ဝမ်းနည်းဖွယ်အနာဂတ်
Vol. 27 Ch. 392
ထိုအရာသည် ကောင်းမင်အတွက် သူ့ဘယ်ဘက်မျက်လုံး၏စွမ်းအားကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။အတိတ်နတ်ဘုရားထံမှ ခိုးယူလာသော ထိုစွမ်းအားသည် အလွန်အသုံးဝင်လှသည်။ယင်းသည် စွမ်းအင်ကုန်ဆုံးခြင်းလည်း မရှိပေ။တစ်ခုတည်းသော ဆိုးကျိုးအနေဖြင့် ထိတွေ့မှုလွန်ကဲပါက ကောင်းမင်အား အတိတ်နှင့်ပစ္စုပန်ကို ခွဲခြားရခက်စေပြီး ရူးသွပ်သွားမည့် အလားအလာရှိသည်။
“ဒီက မြေအောက်ကားဂိုဒေါင်က ဒီရပ်ကွက်မှာ နေတဲ့လူတွေအတွက် အလောင်းတွေသိမ်းဆည်းတဲ့ နေရာပဲ ၊ ဒီလူချမ်းသာတွေက တော်တော်သေသပ်တယ် ၊ အလောင်းစွန့်ပစ်တဲ့စနစ်တစ်ခုတောင် သတ်မှတ်ထားသေးတယ်”
...
ထာဝရဘဝတိုက်ခန်း၏ ပရမ်းပတာအခြေအနေနှင့်မတူဘဲ လူချမ်းသာရပ်ကွက်သည် အခြေခံအကျဆုံး ယဉ်ကျေးမှုနှင့် စည်းမျဉ်းများကို ထိန်းသိမ်းထားသည်။ ယင်းတို့မှာ အတုအယောင်များသာဖြစ်သော်လည်း စည်းမျဉ်းများက သူတို့ကို စွန့်ပစ်ထားခြင်းမရှိဟု သူတို့ယုံကြည်နေကြကြောင်း ပြသနေသည်။
“ငါတို့ ကားဂိုဒေါင်ထဲ ဆက်ဝင်ကြဦးမှာလား”
ဖန်လီသည် ကောင်းမင်အား မျက်စိမှိတ်ယုံကြည်နေသည်။
“ငါရှာနေတဲ့အရာက ဒီမှာမရှိဘူး၊ မလိုအပ်ဘဲ အန္တရာယ်အဖြစ်မခံသင့်ဘူး၊ တံခါးဖွင့်ပေးဖို့တော့ သူတို့ကို လှည့်စားရမယ့်ပုံပဲ”
ကောင်းမင်က ပုခုံးတွန့်ပြလိုက်သည်။
“ကင်မရာတွေက စောင့်ကြည့်နေတုန်းပဲ ၊ အဆောက်အအုံထဲက ရှင်သန်သူတွေက ငါတို့ကားဂိုဒေါင်ထဲ မဝင်သေးဘူးဆိုတာ သိနေလောက်ပြီ ၊ အခု သူတို့ကိုတံခါးဖွင့်ပေးခိုင်းဖို့ ပိုခက်လာတော့မှာပဲ”
သူတို့နောက်လိုက်ပါလာသူများ နည်းပါးလာခဲ့သည်။ ဒေါက်တာလီက သူနှင့်သူ့ဇနီးသည် ရုတ်တရက် ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်နေသည်။
“မင်းကျောပေါ်က အလောင်းကြောင့် သူတို့ကြောက်နေပုံရတယ် ၊ ရယ်စရာပဲ ၊ သူတို့လည်း ဒီလိုပဲလုပ်နေကြတာမဟုတ်လား”
ဟယ်ကျင်းသည် ကောင်းမင် သူ့ကိုသတ်ပစ်မည်ကို ကြောက်ရွံ့သဖြင့် အသံကျယ်ကျယ် မပြောရဲပေ။
“ဒါက လူသားတွေရဲ့ သဘာဝမဟုတ်လား”
...
လူချမ်းသာရပ်ကွက် အဆောက်အအုံ ၅ ၏ မူလလုံခြုံရေးခန်းအတွင်းတွင် လူများစွာသည် အုပ်စုများကွဲနေပြီး အချင်းချင်း သတိထားနေကြသည်။
“ဘော့စ်ရှန့် ခင်ဗျားက ဘာလို့ မြို့ဟောင်းမှာမနေဘဲ မြို့တော်အရှေ့ပိုင်းကို ရောက်လာတာလဲ”
စောင့်ကြည့်ကင်မရာပန်နယ်ရှေ့တွင် ပိန်ပါးသော အမျိုးသားတစ်ဦးသည် ထိုင်လျက်ရှိနေသည်။ သူသည် ရှေးတရုတ်ပြည်မှ ကျောင်းသားတစ်ဦးနှင့်တူပြီး အရာအားလုံးကို သူထိန်းချုပ်ထားသကဲ့သို့ ဖြည်းညင်းစွာ စကားပြောသော်လည်း ယုံကြည်ချက်ရှိနေသည်။ အခန်းထဲတွင် ထိုင်ခုံများစွာ ရှိသော်ပါလည်း သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတည်းသာ ထိုင်နေပြီး ကျန်လူများကမူ သူ့ဘေးတွင် ရပ်နေရုံသာဝံ့ရဲကြသည်။
“လူချမ်းသာရပ်ကွက်ရဲ့ ပင်မစောင့်ကြည့်ရေးအခန်းက ဒီမှာမဟုတ်ရင် ငါဒီကို လာချင်တယ်ထင်လို့လား”
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဟန်ဟိုင်းဘေးကပ်ဆိုးတုန့်ပြန်ရေးယူနီယံမှ ရှန့်ထျန်းဖြစ်သည်။ မူမမှန်ဖြစ်ရပ်များ ထွက်ပေါ်လာပြီးနောက် သူသည် ချက်ချင်းပင် သူ၏လူများကို မူမမှန်ဖြစ်ရပ်များထဲသို့ ဝင်ရောက်စေခဲ့သည်။ သူသည် သူ့ခွန်အားနှင့် စွမ်းရည်များကို စုဆောင်းရန် လူ့အသက်များကို အသုံးပြုခဲ့သည်။
“လက်ရှိမှာ စားနပ်ရိက္ခာနဲ့ ရေက တန်ဖိုးအရှိဆုံးနော်၊ ခင်ဗျား လူတွေအများကြီး ခေါ်လာပြီး ဒီစောင့်ကြည့်ကင်မရာတွေကို ကြည့်နေရုံပဲလုပ်နေတာလား”
ထိုပိန်ပါးသောအမျိုးသားက ရှန့်ထျန်းကို ရန်စရန် ကြိုးစားလိုက်သည်။
“စီတုချန် ၊ အတင်းမလုပ်စမ်းနဲ့ ၊ အဆောက်အအုံ ၅ တစ်ခုလုံးကို မင်းတစ်ယောက်တည်း ထိန်းချုပ်ထားတယ်လို့ မထင်လိုက်နဲ့နော်”
ရှန့်ထျန်းဘေးမှ လူက သွေးပေနေသော ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ ဓားသွားသည် ပုံမှန်သာဖြစ်သော်လည်း ပြင်းထန်သောယင်စွမ်းအင်ကို ထည့်သွင်းနိုင်ရန် ပြောင်းလဲထားခြင်းဖြစ်သည်။
“မင်းက စီတုအန်းရဲ့ အမွေဆက်ခံသူလို့ ဆိုပေမယ့် ငါတို့ စိတ်မဝင်စားဘူး ၊စီတုအန်းကိုယ်တိုင် ရောက်လာရင်တောင် ငါတို့ ခုတ်သတ်ပစ်မှာပဲ”
“ရန်ဖြစ်မနေကြနဲ့!”
အခန်းတစ်ဖက်မှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။ လုံခြုံရေးအဖွဲ့ဝင် အနည်းငယ်က လူငယ်တစ်ဦးအား ဝန်းရံထားကြသည်။ စကားပြောလိုက်သူမှာ တောင်ဘက်ဆိပ်ကမ်း ကျန်းဟိုင်စုံစမ်းစစ်ဆေးရေးဌာန၏ အကြီးအကဲ ဝမ်ချန်းယီဖြစ်သည်။ သူသည် ဝမ်ကျား၏ အကြီးဆုံး ဦးလေး၏သားဖြစ်ပြီး ဝမ်ကျား၏အဘိုး အနှစ်သက်ဆုံး မြေးလည်းဖြစ်သည်။ဝမ်ကျားနှင့်မတူဘဲ ဝမ်ချန်းယီသည် ငယ်စဉ်ကတည်းက မိသားစု၏ဂုဏ်ဆောင်ဖြစ်ခဲ့သည်။ သူ့အား မိသားစု အမွေဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ခဲ့သည်။ သူသည် ဤမူမမှန်ဖြစ်ရပ်အတွက် တောင်ဘက်ဆိပ်ကမ်းဌာန လူအားလုံးကို စုဆောင်းခဲ့သည်။ ယင်းသည် သူ့အဘိုး၏စမ်းသပ်မှုလည်း ဖြစ်သည်။
ဘေးကပ်ဆိုးကြီးကား ရောက်လာတော့မည်ဖြစ်သည်။ မိသားစု၏တရားဝင်အမွေဆက်ခံသူအဖြစ် သူ၏ရာထူးကို တည်ငြိမ်စေရန် ဝမ်ချန်းယီသည် လုံလောက်သည့်စွမ်းရည်ကို ပြသရမည်ဖြစ်သည်။ ဝမ်ချန်းယီစကားပြောလိုက်သည်နှင့် အခန်းထဲ တိတ်ဆိတ်သွား၏။ ရှန့်ထျန်းနှင့်စီတုချန်တို့သည် ဝမ်ချန်းယီကို မကြောက်ကြသော်လည်း သူနှင့်ပွင့်ပွင့်လင်းလင်း ဆန့်ကျင်လိုခြင်းမရှိပေ။ ထို့ထက် ဤပွဲကို ဟန်ဟိုင်းဌာနချုပ်မှ ကျင်းပခြင်းဖြစ်ပြီး ဝမ်ချန်းယီသည် ဌာနချုပ်နှင့် အနီးကပ်ဆုံး ကိုယ်စားလှယ် ဖြစ်သောကြောင့်ပင်။
“ခင်ဗျားတို့တွေ အချင်းချင်း ရန်ဖြစ်ဖို့ တော်တော်စိတ်အားထက်သန်နေကြတာပဲ”
ဝမ်ချန်းယီက စောင့်ကြည့်ကင်မရာများကို စိုက်ကြည့်လိုက်သည်။
“ကင်မရာတွေကို ဆွဲလိုက် ၊ အလောင်းကို သယ်ထားတဲ့ ကျောင်းသားကိုပဲ အာရုံစိုက်လိုက်”
မကြာမီတွင် လူတိုင်းသည် ပစ်မှတ်ကို မြင်လိုက်ရသည်။ သူတို့သည် စခရင်ဖန်သားပြင်ပေါ်ရှိ မျက်နှာကို စိုက်ကြည့်လိုက်ရာ နောက်ဆုံးတွင် မှတ်မိသွားကြသည်။
“အခန်း၁၃က ကောင်မင်လား၊ သူ ဘာလို့ ဒီကို အလောင်းတစ်လောင်းနဲ့ ရောက်လာတာလဲ”
တခြားသူများက သူ့အား ရင်းနှီးကျွမ်းဝင်ခြင်းမရှိနိုင်သော်လည်း ဝမ်ချန်းယီကမူ ကောင်းမင်ဘာလုပ်ခဲ့သည်ကို ကောင်းကောင်းသိသည်။
ကောင်းမင်သည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းနှင့် လီစန်းဆေးရုံတို့၏ မူမှန်ဖြစ်ရပ်များနှင့် ဆက်နွယ်ပတ်သက်မှုရှိသည်။ ရေသေဖိုရမ်၏ တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည့်အတွက် သူသည် ဌာနချုပ်၏အုတ်မြစ်ကိုပင် အလေးအနက် ခြိမ်းခြောက်နိုင်ခဲ့သည်။ သူသည် ရှင်းလုမှ ပြန်လာသော လုံခြုံရေးအဖွဲ့ဝင်များကိုပင် သတ်ခဲ့ပြီးဝမ်ကျားအဖွဲ့အား မူမမှန်ဖြစ်ရပ်ထဲတွင် ထောင်ချောက်ဆင်ခဲ့သည်။
တစ်ခါတရံတွင် ဝမ်ချန်းယီသည်လည်း စိတ်ရှုပ်ထွေးရသည်။ ဝမ်ကျားနှင့် ကောင်းမင်တို့နှစ်ဦးလုံးသည် အခန်း ၁၃မှ ဖြစ်ကြသည်။ သူတို့နှစ်ဦးကြားတွင် မည်ကဲ့သို့ ထိုမျှကြီးမားသောကွာခြားချက်တစ်ခု ရှိနေရသနည်း။
“အနောက်ဘက်ဆိပ်ကမ်းအနာဂတ်ပန်းခြံရဲ့ စုံစမ်းရေးဌာန ၁၃ ခုက မြို့တော်အရှေ့ပိုင်းကျောင်းကောင်စီနဲ့ တိုက်ခိုက်နေကြတယ် ၊ ကျုပ်တို့ ကောင်းမင်ကို ရန်စဖို့မလိုဘူး ၊ ကျုပ်တို့အားလုံး ဒီမှာ ပိတ်မိနေကြတာဆိုတော့ ရန်သူဖြစ်ရတာထက် မိတ်ဆွေဖြစ်ရတာက ပိုကောင်းပါတယ်”
ရှန့်ထျန်း၏အင်အားစုသည် မြို့ဟောင်းတွင် အဓိကအခြေစိုက်သည်။ ထိုနေရာသည် ခြောက်ခြားဂိမ်းကစားသမားများ အတက်ကြွဆုံးနေရာဖြစ်သည်။ သူသည် ကောင်းမင်နှင့် တိုက်ရိုက်ပဋိပက္ခ မဖြစ်လိုပေ။
“ငါတို့မှာရှိတဲ့ အစားအစာနဲ့ရေက ငါတို့ကိုဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ ၊ကောင်းမင်က တစ်ယောက်တည်းမဟုတ်ဘူး ၊ သူ့နောက်မှာ ထာဝရဘဝအိမ်ရာက လူတွေအများကြီး လိုက်လာကြတာ၊ ငါတို့ တစ်လက်မလောက်ပေးရင် သူတို့ကတစ်မိုင်လောက် တောင်းဆိုလာလိမ့်မယ်”
စီတုချန်က ခေါင်းခါသည်။
“ခင်ဗျားမှာ တခြားရွေးချယ်စရာမရှိဘူး ၊ တံခါးစောင့်က ကောင်းမင်ကို မြေအောက်ကားဂိုဒေါင်ထဲ သွားဖို့ လှည့်စားလိုက်ပြီ ၊ အဲဒီမှာ ဘာတွေဝှက်ထားလဲဆိုတာ ခင်ဗျား ကျုပ်ထက်ပိုသိပါတယ်”
ကင်မရာများသည် ပြန်လှည့်ပတ်လာ၏။ စောင့်ကြည့်ကင်မရာများတွင် ကောင်းမင်တို့အဖွဲ့ ပြန်ရောက်လာသည်ကို မြင်လိုက်ရသည်။ သို့သော် သူတို့သည် အဆောက်အအုံ၅ ဆီသို့ မသွားဘဲ အဆောက်အအုံ ၃ဆီသို့ ဦးတည်သွားနေကြခြင်းဖြစ်သည်။
ယင်းကို မြင်သောအခါ စီတုချန်နှင့် ဝမ်ချန်းယီတို့၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားသည်။ ရှန့်ထျန်း၏ မျက်လုံးများသည်လည်း ကျဉ်းမြောင်းသွားသည်။
“ငါတို့တောင် အဆောက်အအုံ၃ ကနေ မနည်းထွက်ပြေးလာခဲ့ရတာ ၊ သူက သေမင်းကို ဖိတ်ခေါ်နေတာပဲ”
ရှန့်ထျန်းဘေးမှလူက ဖန်သားပြင်ကို စိုက်ကြည့်လျက်ရှိသည်။
“အဲဒီ အဆောက်အအုံတစ်ခုလုံးကို အဆိုးရွားဆုံးအနာဂတ်က အပြည့်အဝကျူးကျော်သွားခဲ့ပြီးပြီ ၊ ဘယ်သူမှ အဲ့ဒီနေရာကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်မှာမဟုတ်ဘူး”
“အဆောက်အအုံ ၃က ကင်မရာတွေကို အခုထိ သုံးလို့ရသေးလား”
စီတုချန်က သူ့လူများကို ပခုံးပုတ်လိုက်သည်။ မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးက ကီးဘုတ်ကို ထုတ်၍ စတင်အလုပ်လုပ်လိုက်သည်။ မကြာမီတွင် အဆောက်အအုံ ၃မှ ပုံရိပ်များကို ဆွဲထုတ်လိုက်၏။ သို့သော် သူတို့မြင်လိုက်ရသည့်အရာက လူတိုင်းကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
“ပိတ်လိုက်စမ်း! မင်းတို့ မျက်လုံးတွေကို မှိတ်ထားကြ! ညစ်ညမ်းမှု ဒီကို မပြန့်စေနဲ့”
ဝမ်ချန်းယီ အော်ဟစ်လိုက်သည်။ သူ့လူများက စောင့်ကြည့်ကင်မရာကို ကပျာကယာ အမြန်ပိတ်သည်။
မည်သူမျှ သက်ရောက်မှုမရှိခဲ့ချေ။ မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးတည်းသာ သူ့မျက်လုံးတစ်ဝိုက်တွင် အနက်ရောင်သွေးကြောများ ကြီးထွားလာခဲ့သည်။ သို့သော်လည်း ထိုလူကိုယ်တိုင်အပါအဝင် မည်သူကမျှ ယင်းကို သတိမပြုမိကြပေ။