ဆိုးယုတ်မှု၏ချစ်ခြင်း
Vol. 27 Ch. 396
“မလှုပ်နဲ့!”
ကောင်းမင် ဓာတ်ပုံအယ်လ်ဘမ်ကို လှန်လောကြည့်ရှုလိုက်ရာ သူ့နောက်ဘက်မှ ရွှမ်ဝမ်၏အသံ ထွက်ပေါ်လာလေသည်။ သူမသည် အလျင်အမြန်ပြေးလာပြီး ထိုအယ်လ်ဘမ်ကို သူ့လက်ထဲမှ ဆွဲလုလိုက်သည်။
“ဘာဖြစ်လို့လဲ”
ကောင်းမင် စိတ်ရှုပ်ထွေးသွားသည်။
“ဓာတ်ပုံတွေက ပုံမှန်ပဲလေ ၊ ဒီမိသားစုရဲ့ နေ့စဉ်ဘဝတွေကို မှတ်တမ်းတင်ထားတာ”
“နင် ဘာလို့ ခေါင်းတလားအိမ်ထဲက ပစ္စည်းတွေကို ထိရတာလဲ ၊ ဒီနေရာက အရိုးပြာတွေနဲ့ အရိုးအိုးတွေအတွက် ယဇ်ပလ္လင်တစ်ခုပဲ ၊ ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေနဲ့ စွန်းထင်းနေတဲ့ အရာအားလုံး ကျိန်စာသင့်နေတာ ၊နင်က အပြည့်အဝ ပြန်မကောင်းသေးဘူး ၊နင့်ကို ဒီနေရာရဲ့ မူလပိုင်ရှင်က ကျိန်စာတိုက်လိုက်ရင် သေခြင်းတရားပဲ စောင့်ကြိုနေလိမ့်မယ်”
ရွှမ်ဝမ်က အယ်လ်ဘမ်ကို ပိတ်၍ ကုတင်ပေါ် ပြန်တင်လိုက်သည်။
“မင်း ငါ့ကို စိုးရိမ်နေတာလား ၊ မင်းငါ့ကို တကယ်စိုးရိမ်ခဲ့တာ ငါမြင်တယ်နော်”
ကောင်းမင်သည် အခန်းများစွာတွင် စိတ်ပျက်အားငယ်များကြုံတွေ့ခဲ့ရပြီး မကောင်းသတင်းများစွာကို ကြားခဲ့ရသော်လည်း စိတ်ပျက်အားငယ်မှုထဲသို့ နစ်မြှုပ်မသွားခဲ့ပေ။ အမှန်ဆိုရလျှင် သူ့မျက်နှာတွင် ကြီးမားသော အပြုံးကြီးတစ်ခု ရှိနေလေသည်။
“ငါက တကယ့်ကောင်းမင်ကို စိုးရိမ်တာ ၊ နင်က သူ့မျက်နှာကို ပိုင်ဆိုင်ထားရုံပဲ”
ရွှမ်ဝမ်သည် ကောင်းမင်အား အိပ်ခန်းထဲ နောက်ထပ်မစူးစမ်းစေချင်သကဲ့သို့ အိပ်ခန်းတံခါးကို ပိတ်ဆို့ထားလိုက်သည်။
ကောင်းမင် အိပ်ခန်းထဲ ရှာဖွေခြင်းကို လက်လျှော့လိုက်သောအခါ ရွှမ်ဝမ်သက်ပြင်းချလိုက်သည်။ သူမသည် သူမ၏လက်ထဲရှိ ဓာတ်ပုံအယ်လ်ဘမ်ကို ငုံ့ကြည့်လိုက်သည်။ ဓာတ်ပုံများထဲရှိ မိဘနှစ်ပါးတွင် ရွှင်လန်းပြီး ချစ်စရာကောင်းလှသော သမီးတစ်ယောက်ရှိလေသည်။ အယ်လ်ဘမ်သည် ကလေးဘဝမှစ၍ လူကြီးဘဝအထိ သူမ၏ဘဝကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိုအချိန်က မှန်ဘီလူးထဲတွင် ဖမ်းယူထားခဲ့သည် ထိုဖြစ်ရပ်များသည် ဘာအဓိပ္ပာယ်မှ မရှိခဲ့သော်လည်း နောက်ပြန်ကြည့်ချိန်တွင် သူမရဲ့ မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာခဲ့သည်။ ရွှမ်ဝမ်၏ စိတ်ခံစားမှုများက ဝိရောဓိဖြစ်လာတော့သည်။ ထိုအချိန်တွင် အဆောက်အအုံထဲမှာ ဥဩဆွဲသံတစ်ခု ထွက်ပေါ်လာသည်။ ရွှမ်ဝမ်၏အမူအရာမှာ ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူမ၏ မျက်လုံးများတွင် အကြောက်တရားများ ထွက်ပေါ်လာ၏။ သူမသည် ဓာတ်ပုံအယ်လ်ဘမ်ကို ပြန်ထားလိုက်ပြီး ကော်ရစ်ဒါဘက်သို့ ပြေးထွက်လိုက်သည်။
“ဒီမှာပဲနေ! ငါတစ်ချက် သွားကြည့်လိုက်မယ်”
ရွှမ်ဝမ်က ကောင်းမင်ကို ပြောလိုက်သည်။
“ဒီက ဘာကိုမှ မထိနဲ့နော်! ကျိန်စာက နင့်ကို ထာဝရနှိပ်စက်နေလိမ့်မယ်!”
ကောင်းမင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ရွှမ်ဝမ်ထွက်ခွာသွားခြင်းသည် ဥဩသံနှင့် သက်ဆိုင်နေသည်မှာ သေချာသည်။ ကောင်းမင် ဘာမှမလုပ်ခဲ့သောကြောင့် ယင်းသည် ရွှမ်ဝမ်အတွက် သူမကို ဆင့်ခေါ်မည့် တစ်စုံတစ်ခုကို အစပျိုးခဲ့သည်ဟုသာ အဓိပ္ပာယ်ကောက်နိုင်သည်။
ကွဲပြားသည့် အခန်းတစ်ခုထဲသို့ ရွှမ်ဝမ်ဝင်သွားသည်။ ဥဩသံသည် နာရီမှလာခြင်းဖြစ်သည်။ သူမသည် သူမ၏လက်များဖြင့် နာရီလက်တံများကို ချိန်ညှိလိုက်သည်။ အခန်း၏အပြင်အဆင်နှင့် ပုံစံတို့မှာ ပြောင်းလဲလာ၏။ အခန်းသည် အနီရောင်အပြည့်ပြောင်းသွားသောအခါ ရွှမ်ဝမ်၏နှလုံးသား တုန်ယင်သွားသည်။ သူမသည် မမြင်နိုင်သောစွမ်းအားတစ်ခုဖြင့် ထိုးဖောက်ခံလိုက်ရပြီး ကြမ်းပြင်ပေါ် လဲကျသွား၏။ သူမသည် နာကျင်မှုကိုခုခံရင်း ပတ်ပတ်လည်သို့ ကြည့်လိုက်သည်။ သွေးနီရောင်အခန်းထဲတွင် ကောင်းမင်နှင့် သက်ဆိုင်သော လူအားလုံး ရပ်နေကြသည်ကို သူမ မြင်လိုက်ရသည်။ သူတို့ထဲတွင် သူ၏မိဘများ၊ အချစ်ဆုံးသူငယ်ချင်းများနှင့် အကြီးမားဆုံးရန်သူများ ပါဝင်သည်။ သူတို့အားလုံးသည် သရဲများသရုပ်ဆောင်ထားသော ဇာတ်ကောင်များ ဖြစ်သည်။
သူတို့သည် ရွှမ်ဝမ်ကို စိုက်ကြည့်နေကြသည်။ သူတို့၏ပါးစပ်များမှ အမျိုးသားတစ်ဦးအသံ ထွက်ပေါ်လာခဲ့သည်။
“ကောင်းမင်ရဲ့ အနာဂတ်က လုံလောက်အောင် စိတ်ပျက်စရာမကောင်းသေးဘူး ၊ သူတစ်နာရီအတွင်း စိတ်ပိုင်းဆိုင်ရာ မပျက်စီးသေးဘူးဆိုရင် သူ့မျက်စိရှေ့မှာပဲ မင်းဝိညာဉ်ကို မင်းကိုယ်တိုင် အဆုံးသတ်လိုက်ဖို့ လိုအပ်တယ်”
ရွှမ်ဝမ်သည် ခေါင်းကို ငုံ့ထားခဲ့ပြီး ဘာမှမပြောခဲ့ချေ။
“တခြားအတွေးတွေ မတွေးနဲ့၊ မဟုတ်ရင် မင်းမိဘတွေရဲ့ ဝိညာဉ်တွေက ကာကွယ်ခံရတော့မှာ မဟုတ်ဘူး ၊သူတို့ကို အဆိုးရွားဆုံးအနာဂတ်ထဲ ပို့ပစ်မယ်”
ဤအချိန်တွင် ရွှမ်ဝမ်စကားပြောချင်သော်လည်း သူမ ခေါင်းမော့လိုက်သည်နှင့် နာရီလက်တံများ စတင်လှုပ်ရှားလာပြီး အခန်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
နတ်ဘုရား၏အမိန့်တော်သည် သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။ ရွှမ်ဝမ် တဖြည်းဖြည်း ထရပ်လိုက်သည်။ သူမ၏ မျက်လုံးများက ရဲရဲနီနေခဲ့သည်။ သူမသည် မည်သည့်အားနည်းချက်ကိုမှ မပြမိစေရန် သူမ၏နာကြည်းမှုများကို အတင်းဖိနှိပ်ထားလိုက်သည်။ ဒေါသထွက်နေသော သူမသည် လျှို့ဝှက်အခန်းမှ ထွက်လာပြီး ကောင်းမင်ရှိနေသော ခေါင်းတလားအိမ်သို့ ပြန်သွားလိုက်သည်။ သူမ ရှေ့တံခါးကိုဖွင့်လိုက်ရာ ကောင်းမင်ဧည့်ခန်းထဲတွင် မရှိတော့သည်ကို သတိပြုမိလိုက်သည်။ မကောင်းသောခံစားချက်က သူမနှလုံးသားထဲ ဆောင့်တက်လာတော့သည်။ သူမသည် သူမ၏ အိပ်ခန်းသို့ ပြေးဝင်သွားသည်။ သူမ မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းမင်သည် ဓာတ်ပုံအယ်လ်ဘမ်ကို ဖြည်းဖြည်းချင်း လှန်လှောကြည့်ရှုနေလေသည်။
“ငါ နင့်ကို မထိနဲ့လို့ မပြောခဲ့ဘူးလား ၊ အဲဒါက လူသေကျိန်စာပဲ! နင် ဒီနေရာမှာ အရက်စက်ဆုံးနည်းနဲ့ သေသွားလိမ့်မယ်”
ရွှမ်ဝမ် အော်ဟစ်လိုက်သည်။ နတ်ဘုရား၏ စကားများနှင့် ကောင်းမင်၏လုပ်ရပ်များက သူမကို ထိန်းချုပ်မှု လွတ်သွားစေခဲ့ခြင်းဖြစ်သည်။
ကောင်းမင် လန့်သွား၏။ သူက ဒေါသထွက်နေသော ရွှမ်ဝမ်ကို လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများကို ဖိကပ်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် ။
“ငါ သိချင်ရုံလေးပါပဲ… ဘာက မင်းကို ငိုအောင်လုပ်လိုက်တာလဲ”
၎င်းသည် ရိုးရှင်းသော ဝါကျဖြစ်သော်လည်း ရွှမ်ဝမ်၏နှလုံးသားကို ထိမှန်သွားခဲ့သည်။ ၎င်းသည် ချစ်ခြင်းမေတ္တာကို ဝန်ခံခြင်းမဟုတ်သလို အလေးအနက်ထားသော ကတိစကားလည်း မဟုတ်ခဲ့ချေ။ ၎င်းသည် မသိစိတ်ထဲမှ တစ်စုံတစ်ခုသာ ဖြစ်သည်။ ကျိန်စာက ကြောက်စရာကောင်းသည်။ သေခြင်းတရားက ကြောက်စရာကောင်းသည်။ အနာဂတ်က ကြောက်စရာကောင်းသည်။ သို့သော် သူမသည် မျက်ရည်ကျလောက်အောင် ဘာကြောင့် အရမ်းဝမ်းနည်းနေရသည်ကို သူသိချင်မိသေးသည်။
သူမနှင့် သူမမိဘများ၏ ဝိညာဉ်များအပေါ် အဆက်မပြတ် ခြိမ်းခြောက်နေခြင်းက ရွှမ်ဝမ်အား ဖိအားများစွာပေးခဲ့သည်။ အဆိုးရွားဆုံးအနာဂတ်က ဘယ်အချိန်ရောက်လာမည်ကို သူမ မသိချေ။ သို့သော် အနာဂတ်နတ်ဘုရားသည် သူ့ဟောကိန်းနှင့်ပတ်သက်၍ တစ်ခါမှ မမှားခဲ့ဖူးကြောင်း သူမ သိသည်။
ရွှမ်ဝမ်၏ခန္ဓာကိုယ် တုန်ယင်နေသည်ကို မြင်သောအခါ ကောင်းမင်သည် အယ်လ်ဘမ်ကို ချလိုက်ပြီး သူ့လက်များကို မြှောက်၍ သူမကို ဖက်လိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် အေးစက်နေပြီး သွေးနံ့အနည်းငယ်သင်းနေလေသည်။
ကောင်းမင် ဘာမှမပြောဘဲ သူမ၏ကျောပေါ်သို့ လက်များဖြင့် အသာအယာသပ်ပေးလိုက်သည်။ သူ၏ လုပ်ရပ်သည် နူးညံ့ပြီး နွေးထွေးသည်။ နေရောင်ခြည်က ရေခဲတုံးတစ်ခုကို ပွေ့ဖက်ထားသကဲ့သို့ပင်။ အလင်းရောင် ပိုအားကောင်းလေ ရေခဲက ပိုမိုမြန်ဆန်စွာပျော်ဝင်လေ ဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် ရွှမ်ဝမ်သည် သူ့ကို တွန်းထုတ်ခဲ့ခြင်း မရှိချေ။ နောက်ဆုံးနွေးထွေးမှုကို ခံစားခဲ့ရသည်မှာ မည်မျှကြာခဲ့သည်ကို သူမမေ့လျော့နေခဲ့သည်။
“အခု ပိုကောင်းသွားလာပြီလား”
ကောင်းမင် ရွှမ်ဝမ်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူတို့၏မျက်နှာများသည် တစ်လက်မအကွာတွင် ရှိနေလေသည်။ သူတို့သည် တစ်ယောက်၏အသက်ရှူသံကို တစ်ယောက် ခံစားနိုင်ကြသည်။ ရွှမ်ဝမ် မျက်နှာကို လွှဲလိုက်သည်။ ခဏကြာပြီးနောက် သူမဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သူမသည် အရင်က ထိုခံစားမှုကို တစ်ခါမှ မခံစားဖူးခဲ့ချေ။
...
အဆောက်အအုံ ၅ထဲရှိ စောင့်ကြည့်ရေးအခန်းထဲမှလူတိုင်း စောင့်ကြည့်ကင်မရာများကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။
ကောင်းမင်သည် သုံးမီတာခန့်မြင့်သော သွေးစွန်းနေသည့်အမျိုးသမီးသရဲကို လှိုင်းတံပိုးများကဲ့သို့ နူးညံ့စွာပွေ့ဖက်လိုက်သည်။
မျက်နှာနှစ်ခုသည် အလွန်နီးကပ်နေကြသည်။ သူတို့သည် အလွန်ကြောက်စရာကောင်းသော သရဲမက သူမ၏မျက်နှာလွှဲသွားသည်အထိ နီးကပ်နေခဲ့ကြသည်။ ထို့နောက် သူမသည်ကောင်းမင်ကို တစ်ခုခုကတိပေးနေသည့်အလား ခေါင်းအနည်းငယ်ငြိမ့်ပြခဲ့သည်။
ဤဇာတ်လမ်းတစ်ခုလုံးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အခန်းထဲရှိ လူတိုင်းကို စကားမပြောနိုင်လောက်အောင် ဆွံ့အသွားစေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်ချန်းယီက မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်းမင်က သရဲမကို ဘာပြောခဲ့တာလဲ ၊ သူက အဆိုးရွားဆုံးအနာဂတ်မှာ ဒီလောက်ကြာကြာ ရှိနေတာတောင် ဘာလို့စိတ်မလွတ်သေးတာလဲ ၊ ဖောက်ပြန်တဲ့လက္ခဏာ တစ်ခုတောင် မပြဘူး”
“ငါလဲ မသိဘူး၊ ဒါပေမဲ့ သရဲမက သူ့ကိုတကယ်စွဲလန်းသွားပုံရတယ် ၊ သူဟန်ဆောင်နေပုံတော့ မရဘူး”
စီတုချန်သည် သူ့ပါးစပ်မှထွက်လာသော စကားများကို မယုံကြည်နိုင်ဖြစ်နေလေသည်။ အဆောက်အအုံ ၅ရှိ အထူးခြားဆုံးသရဲများထဲမှ တစ်ကောင်ဖြစ်သော ရည်းစားသည် ကောင်းမင်အပေါ် သဘောထားအသစ်တစ်ခု ပြသခဲ့ခြင်းဖြစ်သည်။
“ဒီထူးခြားတဲ့ သရဲအနည်းငယ်ကို အနာဂတ်နတ်ဘုရားက ရွေးချယ်ထားတာ ၊ သူတို့က သန်မာပြီး အနာဂတ်နတ်ဘုရားရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အမွေဆက်ခံထားတယ် ၊ သူတို့က အဆိုးရွားဆုံးအနာဂတ်မှာ သီးခြားဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ပြီး လူသားတွေကို စိတ်ပျက်အားငယ်မှုဆီ ဦးတည်စေတယ်၊ ဒါပေမဲ့ ဒီအထူးသရဲက သူ့ဇာတ်ရုပ်ထဲမှာ သူ့ကိုယ်သူ ပျောက်ဆုံးသွားတဲ့ပုံပဲ”