သာမန်ဖြစ်ဖို့က အကောင်းဆုံးဆန္ဒပါ
Vol. 27 Ch. 403
မှိန်ဖျော့ဖျော့အလင်းရောင်က သူ့မျက်လုံးများကို စူးနေစေခြင်းမရှိပေ။ယင်းသည် ဟောင်းနွမ်းနေသော ပရိဘောဂများအပေါ် နူးညံ့စွာဖြာကျနေပြီး နွေးထွေးသည့်နေရာတစ်ခု၏ခံစားချက်ကို ပေးစွမ်းနေသည်။အိမ်သည် မကြီးမားသော်လည်း ပထမအကြည့်တစ်ချက်နှင့်ပင် သာမန်ဟုသာခံစားရသည်။သို့သော် အနီးကပ်စစ်ဆေးကြည့်ပါက ထူးဆန်းသည့် အသေးစိတ်အချက်အလက်များစွာကို ရှာတွေ့လိမ့်မည်ဖြစ်သည်။
လော်တုန်း တံခါးဝတွင် အေးခဲနေလေသည်။သူက တံခါးလာဖွင့်ပေးသော လူကိုကျော်၍ အခန်းထဲလှမ်းကြည့်လိုက်သည်။နံရံအားလုံးတွင် အသံစုပ်ယူသည့် ပစ္စည်းများကိုတင်ဆင်ထား၏။အိမ်ထဲ၌ လူသတ်မှုတစ်ခုခုဖြစ်ပွားခဲ့လျှင် မည်သည့်အိမ်နီးချင်းမှ သတိထားမိမည် မဟုတ်ချေ။ဧည့်ခန်းထဲတွင် ပန်ကာပါသော ဧရာမရေခဲသေတ္တာကြီးတစ်လုံးရှိသည်။ထိုရေခဲသေတ္တာအမျိုးအစားသည် ပန်ကာများကိုအသုံးပြု၍ အတွင်းပိုင်းသို့ လေအေးများကို မှုတ်ထုတ်ပေးခြင်းဖြင့် နိမ့်ပါးသောအပူချိန်ကို ထုတ်လုပ်ပေးသည်။ဤနည်းဖြင့် အတွင်းတွင် သိမ်းဆည်းထားသော အသားများက အလွယ်တကူပုတ်သိုးမသွားဘဲ ကြောက်မက်ဖွယ်အနံ့ဆိုးတစ်ခုကို ထုတ်လွှတ်နိုင်တော့မဟုတ်ချေ။
မီးဖိုခန်းထဲတွင် ဇစ်ပါသောအိတ်အများအပြား ပြန့်ကျဲနေလေသည်။၎င်းတို့သည် လက်သီးဆုပ်အရွယ်အသားတုံးများကို ထုတ်ပိုးရန် အနေတော်ပင်ဖြစ်သည်။ကောင်တာအောက်တွင် အပူပေးကိရိယာများကို သိုလှောင်ထားသည်။ထိုအရာများကို ရေနှင့်ရောနှောပြီးနောက် အသားပုတ်သိုးဆွေးမြေ့သည့် ဖြစ်စဉ်ကို အရှိန်မြင့်ပေးနိုင်သည်။
၎င်းတို့သည် အသားပို့ဆောင်ရေးနှင့်အသားဖျက်ဆီးရေးတို့အတွက် အလွန်သင့်လျော်လှသည်။လော်တုန်းက သန့်စင်ခန်းဘက်လှမ်းကြည့်လိုက်ရာ ရေချိုးခန်းကြမ်းပြင်နှင့်နံရံများတွင် ကြီးမားသော ပလတ်စတစ်စကြီးခင်းထားသည်ကို မြင်လိုက်ရသည်။အဆီကဲ့သို့ ညစ်ပတ်နေသောအစွန်းအကွက်များက ၎င်း၏အစိတ်အပိုင်းများတွင် ကပ်ညှိနေ၏။
“အသားတွေကို စီမံတဲ့နေရာတောင် ရှိသေးတာပဲ…”
လော်တုန်း၏နှလုံးသားမှ တလှပ်လှပ်ခုန်နေတော့သည်။နေရာသည် ကောင်းမွန်စွာဆင်ယင်ထားသော်လည်း သူ့နှလုံးသားမှာ အေးစက်နေခဲ့သည်။
“ခင်ဗျား ကြည့်လို့ဝပြီလား”
မိုးကာအင်္ကျီဝတ်လူက ရုတ်တရက်ပြောလိုက်သည်။မိုးကာအင်္ကျီအစွန်းက ထိုလူ၏မျက်နှာတစ်ဝက်ကို ဖုံးအုပ်နေသောကြောင့် လော်တုန်းမှာ သူ့မျက်နှာအမူအရာကို သေချာမမြင်ရပေ။
“ကျုပ်…”
လော်တုန်း ဘာပြောရမှန်းမသိဖြစ်သွားသည်။သူသည် ကောင်းမင်နှစ်ယောက်ထက်မနည်း ဤနေရာသို့ဝင်သွားခဲ့သည်ကို မြင်ခဲ့ရသည်။ထို့ကြောင့် ကောင်းမင်၏ပျောက်ဆုံးမှုသည် သူ့ရှေ့မှလူနှင့် သေချာပေါက်သက်ဆိုင်မည်ဖြစ်သည်။
“ဒီနေရာက ခင်ဗျားရှိသင့်တဲ့နေရာမဟုတ်ဘူး ၊ ထွက်သွားတော့”
သက်လတ်ပိုင်းလူသည် သူ့ကို ထိခိုက်အောင်မလုပ်ခဲ့ပေ။သူတံခါးမပိတ်မီ လော်တုန်းကိုပင် သတိပေးလိုက်သေးသည်။
“ခင်ဗျား အောက်ထပ်ကိုဆင်းရင် သတိထားပါ၊ တကယ်လို့ ခြေသံတွေကြားရင် ခင်ဗျားပုန်းပေတော့၊ ခင်ဗျားကို ကျောင်းဝတ်စုံဝတ်ထား ကောင်လေးတစ်ယောက် မမြင်သွားစေနဲ့ “
ထိုလူက အသံနိမ့်လိုက်သည်။
“သူက လူမဟုတ်ဘူး”
“နေပါဦး” တံခါးပြန်ပိတ်ခါနီးတွင် လော်တုန်းက တံခါးကို ဖမ်းဆွဲထားလိုက်သည်။သူသည် ဖခင်တစ်ယောက်ဖြစ်နေခြင်း သို့မဟုတ် အစောပိုင်ကမှတ်ဉာဏ်များနှင့် ထပ်တူကျနေခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။သူထွက်သွားရန် မရွေးချယ်ခဲ့ပေ။ခဏမျှ တွေဝေနေပြီးနောက် ထိုလူနှင့်ပွင့်ပွင့်လင်းလင်း ဆက်သွယ်ရန် သူဆုံးဖြတ်လိုက်၏။
“ကျုပ်ကောင်းမင်ကို သိပါတယ် ၊ သူက ကျုပ်မိသားစုကို ကယ်တင်ခဲ့တယ် ၊ ကျုပ်အမြင်မှာတော့ သူက လူဆိုးတစ်ယောက်မဟုတ်ပါဘူး၊ သူက သရဲတစ်ကောင်ဖြစ်နေရင်တောင် မကောင်းတဲ့ သရဲတော့မဟုတ်ပါဘူး”
လော်တုန်း၏လက်မှာ သူ့နှလုံးပေါ်တွင် ရှိနေခဲ့သည်။သူ့နှလုံးအတွင်းမှ ခေါ်ဆိုမှုသည် ဤနေရာမှလာခြင်းဖြစ်သည်။ဤအခန်းမှာ သူ့အတွက်အလွန်အရေးကြီးသည်။
“နားလည်မှုလွဲစရာတစ်ခုရှိနေလို့လား ၊ ဒီမှာ ဘာဖြစ်ခဲ့တာလဲ”
သက်လတ်ပိုင်းလူသည် လော်တုန်းက ကောင်းမင်၏နာမည်ကိုပြော၍ ကာကွယ်ပြောဆိုပေးလိမ့်မည်ဟု မျှော်လင့်မိခြင်းမရှိပေ။သူ့အတွင်းစိတ်မှ တစ်စုံတစ်ခုကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။
ထိူလူက သူ့မိုးကာအင်္ကျီခေါင်းစွပ်ကို ချွတ်၍ သူ့မျက်နှာကိုထုတ်ဖော်လိုက်သည်။သူသည် ရင့်ကျက်သော်လည်း ပင်ပန်းနွမ်းနယ်နေပုံရသည်။သူ့မျက်နှာတွင် အလျှော့မပေးတတ်သည့် အရိပ်အယောင်တစ်ခု ရှိနေလေသည်။
“ကျုပ်က ကောင်းမင်ရဲ့ အဖေပဲ ၊ ခင်ဗျား အမှန်ပြောနေတယ်ဆိုတာ ကျုပ်သိပါတယ် ဒါပေမယ့် ခင်ဗျားမြင်ခဲ့ရတဲ့ အရာတွေက ကောင်းမင်အစစ်တွေမဟုတ်ဘူး”
“ကောင်းမင်အစစ်တွေ မဟုတ်ဘူး…”
လော်တုန်းသည် အစောပိုင်းကတည်းက ထိုယူဆချက်ရှိခဲ့သော်လည်း အတည်ပြုချက်ကို ကြားလိုက်ရသောအခါ အံ့ဩမိသွားဆဲဖြစ်သည်။
“ခင်ဗျားလို မိတ်ဆွေတစ်ယောက်ရှိရတာ ကောင်းမင်ရဲ့ ကံကောင်းခြင်းပါပဲ၊ အထဲဝင်ခဲ့ပါ”
အပြင်ဘက်တွင် မည်သူမှ မရှိကြောင်းသေချာသွားပြီးနောက် သူက လော်တုန်းကို အိမ်ထဲဖိတ်ခေါ်လိုက်သည်။
“ကျုပ်တို့က ဒီနေရာမှာ ပိတ်မိနေတာအတော်ကြာပြီ ၊ ကောင်းမင်ကလွဲရင် ခင်ဗျားက ကျုပ်တို့ ပထမဆုံးမြင်ရတဲ့ လူသားတစ်ယောက်ပဲ”
ထိုလူက လော်တုန်းအတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်ပြီး တံခါးကို လော့ချလိုက်သည်။
“အခု ဘယ်နေ့ရှိနေပြီလဲ ၊ ဆာလောင်တစ္ဆေပွဲတော်ပြီးတာ ဘယ်နှစ်ရက်ကြာသွားပြီလဲ “
“အဲ့ဒါပြီးသွားတာ ရက်သတ္တပတ်တွေ အများကြီးကြာခဲ့ပြီ ၊ ခင်ဗျားတို့က ဒီလောက်ထိကြာအောင် ဒီမှာ ပိတ်မိနေခဲ့တာလား”
ထိုအမျိုးသားက မည်သည်မှ မပြောတော့ပေ။သူက ဆိုဖာတစ်ဖက်တွင် ထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိသည်။
“ကျုပ်ကို ကောင်းမင်အကြောင်းပြောပြနိုင်မလား၊ခင်ဗျားတို့ကို ဘယ်သူက ဒီမှာပိတ်ထားခဲ့တာလဲ”
လော်တုန်းက သတိထား၍ စပ်စုလိုက်သည်။သူ သိလည်းသိချင်သလို ကြောက်လည်းကြောက်နေမိသည်။ သူ့နှလုံးသားက သူ့အား တစ်ခုခုလုပ်ရန်တိုက်တွန်းနေသည့်အလား လျင်မြန်စွာ ခုန်ပေါက်နေ၏။
“ကောင်းမင်ရဲ့အမေနဲ့ကျုပ်က ကောင်းမင်အပေါ် အများကြီး မျှော်လင့်ချက်ထားခဲ့ကြတယ် ၊ ကျုပ်တို့ သူ့အတွက် သင်တန်းတွေအများကြီး စာရင်းသွင်းပေးခဲ့တယ် ၊ ဒီကလေးမှာ ရှိတဲ့တစ်ခုတည်းသော ကောင်းတဲ့အရာက သူက ဘာမှမထူးချွန်ဘူးဆိုတာပါပဲ”
ထိုလူသည် ထို’ဒုက္ခများ’ကို ပြောပြနေသည့်အခါ ဒေါသထွက်နေပုံ မရပေ။တကယ်တမ်းတွင် ထိုနေ့ရက်များသည် သူ့အားပျော်ရွှင်စေသကဲ့သို့ သူ့အမူအရာက နူးညံ့နေလေသည်။
“ကျုပ်တို့ အရမ်းစိုးရိမ်ခဲ့ကြတာပေါ့…သူအထက်တန်းကျောင်းတက်ပြီး သူ့အခန်းက လေ့လာခရီးတစ်ခု သွားတဲ့အထိပေါ့…”
“တစ်ခုခုဖြစ်ခဲ့တာလား”
“ဘာမှ မဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် ကောင်းမင်ဟာ အကြီးအကျယ်ပြောင်းလဲသွားခဲ့တယ် ၊ သူ့နှလုံးသားထဲမှာ အရမ်းနာကျင်ရတဲ့ နာကျင်စရာတစ်ခုခုကို ဖုံးကွယ်ထားခဲ့တဲ့ပုံပဲ ၊ အဲ့ဒါက…သူ့ဝိညာဉ်ရဲ့တစ်စိတ်တစ်ပိုင်းကို တစ်နေရာရာမှာ ဆုံးရှုံးခဲ့ရတဲ့ပုံမျိုး၊ ပြီးတော့ အဲ့ဒါကြောင့်ပဲ ညှင်းပန်းခံနေရသလို ဖြစ်နေရတယ် ၊ အဲ့ဒီနေကစပြီး သူ့ဒိုင်ယာရီထဲမှာ သူ့အတန်းမှာ မရှိသင့်တဲ့ ကျောင်းသားတစ်ယောက်ကို စတင်ရေးသားလာခဲ့တယ် ၊ အဲဒီနာမည်က ကောင်းယန်တဲ့”
ထိုလူက သက်ပြင်းချသည်။
“မိဘတစ်ဦးအနေနဲ့ ကျုပ်တို့ သူ့ကို ကူညီချင်ခဲ့တယ် ၊ ကျုပ်တို့ အများကြီးကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး၊ နောက်ဆုံးတော့ ကျုပ်တို့ရဲ့ အရင်ကအိမ်မက်တွေကို လက်လျှော့လိုက်တော့တယ်၊ ကျုပ်တို့က သူပုံမှန်အတိုင်းပြန်ဖြစ်လာတာကို လိုချင်ရုံပဲရှိတော့တယ်၊ ပုံမှန်မိသားစုလေးတစ်ခုပဲ ဖြစ်ချင်တော့တယ်”
“ဆုံးရှုံးသွားပြီးတဲ့နောက်မှာ ဘယ်အရာမဆိုတန်ဖိုးရှိလာတယ်” လော်တုန်းက ထိုအချက်ကို ကောင်းစွာနားလည်သည်။
“ကောင်းမင်က သူကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေကို သတိတောင်ထားမိပုံ မရပါဘူး ၊ သူက မကြာခဏ အော်ဟစ်ငိုယိုပြီး အိမ်မက်ဆိုးတွေထဲမှာ ကောင်းယန်ရဲ့နာမည်ကို ရေရွက်တတ်တယ် ၊ ဒါပေမယ့် နေ့ဘက်မှာတော့ သူက လုံးဝပုံမှန်ပဲ ၊ သူက အဲ့ဒီအကြောင်းပြောချင်ပုံ မပေါ်လို့ ကျုပ်တို့လည်း မမေးခဲ့ဘူး “
ထိုလူ၏အသံသည် တိုးတိမ်ပြီး ပင်ပန်းနွမ်းနယ်နေသည်။
“ကျုပ်တို့က သူ့ကို စိတ်ရောဂါပညာကို လေ့လာဖို့အားပေးခဲ့တယ် ၊ ဒါက သူ့ကို စိတ်ရောဂါပညာရှင်တစ်ယောက်ဖြစ်လာဖို့ မဟုတ်ဘဲ သူ့ကိုယ်သူ ကုသနိုင်ဖို့အတွက်ပါပဲ “
လော်တုန်းသည် ကောင်းမင်ထံတွင် ထိုကဲ့သို့ အတိတ်တစ်ခုရှိခဲ့မည်ဟု မထင်ခဲ့မိပေ။ကောင်းမင်၏ နေ့စဉ်ဘဝသည် သူ့မိဘများ၏ချစ်ခြင်းမေတ္တာများဖြင့် ပြည့်လျှံနေခဲ့သည်။ထိုဇနီးမောင်နှံသည် ကောင်းမင်၏ နှလုံးသားကို မနာကျင်စေလိုသောကြောင့် သူတို့၏ချစ်ခြင်းမေတ္တာကို အထိန်းသိမ်းဆုံး ဂရုအစိုက်ဆုံးနည်းလမ်းဖြင့်ဖော်ပြခဲ့ကြသည်။
“ကောင်းယန်က ကောင်းမင်ရဲ့အခန်းက မဟုတ်ဘူးလား”
လော်တုန်းသည် ထိုနာမည်ကို ရင်းနှီးသည်။ထိုနာမည်အား ကောင်းမင်အရင်က ပြောဖူးသည်ကို သူကြားဖူးခဲ့သည်။
“အဲ့ဒီလူက သူတို့အခန်းထဲမှာ မရှိခဲ့ဘူး ၊ နောက်ဆုံး ကျုပ်တို့ သူ့ကိုတက္ကသိုလ်က ဘွဲ့ရတဲ့အထိစောင့်ခဲ့ကြတယ် ၊ သူ့ရဲ့ အရင်တုန်းက ရောဂါလက္ခဏာတွေ မရှိတော့ဘူး ၊ကျုပ်တို့ကလေးက နောက်ဆုံးတော့ ပုံမှန်ဘဝသစ်လေးစတင်နိုင်ခဲ့ပြီလို့ ထင်ခဲ့ကြတာပေါ့ ၊ ဒါပေမယ့် … သူ့ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့အရာတွေ စတင်ဖြစ်ပေါ်လာခဲ့တယ် “
မီးဖိုချောင်ထဲမှ အသားခုတ်သံများ ထပ်မံစတင်လာ၏။ထိုလူက တဖြည်းဖြည်းခေါင်းငုံ့သွားသည်။
“ကောင်းမင်ဟာ ဆာလောင်တစ္ဆေပွဲတော်ညမှာ အလုပ်ကနောက်ကျမှ ဆင်းခဲ့ရတယ် ၊ သူ့အမေနဲ့ ကျုပ်က သူ့ကို စိုးရိမ်လို့ အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့ကြတယ်”
“ဘယ်သူမှ မကိုင်ဘူးလား”
ထိုလူက ခေါင်းခါသည်။
“အကြိမ်တိုင်း ဖုန်းပြန်ဖြေပါတယ် ၊ ဒါပေမယ့် အဲ့ဒါတွေ တစ်ယောက်မှ ကောင်းမင်မဟုတ်ဘူးလေ ၊ ဒါကြောင့် သူ့အမေနဲ့ကျုပ်က သူ့ကို ရှာဖို့ သူငှားနေတဲ့အိမ်လေးကို ရောက်လာခဲ့ကြတယ်…”