အပြစ်ပေးခံရမှာကြောက်လို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်
Vol. 149 Ch. 2207
“ ဒါပေါ့ ….”
လင်းရီ လက်ဖြန့်ကားလျက် ပြောလိုက်ပြီး “ ခင်များတို့ သိပါတယ် … ကျုပ်က ကျုံးဝေ့တပ်ဖွဲ့က … ဘယ်သူ့ကို မလုပ်ရဲတာ ရှိလဲ … ဘယ်သူ့ကို မသတ်ရဲတာ ရှိလဲ … ဗုံးပေါက်ကွဲတာတောင် ကျုပ်ကို မသတ်နိုင်တာ အဲ့ဒီ သေနတ် အစုတ်အပျက်လေးတွေနဲ့ ကျုပ်ကို သတ်လို့ရမယ် ထင်နေလား …. ဒါမှမဟုတ် ခင်များတို့ကပဲ ကျုံးဝေ့တပ်ဖွဲ့ကို အထင်သေးနေတာလား ….”
ရှောင်းကျန်းရဲ့၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး နောက်သို့ ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။
ကုဟိုင်ချောင်နှင့် ကျန်းကျားဟောက်တို့သည်လည်း သာ၍ ကောင်းမွန်မနေချေ။
ယခု အချိန်၌ သူတို့စိတ်ထဲ လင်းရီကို ကြောက်ရွံ့မိသည့် စိတ်တစ်ခုတည်းသာ ရှိသည်။
“ အခု ဒီလိုအခြေအနေထိတောင် ရောက်လာခဲ့ပြီ ဆိုတော့ ခင်များတို့ကောင်တွေလည်း ပြေးရှောင်နေတာတွေ ရပ်သင့်ပြီ… ကိစ္စတွေအကုန်လုံး စာရင်းရှင်းရမယ့် အချိန်ပဲ …”
လင်းရီ တစ်လှမ်းချင်း လှမ်းလျက် ရှောင်းကျန်းရဲ့တို့ သုံးဦးထံ လျှောက်လှမ်းလာသည်။ သူ့အကြည့်မျက်ဝန်းတို့ထဲ လူသတ်ချင်စိတ်တို့ ကိန်းအောင်းနေလျက် ရှိသည်။
“ မင်းတို့ကောင်တွေ ဘာရပ်လုပ်နေကြတာ … သူ့ကို အမြန်တားကြစမ်း …”
ကျန်းကျားဟောက် ထိတ်လန့်တကြား အော်ဟစ်ပြောဆိုလိုက်သည်။ ယခုလို ရှုပ်ထွေးသည့် အခြေအနေထဲ ဝင်ရောက်ပတ်သက်မိသည့် သူ့ကိုယ်သူ နောင်တရမဆုံး ဖြစ်နေသည်။
“ ဒီက ညီလေး … မင်း စိတ်အေးအေးထားပါ … ဒါငါနဲ့ ဘာမှမဆိုင်ဘူး … သူတို့ငါ့ကို လုပ်ဇာတ်ခင်းပြီး ထောင်ချောက်ဆင်တာ … ငါတို့မှာ ဘာရန်ငြိုးရန်စမှလည်း မရှိခဲ့ဖူးဘူး … မင်းငါ့ကို လက်ရွယ်လို့ မရဘူး …”
“ ကျုပ်တို့ချင်း အတိတ်ရန်ငြှိုးတွေ မရှိခဲ့ဖူးတာ မှန်တယ် … ဒါပေမယ့် ရှန်းဝေ့မှာ လျိုဟွာရှန်းကို သတ်သွားခဲ့တာ ခင်များ ဟုတ်တယ်မလား …” လင်းရီ ပြောလိုက်သည်။ “ ပြီးတော့ မနေ့ညက ကျုပ်ကို သတ်ဖို့ လွှတ်လိုက်တဲ့လူကလည်း ခင်များပဲ မဟုတ်လို့လား … အဲ့တာတွေနဲ့တင် ခင်များကို အဆုံးသတ်ပေးဖို့ လုံလောက်ပြီ မထင်ဘူးလား ..”
“ ငါ … ငါ … ငါ့ကို အဲ့လိုလုပ်ဖို့ ဒီကောင်တွေ လာဘ်ထိုးတာ …”
ထိုအချိန်၌ ရှောင်းကျန်းရဲ့က စကားဖြတ်ပြောလာသည်။
“ မင်းက ကျုံးဝေ့တပ်ဖွဲ့က လာမှန်း ငါသိတယ် … ပြီးတော့ မင်းရဲ့ ဩဇာလွှမ်းမိုးမှုကလည်း ကြီးတာ မှန်တယ် … ဒါပေမယ့် ဒီကိစ္စကို တစ်စုံတစ်ယောက်က သေချာအသေးစိတ် ကိုင်တွယ်လိမ့်မယ် … မင်းနဲ့မဆိုင်ဘူး … ဒါ မင်းနေရာ မဟုတ်ဘူး … မင်း အခု လုပ်နေတာတွေက တရားဥပဒေကို ဖီဆန်နေတာပဲ ….”
“ အမှန်အတိုင်းပြောရရင် ကျုပ် ဒီကိစ္စကို ကျုပ်ကိုယ်တိုင် ကိုင်တွယ်ဖို့ အစီအစဉ် မရှိထားဘူး … အစိုးရ အရာရှိတွေနဲ့ပဲ လွှဲထားဖို့ လုပ်ထားတာ ….” လင်းရီ အေးစက်စွာ ဆိုလိုက်သည်။ “ ဒါပေမယ့် ခင်များတို့က သတ္တိသိပ်ကောင်းကြတယ် … ကျုပ်ကို နေ့ခင်းကြောင်တောင် သေနတ်တွေနဲ့ တိုက်ခိုက်လာရုံတင် မကသေးဘူး … ကျုပ် အသင်းသားတွေကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့တယ် … အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျုပ်က တစ်ခုခု မလုပ်ဘူးဆိုရင် ကျုပ် တာဝန် မကျေပွန်ရာ ရောက်တာပေါ့ …”
ထိုသို့ ပြောပြီးနောက် လင်းရီ သူ့ အိတ်ထောင်ထဲကနေ ကာကွယ်ရေး ဓားမြောင်ကို ထုတ်၍ သူ့ရှေ့ ရပ်နေသည့် ဘော်ဒီဂတ်များကို ကြည့်လိုက်သည်။
“ ငါ့ကို ဆန်ကျင်ချင်လား … အသက်ရှင်ချင်လား … ငါ့ကို ဆန့်ကျင်ရင် သေမယ် … မင်းတို့ အခုရွေးချယ် ….”
ရှိနေသည့် နှစ်ဆယ်ကျော်သော ဘော်ဒီဂတ်များအားလုံး ကိုယ့်အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။
သူတို့ရှေ့တွင် ရှိနေသည့်လူက သွားရှုပ်၍ မရသည့် လူဖြစ်ကြောင်း သူတို့ ကောင်းကောင်းကြီး သိသည်။
တုန်ယင်စွာဖြင့် …. လူအယောက် နှစ်ယောက်ကျော်မှာ တစ်ဖက်တစ်ချက်စီသို့ ချဲသွားခဲ့ပြီး အလယ်တွင် လင်းရီအတွက် လျှောက်လမ်း ဖွင့်ပေးလိုက်၏။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါသည်။ သူတို့ မလှုပ်ရှားဝံ့ကြချေ။
ရှောင်းကျန်းရဲ့နှင့် ကုဟိုင်ချောင်တို့ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး နီးကပ်လာသည့် သေချင်းတရားကို ကြောက်ရွံ့သည့်လူများနှယ် စိုးရိမ်ကြောင့်ကြ ထိတ်လန့်သည့် မျက်နှာအမူအရာများဖြင့် ကျယ်လောင်စွာ အော်ဟစ်လာကြ၏။
“ မင်းတို့ ဒါ ဘာလုပ်တာလဲ … တားစမ်း … သူ့ကို အမြန် ချက်ချင်း တားစမ်း ….”
သို့သော်လည်းပဲ သူ့အမိန့်ကို မည်သူကမျှ ခေါင်းထဲ မထည့်ကြချေ။ ဤအတွက် သူတို့အသက်ကိုတော့ မစွန့်စားလိုပေ။
ဘာကြောင့်ဆိုတော့ သူတို့ထဲ လူနည်းစုမှာ အောက်ထပ်တွင်တုန်းက ရှေ့ရှိ ဤလူကြောင့် ထိခိုက်ဒဏ်ရာတွေ ရထားပြီးပြီဖြစ်သည်။
အခြေအနေ မဟန်သည်ကို မြင်တော့ သုံးယောက်သား ထွက်ပြေးဖို့ ကြိုးစားကြ၏။ သို့သော် လင်းရီက သူတို့ကို ထိုသို့ ပြုလုပ်ခွင့် မပေး။
လွှားခနဲ ခုန်ကျော်၍ ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်လာခဲ့ပြီး ကျန်းကျားဟောက်ကို ကြမ်းပြင်သို့ အမှောက်သိပ်ကာ တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားစေသည်။
ကျန်သည့် ရှောင်းကျန်းရဲ့နှင့် ကုဟိုင်ချောင်တို့လည်း တူညီသည့် ကံကြမ္မာကို ခံစားသွားရသည်။
အချိန် ဘယ်လောက်မျှ မကြာလိုက်သည့် အတောအတွင်းမှာပဲ သူတို့ သုံးယောက်လုံး နာကျင်စွာဖြင့် ကြမ်းပြင်တွင် လှဲလျောင်းနေရကာ မတ်တပ်ပင် မရပ်နိုင်ကြတော့ချေ။
“ မင်းတို့တွေ အကုန်လုံး ထွက်သွားကြ … မင်းတို့ မမြင်သင့်တာတွေ ရှိတယ် … မြင်ရင် ဒုက္ခရောက်သွားမယ် …”
လူအယောက် နှစ်ဆယ်ကျော်လည်း အခန်းထဲ ဆက် မနေဝံ့ကြတော့ချေ။
ထိုအချိန်၌ လေးလွှာတစ်ထပ်လုံးတွင် လင်းရီနှင့် လူသုံးယောက်သာရှိနေပြီး လေထုက သုဿန် တစပြင်နှယ် အေးစက်တိတ်ဆိတ်လို့နေသည်။
……
ဖန့်ချိန်၊ လက်နက်ကိုင်ရဲတပ်ဖွဲ့ ဧည့်စင်တာ။
တတိယထပ်ရှိ အခန်းတစ်ခန်းထဲတွင် လူနှစ်ဦး ရှိနေသည်။
အခန်း၏ ကော်ဖီစားပွဲနှင့် အလုပ်စားပွဲပေါ်တွင် ဖိုင်များက ပျံ့ကျဲရှုပ်ပွနေပြီး လက်တော့ နှစ်လုံးက ပွင့်နေလျက်သား ရှိ၏။
“ ရန်ကော …. ခေါင်းဆောင်လင်းက ဒီကိစ္စကို ဘယ်လိုလုပ်မယ်လို့ မင်းထင်လဲ …”
ရန်ကောဟု အမည်တွင်သူက တိုသပ်စွာ ညှပ်ထားသည့် ဆံပင်ကေနှင့် ခန္ဓာကိုယ် လူကောင်က အလယ်အလတ်ပိုင်းလောက် ရှိသည်။ အသက်အရွယ်အားဖြင့်တော့ လေးဆယ် အစောပိုင်းလောက်သာ ရှိဦးမည့်ပုံပေါ်သည်။ ရိုးရှင်းသည့် အဖြူရောင် စွပ်ကြယ်ကို ဝတ်ဆင်ထားပြီး ပေါင်းသင်းရ လွယ်ကူမည့် အရှိန်အဝါတို့ သင်းပျံ့နေလျက် ရှိသည်။
ဤလူ၏ နာမည်က စုဝန်ရန်ဖြစ်၏။
တစ်ဖက်လူကတော့ သူနှင့် လုပ်ဖော်ကိုင်ဘက် ဖြစ်သူ မုန့်ချန်ချိုင်ပင်။
“ ငါလည်း မသိဘူး … ဒါပေမယ့် သူ့နည်းလမ်းတွေက ညင်သာမှာ မဟုတ်တာတော့ သေချာတယ် …” စုဝန်ရန်က စီးကရက် တစ်လိပ်ကို မီးညှိရင်း ပြောလိုက်သည်။
“ ကျုံးဝေ့တပ်ဖွဲ့က နိုင်ငံရဲ့ လုပ်ပိုင်ခွင့်အရှိဆုံး တပ်ဖွဲ့ … ပြီးတော့ ခေါင်းဆောင်လင်းက အသင်း တစ်ခုရဲ့ ခေါင်းဆောင် … သူကိုယ်တိုင် ရောက်လာတယ်ဆိုတော့ တစ်စုံတစ်ယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ဆိုတာ သေချာတယ် … ထွက်လာမယ့် ရလဒ်ကတော့ ….၊ ဘယ်သူက သိနိုင်မှာ … ငါတို့ စောင့်ရုံရှိတာပဲ …..”
“ တကယ်လို့များ အခွင့်အရေး ရှိတယ်ဆိုရင် ငါတော့ သူနဲ့ လူကိုယ်တိုင် တွေ့ချင်မိတယ် … သူ့လိုလူစားမျိုးက သေချာပေါက် တမူထူးခြားနေမှာပဲ ….”
“ အင်း … ငါရောပဲ …..”
ကလင် ကလင် ကလင် …
စုဝန်ရန်၏ ဖုန်းသံ မြည်လာသည်။ သူ့ အခြား လုပ်ဖော်ကိုင်ဘက် တစ်ယောက်က ဆက်သွယ်လာခြင်း ဖြစ်၏။
“ ခေါင်းဆောင် … ကိစ္စကြီး တစ်ခု ဖြစ်သွားတယ် … ရှောင်းကျန်းရဲ့နဲ့ ကုဟိုင်ချောင်တို့တွေ ယွမ်ရှန်း ကလပ် တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားကြတယ် …”
ထိုစကားကြားတော့ စုဝန်ရန် ကောက်ကာငင်ကာ မတ်တပ်ရပ်လိုက်မိသည်။
“ မင်း ဘာပြောတယ် … သူတို့ ကိုယ့်ဘာကိုယ် အဆုံးစီရင်သွားခဲ့တယ် ဟုတ်လား …”
“ ဟုတ်တယ် … ကျွန်တော် အခု စောင့်ကြည့်နေတုန်း အဆောင်အဦးပေါ်ကနေ လူနှစ်ယောက် ပြုတ်ကျလာတာ မြင်လိုက်ရတာပဲ … ပြေးပြီး သွားကြည့်လိုက်တော့ ရှောင်းကျန်းရဲ့နဲ့ ကုဟိုင်ချောင်တို့ ဖြစ်နေတယ် …”
“ အိုကေ … နားလည်ပြီ … ငါ အခု လာခဲ့မယ် ….”
ဖုန်းချပြီးနောက် မုန့်ချန်ချိုင်က စုဝန်ရန်ကို စူးစိုက်ကြည့်ပြီး မေးလိုက်သည်။ “ ဒီကောင်တွေ အနေသာကြီးကို ဘာလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတာလဲတဲ့ ….”
“ ငါလည်း အဲ့ကိစ္စကို စဉ်းစားနေတာ … ငါတို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအတိုင်းဆိုရင် သူတို့ရမယ့် ပြစ်ဒဏ်က သေဒဏ်တော့ မဟုတ်ဘူး … ကိုယ့်ဘာကိုယ် အဆုံးစီရင်သွားတယ်ဆိုတာက နည်းနည်းတော့ အစွန်းရောက်လွန်းတယ် ….”
“ ဒါက …… “
မုန့်ချန်ချိုင် စက္ကန့်အနည်းငယ်လောက်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး “ ဒီကိစ္စက ခေါင်းဆောင်လင်းနဲ့ ဆက်စပ်နေတာရော မဖြစ်နိုင်ဘူးလား ….”
“ ခေါင်းဆောင်လင်းလား ….” “ မဖြစ်နိုင်လောက်ဘူး …” စုဝန်ရန် ပြောလိုက်ပြီး “ ခေါင်းဆောင်လင်းက ဉာဏ်ကောင်းတဲ့လူ … အများရဲ့ အမြင်က ဒီလိုအခြေအနေမျိုးမှာ ရှိနေတာကို သူကိုယ်တိုင် လှုပ်ရှားဖို့မှ မလို . . . . . “
ကလင် ကလင် ကလင် …
စုဝန်ရန်၏ ဖုန်းသံ တစ်ဖန် ပြန်မြည်လာသည်။ ခေါ်လာသူ၏ နာမည်ကို မြင်တော့ သူ စိတ်လှုပ်ရှားတကြီးဖြင့် ပြောလိုက်သည်။ “ ခေါင်းဆောင်လင်း ဖုန်းဆက်လာတာပဲ … ဘာတွေ ဖြစ်နေလဲ ငါ မေးကြည့်လိုက်မယ် ….”
“ ဟယ်လို ခေါင်းဆောင်လင်း ….”
“ ဖန့်ချိန်က အခြေအနေ ကိုင်တွယ်ပြီးလုနီးပါး ဖြစ်သွားပြီ … ရှင်းပေ့လမ်း ၊ ဝမ်သကျားဟွာ ဟိုတယ်ရဲ့ ရှစ်လွှာမှာ လူ အယောက် ၂၀ ကျော် သေနေတယ် … ကျုပ်လူတွေလည်း အဲ့မှာပဲ … ခင်များလူတွေကို ရှင်းလင်းဖို့ လွှတ်ပေးလိုက်ပါဦး …”
လူ အယောက် ၂၀ ကျော် သေနေတယ် …
စုဝန်ရန် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့ပြီး မကောင်းသည့် စိတ်ခံစားချက်တို့ ရင်ထဲ လှိုင်တက်လာသည်။
ရှောင်းကျန်းရဲ့နှင့် ကုဟိုင်ချောင်တို့ သေဆုံးမှုက ဤဖြစ်ရပ်နှင့် ကျိန်းသေပေါက်ကို ဆက်နွယ်နေရမည်။
“ ခေါင်းဆောင်လင်း … ငါ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ပြောတာ ရှောင်းကျန်းရဲ့နဲ့ ကုဟိုင်ချောင်တို့ …. သူတို့တွေ . . . . “
“ ကျုပ် သတ်လိုက်တာ … ဒါပေမယ့် ကျန်းကျားဟောက်ကိုတော့ ရှင်လျက် ချန်ထားပေးတယ် .. ခင်များတို့လူတွေ သူ့ကို ခေါ်သွားလို့ရတယ် … ဒါနဲ့ဆို အမှတ်ကောင်းတစ်ချို့လောက် ကောင်းကောင်း လဲလှယ်လို့ ရနေပြီမလား ….”
“ ဆိုတော့ တကယ်ပဲ မင်းကိုး …..”
“ ဟားဟား ….”
လင်းရီ အားပါးတရ ရယ်မော၍ “ သူတို့ကို ကျုပ် သတ်တယ်ဆိုပြီး ဘာကြောင့်မြင်နေရတာလဲ ခေါင်းဆောင်ရာ … သူတို့က သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေရဲ့ ပြစ်ဒဏ်ကို ကြောက်လို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတာ သိသာနေတာပဲကို ….”
စစချင်းတော့ စုဝန်ရန်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် သူလည်း ကျယ်လောင်စွာ အားပါးတရ ရယ်မောလာသည်။
“ အဟုတ်ပဲ … သူတို့ ပြစ်မှုတွေကြောင့် ပေးခံရမယ့် ပြစ်ဒဏ်ကို ကြောက်လို့ အဆုံးစီရင်သွားကြတာ …. ငါ အခု ကိစ္စတွေ ကိုင်တွယ်ဖို့ ထွက်လာနေပြီ …”
“ ကျေးဇူးပါပဲ … အလုပ်ရှုပ်စေမိပြီ …”
“ မင်းရောပဲ …..”
အခြားတစ်ဖက်ခြမ်းတွင်တော့ … လင်းရီသည် ယွင်ရှန်းကလပ် အဆောက်အဦးထဲက ထွက်လာပြီး ဖြစ်သည်။
ရှောင်းကျန်းရဲ့နှင့် ကုဟိုင်ချောင်တို့ မရှိတော့ပြီဖြစ်ရာ ကလပ်ကလည်း မည်သည့် စစ်မှန်သည့် ခြိမ်းခြောက်မှုကိုမျှ ပြုလုပ်နိုင်တော့မှာ မဟုတ်ချေ။
ကျန်သည့် အနုပ်စုပ်ကုပ်စုပ်လေးများကို စုဝန်ရန်၏ အစွမ်းအစဖြင့် ကိုင်တွယ်လိုက်၍ရသည်။ လင်းရီကိုယ်တိုင် လှုပ်ရှားဖို့ မလိုချေ။
ထွက်လာခဲ့ပြီးနောက် လင်းရီ ရှောင်းပင်ထံသို့ ဖုန်းဆက်ပြီး စုဝန်ရန်နှင့် ပူးပေါင်းဆောင်ရွက်၍ ပွဲပြီးနောက်ဆက်တွဲ ကိစ္စများအား ကိုင်တွယ်ဖို့ ပြောသည်။ ကိစ္စပြီးနောက် တွေ့ဆုံဖို့ရာလည်း နေရာတစ်ခု သတ်မှတ်ပေးလိုက်သည်။
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီ၏ ဖုန်းသံ မြည်လာသည်။ ကျီချင်းရန်က ဆက်သွယ်လာခြင်း ဖြစ်၏။
“ ငါ့ကို သတိရလို့လား …” လင်းရီ ရွှတ်နောက်သည့် လေသံဖြင့် ဖုန်းကိုင်လိုက်၏။ “ ဒီမှာ ကိစ္စတွေက ပြီးစီးသလောက် ဖြစ်နေပြီ … ထွေထူး မရှိဘူးဆိုရင် ဒီညကိုပဲ ပြန်လာလို့ ရပြီ …”
“ ငါလား နင့်ကို သတိရမှာ …” ကျီချင်းရန်က သူမ၏ ပင်ကိုယ် မာန်တက်နေသည့် လေသံဖြင့် ပြောလာခဲ့သည်။ “ လီရုံဂျင်း ဒီရောက်နေတယ် .. သူက ငါတို့နဲ့ ထမင်းအတူ စားချင်နေတယ်ဆိုပဲ …”