စည်းမျဉ်းအတိုင်း ကွပ်မျက်လိုက် ...
Vol. 1 Ch. 223
ကျန်းပိုင်လီသည် စကားပြောပြီးသော် ကျန်းရီ၏ မျက်နှာကို ပြန်ကြည့်လိုက်သည်။ သို့သော် ကျန်းရီ၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ ရှိမနေသောကြောင့် သူအနည်းငယ် စိတ်ပျက် သွားရသည်။ သူသည် သူစိမ်း တစ်ယောက်ကို ကြည့်လိုက်ရသည့် အလား အံ့အားသင့်ဖွယ် ကောင်းအောင် တည်ငြိမ်လို့ နေသည်။
ခဏကြာသည်အထိ ကျန်းရီ တိတ်ဆိတ်နေဆဲ ဖြစ်သောကြောင့် ကျန်းပိုင်လီမှာ အိုးတိုးအမ်းတမ်း ဖြစ်ကာ အကြည့်လွှဲ လိုက်ရသည်။
သူသည် မည်သည့် အခြေအနေ ဖြစ်စေ ထိုကဲ့သို့သော အမူအရာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။ သန်းပေါင်း များစွာသော ရန်သူတို့ကို ရင်ဆိုင်ရစဉ် ကတောင် သူ့မျက်နှာသည် အမြဲတမ်းကဲ့သို့ တည်ငြိမ်နေခဲ့သည်။ ယခု ကျန်းရီ၏ အေးစက်စက် မျက်လုံးများကမူ သူ့အား မသက်မသာ ဖြစ်စေနိုင် စွမ်းလေသည်။ သူသည် ခဏရပ်နေ လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
"ကျန်းရီ ... မင်းမှာ ပြောစရာ မရှိဘူးလား ...”
ကျန်းရီသည် နောက်ဆုံးတွင်တော့ အမူအရာ အချို့ ဖော်ပြလာခဲ့သည်။ သူ့နှုတ်ခမ်းဖျားလေးများ ကွေးတက်သွားကာ ပြုံးလိုက်ခြင်း ဖြစ်လေသည်။ ထို့နောက်တွင်တော့ ဗလာ မျက်ဝန်းများဖြင့် ကျန်းပိုင်လီကို စိုက်ကြည့် လာခဲ့သည်။ ကျန်းပိုင်လီ အမူအရာ အမျိုးမျိုး ပြောင်းနေသည်ကို ကြည့်ပြီးမှ ကျန်းရီ စကား စပြောခဲ့သည်။
"ကျွန်တော်ကို ဒါတွေ အားလုံး ပြောပြတော့ ... ကျွန်တော်က ဘာလုပ် ရမှာလဲ ...”
"ဟမ့် ...”
ကျန်းပိုင်လီ၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လာခဲ့သည်။ ကျန်းရမ်ထူသာ အနားတွင် ရှိပါလျှင် ကျန်းပိုင်လီ ဒေါသထွက်နေပြီ ဖြစ်ကြောင်း သိပေလိမ့်မည်။ အခြား တစ်ယောက်သာ ဆိုပါက ကျန်းပိုင်လီ တစ်ချက်လောက် ရိုက်ပြီး နေပေပြီ။ သို့သော် ဤတစ်ယောက်သည် သူ့ကိုယ်ပိုင် အသိစိတ်တို့ဖြင့် အပြစ်ရှိသလို ခံစားနေရသည့် သူမရိုက်ရက်သည့် သူ့သား ဖြစ်နေခြင်းပင်။
ကျန်းရီသည် ဆက်လက် တိတ်ဆိတ် နေသောကြောင့် ကျန်းပိုင်လီသည် သွေးအန်လု နီးပါး ဒေါသထွက်ကာ လှည့်ထွက် သွားချင်စိတ်တောင် ပေါက်လာလေပြီ။ ခဏကြာသော် ကျန်းရီသည် အလွန် စိတ်မပါလှသည့် လေသံနှင့် စကားဆက်ပြော လာသည်။
"ကျွန်တော် ခင်ဗျားကို မေးချင် နေခဲ့တာ၊ မေးခွန်းသုံးခု ရှိတယ်။ အဲဒီမေးခွန်း သုံးခုကို မဖြေနိုင်ရင် ကျွန်တော့် မျက်စိရှေ့ကို တစ်သက်လုံး ပေါ်မလာနဲ့တော့"
"ကောင်းပြီ ... ဒါဆိုလည်းမေး ...”
ကျန်းပိုင်လီ ခေါင်းညိတ်လိုက်သည်။ သူသည် ကျန်းရီ စကား မပြောချင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ သူစကားပြောသည် ဆိုပါက အရာရာ လွယ်ကူ သွားလေပြီ။
ကျန်းရီ တည်ငြိမ်စွာ ပြောလာခဲ့သည်။
"ပထမ မေးခွန်း ... သူမအပေါ် ကျေးဇူးကြွေး တင်ခဲ့ဖူးလား ... ဒုတိယမေးခွန်း ... သူမကို ကျောခိုင်းခဲ့လား ... တတိယမေးခွန်း ... သူမ နှစ်တွေအကြာကြီး ထွက်သွား ပြီးတဲ့နောက် သူမကို လိုက်ရှာဖို့ ကြိုးစားခဲ့ဖူးလား ...”
"..."
ကျန်းရီ၏ မေးခွန်းများသည် ရိုးရှင်းလှပြီး ဟုတ်တယ်၊ မဟုတ်ဘူး ဖြေရမည့် မေးခွန်းများ ဖြစ်သော်လည်း မည်သို့ ဖြေရမည်ကို ကျန်းပိုင်လီ မသိပေ။
သူသည် ခဏတွေဝေ နေပြီးမှ ဖြေလိုက်သည်။
"ကျန်းရီ ... အတိတ်မှာ ဖြစ်ခဲ့တာတွေကို မင်းသေချာ မသိပါဘူး၊ ကိစ္စတွေက မင်းထင်သလောက် မရိုးရှင်းဘူး"
ကျန်းရီသည် လက်ကာပြကာ ကျန်းပိုင်လီ၏ စကားကို ဖြတ်ပြောလိုက်သည်။
"အတိတ်မှာ ဘာဖြစ်ခဲ့တယ် ဆိုတာ ကျွန်တော် မသိချင်ဘူး၊ ခင်ဗျား မေးခွန်း သုံးခုကိုပဲ ဖြေပါ"
ကျန်းပိုင်လီသည် ပါးစပ်ပိတ် လိုက်ပြီး ခါးသီးလှသော အပြုံးနှင့် ဖြေလာခဲ့သည်။
"ငါသူမအပေါ် ကျေးဇူးကြွေး တင်ခဲ့တယ်၊ ငါသူမကို ကျောခိုင်းခဲ့တယ်၊ ငါသူမကို လိုက်လည်း မရှာခဲ့ဘူး၊ ဒါပေမဲ့ ...”
"ဟားဟားဟား ...”
ကျန်းပိုင်လီ ဆက်မပြော နိုင်ခင်တွင် ကျန်းရီသည် ရယ်ချလိုက်ပြီး စကားပြောခြင်းကို နှောင့်ယှက် လိုက်ပြန်သည်။ ကျန်းရီ၏ မျက်နှာသည် လှောင်ရိပ်များ ယှက်သိုင်းလျက် ကျန်းပိုင်လီကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောတာ့သည်။
"ကျန်းပိုင်လီ ... ခင်ဗျား မရှက်ဘူးလား ... သူမကို ကျေးဇူးကြွေး တင်နေတယ် ဆိုရင် ဘာလို့ ကျောခိုင်းခဲ့ သေးလဲ ... ခင်ဗျား အနောက်ဘက် နယ်စပ်မြို့ကို ကျန်းရိမြို့လို့ ပြောင်းလိုက်ပြီးတော့ ဒီနှစ်တွေမှာ ဘာလို့ လိုက်မရှာခဲ့တာလဲ ... ကျွန်တော် တခြား ဘာမှ မပြောချင်ဘူး၊ သူမ အုတ်ဂူရှေ့မှာ သုံးရက်နဲ့ သုံးညလုံးလုံး သွားပြီး ဒူးထောက်ချေ။ ဒါဆို ကျွန်တော် ခင်ဗျားကို ခွင့်လွှတ်ပေးမယ်၊ ကျွန်တော် ခင်ဗျားကို ခွင့်လွှတ်တယ် ဆိုရင်တောင် အသိအမှတ်ပြုတာ မဟုတ်သေးဘူးနော် ... ကျွန်တော် အရင်က ပြောခဲ့တယ် ... ကျွန်တော့်မှာ အဖေမရှိဘူး၊ အရင်တုန်းကရော၊ အခုရော၊ နောင်ရောပဲ"
စကား ဆုံးသည်နှင့် ကျန်းရီသည် ခန့်ညားလှသော ကျန်းပိုင်လီ၏ ပုံရိပ်ကို နောက်တွင် ချန်ထားကာ လှည့်ထွက် လာတော့သည်။
ရှန်ဝူနိုင်ငံ၏ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၊ နယ်မြေ၏ အတော်ဆုံးသော သိုင်းသမား ဆယ်ယောက်မှ တစ်ယောက်ဖြစ်သော သူကျန်းပိုင်လီသည် တစ်ယောက်ယောက်၏ လက်ညှိုး ငေါက်ငေါက်ထိုးကာ အရှက်မရှိဟု အပြောခံခဲ့ ရသည်။ သူ့အား သုံးရက်နှင့် သုံးည ဒူးထောက်ရန်ပင် ပြောသွားခဲ့သည်။ ဤသတင်းသာ ပြန့်သွားလျှင် တစ်လောကလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြလိမ့်မည်။
အံ့အားသင့်စရာ ကောင်းလောက်အောင် ကျန်းပိုင်လီ ဒေါသ မထွက်ခဲ့ပေ။ သူ့မျက်လုံးများသည် အဝေးသို့ ထွက်သွားသော ကျန်းရီကို ကြည့်၍ ကျန်ရစ်လေသည်။ သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ကောင်းကင်ကို ကြည့်၍ ပြောလိုက်သည်။
"ရီဖျောင်ဖျောင် ... မင်းသားရဲ့ စိတ်ထားက မင်းနဲ့ တစ်ပုံစံတည်းပဲ၊ ငါဘာပြောပြော အသုံးမဝင်ဘူးနဲ့ တူတယ်၊ မင်းသူ့ကို သုံးပြီး ငါ့ကို တမင် လက်စားချေ နေတာလား ... ငါမင်းကို စွန့်ပစ်ခဲ့ မိပါတယ် ... ဒါပေမဲ့ မင်းသာ အဲဒီ တစ်ခုကို မလုပ်ခဲ့ရင် ငါမင်းကို ကျောခိုင်းခဲ့မှာ မဟုတ်ဘူး"
***
ကျန်းရီသည် စိတ်ထဲမှ ဒေါသတို့ကို ပေါက်ကွဲလိုက် ရ၍ အများကြီး ပေါ့ပါး နေခဲ့သည်။ သူသည် အပြင်ဘက် ဥယျာဉ်ထဲရှိ အဆောင်ငယ်လေး ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူဘာတွေး နေသည်ကို မည်သူမှ မသိကြပေ။
"ရှပ် ... ရှပ် ... ရှပ်"
ခဏကြာသော် တော်ဝင်စစ်တပ်မှ ခေါင်းဆောင် တစ်ယောက် ရောက်လာခဲ့ပြီး အရိုအသေ ပေးလာသည်။
"အရှင် ... အချိန်ကျပါပြီ၊ ကျွန်တော့် နောက်ကနေ ညီလာခံ ခန်းမကို လိုက်ခဲ့ပြီး ခဏစောင့်ပေးပါ"
"အိုး ...”
ကျန်းရီသည် အတွေးထဲမှ ရုန်းထွက်ကာ ဝတ်ရုံကို ပြန်ပြင်လိုက်သည်။ ထို့နောက် ကျန်းရီသည် ခန်းမထံ လိုက်သွားခဲ့ လေသည်။
မိနစ် သုံးဆယ်ခန့် လျှောက်လိုက် ရပြီးနောက် ကျန်းရီသည် နန်းဆောင်ကြီး တစ်ခုထံ ရောက်သွားခဲ့ပြီး တော်ဝင်စစ်တပ်၏ ဝတ်စုံများကို ဝတ်ဆင် ထားကြသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ တန်းစီနေသည်ကို တွေ့လိုက် ရလေသည်။ နိုင်ငံခြောက်ခုမှ စစ်တပ်များသည် သေချာ လေ့ကျင့်ထားကြပြီး အလွန် အားကောင်းကြသည်။ မိုးပြာနဂါး အင်ပါယာသည် နယ်မြေကို ပြန်လည် အုပ်ချုပ်ချင် နေလျှင်တောင် အလွန် ခက်ခဲ၍ အချိန်တော်တော် ကြာမြင့်ပေ ဦးမည်။
ညီလာခံ စတင်နေပြီ ဖြစ်ရာ ကျန်းရီသည် အပြင်မှသာ တစ်ချက်ခိုးကြည့် လိုက်သည်။ ရွှေချထားသော တိုင်လုံးကြီးများ၊ ခန်းမ အတွင်းရှိ လူပေါင်းများစွာ တို့ကိုသာ သူမြင်လိုက် ရသည်။
"ကျန်းရီ အခစား ဝင်စေ ...”
တစ်နာရီခန့် ကြာအောင် စောင့်ပြီးနောက် အထဲမှ ထက်ရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မိန်းမစိုး တစ်ယောက်သည်လည်း တံခါးဝသို့ လာရောက်၍ အော်ပြောခဲ့သည်။
"ကျန်းရီကို အခစား ဝင်ခိုင်းပါတယ် ...”
ကျန်းရီသည် မြန်မြန်ထကာ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာခဲ့ လေသည်။ အကြည့် တစ်ချက်ဖြင့်ပင် နန်းဆောင်တွင်းမှ မြင်ကွင်းတို့ကို ရှင်းရှင်းလင်းလင်း မြင်နေရ လေသည်။ နန်းဆောင်သည် ကြီးမားလွန်း၍ မီတာခြောက်ဆယ် ပတ်လည် ကျယ်ဝန်းသည်။ အထဲမှ လူများသည် နှစ်ဖက်ခွဲ၍ ရပ်နေကြပြီး တစ်ဖက်လျှင် လူတစ်ရာခန့် ရှိမည် ဖြစ်လေသည်။ ဘယ်ဘက်ခြမ်းမှ လူများသည် မှူးမတ်များ ဖြစ်ကြ၍ ညာဘက်ခြမ်းမှ လူများသည် ချပ်ဝတ်တို့ဖြင့် စစ်သူကြီးများ ဖြစ်ကြလေသည်။
ကျန်းရီသည် ဟိုဟိုဒီဒီ မကြည့်ဝံ့ဘဲ ရှေ့တည့်တည့်သို့သာ ရှု၍ အနီရင့်ရင့် ကော်ဇောကြီးထက်မှ လျှောက်လာခဲ့သည်။ သူ့မျက်လုံးများသည် ရှေ့ရှိ ရွှေရောင် ပလ္လင်ထက်မှ လူကြီးကိုသာ ကြည့်နေခဲ့လေသည်။
ရှန်ဝူနိုင်ငံ၏ ဘုရင် ရှားထင်ဟွေ့ ...
သူသည် ကျန်းရီ ခန့်မှန်းထားသလို သိမ်သိမ်မွေ့မွေ့နှင့် အုပ်ချုပ်သူ တစ်ယောက် ဟုတ်မနေပေ။ ရှားထင်ဝေ့သည် ထွားကျိုင်းသည့်ကိုယ်၊ ထက်ရှလှသည့် မျက်နှာ သွင်ပြင်နှင့် ကျားတစ်ကောင် ကဲ့သို့ မျက်လုံး စူးစူးများ ရှိနေလေသည်။ သူ ဒေါသ ထွက်မနေချိန် တွင်တောင် အငွေ့အသက် တစ်မျိုး ရှိနေပြီး ကျန်းပိုင်လီတွင် ရှိသော အရှိန်အဝါမျိုး ထွက်ပေါ် နေလေသည်။ သူ့တွင် အရှင်တစ်ယောက် ရှိသင့်သည့် ရက်စက်ခြင်းနှင့် မြင့်မြတ်ခြင်း စသော အငွေ့အသက်များလည်း ရှိနေလေသည်။
ရှားထင်ဝေ့သည် လူတိုင်းအား သူ့ကို ဦးညွှတ်ရမည် ဟူသော ခံစားချက်ကို ပေးစွမ်း နိုင်လေသည်။
"ကျန်းရီက အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ် ...”
ကျန်းရီသည် အလယ်သို့ လျှောက်သွားလိုက်ပြီး လက်တစ်ဖက်ကို မြှောက်ကာ ဒူးတစ်ဖက်ထောက် ထိုင်ချ၍ ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။
သူ၏ အပြုအမူတို့သည် မှန်ကန် မနေခဲ့ပေ။ သူ့တွင် မည်သည့် ရာထူးမှ ရှိမနေချေ။ စည်းမျဉ်းများ အရဆိုလျှင် သူသည် သုံးကြိမ်ဒူးထောက်၍ ကိုးကြိမ် အရိုအသေ ပေးရလေမည်။ ချမ်ဝမ်ကွမ်သည် သူ့အား ထိုနန်းတွင်း ဓလေ့ထုံးတမ်းကို သင်ကြားပေး လိုက်ပါသော်လည်း သူသည် ခေါင်းမာစွာဖြင့် စစ်သူကြီး တစ်ဦးက သူ့အရှင်ကို အရိုအသေ ပေးသည့်ပုံစံကိုသာ ပြုမူခဲ့သည်။ ဤသည်မှာလည်း စိတ်ဝိညာဉ် အားဖြည့်ဆေးပင် မျက်နှာကြောင့်သာ ဖြစ်လေသည်။ မဟုတ်ပါက သူ ဒူးတစ်ဖက်တောင် ထောက်မည် မဟုတ်ချေ။
ထင်ထားသည့်အတိုင်း မျက်နှာများစွာ ပျက်သွား ကြလေသည်။ အထူးသဖြင့် မှူးမတ် ဝတ်စုံဖြင့် လူတို့သည် ဒေါသ ထွက်နေကြကာ တစ်ယောက်သည် ရှေ့ထွက်လာ၍ ပြစ်တင်ကြိမ်းမောင်း တော့သည်။
"ရဲတင်းလိုက်တာ ... မင်းကြီးကို နှုတ်ဆက်တယ် ဆိုရင် ဘာလို့ ဒူးထောက်ပြီး ဂါရဝ မပြုတာလဲ ... ... ဒါက မထီလေးစား လုပ်တာပဲ စည်းမျဉ်းတွေ အတိုင်း ကွပ်မျက်ရမယ် ...”
"ဟမ့် ...”
ဆံပင်ဖြူနှင့် အဘိုးကြီး တစ်ယောက်သည်လည်း ရှေ့ထွက်လာကာ ပြောဆိုတော့သည်။
"ဒီလို မောက်မာတဲ့ ပြည်သား တစ်ယောက်ကို ဘာအတွက် သုံးမှာလဲ ... သူ့ကို ခေါ်သွားပြီး ကွပ်မျက်လိုက်ကြ ...”
ဘုရင် ရှားထင်ဝေ့သည် ဆိတ်ဆိတ်သာ နေ၍ မည်သည့် အမြင်ကိုမှ ထုတ်ဖော် မလာချေ။ သူ့ဘေးမှ ဆံပင်ဖြူနှင့် မိန်းမစိုးကြီးသည် မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့ လိုက်သည်။ တော်ဝင်စစ်သား နှစ်ယောက်သည် အထဲဝင်လာ၍ ကျန်းရီကို ဆွဲထုတ်သွားရန် ပြင်လိုက်သည်။
"နေဦး ...”
ညာဘက်ခြမ်းရှိ ရှေ့ဆုံးတွင် ရပ်နေသော ချပ်ဝတ်တို့ ဆင်ယင်ထားသော စစ်သူကြီး တစ်ဦးသည် မတ်တတ်ရပ်ကာ လက်နှစ်ဖက်ဆုပ်၍ ရှားထင်ဝေ့ကို အရိုအသေ ပေးလိုက်သည်။
"ကျန်းရီက ကျေးလက် ဒေသမှာ နေခဲ့ရပြီး ဒီလို စည်းမျဉ်းတွေ မသိပါဘူး၊ အရှင်မင်းကြီး သက်ညှာပေးပါ"
"ဝှစ် ... ဝှစ် ... ဝှစ် ...”
စစ်သူကြီးများသည် တစ်ပြိုင်နက် ထရပ်ကာ တညီတညွတ်တည်း အော်ဟစ် လိုက်ကြသည်။
"အရှင်မင်းကြီး ... သက်ညှာပေးပါ ...”
ကျန်းရီသည် လှည့်ကြည့် လိုက်သော်လည်း တစ်ယောက်ကိုမှ သူမသိပေ။ ကျန်းပိုင်လီ အနီးတွင် ရှိမနေသော်လည်း စစ်တပ်၏ အာဏာမှာ သူ့လက်ထဲတွင်သာ ရှိလေသည်။ ထိုလူများသည် ကျန်းပိုင်လီ၏ နောက်လိုက်များ ဖြစ်သောကြောင့် သူ့အတွက် လျှောက်တင်နေကြခြင်း ဖြစ်ကြောင်း သူချက်ချင်း သိလိုက်သည်။
ဘယ်ဘက်ခြမ်းရှိ မှူးမတ်များဘက်မှ ဝတုတ်ကြီး တစ်ယောက်သည်လည်း ထွက်လာခဲ့သည်။ သူ့ကိုယ်သည် တောင်ငယ်လေး တစ်လုံးအလား အဆီများဖြင့် ဆူဖြိုး နေလေသည်။ သူ့ပုံပန်း သွင်ပြင်သည် ချမ်ဝမ်ကွမ်နှင့် ဆင်တူနေသည်။ သူသည် မင်းကြီးအား ဦးညွှတ်လိုက်ပြီး ကျန်းရီထံ အပြုံးတစ်ခုနှင့် လှမ်းကြည့်လိုက်သည်။
"မင်းကြီး ... ကျန်းရီက ဆယ့်ခြောက်နှစ်ပဲ ရှိပါသေးတယ်၊ သူက ငယ်ငယ်လေး ထဲက မိဘမဲ့ဖြစ်ပြီး ဒီလို စည်းမျဉ်းတွေကို မသိပါဘူး။ သူ့ရဲ့ အပြုအမူတွေကို အပြစ် မယူပါနဲ့"
***