရင် ချက်ချင်းထွက်ပြေးပါ ၊ ပြီးတော့…”
စီဆန်းစကားမဆုံးသေးခင် ထိုလင်မယားက ဓာတ်လှေကားရှေ့တွင် ရပ်တန့်လိုက်သည်ကို သူမြင်လိုက်ရသည်။သူတို့သည် စီဆန်း၏သတိပေးချက်များကို မကြားသည့်အလား ဓာတ်လှေကားပွင့်လာသောအခါ အထဲသို့ လမ်းလျှောက်ဝင်သွားကြသည်။
“ဟေး”
စီဆန်းက သူတို့ကို ပြေးတားလိုက်သည်။ထိုလင်မယားက ကောင်းမင်ကို အလွန်စိုးရိမ်နေသောကြောင့် ဓာတ်လှေကားထဲက ထွက်မလာကြပေ။ဆိုရလျှင် သူတို့နှင့် ပူးပေါင်းရန် စီဆန်းကို ‘မတော်တဆ’ဖြင့် လှေကားထဲ ဆွဲသွင်းမိသွား၏။
…
အဆောက်အအုံ ၃၏ကော်ရစ်ဒါအတွင်းပိုင်းထဲတွင် ဒေါက်တာလီသည် အပေါ်ထပ်သို့ ပြေးတက်သွားသော သူ့ဇနီးနောက်သို့ ပြေးလိုက်နေလေသည်။ဖန်လီနှင့်အခြားလူများကလည်း နောက်မှ လိုက်ပါလာကြသည်။သူတို့ ဤအဆောက်အအုံထဲသို့ ဝင်လာကတည်းက အိုးရန်စုစုသည် သရဲပူးသလိုဖြစ်နေခဲ့သည်။သူမသည် သူတို့၏မမွေးလာခဲ့သော ကလေးက သူမကိုရှာဖွေနေကြောင်း တတွက်တွက်ပြောဆိုနေခဲ့သည်။ သူမအား သူတို့အုပ်စုက အတူတကွထိန်းထားခဲ့ရသည်။သူမ စိတ်တည်ငြိမ်သွားပြီဟု သူတို့တွေးလိုက်သော်လည်း တစ်ယောက်ယောက်သတိလွတ်သွားသော အချိန်တွင် အိုးရန်စုစုက ချက်ချင်းထွက်ပြေးသွားပြီး ကော်ရစ်ဒါဘက်ထွက်သွားခဲ့ခြင်းဖြစ်သည်။
“ရပ်ကြစမ်း”
ရှရန်အော်ဟစ်လိုက်သည်။ သူ တစ်ခုခုကို အာရုံခံမိနေခြင်းဖြစ်သည်။
“ဒီ အမျိုးသမီးကို အနာဂတ်နတ်ဘုရားက သိမ်းပိုက်သွားပြီ ၊ ငါတို့ သူ့နောက်ဆက်လိုက်နေမယ်ဆိုရင် အားလုံးသေကုန်လိမ့်မယ်”
ဟယ်ကျင်းနှင့်အခြားခြောက်ခြားဂိမ်းကစားသမားများက ထိုစကားကို ကြားသောအခါ ရပ်တန့်လိုက်ကြသည်။ရှရန်က ဖန်လီအား သူ့ပုခုံးများဖြင့် ညှပ်လိုက်သည်။အခြားလူများထက်စာလျှင် ရှရန်သည်လည်း ဖန်လီအား ပိုယုံကြည်ရသည်ဟုထင်သောကြောင့် သူ့အား အကြောင်းမဲ့ သေမသွားစေချင်ပေ။
ဒေါက်တာလီနှင့် အိုးရန်စုစုတို့သည် ထောင့်ချိုးတစ်ခုသို့ ရောက်သွားသောအခါ ပျောက်ကွယ်သွားကြသည်။သူတို့ ဘယ်သွားမှန်း ဘယ်သူမှ မသိကြပေ။
“စုစု …အရှိန်လျှော့ပါဦး ၊ မပြေးနဲ့တော့”
ဒေါက်တာလီသည် သူ့ဇနီးနောက်လိုက်ရင်း အခန်းများထဲမှ တစ်ခန်းသို့ ဝင်ရောက်သွားသည်။ သူဝင်လာသောအခါ သူ့နောက်မှလမ်းကြောင်းသည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ တိတ်ဆိတ်မှုနှင့်အမှောင်ထုသာ ကျန်ရစ်ခဲ့သည်။ထိုစဉ် ကလေးငိုသံတစ်သံ ထွက်ပေါ်လာလေသည်။ဒေါက်တာလီ အံကြိတ်လိုက်ပြီး အခန်းတွင်းသို့ အရဲစွန့်ဝင်လိုက်သည်။ အခန်းသည် လူချမ်းသာရပ်ကွက်တွင် အသေးဆုံးအခန်းဖြစ်သည်။အဆင်တန်ဆာများမှာ ရိုးရှင်း၏။ ပိုင်ရှင်ဖြစ်သူသည် ထိုနေရာအတွက် ရှိသမျှငွေအကုန် မီးရှို့ပစ်ခဲ့ရဟန်ရှိသည်။သူတို့ ချေးငွေကြီးကြီးမားမား ယူခဲ့ရသည်ဖြစ်မည်။
“အချစ်ရေ အိမ်ပြန်လာပြီလား”
အိပ်ခန်းထဲမှ အိုးရန်စုစု၏အသံထွက်ပေါ်လာလေသည်။သူမ၏ နူးညံ့သိမ်မွေ့လှသော အသံသည် ဒေါက်တာလီအား ကြက်သီးမွေးညင်းများထ၍ တုန်ယင်သွားစေသည်။
“စုစုလား”
ဒေါက်တာလီက အိပ်ခန်းထဲသို့ မရေမရာလျှောက်သွားလိုက်သည်။ဈေးကြီးလှသော နှစ်ယောက်အိပ်ကုတင်ဘေးတွင် ကလေးပုခက်တစ်ခုရှိနေလေသည်။အိုးရန်စုစုက သူမ၏မြင်းမြီးဆံပင်ကို နှစ်ခွခွဲထားသည်။ သူမ ပုခက်ဆီသို့ လက်လှမ်း၍ပြုံးပြလိုက်သည်။ သူမသည် ကလေးနှင့် ကစားနေပုံရသည်။ ဒေါက်တာလီ ရှေ့သို့ တဖြည်းဖြည်းတိုးသွားပြီး လေအေးတစ်ချက်ရှူသွင်းလိုက်မိသည်။ပုခက်ထဲတွင် ကလေးတစ်ယောက်အမှန်တကယ် ရှိနေခြင်းဖြစ်သည်။
“အချစ်ရေ ကျွန်မတို့ကလေးကို ကြည့်ပါဦး ၊ သူက ရှင်နဲ့ အရမ်းတူတာပဲ”
အိုးရန်စုစု၏လေသံမှာ အလွန်မိခင်ဆန်လှသောကြောင့် ဒေါက်တာလီ ကြောက်ရွံ့သွား၏။
“ကျွန်မကို ဒီကိုအံ့ဩစရာကောင်းပြီး ပြည့်စုံတဲ့မိသားစုလေးကို ပေးခဲ့လို့ကျေးဇူးတင်ပါတယ်”
“စုစု ဒီနေရာက ငါတို့အိမ်မဟုတ်ဘူး ၊ဒါကလည်း မင်းရဲ့ ကလေးမဟုတ်ဘူး”
ဒေါက်တာလီ စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။သူ ဒီနေရာတွင် ကြာကြာနေသည်နှင့်အမျှ အကြောက်တရားက ဆူးနဲ့ထိုးနေသလို ခံစားရနေသည်။ယင်းက သူ့အိမ်မဟုတ်သည်မှာ သေချာလှသည်။သို့သော်လည်း အိုးရန်စုစု ထိုကြင်နာသော စကားများကိုပြောလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်သည် ရင်းနှီးလာသကဲ့သို့ သူစတင်ခံစားလာရသည်။ သူတို့၏ ငွေရေးကြေးရေးအခြေအနေအရ သူတို့အကောင်းဆုံးကြိုးစားလျှင်ပင် ဤနေရာမျိုးကို မတတ်နိုင်သည်မှာ သေချာ၏။
အိုးရန်စုစု၏ မျက်ဆံများတွင် သေးငယ်၍မည်းနက်နေသော လိုင်းများကြီးထွားလာလေသည်။ သူမသည် ကလေးကို ချီလိုက်ပြီး သူမမျက်နှာက ချစ်ခြင်းမေတ္တာဖြင့် ဝင်းပနေတော့သည်။
“ဒါတွေအားလုံးက အတုတွေပဲ ၊ စုစု မင်းက အနာဂတ်နတ်ဘုရားဖန်တီးထားတဲ့ ပုံရိပ်ယောင်ထဲရောက်နေတာပဲ ၊ နိုးထစမ်း”
ဒေါက်တာလီက အိုးရန်စုစုအား ကလေးကို ချထား၍ သူနှင့်အတူ ထွက်လာစေလိုသည်။သို့သော်လည်း ကလေးက အန္တရာယ်ကို အာရုံခံမိသောအခါ အိုးရန်စုစုသည် တခြားလူအဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့သည်။သူမ၏ တည်ရှိမှုကပင် ကြောက်မက်ဖွယ်သတိပေးချက် ဖြစ်လာလေသည်။
ဒေါက်တာလီမှာ အကူအညီမဲ့ဖြစ်နေတော့သည်။ရုတ်တရက် တိုက်ရိုက်ဆန် ၊ ယောက်ျားဆန်ပြီး ကြင်နာတတ်သော သူ့ဇနီးကို လွမ်းမိသွားသည်။
“မဖြစ်ဘူး ၊ ငါသူ့ကို ဒီနေရာကနေ အဝေးခေါ်သွားမှ ဖြစ်မယ် “
ဒေါက်တာလီ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ဧည့်ခန်းထဲတွင် သင့်သော်သည့်လက်နက်တစ်ခု သူသွားရှာလိုက်သည်။သို့သော်လည်း တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာပြီး မရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရသည်။
“ဟယ်လို ၊ ကျောင်းဝတ်စုံဝတ်ထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ကို မြင်မိကြသေးလားခင်ဗျာ ၊ ကျုပ်တို့သားလေးက ခုထိအိမ်ပြန်မရောက်သေးတော့ ကျုပ်တို့စိုးရိမ်နေလို့ပါ”
တံခါးခေါက်သံမှာ ရပ်တန့်သွားခြင်းမရှိပေ ။အပြင်ဘက်ရှိလူများသည် အတွင်းတွင် တစ်ယောက်ယောက်ရှိနေကြောင်း သိနေသလိုပင်ဖြစ်သည်။
ဒေါက်တာလီသည် အနည်းငယ်စိတ်ရှုပ်သွားဟန်ဖြင့် ဧည့်ခန်းတံခါးကို ဖွင့်လိုက်လေသည်။