သည်းထိတ်ဖွယ်ရာ
Vol. 149 Ch. 2206
“ လူတွေလည်း အကုန်စုံနေတယ်ဆိုတော့ တစ်ခါတည်း အားလုံးကို အပြတ်ရှင်းပစ်လိုက်မှနဲ့ တူတယ် …”
“ အပြင်က လူတွေကိုရော ဘယ်လိုလုပ်မှာလဲ …..”
“ မင်းက ဒီမှာနေပြီး ငါ မက်ဆေ့ချ်ပို့တာကို စောင့်နေလိုက် …” လင်းရီ ပြောလိုက်သည်။ “ စကားမစပ် … ဓာတ်လှေကား ဝင်ပေါက်ဝနဲ့ လှေကားနားကို သေချာ အနီးကပ် စောင့်ကြည့်ထားဦး … ဝင်လာဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို အမှောက်သိပ်ပစ်လိုက် … သူတို့ဘာသူတို့ ဘာကောင်ကြီးနေနေ ခေါင်းထဲ ထည့်မနေနဲ့ ….”
“ နားလည်ပါပြီ ….”
ရှောင်ပင်း ဖြေဆိုလိုက်သည်။
“ ဒါဆို အစ်ကိုရီက အခု ယွင်ရှန်း အဆောက်အဦးကို သွားတော့မလို့လား … ကျွန်မရော လိုက်ခဲ့ပေးဖို့ လိုသေးလား ….”
“ ထွေထူးမဟုတ်တာကို လိုက်ခဲ့ဖို့ မလိုပါဘူး … ဒီမှာပဲ နေပြီး စောင့်ကြပ်ထားလိုက် …”
ပြောပြီးနောက် … လင်းရီ သူ့အင်္ကျီ အဝတ်အစားများကို သပ်ရပ်အောင်ပြုကာ ဓာတ်လှေကားသို့ လျှောက်လှမ်းသွားသည်။
……….
ယွင်ရှန်း အဆောက်အဦးထဲရှိ လက်ဖက်ရည်ခန်းထဲ၌ ရှောင်းကျန်းရဲ့သည် မျက်မှောင်တင်းကြပ်စွာ ကြုတ်ထားလျက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
တစ်ဖက်တွင် ထိုင်လျက် ရှိသည့် ကုဟိုင်ချောင်သည်လည်း စိုးရိမ်ကြောင့်ကြသည့် အမူအရာနှင့် ဖြစ်နေသည်။
“ ဘော့စ်ရှောင်း … ၊ ဘော့စ်ကု ၊ မင်းတို့နှစ်ယောက်လည်း စိတ်ကို နည်းနည်းလောက်ပဲ ဖြစ်ဖြစ် အေးအေးထားစမ်းပါ … မင်းတို့ကောင်တွေ မျက်နှာကြည့်လိုက်တာနဲ့ လူတောင် မွန်းကြပ်လာသလိုပဲ … “ ကျန်းကျားဟောက်က အမှုမထားသည့် ပုံစံအမူအရာဖြင့် ခြေထောက်ချိတ်လျက် ထိုင်နေသည်။
မနေ့ညက သူ့ရဲ့ ထိပ်တန်း လက်ပါးစေတစ်ဦး မီးထဲ ပါသွားသော်လည်း အရေးမပါသည့် ပါမွှားလူတစ်ယောက် သေဆုံးသွားသည့်နှယ် အေးအေးလူလူပဲ ရှိနေသည်။
“ မင်း နားမလည်ပါဘူးကွာ … ဒီခု အခြေအနေက မင်း စိတ်ကူးယဉ်ထားတာထက်ကို ပိုပြီးတော့ အန္တရာယ်များတယ် … ဘယ်လို အမှားအယွင်းမျိုးမဆို တွေးတောလို့ မရနိုင်တဲ့ အကျိုးဆက်တွေကို သယ်ဆောင်လာနိုင်တယ် …”
ကျန်းကျားဟောက် မည်သို့မျှ မနေပေ။ သူ့လက်တွင် သွေးတို့ စွန်းနေသည် ဆိုသော်လည်းပဲ သူ့အပေါ် ရှိနေသည့် ဖိအားက အတော်လေး နည်းသည်။
အခြားသူများ၏ သေရေးရှင်ရေးက သူနှင့် လားလားမျှ မသက်ဆိုင်ပေ။ သူ အဆင်ပြေသရွေ့ အိုကေသည်။
“ သေချာတွေးကြည့် … ငါ လူ နှစ်ဆယ်ကျော် အင်အားဖြည့်တင်းထားပေးတယ် … ပြီးတော့ မင်းတို့ မိသားစုကလည်း လူ တစ်ဒါဇင်ကျော် လွှတ်လိုက်သေးတယ် … ပြီးတော့ ဟိုတယ်ထဲ မည်းမည်းမြင် အကုန်ပစ်လို့လည်း အမိန့်ပေးထားသေးတယ် … ဘာတွေ စိတ်ပူနေတာ … သူက ကျည်ဆံတွေကို ရှောင်နိုင်မယ်လို့ မင်းတို့ကောင်တွေ တွေးနေတာလား ….”
ရှောင်းကျန်းရဲ့နှင့် ကုဟိုင်ချောင်လည်း ထိုသို့ တွေးပြီး သူတို့ကိုယ်သူတို့ စိတ်ဖြေသည်။ သို့ပေမယ့် တစ်ဖက်လူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင် လင်းရီ ဖြစ်သည်။
သူတို့ ဘယ်လိုမှ စိတ်မလေးထင့်ပဲ မနေနိုင်ကြချေ။
“ အခုထိ ဖုန်းဆက်လို့ မရသေးဘူးလား ….”
ကုဟိုင်ချောင် မေးလိုက်သည်။
ရှောင်းကျန်းရဲ့ ခေါင်းညိတ်လိုက်၏။ “ မပြီးသေးဘူးထင်တယ် … ဒါကြောင့် ဖုန်းပိတ်ထားတယ် …”
“ ဒါဆိုလည်း စောင့်ကြတာပေါ့ … လောင်ဟောက် ပြောသလိုပဲ ငါတို့ ဒီလောက်ထိ လူတွေ အများကြီး လွှတ်လိုက်တာ သေချာပေါက် ပြဿနာ မရှိနိုင်ပါဘူး ….”
ရှောင်းကျန်းရဲ့ သူ့ခုံသို့ ပြန်ဝင်ထိုင်သည်။ စီးကရက်တစ်လိပ်ကို အေးဆေးမီးညှိ၍ ခပ်ပြင်းပြင်း ရှိုက်လိုက်သည်။
ထိုအချိန်မှာပဲ အလျင်လိုသည့် ခြေသံတို့က တံခါးအပြင်ဘက်ကနေ ထွက်လာခဲ့ပြီး ရေးကြီးသုတ်ပျာနိုင်သည့် လေသံတစ်သံက ကပ်လျက် လိုက်ပါလာသည်။
“ လူကြီးမင်းရှောင်း ၊ လူကြီးမင်းကု ၊ မကောင်းတော့ဘူး … အောက်ထပ်မှာ အတင်းအဓမ္မ ဝင်ရောက်ပြီး လူကြီးမင်းတို့နဲ့ တွေ့ချင်တဲ့လူ ရှိနေတယ် ….”
“ ဘယ်ဧည့်သည်မှ လက်မခံဘူး … အချိန်မရှိဘူး ….”
“ ကျွန်တော်တို့လည်း ပြောတာပဲ … ဒါပေမယ့် သူက ပြန်မထွက်သွားဘဲ အောက်ထပ်မှာ ပြဿနာရှာနေလို့ ကျွန်တော်တို့လူ တော်တော်များများ ဒဏ်ရာရကုန်ပြီ ….”
“ ငါ ယီးတဲ့မှကွာ .. ဘယ်ကောင်လဲ … စိတ်ကမှ ပေါက်ရတဲ့ကြားထဲ ဘယ်ကောင်တုန်း ပြဿနာ လာရှာရဲနေတာ … ငါ ရှောင်းကျန်းရဲ့ကို လူမသတ်ရဲဘူးများ ထင်နေလား …” ရှောင်းကျန်းရဲ့ ဒေါသထွက်ထွက်နှင့် ကျိန်ဆဲလိုက်၏။
“ အဲ့လူပြောတာကတော့ သူ့နာမည် လင်းရီပါတဲ့ ….”
အခန်းမှာ ရုတ်ချည်း အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။
လင်းရီရဲ့ နာမည်ကို ကြားတော့ သုံးယောက်လုံးရဲ့ အမူအရာများက တစ်မျိုးတစ်မည်စီ ဖြစ်ကာ ထူးဆန်းသွားကြသည်။
လင်းရီ ဤနေရာသို့ ရောက်လာမည်ဟု သူတို့တွေ မျှော်လင့်မထားကြချေ။
“ သူ ငါတို့ဆီ ရောက်လာလို့ ဟိုကောင်တွေ ရှာမတွေ့ဘဲ ကြာနေတာများလား ….”
“ ဖြစ်နိုင်တယ် ….” ကုဟိုင်ချောင် ပြောလိုက်သည်။
“ လူတွေ ဒီလောက်အများကြီး ရောက်သွားတာကို မပွန်းမပဲ့ဘဲ ထွက်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ….”
“ အခုက ဒီအကြောင်းတွေ ဆွေးနွေးရမယ့် အချိန် မဟုတ်သေးဘူး ….” ကျန်းကျားဟောက် အေးစက်စွာ ပြောလိုက်ပြီး “ သူက အခု ဒီရောက်လာပြီ … ဆိုတော့ မေးခွန်းက ငါတို့သူနဲ့ တွေ့မှာလား မတွေ့ဘူးလားပဲ ….”
“ ဒီ အခြေအနေထိ ရောက်လာပြီးမှတော့ သူနဲ့ မတွေ့ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … ဒါပေမယ့် ဒီကောင်က အန္တရာယ်များတဲ့ကောင် … ငါတို့ သုံးယောက်တည်းသပ်သပ်တော့ သူနဲ့ တွေ့လို့မရဘူး … ငါတို့ လူတွေ အကုန် ဒီခေါ်လိုက် … တစ်ခုခုဆိုရင် ငါတို့မှာ အင်အားရှိတယ် ….”
“ ကောင်းပြီလေ … သူက သိပ်အဟုတ်ကြီး မဟုတ်ဘူးဆိုပေမယ့် သတိထားတာကလည်း မမှားပါဘူး ….”
ရှောင်းကျန်းရဲ့က အဆောက်အဦး တာဝန်ရှိသူကို ကြည့်ပြီး ပြောလိုက်သည်။ “ သူ့ကို အောက်ထပ်မှာ ခဏစောင့်ထားခိုင်းပြီး နောက်ဆယ်မိနစ်လောက်နေမှ တက်လာခဲ့ခိုင်းလိုက် ….”
“ ဟုတ်ကဲ့ … နားလည်ပါပြီ ….”
တာဝန်ရှိသူက ပြန်ထွက်သွားသည်။
သုံးယောက်သည်လည်း အေးဆေး ထိုင်မနေပါဘဲ သူတို့လူများကို စုစည်းဖို့ ဆက်သွယ်လိုက်ကြ၏။
သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အကန့်အသတ် ရှိသဖြင့် လူရှိန်အောင် လုပ်ပြီး သတ္တိမွေးဖို့လိုသည်။
မိနစ် အနည်းငယ်ကြာပြီးသည့်နောက် လူ အယောက် နှစ်ဆယ်ကျော်က လေးလွှာတွင် စုဝေးရောက်လာပြီး သူတို့ သုံးယောက်ဘေးတွင် ဖြောင့်တန်းစွာ မတ်တပ်ရပ်နေကြသည်။
ခေတ္တကြာပြီးသည့်နောက် အဆောက်အဦး တာဝန်ရှိသူ၏ ဦးဆောင်မှုအောက်တွင် လင်းရီသည် လှေကားထစ်များမှတစ်ဆင့် အပေါ်သို့ တက်လာပြီး ရှောင်းကျားရဲ့နှင့် ကျန်သူများကို တွေ့ဆုံသည်။
“ ခင်များတို့ လူတွေက ဖန့်ချိန်ရဲ့ အကောင်ကြီးကြီး လူကြားထဲ နာမည်ကြီးတဲ့ ပုံရိပ်တွေ ဆိုရင်တောင် ဒီလောက်ထိ ဟိတ်ကြီးဟန်ကြီး နိုင်ဖို့ လိုလို့လားဗျာ … ဘာလဲ ... ကျုပ်ကိုက်စားမှာ ကြောက်လို့လား ….”
ရှောင်းကျန်းရဲ့၏ မျက်လုံးထဲတွင် သတိထားမှုနှင့် ရန်လိုမှုတို့ ရှိနေသည်။
“ မင်းကိုယ်မင်း အောင်နိုင်သူလို ခံစားရလို့ ဒီလာပြီး လာကြွားပြနေတာလား …”
“ အဲ့စကားက သိပ်ပြင်းထန်လွန်းသွားပြီ … ပြောရရင် ကျုပ်က လာစရာတောင် မလိုဘူး … တခြားလူတွေ ခင်များတို့ကို ကိုင်တွယ်လိမ့်မယ် ….” လင်းရီ ပြောလိုက်သည်။ “ ခင်များတို့ ဘာလို့ ဒီလောက်ထိ ကြံမိကြံရာ လုပ်လာသလဲ ဆိုတာကတော့ ကျုပ် ခန့်မှန်းကြည့်လိုက်လို့ ရပါတယ် … ဝမ်ရှောင်ဟွေ့က ခင်များတို့ကောင်တွေကို စွန့်ပစ်သွားပြီမလား …. ဒါကြောင့်မို့ နောက်ဆုံး အခိုက်အတန့် ရောက်နေတဲ့အချိန်မှာတောင် အခွင့်အရေးတစ်ရပ်ကို ဖန်တီးချင်တယ် … ဘာလို့ဆို ကျုပ် မရှိတော့တာနဲ့ ဒီပြဿနာတွေအကုန် အဆုံးသတ်ပြီမို့ပဲ … အဲ့လိုသာဆိုရင် ခင်များတို့မှာ အခွင့်အရေးက ရှိသေးတယ် ….”
လက်ရှိ အခြေအနေအရ ရှောင်းကျန်းရဲ့နှင့် သူ့အုပ်စုတို့ အရေးနိမ့်နေသည်မှာ အရှင်းသားကြီးပင်။
ထို့ပြင် လင်းရီ၏ အမြော်အမြင်ကြီးမားမှုကလည်း သူတို့အပေါ်ကို ဖိအား ကြီးကြီးမားမား သက်ရောက်စေသည်။
“ မင်းဘာမင်း ဘယ်လိုပဲ ထင်ထင် ငါတို့ကြားထဲ ဘာပြောစရာ အကြောင်းမှ မရှိဘူး … ဒီတော့ ငါတို့နဲ့ လာတွေ့နေလို့လည်း အပိုပဲ … ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားလိုက်ပါ ….”
“ မနေ့ညတုန်းက ခင်များတို့တွေ ကျုပ်ကို သတ်ဖို့ လူဒါဇင်ကျော် လွှတ်ခဲ့တယ် … အစောကြီးကတည်းက ထွက်ပြေးနိုင်ခဲ့လို့သာ ကံကြမ္မာဆိုးကနေ ရှောင်တိမ်းနိုင်ခဲ့တာ …. ကျုပ်ထင်ထားတာ ခင်များတို့တွေ သင်ခန်းစာ နည်းနည်းလောက် ပေးခံရလိုက်ရင် မှတ်ပြီး အပိုးကျိုးသွားမယ်ပေါ့ … ဒါပေမယ့် နောက်တစ်ကြိမ် ထပ်ပြီး ကျူးလွန်လာဦးမယ်လို့တော့ ထင်မထားဘူး … ခင်များတို့က ကျုပ်လင်းရီကို အနိုင်ကျင့်ရ သိပ်လွယ်တဲ့ကောင်လို့ ထင်နေတာလား … ဒါမှမဟုတ် ကျုပ်ကပဲ အလွယ်လေး အနိုင်ယူလို့ရတဲ့ကောင် ဖြစ်နေလို့လား ….”
“ မင်း …. မင်း ဘာတွေ လာပြောနေတာ ….”
“ ခင်များတို့ လုပ်ခဲ့တာတွေကို ကျုပ်ပြန်ပြောပေးရမှာလား …” လင်းရီ ပြုံးလျက် ဖုန်းထုတ်ပြီး ရှောင်းပင်းထံသို့ ဝီချက်ဗွီဒီယိုကော တစ်ခု ခေါ်လိုက်သည်။
“ ခင်များတို့က အသက်ကလေးလည်း ရလာပြီဆိုတော့ မှတ်ဉာဏ်တွေက စုတ်ပြတ်ကုန်ပြီ ထင်ပါရဲ့ … အငယ်ဖြစ်တဲ့ ကျုပ်ကပဲ ခင်များတို့ကို ဘာတွေ ဖြစ်ခဲ့လဲ ပြန်မှတ်မိအောင် လုပ်ပေးရတာပေါ့ ….”
လင်းရီ စကားပြောနေစဉ်တွင် ဗွီဒီယိုကောက ချိတ်ဆက်သွားသည်။
“ ဟိုတယ်မှာ ဘာတွေ ဖြစ်နေလဲ ဒီအဘိုးကြီးတွေ မြင်အောင် ပြလိုက်ပါဦး … သူတို့ မသေခင် ဘာတွေ ဖြစ်သွားခဲ့လဲ နားလည်သွားရတာပေါ့ ….”
အမျိုးသားသုံးယောက်မှာ စိုးရိမ်ထိတ်လန့်နေကြပြီး လင်းရီ ဘာလုပ်ချင်နေလဲဆိုတာကို မှန်းဆမရ ဖြစ်နေသည်။
လင်းရီက လက်ဝှေ့ယမ်း၍ ဖုန်းကို ပစ်ပေးလိုက်သည်။
ရှောင်းကျန်းရဲ့ ကမန်းကတမ်း ဖမ်းပြီး ဗွီဒီယိုထဲရှိ မြင်ကွင်းကို မြင်တော့ သူနှင့် ကုဟိုင်ချောင်တို့ ချက်ချင်းပဲ မျက်နှာ ဖြူလျော်သွား၏။
ဗွီဒီယိုကောထဲတွင် သူ့သားက သွေးသံတရဲရဲ ဖြစ်သည်အထိ ရိုက်နှက်ခံထားရပြီး အသိစိတ် မျှင်းမျှင်းလေးသာ ကျန်တော့သည်။
ထို့ပြင် လူတော်တော်များများကလည်း သွေးအိုင်ထဲ လဲလျောင်းနေသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးက ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာပဲ ပေါ်ပေါက်တတ်တာ ဖြစ်၏။
သိသာစွာဖြင့် … သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားခဲ့ရလေပြီ။
စောင့်မျှော်နေသည့် အနာဂတ်ကား ….
ဘုတ် …
တုန်နေသည့် ရှောင်းကျန်းရဲ့၏ လက်ကြောင့် ဖုန်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ကုဟိုင်ချောင်နှင့် ကျန်းကျားဟောက်တို့၏ အခြေအနေသည်လည်း သာ၍ ထူးမနေချေ။ သူတို့ရဲ့ မျက်နှာတွေက အပြိုင် အကျည်းတန်နေကြသည်။
“ ဒီလူတွေ အားလုံးကို မင်းအနိုင်ယူခဲ့တာလား …”